← Chapters

ထိုးဖောက်ဝင်ရောက်လာကြခြင်း

Vol. 41 Ch. 569

ထိုးဖောက်ဝင်ရောက်လာကြခြင်း

Vol. 41 Ch. 569

ဟန်လိသည် နောက်ဆုံးနေ့၌ အများဆုံး အမြုတေဖွဲ့စည်းခြင်းလေးယောက်လောက် ရောက်လာနိုင်သည်ဟု တွေးထင်ထားသည်။ သည်အနီးဝန်းကျင်၌ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေဖို့ကမူ မဖြစ်နိုင်သလောက်ပင်။ တကယ်တော့ သည်နေရာမှာ ပြင်ပကြယ်ပင်လယ်များ မဟုတ်လေပေ။ ကျယ်ပြောလှသော ပင်လယ်ပြင်၌ လူတစ်ယောက်သည် အများဆုံးမှ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အချို့ကိုသာ ရှာတွေ့နိုင်ခြေ များ၏။ သူ၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဟန်လိသည် သူတို့ကို စိုးရိမ်နေစရာ မရှိချေ။ သူက မည်သည့်အာရုံစိုက်မှုကိုမျှ မခံချင်သော်လည်း ထိုသူများက နောက်ဆုတ်ပေးချင်စိတ် မရှိလျှင်မူ ရက်ရက်စက်စက် လှုပ်ရှားတိုက်ခိုက်ရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ ထိုသို့ ကောက်ချက်ချပြီးနောက်မှာ ဟန်လိ၏ မျက်နှာပေးသည် စိတ်ခံစားချက်ကင်းမဲ့ဟန် ဖြစ်လာသည်။ သူသည် မျက်လုံး ထပ်မံ၍ မှိတ်လိုက်၏။

အစောပိုင်းတုန်းက ထွက်သွား၍ ကျွန်းအပြင်ဘက်သို့ ပြန်ရောက်လာသော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူသုံးယောက်ကြောင့် အဘိုးအိုကျောက်သည် အတော်လေး စဉ်းစားမရ ဖြစ်သွားလေ၏။

ထိုအဘိုးအိုကျောက်က မေးလာ၏။

“ဘာဖြစ်ခဲ့တာလဲ။ ရောင်းရင်းတို့သုံးယောက်က ကျွန်းကို ရှာဖွေကြည့်ပြီးပြီလား…”

အမျိုးသမီးမိန်၏မျက်လုံးထဲ၌ ကြောက်လန့်ဟန် ဖြတ်ပြေးသွားပြီး သူမက ခေါင်းယမ်းကာ ပြောသည်။

“ကျမတို့ နောက်ကျလွန်းနေပြီ။ ဒီကောင်းကင်နိမိတ် ဝန်းကျင်နားမှာ အတားအဆီးတွေ ချထားတဲ့ အခြားကျင့်ကြံသူတစ်ယောက် ရှိနှင့်နေပြီလေ။ အဲ့ကျင့်ကြံသူက အဆင့်မြင့် ရုပ်သေးအချို့ကိုလည်း ထိန်းချုပ်နိုင်တယ်။ သူ့လေသံကလည်း လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ သူဟာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ဖြစ်လိမ့်မယ်လို့ ကျမ ထင်ပါတယ်…”

“အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်လား။ ကြည့်ရတာ ဒီကောင်းကင်နိမိတ်က မျက်လုံးနဲ့ မြင်ရတာထက် ပိုလွန်နေတာများလား။ ဒါက သဘာဝအရ ဖြစ်ပေါ်လာခဲ့တာ မဟုတ်ဘူး။ ရတနာတစ်ခုများ အမှန်တကယ် ပေါ်လာခဲ့တာလား...”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က သူ့လက်ထဲရှိ ပုလွေကို လှုပ်ခါပြီး ပြောလိုက်သည်။

“ဘယ်သူ သိပါ့မလဲ။ ဒါပေမဲ့ ဒီကျွန်းပေါ် ကျုပ်တို့ အရင်ဆုံး ရောက်သွားတာလို့တော့ ပြောနိုင်တယ်။ ကောင်းကင်နိမိတ်ကို မတွေ့ရခင်တည်းက အဲ့ကျွန်းပေါ်မှာ အဲ့ဒီအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က ကြိုရှိနှင့်နေတာပဲ ဖြစ်မယ်။ သူဟာ တင်ကြိုပြီးတော့တောင် မန္တာန်အစီအရင်တွေကို ချထားသေးတယ်။ အဲ့မှာ ထူးဆန်းတာတစ်ခုခုတော့ ရှိနေပြီ...”

အဘိုးအိုကျောက်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး မေးသည်။

“အဲ့အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူက ဘယ်လိုပုံစံရှိလဲ။ သူ့ရုပ်သွင်ကို ကြည့်ပြီး သူ ဘယ်သူဘယ်ဝါဆိုတာ ကျုပ်တို့ သိချင်သိနိုင်လောက်တယ်...”

မိန်မှောင်နှစ်မနှင့် ဝတ်ရုံဖြူလူငယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိသွားကြသည်။ အဘိုးအိုက မျက်မှောင်ကြုတ်ကာ သံသယဝင်ဟန်ဖြင့် ပြောလာသည်။

“ဘာလဲ။ ခင်ဗျားတို့က သူ့ပုံပန်းသွင်ပြင်ကိုပါ မမြင်နိုင်ခဲ့တာလား...”

လူငယ်သည် အဘိုးအို၏ ထိုအမေးကို ကြားသည့်အခါ သူသည် အစောပိုင်းတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိကာ သူ့မျက်နှာသည် ရှုံ့တွသွားသည်။ သူက သိသိသာသာ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

“ဟက်...အစ်ကိုကျောက်က ကျုပ်တို့ စကားတွေကို သံသယဝင်နေတယ်ဆိုလည်း ကိုယ်တိုင် သွားကြည့်လိုက်ပေါ့...”

အဘိုးအိုကျောက်က တဟားဟား ရယ်၍ ပြောလိုက်သည်။

“တာအိုရောင်းရင်း နားလည်မှု လွဲသွားတာပါ။ ကျုပ်က ဒီတိုင်း မေးကြည့်တာပါ။ ဒီကျွန်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် စီနီယာတစ်ယောက် ရှိနေမှတော့ ရတနာပေါ်လာတာပဲ ဖြစ်ဖြစ်၊ မပေါ်လာတာပဲ ဖြစ်ဖြစ် ကျုပ်တို့လို လူတွေအတွက် နေရာ မရှိတော့ပါဘူး...”

မိန်မျိုးရိုးနှင့် သူက နှုတ်ခမ်းရွဲ့ကာ စိတ်ဆိုးမာန်စိုးဖြင့် ပြောလာသည်။

“အဲ့တာ မမှန်နိုင်လောက်ဘူး။ သူသာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယော်ကဆို ကျုပ်တို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်လောက် လက်တွဲပူးပေါင်းမယ်ဆို ကျုပ်တို့ဟာ သူ့ကို ယှဉ်နိုင်လောက်မှာပဲ...”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ခေါင်းခါပြီး ပြောသည်။

“အစ်ကိုမိန်ကတော့ နောက်ပြီ။ ကျုပ်တို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ရှိနေဖို့ မပြောနဲ့ဦး။ ဒီကျွန်းပေါ်မှာ ရတနာတစ်ခု တကယ် ပေါ်ထွက်လာတာ ဒါမှမဟုတ် အဲ့ရတနာက ဘယ်လောက်တန်ဖိုးရှိလဲကိုတောင် ကျုပ်တို့ မသိသေးဘူး။ အဲ့လိုအခြေအနေမှာ ဘယ်သူကများ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကို ရန်စချင်ပါ့မလဲ...”

လူငယ်၏ စကားများကို ကြားသည့်အခါ မိန်မောင်နှစ်မသည် မျက်နှာရှုံ့မဲ့သွားပြီး တစ်ခုခု ပြောရန် ဟန်ပြင်သည်။ သို့ပေမည့် သူတို့က လူငယ်၏ စကားများအပေါ် မည်သို့ငြင်းဆန်ရမလဲဟုပင် မစဉ်းစားနိုင် ဖြစ်သွားရသည်။ သို့ဖြစ်၍ သူတို့က သက်ပြင်းချကာ ပါးစပ်ပြန်ပိတ်သွားတော့သည်။

အမျိုးသမီးမိန်က ဘေးသို့ လှည့်ပြီး ညင်သာနူးညံ့စွာ ပြောလိုက်သည်။

“အစ်ကိုကြီး...ဒီမှာ မသေချာ မရေရာတာတွေ များပြားလွန်းနေမှတော့ ကျမတို့ ထွက်သွားသင့်ပြီ။ ဒါက ကျမတို့ ပါဝင်ပတ်သက်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး...”

သူ့အစ်ကို ဖြစ်သူမှာလည်း ထိုသို့ မသေမချာ မဖြစ်နေသည်ပင်။ သူသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က လှုပ်ရှားလာခဲ့ပြီ ဖြစ်၍ သည်လောက၌ သာမန်ရတနာတစ်ခု‌ ပေါ်လာတာ မဟုတ်နိုင်မှန်း သိသည်။ သို့ဖြစ်၍ သူသည် ထွက်သွားရမှာကို အင်တင်တင် ဖြစ်နေ၏။ တကယ်တော့ သူနှင့် သူ့ညီမဖြစ်သူတို့လို လေလွင့်ကျင့်ကြံသူများအဖို့ ဤသည်မှာ ရှားပါး အခွင့်အရေးတစ်ခု မဟုတ်လား။

“ထွက်သွားမှာလား။ နင် အိပ်မက်မက်နေလိုက်။ ကျုပ် ခွင့်ပြုချက် မရဘဲ ဘယ်သူမှ မထွက်သွားရဘူး...”

မိန်မျိုးရိုးနှင့်အမျိုးသားက တွေး၍ မပြီးသေးခင်မှာပင် အရပ်မျက်နှာအစုံမှ အေးစက်စက်အသံတစ်သံသည် ရုတ်တရက် ကျရောက်လာသည်။

မိန်မောင်နှစ်မနှင့် ဝတ်စုံဖြူလူငယ်တို့မှာ တုန်လှုပ်သွားပြီး ချက်ခြင်းပင် သူတို့၏ သိုလှောင်အိတ်များကို ဆုပ်ကိုင်လျက် ဘေးဘီဝဲယာကို ကြည့်သည်။ သို့ရာတွင် သူတို့သည် စကားပြောလာသူ၏ သဲလွန်စကို အရိပ်အယောင်ပင် မတွေ့ရချေ။

သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးကြည့်နေပြီး အမျိုးသားမိန်က အဘိုးအိုကို အေးစက်စွာ မေးလိုက်သည်။

“ရောင်းရင်းကျောက်...ဘယ်လို ဖြစ်တာလဲ...”

အဘိုးအိုကျောက်မှာ အကူအညီမဲ့စွာဖြင့် ပြုံး၍ ပြောလိုက်သည်။

“ကျုပ်ကို မမေးပါနဲ့။ ကျုပ်လည်း ထွက်ခွာခွင့် မရှိပါဘူး...”

အခြားသုံးယောက်သည် ထိုစကားကို ကြားသည့်အခါ သူတို့က ထိုအဘိုးအိုကို ယုံရမလား, မယုံရလား ချက်ခြင်း စဉ်းစားတော့သည်။ သို့ရာတွင် သူတို့၏ စဉ်းစားနေမှုကို မီတာသုံးဆယ်အကွာ၌ အဝါရောင်အလင်းတစ်ခု လင်းလက်သွားခြင်းက နှောက်ယှက်သွားပေသည်။ ထိုသို့လင်းလက်မှုနှင့်အတူ အဖြူရောင်အရိပ်တစ်ခု ပေါ်လာ၏။ အဖြူရောင်ချီက ထိုပုံရိပ်ကို ခြုံလွှမ်းထားလျက် သူ့အသွင်ဟန်ပန်မှာ ဝေဝါးစွာ ရှိနေသည်။ သူတို့ သုံးယောက်သားသည် ထိုပုံရိပ်ကို မြင်သည့်အခါ ချက်ခြင်း ကြောက်လန့်သွားလျက် သူတို့၏ မှော်လက်နက်များကို ရှေ့သို့ ထုတ်လိုက်ကြပြီး ၎င်းအရိပ်အား သတိထားကာ စောင့်ကြည့်သည်။

ရေခဲတမျှ အေးစက်လှသောအသံနှင့်အတူ ထိုအဖြူရောင်ပုံရိပ်က ကျောချမ်းဖွယ်ကောင်းသော လေသံဖြင့် ပြောလာသည်။

“ဟက်…မင်းတို့ ဂျူနီယာတွေက ကျုပ်ကို တိုက်ခိုက်စေချင်နေတာလား…”

အမျိုးသမီးမိန်သည် အဖြူရောင်အရိပ်၏ ပုံစံအမှန်ကို မြင်နိုင်စွမ်း မရှိသော်လည်း ထိုသူ၏ စိတ်ဝိညာဉ်ချီ တုန်ခါလှိုင်းများအရ တစ်ဖက်သူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှန်း သိလိုက်သည်။ သူမ၏မျက်နှာက ဖြူရော်သွား၏။ သူမက လိမ်မာပါးနပ်စွာဖြင့် ရှင်းပြလိုက်သည်။

“ကျမတို့ မလုပ်ဝံ့ပါဘူး။ ကျမတို့က စီနီယာကို ဘယ်လိုများ စော်ကားမိသွားလဲကို မသိနားနိုး ဖြစ်မိပါတယ်။ ကျမတို့မောင်နှစ်မကို ဘာကြောင့်များ ထွက်ခွာခွင့် မပြုရတာလဲ…”

“ငါ့ကို စော်ကားမိတာလား။ မဟုတ်ပါဘူး။ ငါက ဒီသတင်းကို အပြင် မပျံ့စေချင်ရုံပဲ။ အဲ့ကျွန်းပေါ်မှာ ရတနာတစ်ခု ရှိ၊မရှိ ငါ ရှာဖွေကြည့်ပြီးတဲ့အချိန်ထိ ဘယ်သူကမှ ခြေတစ်လှမ်းတောင် လှမ်းခွင့်ပြုမှာ မဟုတ်ပါဘူး။ မဟုတ်ရင် မင်းတို့ကို ချက်ခြင်း အဆုံးသတ်ပေးရလိမ့်မယ်…”

အဖြူရောင်အရိပ်က မောက်မာဝင့်ကြွားစွာ ပြောလာသည်။ ထိုသုံးယောက်က အနှီစကားကို ကြားသည့်အခါ တုန်လှုပ်ကုန်ကြသည်။

ဝတ်စုံဖြူနှင့်လူငယ်က အသက်ဝဝရှိုက်သွင်းကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။

“ခုလိုဆိုမှတော့ စီနီယာ ကျွန်းဆီ တစ်ချက်လောက် သွားကြည့်ရင် ပိုများ အဆင်ပြေသွားမလား…”

အဖြူရောင်အရိပ်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“စိတ်ချနေ။ ကျုပ် ခု ချက်ခြင်း သွားကြည့်တော့မှာ။ ဒါပေမဲ့ ကျုပ် မသွားခင် ကျွန်းပေါ်မှာ မင်း ဘာမြင်ခဲ့လဲ အသေးစိတ် ပြောပြစမ်း…”

သုံးယောက်သားက ထိုစကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားကြသည်။ အမျိုးသမီးဖြစ်သူက မျက်မှောင်ကြုတ်လျက် တည်ငြိမ်စွာ ပြောလာသည်။

“အမှန်တကယ်တော့ ကျမတို့လည်း အများကြီး ပြောစရာ မရှိပါဘူး။ ကျမတို့ ကျွန်းပေါ်မှာ ရုပ်သေး အများအပြားနဲ့ ကြုံပြီး ပြန်ပြေးလာခဲ့ရတာပါ။ အဲ့အချိန်တုန်းက…”

သူမသည် ကျွန်းပေါ်တွင် ကြုံခဲ့ရသည့်အဖြစ်အပျက်များကို အသေးစိတ် ပြန်ပြောင်းပြောပြလိုက်သည်။

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ အဖြူရောင်အရိပ်သည် တဟားဟား ရယ်မောကာ ပြောလာသည်။

“အဆင့်မြင့် ရုပ်သေး အများအပြားကို ထိန်းချုပ်တာဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကြည့်ရတာ မင်းတို့သုံးယောက်က ဉာဏ်တော့ ကောင်းကြသားပဲ။ မင်းတို့သာ နှေးကွေးခဲ့မယ်ဆို ကျိန်းသေပေါက် သေနေလောက်ပြီ…”

ခဏအကြာတွင် အဖြူရောင်အရိပ်က ဝေဝါးသွားပြီး ကျွန်းငယ်ထံသို့ ဦးတည်သွားတော့သည်။

သူတို့သုံးယောက်သည် ထိုအခွင့်အရေးကို အသုံးချကာ ထွက်ပြေးရန် စဉ်းစားနေသည်။ သို့ပေမည့် သူတို့သည် အကွာအဝေးတစ်ခုမှ အဖြူရောင်အရိပ်၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။

“ငါ ပြောထားပြီးသား။ ငါ ပြန်မလာခင် မင်းတို့ ထွက်သွားဝံ့တယ်ဆို ငါ မင်းတို့ကို သတ်ပစ်တဲ့အခါကျရင် ငါ့ကို အပြစ်လာမတင်နဲ့။ ငါဟာ သဘောကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူး…”

ထိုစကားကြောင့် သူတို့သုံးယောက်သားသည် အကျိုးဆက်ကို ပြန်စဉ်းစားပြီး ထွက်မသွားဝံ့ကြတော့ပေ။ သူတို့က အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို မစော်ကားဝံ့သည် မဟုတ်ပါလား။

တစ်ချိန်တည်းလိုလိုမှာပင် ဟန်လိက မျက်လုံးဖွင့်လာသည်။ သူ့အမူအရာက သုန်မှုန်နေ၏။

သူက စိတ်ကသိကအောက်ဖြစ်စွာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

“သူက မနက်ဖြန်လောက်ကျမှ လာမယ်လို့ ငါ ထင်ထားတာ။ ခုလောက်ထိ စိတ်မရှည်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဟန်လိ၏အမူအရာက တင်းမာခက်ထန်လာ၏။ သူသည် အခြားနေရာတစ်ခုထံသို့ အလေးအနက် လှမ်းကြည့်သည်။ သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကာ သက်ပြင်းချသည်။

“နောက်တစ်ယောက်လည်း ရှိနေသေးတယ်။ ကြည့်ရတာ ငါ သူတို့နဲ့ တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမယ့်ပုံပဲ။ ဒီအမြုတေဖွဲ့စည်းခြင်းအဆင့်တွေကို ခြောက်လှန့်မောင်းထုတ်ဖို့တော့ မဖြစ်နိုင်လောက်ဘူး…”

ထိုသို့ တွေးကာ ဟန်လိသည် သူ့ခါးရှိ စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်ကို ထိပုတ်ကာ အနက်ရောင်အစွန်းအကွက်များနှင့် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်သည်။ သူ့ခေါင်း ပတ်လည်တွင် လှည့်ပတ်ပျံဝဲနေပြီးနောက်မှာ ၎င်းပိုးတောင်မာများသည် သုံးရောင်စုံလှံရှည်တစ်လက်အဖြစ်သို့ ပြောင်းသွားသည်။

“မင်းတို့က သေချင်နေမှတော့ ကျုပ်ကို အပြစ်မတင်လေတော့နဲ့…”

ဟန်လိသည် ထိုလှံကို ခဏ စိုက်ကြည့်ပြီး မာန်သွင်းကာ အော်ပြောလိုက်သည်။

“သွား…”

လှံကား ချက်ခြင်း တုန်ခါသွားပြီး လှစ်ခနဲ ထိုးထွက်သွားသည်။ ထိုလှံ၏ လားရာထံသို့ လှမ်းကြည့်နေရင်း သူ၏မျက်လုံးထဲတွင် လူသတ်ချင်စိတ် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ အဖြူရောင်အရိပ်က ကျွန်းငယ်ထံ ချဉ်းကပ်လာပြီး အစွန်းအနားမှာ ရပ်သည်။ သူ၏ အဖြူရောင်ချီသည် ကွယ်ပျောက်ကာ သတ်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်၏အသွင်ဟန်ပန် ပေါ်လာသည်။ သူ၏ မျက်နှာမှာ သွေးရောင်ကင်းမဲ့ကာ ဖြူရော်လျက် ရှိ၏။

သူက ကောင်းကင်ထက်ရှိ ကောင်းကင်နိမိတ်ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲ၌ ထူးခြားသော ဟန်ပန်တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက်တွင် အဖြူရောင်ချီက သူ့အား ထပ်မံ ခြုံလွှမ်းသွားပြီး သူ၏ပုံပန်းသွင်ပြင်မှာ ဝေဝါး ပျောက်ကွယ်သွားတော့သည်။

အဖြူရောင်အရိပ်က ကိုယ်ယောင်ဖျောက် လှုပ်ရှားမှုပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြီး ကျွန်းပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်ကာ စူးစမ်းချင်နေတာပင်။ ထိုစဉ် ကျွန်း၏ အခြားဘက်ကနေ အနီရောင်အလင်းတန်းဆယ်ခုကျော်သည် စစ်ရထားပျံတစ်စင်းနှင့်အတူ ပျံသန်းလာနေသည်။ ထိုစစ်ရထားပျံသည် နှစ်ဆယ့်ခုနစ်မီတာလောက် အရှည်ရှိပြီး အနံ့မွှေးသည့် သစ်သားအမျိုးအစားတစ်ခုနှင့် တည်ဆောက်ထားခြင်းပင်။ ၎င်းပေါ်တွင် အဆောင်သင်္ကေတများ အလွှာလိုက်ရှိကာ အဖြူရောင်အလင်းတစ်ခု တောက်ပလျက် ရှိသည်။ထိုစစ်ရထားကို မိုးပြာနတ်ဆိုးငှက် သုံးကောင်က ဆွဲလာခြင်းပင်။ ထိုငှက်များက ကြမ်းကြုတ်ဟန် ပေါ်ကာ သုံးမီတာမျှ အရှည်ရှိပြီး ၎င်းတို့၌ မျက်လုံးခြောက်လုံး၊ တောင်ပံလေးခု ပိုင်ဆိုင်ထားသည်။ ထိုငှက်များကား အလွန်တရာ မြန်ဆန်လှသောနှုန်းဖြင့် စစ်ရထားကို ဆွဲရင်း မျက်စိတစ်မှိတ်အတွင်း ကျွန်းငယ်ထံသို့ ရောက်လာသည်။

All Chapters