← Chapters

စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်

Vol. 41 Ch. 566

စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်

Vol. 41 Ch. 566

ယွမ်ယောင်က ဟန်လိ၏ အမေးကို ကြားသည့်အခါ၌ သူမ၏မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သည်။

“အမှန်ပါပဲ။ ကျမဟာ မိုးပြာယန်ဂိုဏ်းရဲ့ ကျောက်စိမ်းပြားထဲမှာ စိတ်ဝိညာဉ်အားဖြည့်ခြင်းသစ်ပင်ဟာ ကောင်းကင်လေဟာနယ်ခန်းမထဲမှာ ရှိတဲ့အကြောင်းကို သိခဲ့ရတယ်။ ဒါ့ကြောင့် ကျမဟာ ကောင်းကင်လေဟာနယ်ခန်းမကို ဝင်ရောက်ဖို့ ပြင်ဆင်ခဲ့တာပဲ။ ဒါပေမဲ့လို့ အဲ့နေရာဟာ ဒဏ္ဍာရီတွေထဲ ပြောခဲ့ဆိုခဲ့ကြတာထက် ပိုပြီး အန္တရာယ်များနေခဲ့လိမ့်မယ်လို့ ကျမ မထင်ထားမိခဲ့ဘူး။ ရှင်သာ ကျမကို ကြုံတိုင်းဆုံတိုင်း မကူညီပေးခဲ့ဘူးဆို ကျမဟာ ကောင်းကင်လေဟာနယ်ခန်းမထဲကနေ မထွက်လာနိုင်ခဲ့မှာကို စိုးမိပါတယ်။ ဒီစိတ်ဝိညာဉ်အားဖြင့် သစ်ပင်နဲ့ အားဖြည့်ပြီးတဲ့နောက်မှာ အစ်မယန်လီရဲ့ ကနဦးစိတ်ဝိညာဉ်ဟာ အခုချိန်မှာ အတော်လေး ပြန်ကောင်းမွန်နေခဲ့ပြီ။ သူမဟာ သူမရဲ့ ခန္ဓာကိုယ်ကို ပြန်မပိုင်ဆိုင်နိုင်သေးပေမဲ့ စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်ကြောင့် အခြား အသွေးအသားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားနိုင်တုန်းပဲ…”

စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ် ဟူသည့် စကားကို ကြားသည့်အခါ၌ ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ “စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ် ဟုတ်လား။ ဒါက စိတ်ဝိညာဉ်ကို အသွေးအသားအလောင်းတစ်ခုထဲ ဆွဲထည့်ပြီး အသက်ပြန်သွင်းတဲ့ ပညာရပ် အမျိုးအစားတစ်ခု မဟုတ်လား…”

“အမှန်ပါပဲ…”

ဟန်လိက ထိုအမျိုးသမီးကြည့်၍ ဟိတ်ဟန်ပါပါဖြင့် ပြောလိုက်သည်။

“ရောင်းရင်းယွမ်…ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေလဲကို သိလား။ ဒီပညာရပ်ကို အသုံးပြုတဲ့အချိန်မှာ ကြုံရမဲ့ အန္တရာယ်ကို မပြောနဲ့ဦး။ ဒီပညာရပ်ကို အသုံးပြုဖို့ ကုန်ကျစရိတ်ဟာ သာမန်ကျင့်ကြံသူတစ်ယောက် တတ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒီပညာရပ်ကို အသုံးပြုဖို့အတွက် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုဟာ အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိဖို့ လိုသလို ဒါက ကောင်းကင်ကို ဖိဆန်တဲ့ သဘာဝကြောင့် နင့်ရဲ့ ကျင့်ကြံမှုကိုလည်း ထိခိုက်စေမှာပဲ။ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီပညာရပ်ကို အသုံးပြုတာဟာ နင့်ရဲ့ အမြုတေကို တစစီ ဖြစ်သွားစေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ထိ ပြန်လျော့ကျသွားစေဖို့ များနေပြီ…”

ယွမ်ယောင်က ဟန်လိ၏ သတိပေးချက်ကို ကြားချိန်၌ သူမသည် ခဏ တိတ်ဆိတ်သွားသည်။ ပြီးမှ သူမက ပြောလာ၏။

“ကျမ ဒါတွေအားလုံးကို သိထားပြီးသားပါ။ လူတစ်ယောက်ဟာ ကောင်းကင်ရဲ့ ချိုးဖောက်မရတဲ့ ဥပဒေသတွေကို မချိုးဖျက်ဘူးဆို ဒါက ဘေးကင်းတဲ့ ကိစ္စရပ်တစ်ခု ဖြစ်မှာပါ။ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ဟာ အခြေခံအားဖြင့် ခန္ဓာပိုင်စိုးခြင်းနဲ့ ကွဲပြားပြီး အသွေးအသားအလောင်းတစ်ခုကို အသက်ပြန်သွင်းတာပဲ။ ဒါ့ကြောင့် အဲ့အတွက် မြင့်မြင့်မားမား ပေးဆပ်ရမှာကတော့ သဘာဝပါပဲလေ…”

ဟန်လိ၏မျက်လုံးထဲ၌ အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက အလေးအနက် သတိထပ်ပေးသည်။

“စိတ်ဝိညာဉ်အားဖြည့်ခြင်းသစ်ပင်ရဲ့ အကူအညီနဲ့ဆိုရင်တောင် နင့်ရဲ့ စီနီယာအစ်မဟာ ဘာကြောင့် ခန္ဓာကိုယ်တစ်ခုကို မပိုင်ဆိုင်နိုင်ရတာလဲ။ နင်ဟာ စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်ကို သူမအပေါ် အသုံးမပြုခင် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ရောက်အောင် ဘာကြောင့်များ မစောင့်ဆိုင်းရတာလဲ…”

ယွမ်ယောင်က တည်ငြိမ်စွာ တုန့်ပြန်သည်။

“အစ်မဟာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပြီ ဖြစ်တဲ့ စိတ်ဝိညာဉ်တစ်ခုလေ။ သူမရဲ့ အသိစိတ်ဟာလည်း စတင် မှိန်ဖျော့နေပြီ။ ဒါက စိတ်ဝိညာဉ်အားဖြည့်ခြင်း သစ်ပင်အနေနဲ့ တားဆီးနိုင်စွမ်း ရှိတဲ့ အရာမျိုး မဟုတ်လေဘူး။ သူမရဲ့ အသိစိတ် လုံးဝ ဆုံးရှုံးသွားဖို့ဟာ အများဆုံးကြာမှ တစ်နှစ်၊နှစ်နှစ်လောက်ပဲ။ အဲ့အချိန်ထိ စောင့်ပြီးမှ စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်ကို အသုံးပြုမယ်ဆို သူမဟာ စိတ်ခံစားမှုကင်းမဲ့တဲ့ အခွံသပ်သပ် ဖြစ်သွားလိမ့်မယ်။ အဲ့လို အခြေအနေမှာပဲ ကျမဟာ မကြာသေးခင်က စီနီယာအစ်မနဲ့ အလွန်သင့်တော်တဲ့ သေပြီးခါစ အလောင်းတစ်ခုကို ရခဲ့တဲ့အတွက် စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုဖို့ကို အများအပြား အားစိုက်ထုတ်ခဲ့တယ်။ ဘယ်သူမှ အနှောက်အယှက်သာ မပေးဘူးဆိုရင် လာမယ့်လမှာ ကျမဟာ ဓလေ့ရိုးရာတစ်ခုကို စတင်တော့မှာ ဖြစ်တယ်...”

သူမ၏မျက်နှာထက်တွင် ဝမ်းနည်းဟန် အရိပ်အယောင်တစ်ခု ရှိနေသော်ငြား ဆုံးဖြတ်ချက် ပြတ်သားဟန်က အထင်းသားပေါ်နေသည်။

ထိုစကားကို ကြားသည့်အခါ ဟန်လိ၏မျက်လုံးအတွင်း၌ ထူးခြားသော စိတ်ခံစားမှုတစ်ခု ဖြတ်ခနဲပေါ်သည်။ ခဏကြာပြီးနောက် သူက အသက်ဝဝရှုထုတ်ပြီး မေးလာသည်။

“ဒီအကြောင်းတွေကို ပြောပြတာဟာ အမျိုးသမီးယွမ်က ကျုပ်ကိုများ အကူအညီ ပေးစေချင်တာလား...”

ယွမ်ယောင်က အားနားသည့်ဟန်ဖြင့် ပြောလာသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ အစ်ကိုဟန်က ကျမကို ကယ်တင်ပေးခဲ့တာပါ။ ခုလို အကူအညီတောင်းဆိုတာဟာ မသင့်တော်လှမှန်း သိပါတယ်။ ဒါပေမဲ့လည်း စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုဖို့ လေးနက်ယင်နေရာတစ်ခု လိုအပ်တယ်။ အဲ့ပညာရပ်ကနေ ထုတ်လွှတ်တဲ့ သက်ရောက်မှုတွေကိုလည်း မန္တာန်အစီအရင်တွေက ဖုံးကွယ်ပေးထားနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခြားကျင့်ကြံသူတွေရဲ့ အာရုံစိုက်တာကို ခံရမှာပါ။ ကျမဟာ မိုးပြာယန်ဂိုဏ်းရဲ့ အပြစ်သားအဖြစ် တံဆိပ်ကပ်ထားခဲ့ရတာကြောင့် အစ်ကိုဟန်ကလွဲပြီး တခြားအဆင့်မြင့်ကျင့်ကြံသူတွေကိုလည်း အကူအညီ တောင်းလို့ မရတော့ဘူး။ ရှင့်အနေနဲ့ ရက်အနည်းငယ်လောက် နေပေးပြီး ကျမ အဲ့ပညာရပ်ကို အသုံးပြုတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား။ ဒီကိစ္စဟာ ကျမစီနီယာအစ်မယန်လီရဲ့ သေခြင်း၊ရှင်ခြင်းနဲ့ ဆက်နွှယ်နေတဲ့အတွက် ရှင်သာ သဘောတူမယ်ဆို ကျမ တတ်စွမ်းနိုင်တာဆို အကုန်ပြန်လုပ်ပေးပါမယ်...”

ဟန်လိသည် စဉ်းစားသွား၏။ သူ တိတ်ဆိတ်နေသည်။ သူသည် ပုံမှန်အတိုင်းသာဆို နေပေးဖို့ကိုပင် စဉ်းစားလိမ့်မည် မဟုတ်ပေ။ သူ့တွင် သူ့ပြဿနာနှင့်သူ ရှိနှင့်ထားပြီးသား ဖြစ်၏။ အခြားသူများကို အရေးအရာ မလုပ်နိုင်ချေ။ သို့ပေမည့် ယွမ်ယောင်သည် သူမ၏ သူငယ်ချင်းကောင်းကို ကယ်တင်ပေးနိုင်ရန် သူမ၏ကိုယ်ပိုင်အမြုတေ ကွဲကြေစေမည့်အပေါ် နောက်တွန့်ခြင်း မရှိနေပေ။ ထိုကဲ့သို့ ရင်ထဲထိဖွယ် လုပ်ဆောင်မှုသည် ဟန်လိ၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။ ခဏ စဉ်းစားပြီးနောက်မှာ သူသည် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ယောက်နှင့် မတွေ့ကြုံရသေးသ၍ ခုလက်ရှိ ကျင့်ကြံမှုဖြင့် အန္တရာယ်မကြုံနိုင်ဟု တွေးမိသည်။ ဖြစ်လာမည့် အရာအပေါ် ထောက်လှမ်းမည့် မည်သည့်သာမန်ကျင့်ကြံသူကိုမဆို သူ့အနေဖြင့် အလွယ်တကူ ရှင်းထုတ်ပစ်နိုင်ပေသည်။ သူသည် ထိုအမျိုးသမီးယွမ်ယောင်ကို ရက်အနည်းငယ်လောက် အကာအကွယ်ပေးခြင်းမှာ သူ့အဖို့ အများအပြား အားစိုက်ထုတ်စရာ လိုနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့တွေးမိပြီး ဟန်လိက ဆုံးဖြတ်ချက်ချ၏။ သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူသည် ညစ်ပြုံး ပြုံး၍ ပြောလိုက်သည်။

“တကယ်တော့ ကျုပ်နှလုံးသားကလည်း ကျောက်တုံးကျောက်ခဲ မဟုတ်ပါဘူးလေ။ ခင်ဗျားကလည်း ကျုပ် မငြင်းဆန်နိုင်တဲ့ အကြောင်းရင်းအချို့ကို ပြောလာတာကို။ ခင်ဗျားကိုယ်တိုင်တောင် ကိုယ့်ရဲ့ အမြုတေကို ကွဲစေပြီး အမျိုးသမီးယွမ်ရဲ့ စိတ်ဝိညာဉ်ကို အားကောင်းအောင် လုပ်ပေးချင်မှတော့ ဒီတစ်ကြိမ်တော့ ကျုပ်ကလည်း ကာကွယ်သူ လုပ်ပေးပါ့မယ်။ ငိုကြွေးစိတ်ဝိညာဉ်ပုလဲရဲ့ ထူးခြားချက် ကျုပ်ကို ပြောပြပေးတာကလွဲလို့ ခင်ဗျားရှိက ကျုပ် တခြားတောင်းဆိုစရာ မရှိပါဘူး။ ခင်ဗျားက ဒီငိုကြွေးစိတ်ဝိညာဉ်အကြောင်း ထုတ်ပြောခဲ့တည်းက ကျုပ်ဟာ အဲ့ရတနာနဲ့ ပတ်သက်ပြီး ကြောင့်ကြများခဲ့ရတယ်။ ဒါ့အပြင် ဒီကျွန်းပေါ်မှာ လေးနက်ယင်တွေ မရှိဘူးမလား။ ဒီနေရာကလည်း ထုတ်ဖော်ခံရပြီးဆိုတော့ ခင်ဗျား ပညာရပ်ဓလေ့ကို အခြားဘယ်နေရာမှာများ ပြုလုပ်ဖို့ စိတ်ကူးထားလဲ…”

ယွမ်ယောင်သည် ဟန်လိ၏ တုန့်ပြန်မှုကို ကြားရသည့်အခါတွင် ကျေးဇူးတင်ဟန် အထင်းသားပေါ်သွားပြီး သူမ၏အလှတရားမှာ ဝေဆာလန်းဖြာသွားသည်။ ထို့နောက်တွင် သူမက အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဟန်လိထံသို့ ကမ်းပေးကာ ပြောလိုက်သည်။

“ရှင် အကူအညီပေးတဲ့အတွက် ကျမက တကယ်ပဲ ကျေးဇူးတင်ပါတယ်...အစ်ကိုဟန်။ ဒါပေမဲ့လို့ ကျေးဇူးပြုပြီး စိတ်မပူပန်ပါနဲ့။ လေးနက်ယင်ဟာ ဒီကျွန်းမှာ မရှိပါဘူး။ တခြားကျွန်းမှာပါ။ ရက်အနည်းငယ်လောက်ပဲ သွားရမယ်ဆိုပေမဲ့ ပညာရပ်ဓလေ့လုပ်ဖို့ ကျမအတွက် လုံလောက်တာထက်ပိုပြီး မိုးပြာယန်ဂိုဏ်းရဲ့ လိုက်လံမှုကနေလည်း ဘေးကင်းနိုင်ပါတယ်။ ငိုကြွေးဝိညာဉ်သားရဲနဲ့ ပတ်သက်လို့ကတော့ အတော်လေး ရိုးစင်းပါတယ်။ မိုးပြာယန်ဂိုဏ်းက သခင်လေးရဲ့ ငိုကြွေးစိတ်ဝိညာဉ်သားဟာ အပြည့်အဝ မသန့်စင်ရသေးဘူး။ ဒါ့ကြောင့် ငိုကြွေးဝိညာဉ်ပုလဲကို ထိန်းချုပ်တဲ့အခါ အားနည်းချက် ရှိနေတာပါ။ ဒါကို သန့်စင်ပြီးတဲ့နောက်မှာ လူတစ်ယောက်ဟာ အတော်လေး ခေါင်းကိုက်ရလိမ့်မယ်။ ဒါ့အပြင် ဒီငိုကြွေးစိတ်ဝိညာဉ်သားရဲကို ပိုနက်နက်နဲနဲ သန့်စင်လိုက်မယ်ဆို ခေါင်းကိုက်ရမှုဟာလည်း ပိုပြင်းထန်သွားနိုင်တယ်။ ကျမဟာ ဒီသားရဲကို တစ်ဝက်တောင် သန့်စင်ခဲ့တာ မဟုတ်ပါဘူး။ အဲ့တာတောင် ဒုက္ခပေးတုန်း။ ကျမမှာ ဒီငိုကြွေးစိတ်ဝိညာဉ်သားရဲ ၎င်းဘာသာ သန့်စင်နိုင်တဲ့ ပညာရပ်တစ်ခု ရှိတယ်။ ဒီပညာရပ်ကို ကျမ ရှင့်ကို ပေးပါ့မယ်...”

ဟန်လိသည် ၎င်းငိုကြွေးစိတ်ဝိညာဉ်က ဒဏ္ဍာရီတွင် ဖော်ပြထားသည့်အတိုင်း မည်သည့်အတွက်ကြောင့် အစွမ်းမထွက်နေသလဲကို ရုတ်တရက် နားလည်သွားတော့သည်။ သူ၏ ငိုကြွေးစိတ်ဝိညာဉ်သားရဲမှာ တစ်ဝက်တစ်ပျက်သာ သန့်စင်ရသေးသည် မဟုတ်လား။

ဟန်လိသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ကျောက်စိမ်းပြားကို ယူပြီး ၎င်းအား သာမန်ကာလျှံကာ ကြည့်၍ သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။

ထို့နောက်တွင် ရွှင်လန်းသည့်ဟန်ဖြင့် ဟန်လိက ပြောလိုက်သည်။

“အမျိုးသမီးယွမ်...ဒီနေရာဟာ ပေါ်သွားပြီဆိုတော့ ကျုပ်တို့ လေးနက်ယင်အတွက် ခုချက်ခြင်း ထွက်ရအောင်။ ဒါမှ ဖြစ်လာနိုင်ခြေရှိတဲ့ ပြဿနာတွေအတွက် အချိန်မကုန်တော့မှာ...”

ယွမ်ယောင်သည် ခဏ စဉ်းစားပြီး သဘောတူသည်။

“ကောင်းပါပြီ။ ကျမလည်း အဲ့လိုသဘောအတိုင်းပါပဲ။ ကျမတို့ မထွက်ခင်တော့ ကျမ ပိုင်ဆိုင်တဲ့အရာလေးတွေကို ခပ်မြန်မြန် သိမ်းဆည်းလိုက်ပါအုံးမယ်...”

သုံးရက်ကြာပြီးနောက်မှာ ဟန်လိသည် ကျွန်းငယ်တစ်ခုကို ငုံ့ကြည့်နေ၏။ သူက မေးစေ့ကို ပွတ်ကာ သူ့ဘေးရှိ မိန်းမလှဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဒီကျွန်းပေါ်မှာ ယင်ချီက သိပ်သိပ်သည်းသည်း ရှိလှပါလား။ ဒါကို ရှာတွေ့ဖို့ အတော်လေး ခက်ခဲမှာပဲ။ ဒီယင်ချီပမာဏတွေကို အထောက်အပံ့အနေနဲ့ ယူသုံးမယ်ဆို အမျိုးသမီးယွမ်ဟာ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုတဲ့အခါ တန်ပြန်ဒဏ် အများကြီး ခံစားရတော့မှာ မဟုတ်ဘူး...”

ယွမ်ယောင်က ပြုံး၍ ကျွန်းထံသို့ ငေးကြည့်နေရင်း ပြောလာသည်။

“ဒါပေါ့။ ကျမဟာ အနီးနားဝန်းကျင်က မှတ်တမ်းမှတ်ရာတွေထဲမှာ ရှာဖွေပြီးမှ ဒီအမည်မဲ့ကျွန်းငယ်ကို ရှာတွေ့နိုင်ခဲ့တာ။ ဟိုး လွန်ခဲ့တဲ့တစ်ချိန်တုန်းက ဒီကျွန်းဟာ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ သင်္ချိုင်းတစ်ခု ဖြစ်ခဲ့တယ်။ လူသားတွေက ပြန့်ကျဲကြယ်ပင်လယ်များထဲ မဝင်ရောက်လာခင်တုန်းကဆို ဒီဝန်းကျင်က အဆင့်နိမ့်သားရဲတွေဟာ သက်တမ်းကုန်ခါနီးဆို ဒီကျွန်းဆီ ရောက်လာကြလေ့ ရှိခဲ့တယ်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက်မှာ ကျွန်းဟာ အံ့အားသင့်ဖွယ်ယင်ချီပမာဏတစ်ခုထိ ရှိလာခဲ့တော့တာပဲ။ ဒါပေမဲ့လို့ ဒီကျွန်းကို သိတဲ့သူ သိပ်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီကျွန်းဟာ လူအများ သွားလာတတ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိမနေတဲ့အပြင် သေးငယ်လွန်းလို့လဲ ဖြစ်တယ်...”

ထိုသို့ပြော၍ သူမသည် တွေဝေခြင်းမရှိ အောက်ဘက်သို့ ပျံသန်းလာသည်။ ဟန်လိက သူမနောက်မှ တည်တည်ငြိမ်ငြိမ်ဖြင့် လိုက်လာသည်။

ကျွန်းအစွန်းနား ဆင်းသက်လာပြီးနောက်မှာ ယွမ်ယောင်သည် ဟန်လိကို လက်သီးဆုပ်ခန့် အနက်ရောင်ကျောက်တုံးများ ပြန့်ကျဲနေတဲ့ တောင်ကြားငယ်တစ်ခုဆီ ခေါ်လာသည်။ ယွမ်ယောင်က တောင်ကြား၏အစွန်းသို့ ရောက်လာချိန်တွင် လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖန်တီးပြီး အနီရောင်အလင်းတန်းတစ်ခုကို စေလွှတ်သည်။ထို့နောက်တွင် တောင်ကြားသည် အနီရောင်လှိုင်းထသွားပြီး မီတာသုံးဆယ် ပတ်ခြာလည်ရှိမည့် ရှုပ်ထွေးလွန်းသော မန္တာန်အစီအရင်တစ်ခု ပေါ်လာသည်။ ထိုအစီအရင်၏ အစိတ်အပိုင်းများအတွင်း နက်နဲသော အဆောင်သင်္ကေတစာလုံးများပါရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ အနုစိတ်လှမှန်း သိသာ၏။

သို့ပေမည့် ဟန်လိကို အံ့အားသင့်သွားစေတာကတော့ ၎င်းအစီအရင်၏ အလယ်၌ ကြည်လင်ပြတ်သားသော ကျောက်စိမ်းခေါင်းတလား တစ်ခု ရှိနေခြင်းပင်။ ထိုခေါင်းတလားက နှစ်မီတာ ရှည်ပြီး တစ်မီတာ ရှည်သည်။ ၎င်းကို အဖြူရောင်အလင်းတစ်ခုက ရစ်ခွေထားသေး၏။ ထိုခေါင်းတလားတစ်ခုလုံးကို ရေခဲကျောက်စိမ်းဖြင့် အမှန်တကယ် ပြုလုပ်ထားခြင်းပင်။ ၎င်း၏ တန်ကြေးကား ကြောက်မက်ဖွယ်ကောင်းမှာ သေချာလှ၏။

ထိုခေါင်းတလားထဲ၌ ယွမ်ယောင်၏ စီနီယာအစ်မခန္ဓာကိုယ် ရှိနေမှန်း ဟန်လိ သေချာသိသည်။

သူ သိသလောက်ဆို စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်အတွက် အလွန်ထူးခြားသော အခြေအနေများ လိုအပ်သည်။ စိတ်ဝိညာဉ်ရင်းမြစ်အတူတူ၊ သေဆုံးချိန်အတူတူ ဖြစ်ရမည့် အလောင်းတစ်ခု ရှိရပေမည်။ ထို့အပြင် သေဆုံးသွားချိန် သူတို့၏ ပူဆွေးသောကနှင့် အငြှိုးချီတို့မှာလည်း အပြည့်အဝ ကိုက်ညီမှု ရှိရဦးမည်။ ထိုသို့သော အခြေအနေများ ရှိမနေခဲ့ပါက စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။

ဟန်လိသည် ရေခဲကျောက်စိမ်းခေါင်းတလားကို စူးစမ်းနေစဉ် ယွမ်ယောင်က သူမ၏ ဝတ်ရုံထဲမှ အနက်ရောင်သစ်သားသေတ္တာတစ်ခုကို အလွန်ဂရုစိုက်စွာ ထုတ်ယူပြီး ၎င်းအား ခေါင်းတလားပေါ်သို့ နေရာချသည်။ ထို့နောက်မှာ သူမက နောက်သို့ ခြေလှမ်းဆယ်လှမ်းလောက် ပြန်ဆုတ်သည်။

All Chapters