← Chapters

ကြောက်လန့်တကြား ထွက်ပြေးရခြင်း

Vol. 41 Ch. 568

ကြောက်လန့်တကြား ထွက်ပြေးရခြင်း

Vol. 41 Ch. 568

အဘိုးအိုကျောက်သည်လည်း ထိုနှစ်ယောက်ကို သိသည့်ပုံပင်။ သူက ချက်ခြင်း ပြုံး၍ ပြန်ပြောလာသည်။

“အို…မိန်မောင်နှစ်မပဲကို။ ဒီအဘိုးအိုက ဂိုဏ်းသားတွေနဲ့အတူ အနီးအနားဝန်းကျင် ခရီးသွားနေတုန်း ဒီကျွန်းပေါ်မှာ ခုလို အံ့အားသင့်ဖွယ်ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုကို လှမ်းတွေ့ရတာပဲ။ ကျုပ်တို့လည်း ခုလေးမှ ရောက်တာ။ ခင်ဗျားတို့မောင်နှစ်မက အတော်လေး အတွေ့အကြုံ ရှိကြတော့ ဒီကောင်းကင်နိမိတ်နဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုများ မြင်မိသေးလား…”

ထိုအမျိုးသမီးက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။

“အစ်ကိုကျောက်ကတော့ နောက်ပြီ။ ကျမက ကောင်းကင်နိမိတ်နဲ့ ပတ်သတ်ပြီး မသိလို့မှ အစ်ကိုနဲ့ ကျမတို့ဟာ ဒီကို ရောက်လာတာပေါ့။ ဒါပေမဲ့လည်း ဒီနိမိတ်ရဲ့ ယင်ချီဟာ အတော်လေး ရှုပ်ထွေးနေတယ်။ အလွန်ရက်စက်ပြီး မကောင်းဆိုးဝါးဆန်တဲ့ ရတနာတစ်ခု ဒီလောကကို ထွက်ပေါ်လာတာလို့တော့ ကျမ ထင်တာပဲ…”

သူမဘေးရှိ အမျိုးသားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။

အဘိုးအိုသည် ထိုသူ၏ အပြုအမူကို စိတ်ထဲ မထားပေ။ ထိုအစား သူက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ တစ်ခုခုပြောရန် စဉ်းစားလိုက်စဉ် အကွာအဝေးတစ်ခုမှ ပုလွေသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းအကွာအဝေး၌ အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူတို့ထံ ဝင်ရောက်လာသည်။ ထိုပုလွေသံကို ကြားရပြီးနောက်မှာ အနှီအမျိုးသမီး၏ အမူအရာက အကြိမ်ကြိမ်ပြောင်းလဲသွားသည်။ သို့ပေမည့် ခဏအကြာတွင် သူမ၏မျက်နှာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။

အဘိုးအိုကျောက်က စစချင်းတော့ ကြောင်သွား၏။ ခဏအကြာတွင် သူက တစ်စုံတစ်ခုကို တွေးမိပြီး အမျိုးသမီးအား လှမ်းကြည့်သည်။ သူ့မျက်နှာထက်တွင်မူ စဉ်းစားမရဟန် ဖြစ်ပေါ်နေ၏။

သူမဘေးရှိ အမျိုးသား၏မျက်နှာထက်တွင်မူ ဒေါသဖြစ်ဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။ ခဏအကြာတွင် အစိမ်းရောင်အလင်းတန်းသည် သူတို့ထံ ချဉ်းကပ်လာပြီး လေထုကို ခွင်း၍ ပျံသန်းလာသော လူငယ်တစ်ယောက်၏အသွင် ပေါ်လာသည်။ ထိုလူငယ်က သူ့ရှေ့တွင် ပုလွေကို ဆန့်ထုတ်ထား၏။ သူ၏ ချောမောသောရုပ်သွင်၊ တဖျတ်ဖျတ်လွင့်နေသော ဝတ်ရုံတို့နှင့်အတူ အနှီလူငယ်သည် ယုံကြည်မှုရှိဟန်၊ စိတ်အေးလက်အေးရှိဟန် တူ၏။

အဖြူရောင်ဝတ်စုံနှင့်လူငယ်က သည်အုပ်စုရှေ့သို့ ပျံသန်းလာပြီးနောက်မှာ အမျိုးသမီးအား တက်ကြွရွှင်လန်းစွာဖြင့် လှမ်းအော်ပြောသည်။

“အမျိုးသမီးမိန်က ဒီမှာ ရောက်နှင့်နေမယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့မိဘူး…”

အမျိုးသမီးမိန်၏ မျက်နှာထက်တွင် အကူအညီမဲ့ဟန် ဖြတ်ပြေးသွားပြီး သူမက တုန့်ဆိုင်းဆိုင်းဖြင့် ပြောလာသည်။

“တာအိုရောင်းရင်းဖူ…ရှင်လည်း ရောက်လာတာပဲလား…” သူမက ထိုလူငယ်ကို တွေ့မြင်ရသည့်အပေါ် မပျော်မရွှင် ဖြစ်နေပုံ ပေါ်သည်။

သူမ၏အကိုကြီးက ကြမ်းရှရှလေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။

“မင်းက ဘယ်လိုကြောင့် ဒီကို ရောက်လာရတာလဲ။ ကျုပ် ညီမက မင်းရဲ့ တာအိုလက်တွဲဖော် မဖြစ်ချင်ဘူးလို့ ပြောထားပြီးသားလေ။ ဘာကြောင့် မင်း သူမကို ဆက်ပြီး ပတ်သက်ဖို့ ကြိုးစားနေရတာလဲ။ မင်းမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ ဆရာတစ်ယောက် ရှိနေလဲ ငါက မင်းကို မောင်းမထုတ်ရဲဘူးလို့ ထင်နေတာလား…”

“ဘာပဲဖြစ်ဖြစ်ပါ…ကျုပ်က ခင်ဗျားညီမအပေါ်မှာ စစ်စစ်မှန်မှန် ကြွေနေတာပါ။ သူမက လက်မထပ်ရသေးသရွေ့ ကျုပ်ကတော့ လိုက်နေမှာပဲ…”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က အမျိုးသမီးမိန်ထံ ထိုသို့ဆိုကာ လှမ်းငေးသည်။

သူမက ထိုစကားကို ကြားသည့်အခါ ပါးနှစ်ဖက် နီမြန်းသွားပြီးတစ်ဖက်သို့ လှည့်ကာ ထိုလူငယ့်ကို အာရုံမစိုက်တော့ဘဲ ခေါင်းလွှဲလိုက်သည်။ သူမ၏ အစ်ကိုဖြစ်သူကမူ ရန်လိုဟန် ဖြစ်ပေါ်လာ၏။ သူသည် တိုက်ချင်ခိုက်ချင်ဟန် ဖြစ်နေတာ သိသာသည်။

ဝတ်ရုံဖြူလူငယ်ကမူ အခြားမည်သူ့ကိုမျှ အာရုံမထားဘဲ အမျိုးသမီးမိန်ကိုသာ ဆက်၍ စိုက်ကြည့်နေသည်။

အဘိုးအိုကျောက်က မျက်လုံးကစားသွား၏။ သူက သည်ဖိအားပြင်းထန်လာမှုကို ပြောင်းလဲရန် ဆုံးဖြတ်၏။ “ အဟမ်း…ခင်ဗျားတို့ ခုချိန်မှာ ဒီအကြောင်းတွေ ပြောမနေသင့်သေးဘူး ထင်တယ်။ ခဏကြာရင် ဒီကျွန်းပေါ်မှာသာ အမှန်တကယ်ကြီး ရတနာတွေ ပေါ်လာခဲ့မယ်ဆို နောက်ထပ် ကျင့်ကြံသူတွေ ထပ်ရောက်လာမှာကို ကျုပ် စိုးမိတယ်။ ဒါ့ကြောင့် ကျုပ်တို့ မြန်မြန်သွက်သွက် လှုပ်ရှားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူစီနီယာတစ်ယောက်ယောက်သာ ရောက်လာခဲ့ရင် ကျုပ်တို့ ဘာမှမတတ်နိုင် ဖြစ်သွားလိမ့်မယ်…”

ထိုစကားကို ကြားသည့်အခါ သူတို့သုံးယောက်သည် မသိမသာ တုန်လှုပ်သွားကြ၏။

လူငယ်က သူ့အပေါ်သို့ တစ်ချက်လှမ်းကြည့်ပြီး ရုတ်တရက် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။

“အန်…ကောင်းကင်နိမိတ်က စပြောင်းနေပါလား…”

အဘိုးအိုနှင့်မိန်မောင်နှစ်မတို့သည်လည်း ထိုစကားကို ကြားသည့်အခါ လှမ်း၍ မော့မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

အနက်ရောင်တိမ်စိုင်အစုအဝေး၏ လှည့်ပတ်နှုန်းက တိုးလာပြီး အဆင့်တစ်ခုထိ ရောက်လာကာ အောက်ဘက်ရှိ ကျွန်းပေါ်တွင် စုဝေးနေသော ယင်ချီထုမှာ ရုတ်တရက် ပြန့်ကားလာခဲ့လေပြီ။ မွန်းစတားတစ်ကောင် ရုတ်ချည်း ထွက်ပေါ်လာတော့မည့်အလားပင်။

“ဘာများ ဖြစ်တာလဲ။ ရတနာတစ်ခုက ဒီလောကမှာ ရုတ်တရက် ထွက်ပေါ်လာတော့မှာလား…”

သူမအစ်ကို၏မျက်နှာထက်တွင်လည်း တမျိုးဖြစ်ဟန် ပေါ်ကာ သူက ကျွန်းပေါ်သို့ ကြည့်နေရင်းကနေ စကားဆိုသည်။

“ဘာပဲဖြစ်ဖြစ် တစ်ချက်လောက်တော့ သွားကြည့်ကြရအောင်။ ကျုပ်တို့ရှေ့မှာ အခွင့်အရေးတစ်ခု ပေါ်လာတာလည်း ဖြစ်နိုင်တာပဲ…”

ထိုအမျိုးသမီးက သူမ၏အစ်ကိုဖြစ်သူ စကားကို ကြားသည့်အခါ တွန့်ဆုတ်ဆုတ်နှင့် ပြောလာသည်။

“ဒါပေမဲ့လည်း ဒါက ရတနာတစ်ခု မဟုတ်နေရင်ကော၊ ကျွမ်းကျင်သူတစ်ယောက်က ထိပ်တန်းပညာရပ်တစ်ခုကို သန့်စင်နေတာမျိုး ဖြစ်နေရင်ကော။ ကျုပ်တို့ အဲ့လိုလူမျိုးကို သွားပြီး ရန်စသလို ဖြစ်သွားနိုင်တယ်မလား…”

သူမ၏အစ်ကိုဖြစ်သူကမူ စိတ်မရှည်ဟန်ဖြင့် အေးတိအေးစက် ပြောလာ၏။

“ဒီလောကမှာ အန္တရာယ်ကို မစွန့်စားဘဲ အလကားရတာမျိုး မရှိဘူး။ ရတနာဆိုတာ အန္တရာယ်နဲ့ အမြဲဒွန့်တွဲနေတာမျိုး မလား။ ဒါ့အပြင် အဲ့ကျွန်းပေါ်မှာ စီနီယာတစ်ယောက် တကယ် ရှိနေခဲ့ရင်လည်း ကျုပ်တို့က တယဉ်တကျေး ပြောပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ရင် အဆင်ပြေတာပဲလေ…”

ထို့နောက်တွင် သူသည် အခြားသူများကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ သူ့ခြေထောက်အောက်ရှိ မှော်ရတနာဓားပေါ်သို့ ခြေလှမ်းကာ ကျွန်းငယ်ထံ ဦးတည်ပျံသန်းသွားတော့သည်။

သူမက ခဏ တုန့်ဆိုင်းနေသေးသည်။ ပြီးမှ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတို့နှင့်အတူ နောက်မှ အသည်းအသန် လိုက်ပါသွားသည်။ ဝတ်ရုံဖြူနှင့်လူငယ်ကလည်း မသိမသာ ချိတုံချတုံ ဖြစ်နေ၏။ သူ့မျက်နှာထက်တွင်လည်း သံသယဖြစ်ဟန် ပေါ်နေသည်။ သူက ပြောလိုက်သည်။

“ရောင်းရင်းကျောက်က အဲ့ကျွန်းပေါ်မှာ ဘာဖြစ်နေလဲကို မစူးစမ်းချင်ဘူးလား။ ခင်ဗျားက ဒီကျွန်းနားကို အရင်ဆုံး ရောက်လာခဲ့ပေမဲ့ ကြည့်ရတာ ခင်ဗျား စိတ်ပြောင်းသွားပြီနဲ့ တူတယ်…”

အဘိုးအိုက တဟားဟား ရယ်၏။ သူက သူ့မုတ်ဆိတ်များကို တို့ထိပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီအဘိုးအိုက အကြံပြုလိုက်ရုံပါ။ ကျုပ် တစ်ယောက်တည်း သွားပါမယ်လို့ လုံးဝ မပြောခဲ့ဘူးလေ။ ဒါ့အပြင် ကျုပ်မှာက အတူပါလာတဲ့ ဂျူနီယာလေးတွေလည်း ရှိသေးတယ်။ သူတို့ကို အန္တရာယ် မဖြစ်စေချင်ဘူး။ ရတနာတစ်ခုခု အမှန်တကယ် ပေါ်လာခဲ့တယ်ဆိုရင်လည်း ရောင်းရင်းတို့သုံးယောက် ပိုင်ဆိုင်နိုင်တာပေါ့လေ…”

“ဟား…အစ်ကိုကျောက်ရဲ့ စကားတွေက နားထောင်လို့တော့ ကောင်းသားပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ကို ရှေ့ကင်းပြေးမျိုး ဖြစ်စေချင်နေတာလို့ ကျုပ် ထင်တယ်…”

ဝတ်ရုံဖြူနှင့် ကျင့်ကြံသူက အဘိုးအိုကျောက်ကို တစ်ချက်ကြည့်၏။ ထို့နောက်တွင် သူက မိန်မောင်နှစ်မထံ လှမ်းကြည့်ပြီး သူတို့နောက်သို့ အံတင်းတင်းကြိတ်ကာ ပြေးလိုက်သွားတော့သည်။

အဘိုးအိုက အကွာအဝေးတစ်ခုသို့ ပျံသန်းသွားသော ဝတ်စုံဖြူလူငယ်ကို စောင့်ကြည့်နေရင်း ခေါင်းမသိမသာ ယမ်းကာ ခပ်တိုးတိုး ရေရွတ်သည်။

“အို…လှပတဲ့အမျိုးသမီးတွေဟာ တကယ်ကိုပဲ ကပ်ဘေး ဖြစ်စေတာပဲကို။ မင်းရဲ့ စိတ်ခံစားချက်တွေဟာ မင်းဆီ ဒုက္ခအကြီးကြီး ယူလာပေးလိမ့်မယ်…”

သူ့နောက်မှ တပည့်များသည် ထိုစကားကို ကြားသည့်အခါတွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ငေးကြောင်ကြောင် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ထိုကျင့်ကြံသူသုံးယောက်သည် အကွာအဝေးတစ်ခုထံ ပျံသန်းသွားပြီး ကောင်းကင်နိမိတ်အောက်ဘက်ရှိ ဧရိယာထံ တိုက်ရိုက်ဝင်ရောက်သွားစဉ် အဘိုးအို၏ စိတ်ဝိညာဉ်မှာ တုန်ခါသွား၏။ သူ့နောက်မှ ရုတ်တရက် အေးစက်စက် အသံတစ်သံ ကြားလိုက်ရသည်။

“မင်းက လိမ်မာပါးနပ်တယ် မဟုတ်ဘူးလား။ မင်း အန္တရာယ်ကို ရင်မဆိုင်ရဲဘူးပဲ။ အဲ့လိုဆို ရတနာတစ်ခု ရမယ်ဆိုရင်တောင် မင်းတပည့်တွေကို ဘယ်လိုများ ခွဲပေးမလဲ…”

အဘိုးအိုကျောက်က ထိုစကားကို ကြားသည့်အခါ သူ့စိတ်နှလုံးမှာ အပြင်းအထန် တုန်ခါသွား၏။ သူနှင့် သူ့တပည့်များက ဘေးပတ်ပတ်လည်သို့ အလျင်အမြန် ကြည့်ကြည့်သည်။ သို့ပေမည့် သူတို့က အခြားလူတစ်ယောက်၏ အရိပ်အယောင်ကိုပင် ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။

အဘိုးအိုသည် မည်သူ့ကိုမျှ မထောက်လှမ်းမိသည့်နောက် ပိုကြောက်လန့်လာ၏။ သို့ပေမည့် သူက အလောတကြီး လေသံဖြင့် ပြောလိုက်သည်။

“ဘယ်စီနီယာများ ရောက်လာတာလဲ မသိဘူးဗျ။ ကျုပ်က မဟာနေဂိုဏ်းက ကျောက်ချောင်းပါ။ စီနီယာ့ကို လေးစားသမှု ပေးပါတယ်…”

ကိုယ်ထင်ပြခြင်း မရှိလေဘဲ အေးစက်စက်လေသံက ထပ်မံ ထွက်ပေါ်လာသည်။

“မဟာနေဂိုဏ်းကလား။ ပုတျန်ကုန်းက မင်းနဲ့ ဘာပတ်သက်လဲ…”

အဘိုးအိုသည် တုန်ရင်သွား၏။ သူက ခပ်သွက်သွက် ပြန်ဖြေသည်။

“ဂိုဏ်းခေါင်းဆောင်ဟာ ကျုပ်ရဲ့ စီနီယာသိုင်းဦးလေးပါ။ စီနီယာက သူ့ကိုများ သိတာလား…”

ခဏတုန့်ဆိုင်းသွားပြီးနောက်မှာ ထိုလေသံသည် စောနကကဲ့သို့ မအေးစက်တော့ပေ။

“ဟားဟား….ကျုပ်က သူနဲ့ တစ်ခါ ဆုံဖူးတယ်။ အစတုန်းကတော့ ဒီဝန်းကျင်မှာ စိတ်တိုစရာကောင်းတဲ့ တည်ရှိမှုတွေကို လျော့ချဖို့အတွက် ကျုပ် မင်းကို သတ်ချင်နေခဲ့တာ။ ဒါပေမဲ့ မင်းတို့ ကျုပ်နဲ့ အသိအကျွမ်းဂိုဏ်းရဲ့ တပည့်တွေ ဖြစ်နေတော့ မင်းတို့ကို ကျုပ် ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ ဂျူနီယာတွေဟာ မိုက်ရူးရဲဆန်ပြီး လှုပ်ရှားဝံ့တယ်ဆိုရင်တော့ ကျုပ်ရဲ့ ရက်စက်မှုအပေါ် အပြစ်မတင်လေနဲ့…”

“ဟုတ်ကဲ့ပါ။ ကျနော်တို့ စီနီယာကို စိတ်ကသိကအောက် ကျိန်းသေပေါက် မဖြစ်စေရပါဘူး…”

အဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ၌ သူ့မျက်နှာမှာ မှိန်ဖျော့သွား၏။ သို့ရာတွင် သူသည် စိတ်သက်သာရာလည်း ရသွားမိသည်။

ထိုစဉ် ဝတ်စုံဖြူနှင့်လူငယ်သည် မိန်မောင်နှစ်မကို မှီလာခဲ့ပြီး သူတို့သည် အနီးအနားရှိ တောင်ကြားထံ ချဉ်းကပ်လာခဲ့သည်။ သို့ပေမည့် သူတို့ ဝင်ရောက်မည့်အချိန်တွင် သူတို့၏ ပတ်ဝန်းကျင်က တုန်ခါသွား၏။ ရုတ်တရက် သူတို့ကို အလင်းအရံအတားတစ်ခုက ခြုံလွှမ်းသွားသည်။

ထိုသုံးယောက်သည် တည်ငြိမ်သောအသံတစ်သံကိုလည်း ကြားလိုက်ရ၏။

“လှည့်ပြန်။ မင်းတို့ ရှေ့ဆက်တိုးရင်တော့ ကျုပ် အတင်းအကြပ် လုပ်ရလိမ့်မယ်…”

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အံ့ဩထိတ်လန့်စွာ ငေးကြည့်မိကုန်သည်။ မိန်မျိုးရိုး အမျိုးသားသည် သူ၏တည်ငြိမ်မှုကို ဆက်ပြီး မထိန်းထားနိုင်တော့ဘဲ ကျယ်လောင်စွာ မေးလိုက်သည်။

“တာအိုရောင်းရင်းက ဘယ်သူများလဲ၊ ဒီကျွန်းဆီ ဘာတွေကိုများ ဆောင်ယူလာလဲလို့ ကျုပ် မေးခွင့်ရနိုင်မလားဗျ…”

“ငါ တစ်ဆယ်ထိ ရေမယ်။ မင်းတို့ မထွက်သွားချင်သေးရင် မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို ဒီမှာ ထာဝရ ထားခဲ့ရမယ်။ တစ်ဆယ်…ကိုး…ရှစ်…”

ဟန်လိက ထိုသူ၏မေးခွန်းကို လစ်လျူရှုကာ အေးတိအေးစက်လေသံဖြင့် စတင်ရေတွက်တော့သည်။

သူတို့သုံးယောက်သား၏ မျက်နှာထက်တွင် သံသယဝင်ဟန်များ ဖြစ်ပေါ်သည်။ သူ၏လေသံအရ ထိုသူသည် လှည့်ဖြားနေသလား သို့တည်းမဟုတ် အမှန်တကယ်ပင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေလားကို သူတို့အနေဖြင့် မသေချာ မရေရာ ဖြစ်နေမိသည်။ ခဏအတွင်း ဟန်လိသည် ငါးထိ ရေတွက်ပြီး ဖြစ်သည်။ ထိုစဉ် အလင်းအရံအတားအတွင်းမှ လူဝံရုပ်သေးဆယ်ယောက်ကျော် ဖျတ်ခနဲ့ ပေါ်လာခဲ့ပြီ။ ၎င်းတို့သည် စက်ဝိုင်းပြတ်အသွင် နေရာယူထားပြီး ကျင့်ကြံသူ သုံးယောက်ထံ အစဉ်တိုင်း ချဉ်းကပ်လာကြသည်။

“မကောင်းတော့ဘူး…။ မြန်မြန်…ထွက်ကြမယ်။ ဒါတွေက အဆင့်မြင့် ရုပ်သေးတွေပဲ။ ကျုပ်တို့ မတိုက်ခိုက်နိုင်ဘူး…”

အမျိုးသမီးမိန်သည် ထိုရုပ်သေးများ၏ ကြမ်းတမ်းမှုကို သိရှိဟန်တူသည်။ သူမက ဖြူ‌ရော်စွာဖြင့် အလျင်အမြန် ပြေးတော့သည်။

ထို့နောက်တွင် သူမက အစ်ကိုဖြစ်သူ၏ လက်မောင်းကို ဆွဲကာ ထပ်မံရှင်းပြခြင်း မရှိလေဘဲ ပျံသန်းသွားသည်။ အဖြူရောင်ဝတ်စုံနှင့်လူငယ်ကလည်း ရုပ်သေးများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အာရုံရ၏။ သူလည်း လေအေးတစ်ချက် ရှိုက်သွင်းကာ မိန်မောင်နှစ်မနောက်သို့ အလျင်အမြန် လိုက်ပြေးတော့သည်။

ထိုသုံးယောက်က အမြှီးကုပ်၍ ပြေးတာ မြင်သည့်နောက်မှာ ဟန်လိက ရေတွက်တာကို ရပ်သည်။ ရုပ်သေးများကလည်း သူတို့သုံးယောက်နောက်သို့ ဆက်မလိုက်တော့ပေ။ ထိုသုံးယောက်သည် နောက်ပင် လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြပြီးနောက်မှာ ရုပ်သေးများက အလင်းအရံအတားတွင်းသို့ ပြန်ရောက်လာကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဟန်လိသည် တောင်ကြားဝင်ပေါက်တွင် တင်ပလ္လင်ခွေကာ ထိုင်နေလျက် ရှိသည်။ သူက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လာသည်။ သူ၏အသွင်ဟန်ပန်မှာ လုံးဝ အလေးအနက် ရှိနေ၏။ သည်ကျွန်းပတ်လည်၌ အဆင့်နိမ့်ကျင့်ကြံသူများအပြင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်၏ တည်ရှိမှုကိုလည်း သူ သတိပြုမိပေ၏။ ထိုကျင့်ကြံသူ၏ အမြန်နှုန်းကား အံ့အားသင့်ဖွယ် ကောင်းသော်ငြား သူသည် ဟန်လိ၏ စိတ်ဝိညာဉ်အာရုံအောက်မှ ပြေးမလွတ်ပေ။

ထွက်ပြေးသွားကြသူများက သူတို့၏စီနီယာထံ သတင်းပြန်ပေးဖို့ သူ မျှော်လင့်သည်။ သူသည် ဤအဆင့်ရှိ ကျင့်ကြံသူများကို လုံးဝ မစိုးရိမ်သော်ငြား မလိုအပ်ဘဲ လူသတ်တာကို ရှောင်တာ ပိုကောင်းသည် မဟုတ်လား။ သို့ပေမည့် ဤသည်မှာ ခုမှ အစပင် ရှိသေး၏။

တကယ့် ပြဿနာများသည် စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်ဓလေ့၏ အရေးကြီးသော နောက်ဆုံးနေ့တွင်မှ ရောက်လာနိုင်ခြေ များသည်ဟု သူ ထင်သည်။ တကယ်တော့ အချိန်အများအပြား ကျန်နေသေး၍ အနီးဝန်းကျင်မှ အဆင့်မြင့်ကျင့်ကြံသူများသည်လည်း သည်ကျွန်းပေါ်မှ နိမိတ်အကြောင်းကို သတင်းရထားပြီး ဖြစ်လောက်၏။

All Chapters