← Chapters

ကောင်းကင်နိမိတ်

Vol. 41 Ch. 567

ကောင်းကင်နိမိတ်

Vol. 41 Ch. 567

ယွမ်ယောင်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ဟန်လိဘက်သို့ ခေါင်းလှည့်လာသည်။ သူမက စိတ်ရင်းဖြင့် ပြောလိုက်၏။

“လေးနာရီအတွင်း ယင်ချီဟာ အားအကောင်းဆုံးချိန် ဖြစ်လာတော့မှာပါ။ အဲ့အချိန်က ကျမ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုမဲ့အချိန်ပဲ။ ဒီဖြစ်စဉ်တစ်ခုလုံးဟာ သုံးရက်လောက်ကြာနိုင်ပါတယ်။ ဒီသုံးရက်အတွင်းတော့ ကျမကို စောင့်ရှောက်ပေးဖို့ အစ်ကိုဟန်ကို ဒုက္ခပေးရတော့မှာပဲ...”

ဟန်လိက ခေါင်းညိတ်ပြပြီး တောင်ကြားပတ်လည်သို့ ကြည့်သည်။ သူက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ပုံရိပ်ယောင်အစီအရင်အပြင် အခြားဘာမှ မရှိတဲ့ပုံပဲ။ အစွမ်းထက်ရန်သူတစ်ယောက်ကိုသာ ကျုပ် အပြည့်အဝ အာရုံစိုက်နေခဲ့ရမယ်ဆို ခင်ဗျားအတွက် အန္တရာယ်မများနိုင်ဘူးလား...”

ယွမ်ယောင်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ဘာမျှမတတ်နိုင်လေဟန်ဖြင့် ပြောလိုက်သည်။

“ကျမ သိပါတယ်။ ဒါပေမဲ့ ကျမမှာ နောက်ထပ် အစွမ်းထက်တဲ့ မန္တာန်အစီအရင်တွေ မရှိတော့ဘူး။ ပြင်ဆင်ဖို့အတွက်လည်း အချိန်အများကြီး မရဘူ။ ဒါ့ကြောင့် ကျမအနေနဲ့ စွန့်စားကြည့်ရမှာပါပဲ...”

ဟန်လိသည် လက်ပိုက်ကာ သူ့မေးစေ့ကို ကိုင်၍ စဉ်းစားဟန် ပြုသည်။ ပြီးနောက် သူက ပြောလာ၏။

“အဲ့လိုဆိုမှတော့ ကျုပ်ကပဲ မန္တာန်အစီအရင်တွေကို ချထားပေးလိုက်ပါမယ်။ ကျုပ်မှာ အစွမ်းသတ္တိ လျော့နည်းနေတဲ့ မန္တာန်အစီအရင်အစုံ တချို့တလေတော့ ရှိပါသေးတယ်။ ဒါတွေက ထူးကဲလွန်းနေတယ်လို့ မဆိုနိုင်ပေမဲ့ မင်းအတွက် အကာအကွယ်မဲ့နေတာထက် စာရင်တော့ ပိုကောင်းနေတုန်းပဲ...”

ဟန်လိသည် ကူညီပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ အကောင်းဆုံး လုပ်ပေးတော့ပေမည်။

ထိုစကားကို ယွမ်ယောင်ကြားသည့်အခါ သူမ၏မျက်လုံးသည် ရွှန်းလဲ့တောက်ပသွားပြီး ပြောလာ၏။

“အစ်ကိုဟန်...အစ်ကိုက အစီအရင်မန္တာန် တာအိုမှာလည်း ကျွမ်းကျင်တာပဲလား။ ဒီလိုဆိုရင်တော့ ကျမ ပညာရပ်ဓလေ့ လုပ်ဆောင်နေတဲ့အချိန်မှာ အများကြီးပိုစိတ်အေးရတော့တာပေါ့။ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်…”

ဟန်လိသည် တိတ်တဆိတ်သာ ပြန်ပြုံးပြသည်။ ထို့နောက်တွင် သူက ကောင်းကင်ထက်သို့ ပျံဝဲတက်သွားပြီး တောင်ကြားပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။

ခဏအကြာမှာ သူသည် တွေးနေစဉ်းစားနေရင်း ဖြည်းဖြည်းချင်း ပြန်ဆင်းသက်လာ၏။

“အချိန်က တိုတောင်းလွန်းတဲ့အတွက် ခုချက်ခြင်းပဲ အစီအရင်မန္တာန်တွေကို စခင်းချင်းလိုက်သင့်တယ်…”

ထိုအတွေးဖြင့် ဟန်လိက သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းကာ အသိစိတ်အမျှင်တန်းများကို ထုတ်လွှတ်၍ သူ့ဘေးသို့ လူဝံရုပ်သေးဆယ့်နှစ်ခုကောင်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် သူက မန္တာန်အစီအရင် ပစ္စည်းများကို ထုတ်ယူပြီး ရုပ်သေးများအား ပေးလိုက်သည်။ သူကတော့ နေရာတွင်သာ ရပ်နေလျက် ရုပ်သေးများကို ထိန်းချုပ်ရန် သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ တောင်ကြားပတ်ပတ်လည်၌ အစီအရင်များကို နေရာစချစေသည်။

ထိုခဏတွင် ယွမ်ယောင်က ရုပ်သေးများ၏လှုပ်ရှားမှုများကို သိချင်စိတ်ဖြင့် ငေးကြည့်နေသည်။ သို့ပေမည့် ခဏအကြာတွင် သူမသည် ကိုယ်တိုင်ပြင်ဆင်စရာ ရှိတာများကို ခပ်သွက်သွက် စပြင်ဆင်၏။ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်သည် အသေးအမွှား ကိစ္စရပ်တစ်ခု မဟုတ်လေပေ။ အလွန်တရာ ဂရုစိုက်၍ ပြင်ဆင်ရန် လိုအပ်သည်။ ထို့အပြင် လူတစ်ယောက်သည် ထိုပညာရပ်ကို အသုံးပြုနေစဉ် မည်သည့်အမှားမှ မကြုံရအောင် မြေပြင်ထက်ရှိ အစီအရင်ကို စမ်းသပ်ကြည့်ရမည် ဖြစ်၏။

ဟန်လိက ကျွန်း၏ အခြားနေရာများတွင်လည်း သူ့ရုပ်သေးများ အကူအညီဖြင့် အသင့်အတင့် အစွမ်းထက်သော မန္တာန်အစီအရင်ငါးခုကိုလည်း နေရာထပ်ချသည်။ ယင်းတို့က အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်၏ အားကောင်းလှသော တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သော်ငြား မည်သည့်အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူကိုမဆို ရင်ဆိုင်ရာတွင်မူ လုံလောက်သည်ထက် ပိုသည်။

တောင်ကြား အလယ်ဗဟို တည့်တည့်တွင် ယွမ်ယောင်သည် မန္တာန်အစီအရင်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို နေရာချပြီး ဖြစ်၍ မန္တာန်ချိပ်ဟန်တစ်ခုနှင့် ၎င်း၏ ချက်ကောင်းနေရာကို ထိရိုက်လိုက်သည်။ ထိုအခါ အစီအရင်န္တာန်သည် အသံမြည်ဟိန်းကာ အနက်ရောင်အလင်းလင်းလက်သွားခြင်းဖြင့် တုန့်ပြန်လာသည်။ မသတီစရာ အနက်ရောင်ချီအမျှင်တန်းများက အစီအရင် ပတ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာပြီး ဗဟိုချက်ရှိ ရေခဲကျောက်စိမ်းခေါင်းတလားထံ သိုင်းခြုံလာသည်။ အနှီမြင်ကွင်းကို ယွမ်ယောင်က ကျေနပ်စွာ ကြည့်နေပြီး အစီအရင်မန္တာန်အား နောက်ထပ်မန္တာန်ချိပ်ဟန်ဖြင့် ထိမှန်စေသည်။ သက်ဝင်လာသော ၎င်းအစီအရင်မှာ ရပ်တန့်သွားသည်။

ယွမ်ယောင်က အစီအရင်ထဲမှ လှမ်းထွက်လာပြီး ဟန်လိဘက်သို့ လှမ်းကြည့်ပြီး ပျော်ရွှင်ကျေနပ်စွာ ပြောလိုက်သည်။

“ဘာပြဿနာမှ ရှိဟန် မတူဘူး။ အစီအရင်မန္တာန်ဟာ ထင်ထားသလို အလုပ်ဖြစ်သားပဲ…”

ရွှင်လန်းစွာ ပြုံးနေသော ယွမ်ယောင်ကို ကြည့်ပြီး ဟန်လိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “တာအိုရောင်းရင်းယွမ်။ နင် ဒီကိစ္စကို သေချာ စဉ်းစားပြီးပလား။ နင့်ရဲ့ အမြုတေ တစစီကွဲထွက်သွားခဲ့ရင် နင့်ရဲ့ အင်မောတယ်လမ်းကြောင်းဟာလည်း ပျက်စီးသွားလိမ့်မယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ပြန်တက်လှမ်းဖို့ဟာ မဖြစ်နိုင်သလောက် နီးပါးပဲနော်…”

ယွမ်ယောင်၏ အပြုံးသည် ပျောက်ကွယ်သွား၏။ ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ သူမက တည်တည်ငြိမ်ငြိမ်ဖြင့်‌ ပြောလိုက်သည်။

“အဲ့လို အဆုံးသတ်မယ်ဆိုတော့လည်း ရှိပါစေပေါ့လေ။ ကျမ ခုချိန်ထိ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ပါ…”

ထို့နောက်တွင် ယွမ်ယောင်သည် သူမမျက်နှာပေါ်သို့ ဝဲကနေသော ဆံနွယ်စကို ဖြီးသပ်လိုက်ပြီး စိတ်ခံစားချက်ကင်းမဲ့စွဖြင့် ပြောလိုက်သည်။

“အစ်ကိုဟန်က စီနီယာအစ်မနဲ့ ကျမရဲ့ကြားက ဆက်ဆံရေးကို မသိတာပါ။ ကျမတို့ဟာ ဆယ်စုနှစ်ကျော် ငယ်ရွယ်စဉ်တည်းက အတူတူ ကြီးပြင်းခဲ့ပြီး ဂိုဏ်းထဲမှာ အတူစား၊ အတူနေ၊ အတူ ကျင့်ကြံခဲ့ကြတယ်။ ကျမတို့ဟာ စစ်မှန်တဲ့ ညီအစ်မတွေပဲ။ ကျမတို့ဟာ မိုးပြာယန်ဂိုဏ်းသခင်လေးကို သတ်ခဲ့တဲ့အချိန်တုန်းက သူမဟာ ကျမဆီ ဦးတည်တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရှေ့ကနေ ကာစီးပေးခဲ့တဲ့အတွက် အခုလို ဖြစ်သွားခဲ့ရတာ။ ဒါ့ကြောင့် စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုလို့ ဒဏ်ခံရလည်း ဒါက ဖြစ်သင့်ပါတယ်။ စီနီယာအစ်မရဲ့ ကနဦးစိတ်ဝိညာဉ်ဟာ မပျောက်ကွယ်သေးဘဲ သူမရဲ့ အသွေးအသားခန္ဓာကိုယ်ကို ပြန်ရနိုင်သေးသ၍ အမြုတေကွဲကြေရတာဟာ ပမွှားကိစ္စတစ်ခုပါပဲလေ…”

ဟန်လိ၏မျက်နှာထက်တွင် တမျိုးတမည် ဖြစ်ဟန် ပေါ်လာသည်။ တကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ သူက ခေါင်းညိတ်ပြကာ သူမကို ဆက်ပြီးသွေးဆောင်ရန် မကြိုးစားတော့ပေ။ ယွမ်ယောင်သည် မန္တာန်အစီအရင်၏ဗဟိုချက်သို့ ပြန်လျှောက်လာပြီး ရေခဲခေါင်းတလားရှေ့မှာ ထိုင်လျက် စတင်မည့်အချိန်ကို စောင့်နေသည်။

မည်သည့်စကားကိုမှ မဆိုတော့ဘဲ သူမသည် ကောင်းကင်ထက်သို့ တဖြည်းဖြည်းမော့ကြည့်လျက် ဖြည်းဖြည်းချင်းထလာသည်။

“အချိန်ကျပြီ။ စကြတာပေါ့။ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ် အောင်မြင်တာပဲဖြစ်ဖြစ်၊ မအောင်မြင်တာပဲဖြစ်ဖြစ် ကျမဟာ အစ်ကိုဟန်ရဲ့ ကြင်နာမှုကို အမြဲ မှတ်သားထားပါမယ်။ တစ်သက်လုံး ကျေးဇူးတင်နေပါ့မယ်…”

ယွမ်ယောင်သည် ဟန်လိကို ကျော့မော့လှပစွာ ဂါဝရပြုလိုက်ပြီး ထို့နောက်မှာတော့ သူမ၏ အောက်ဘက်ရှိ အစီအရင်ကို အသက်သွင်းလိုက်တော့သည်။

ဟန်လိက သက်ပြင်းချပြီး တောင်ကြားထဲမှ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ခဏအကြာတွင် ဘေးပတ်ဝန်းကျင်မှ ယင်ချီများသည် အစီရင်ထံ စတင်စီးဆင်းလာသည်။ သူ၏ခုလက်ရှိ ကျင့်ကြံမှုဖြင့်ပင် ဟန်လိသည် ဤမျှများပြားလှသော ယင်ချီအနီးဝန်းကျင်၌ နေချင်စိတ် မရှိပေ။ သူက တောင်ကြားထဲကနေ လှည့်ထွက်လာသည်။

မန္တာန်အစီအရင် ပတ်ပတ်လည်တွင် ယင်ဓာတ်များ စုဝေးလာနေပေပြီ။ အနက်ရောင်အလင်းလွှာ ခပ်ဖျော့ဖျော့သည် ပင်လယ်ကို စတင်ဖုံးလွှမ်းလျက် လေထုထဲတွင် တစ္ဆေအော်ငြီးသံများ ပြည့်လာသည်။

ထို့နောက်တွင် ဟန်လိသည် တောင်ကြားဝင်ပေါက်တွင် ထိုင်ပြီး သူ့စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း စတင်ထုတ်လွှတ်လျက် ကျွန်းတစ်ခလုံးနှင့် အနီးဝန်းကျင်ပင်လယ်ပြင် ဧရိယာသည် သူ့မြင်ကွင်းမှာ ပေါ်လာသည်။ သူက မလှုပ်မယှက် ရှိနေ၏။ မျက်မှောင်ကြုတ်လျက် ခါးသီးဟန်အပြုံးတစ်ခုလည်း သူ့ထံမှ ပေါ်လွင်နေသည်။

ထိုအခိုက်တွင် ဟန်လိသည် ယွမ်ယောင်က သူ့ကို မည်သည့်အတွက်ကြောင့် ကာကွယ်ပေးဖို့ တောင်းဆိုမှန်း သဘောပေါက်သည်။ ပညာရပ်ဓလေ့ လုပ်နေစဉ်အတွင်း စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်၏ ပြင်ပသက်ရောက်မှုသည် အုတ်အော်သောင်းနင်း ဖြစ်စေသည်ဟု သူမ ပြောခဲ့သည်မလား။

ဟန်လိသည် ခေါင်းကိုက်မိသွား၏။ ယင်ဓာတ်လေများသည် တောင်ကြား၏ အစိတ်အပိုင်းအများစုကို မြင်ကွင်းမှ ကာဆီးသွားသည်။ သဲများ၊ ကျောက်စကျောက်နများက လေထဲတွင် ပြည့်နှက်နေ၏။ တစ္ဆေငြီးသံများမှာလည်း တောင်ကြား တကြောတွင် ပဲ့တင်ထပ်နေ၏။ အစီအရင်၏ ဗဟိုချက်မှာ အနက်ရောင်အလင်းဖြင့် လင်းထင်းစွာ တောက်ပနေပြီး ယင်ချီဖြင့် သိပ်သည်းစွာ လွှမ်းခြုံလျက် ရှိသည်။ အလွန်ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းတည်း။

ဟန်လကို တုန်လှုပ်စေဆုံးကတော့ လေထဲ၌ မည်သည့်အချိန်က ပေါ်လာမှန်း မသိရသော ငါးကီလိုမီတာအကွာရှိ အနက်ရောင်တိမ်ထုပင်။ ၎င်းက ယင်းချီတို့ဖြင့် တလှိမ့်လှိမ့်ဖြစ်နေလျက် မိုးကြိုးသံများကို ထုတ်လွှတ်လျက် ကတော့ချွန်အသွင် စတင်ဖြစ်ပေါ်နေခြင်းပင်။ ၎င်းကတော့ချွန်သည် တောင်ကြားအောက်ဘက်သို့ ညွှန်နေလျက် ရှိ၏။

ဤသည်မှာ ကောင်းကင်နိမိတ်၏ လက္ခဏာတစ်ခု ဖြစ်တာ သိသာသည်။ အနီးဝန်းကျင်တွင် နေထိုင်ကြသော ကျင့်ကြံသူတိုင်းကား တုန်လှုပ်အံ့အားသင့်နေမှာ ကျိန်းသေသည်။ တကယ်တော့ ထိုကဲ့သို့ အံ့ချီးဖွယ်မြင်ကွင်းမျိုးသည် ပုံမှန်အားဖြင့် ရတနာတစ်ခုကြောင့် ဖြစ်တည်လာတာမျိုး မဟုတ်ချေ။ လူသားတစ်ယောက်က မိုးကောင်းကင်ကို ဖိဆန်သော အပြုအမူတစ်ခုကို ပြုလုပ်၍ကြောင့်သာ ဖြစ်ပေါ်လာတတ်တာမျိုးပင်။ ထိုမြင်ကွင်းကို တွေ့မြင်သော သူတိုင်းမှာ သိချင်စိတ်၊ စူးစမ်းချင်စိတ် ဖြစ်ကုန်ကြ၏။

ထို့အပြင် ဤအရိပ်နိမိတ်သည် ကြောက်မက်ဖွယ်အရာတစ်ခုကို ရန်စမိတာ ဟုတ်၊မဟုတ် မည်သူက သိနိုင်ပါမည်နည်း။

ဟန်လိသည် ထိုသို့ စိတ်ထဲမှ စဉ်းစားနေမိရင်း သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ကျရောက်ကာ သူ့မျက်နှာက ခက်ထန်တင်းမာသွား၏။

အနောက်တောင်ဘက်မှ သည်ကျွန်းငယ်ထံ ချဉ်းကပ်လာနေသော အလင်းတန်းရှစ်ခု ရှိနေ၏။ သူတို့က ကျွန်းနှင့် ငါးကီလိုမီတာအကွာတွင် ရပ်တန့်ပြီး အမျိုးသား၊အမျိုးသမီး ကျင့်ကြံသူ အုပ်စုတစ်စု ပေါ်လာကြသည်။ သူတို့ကို ဆံပင်ဖြူများဖြင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်က ဦးဆောင်ပြီး ကျန်သည့်သူများမှာ လူငယ်များ ဖြစ်ကာ အများဆုံးမှ ချီစုဆောင်းခြင်းအဆင့်ရှစ်တွင်သာ ရှိသည်။

သူတို့၏ တူညီအပြာရောင်ဝတ်စုံအရ ဂိုဏ်းတူတူ ဖြစ်ပုံရသည်။ ဦးဆောင်လာသော အဘိုးအိုက နိမိတ်ကို သံသယအပြည့်ဖြင့် ကြည့်နေ၏။ သူ၏အမူအရာမှာ ပြောင်းလဲနေ၏။

အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိမည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အဘိုးအို၏ ထိုအမူအရာကို မြင်သည့်အခါ ခပ်မြန်မြန် လှမ်းမပြောမိဘဲ မနေနိုင် ဖြစ်သွားရသည်။

“သိုင်းဦးလေးကျောက်…အဲ့ကျွန်းမှာ ဘာဖြစ်နေလဲ ကျမတို့ မြန်မြန်သွားကြည့်ကြမလား၊ ရတနာတစ်ခု ပေါ်ထွက်တာများ ဖြစ်နေနိုင်လား…”

အဘိုးအိုက ထိုအမျိုးသမီးကို တစ်ချက်လှမ်းကြည့်ပြီး လှမ်းဟောက်၏။

“ဟွေလင်း…နင် ဘာလို့ အလျင်လိုနေတာလဲ။ ဒီသင်္ကေတတွေကို ကြည့်။ ရတနာတစ်ခုသာ ဒီမှာ အမှန်တကယ် ပေါ်လာမယ်ဆိုရင်တောင် အဲ့ရတနာဟာ မိစ္ဆာကျိန်စာသင့်တဲ့အရာပဲ ဖြစ်လိမ့်မယ်။ ဒါ့အပြင် ဒါက ကျွမ်းကျင်သူတစ်ယောက်ဟာ မိစ္ဆာပညာရပ်တစ်ခုခုကို အသုံးပြုနေတာပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို သန့်စင်တာပဲဖြစ်ဖြစ် လုပ်နေတာလည်း ဖြစ်နိုင်တယ်။ နင်သာ အဲ့ကို အလျင်စလို သွားရင် သေလမ်းသွားရှာသလို ဖြစ်နိုင်တယ်…”

အမျိုးသမီးသည် မကျေနပ်ဟန် ထုတ်ဖော်သည်။ သို့ပေမည့် သူမသည် နောက်ထပ် စကားထပ်ပြီး အထွန့်မတက်ဝံ့ပေ။

အသက်ပိုကြီးသော အမျိုးသားကျင့်ကြံသူတစ်ယောက်က ကျွန်းငယ်အထက်ရှိ တိမ်စိုင်တိမ်စုကို ကြည့်ကာ မေးလိုက်သည်။

“သိုင်းဦးလေး…ကျုပ်တို့ ဒီမှာ ပတ်လည်မှာ ဘာလို့ စောင့်နေတာလဲ…”

“စိတ်အေးအေး ထားပါ။ ဒီလိုမျိုးအရာ ဖြစ်နေတယ်ဆိုတည်းက အခြားသူတွေလည်း ဒီဝန်းကျင်မှာ ရှိနေမှာ သေချာတယ်။ အခြေအနေကို အပြည့်အဝ နားလည်ပြီးမှပဲ လှုပ်ရှားကြမယ်။ ကျုပ်တို့ရဲ့ မဟာနေဂိုဏ်းဟာ ခုထိ တည်ရှိနေတာဟာ သတိကြီးတဲ့အတွက်ကြောင့်ဆိုတာကို…မှတ်ထားပါ။ အလျင်စလို ဘာမှ မဆုံးဖြတ်နဲ့။ ကျုပ်တို့ ရှေ့မှာ အကျိုးအမြတ်တွေ ရှိနေမယ်ဆိုရင်တောင် ကျုပ်တို့ အသက်အတွက်ကော အာမခံရဲ့လားဆိုပြီး စဉ်းစားရလိမ့်မယ်…”

ထိုအဘိုးအိုသည် ကျွန်းငယ်ထံ ကြည့်နေရင်း သူ့တပည့်များကို သင်ခန်းစာပေးနေသည်။ ကျန်သည့် တပည့်ငယ်များကလည်း သူ့စကားကို သဘောတူကြသည်။

အဘိုးအို ပြောပြီး ခဏအကြာတွင် ကျွန်းငယ်ထံသို့ အခြားအရပ်ထံမှ အစိမ်းနှင့်အဝါ အလင်းတန်းတစ်ခုတို့က ချဉ်းကပ်လာသည်။ သူတို့သည် အဘိုးအိုတို့ အုပ်စုကို တွေ့ပြီး မီတာသုံးရာအကွာလောက်တွင် ရပ်လိုက်ကြသည်။

ထိုအလင်းများ လွင့်ပြယ်သွားချိန်တွင် အသက်လေးဆယ်ဝန်းကျင်ခန့် ရှိမည့် ဝတ်ရုံနက်အမျိုးသားတစ်ယောက်နှင့် သူ့ဘေးတွင် နှစ်ဆယ်ဝန်းကျင်ရှိမည့် ကျော့ကျော့မော့မော့ အမျိုးသမီးတစ်ယောက်တို့ ပေါ်လာသည်။ ထိုအမျိုးသမီးက နွေးထွေးပျူငှာသည့်လေသံဖြင့် အဘိုးအိုထံ လှမ်းပြောသည်။

“မဟာနေဂိုဏ်းက တာအိုရောင်းရင်းကျောက်ကို။ ဒီကျွန်းမှာ ဘာတွေဖြစ်နေလဲ ခင်ဗျားသိလား။ ကောင်းကင်နိမိတ်က ဘာကြောင့် ပေါ်လာရတာလဲ…”

All Chapters