အစွမ်းထက်ရန်သူ ပေါ်လာခြင်း
Vol. 41 Ch. 570
“ရပ်လိုက်…” စစ်ရထားအတွင်းမှ အမျိုးသားတစ်ယောက်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် စစ်ရထားနှင့်အတူ ပျံဝဲလာသည့် အနီရောင်အလင်းတန်းများသည် ချက်ခြင်း ရပ်တန့်သွား၏။
ခဏအကြာတွင် အလင်းတန်းတစ်ခုချင်းစီသည် လွင့်ပြယ်ကာ မိန်းမလှများအသွင် ပေါ်လာသည်။ သူတို့တစ်ယောက်ချင်းစီက အစိမ်းဖျော့ရောင် နန်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ထိုအမျိုးသမီးများသည် စစ်ရထား၏ ဘေးမှာ ရပ်၍ အလေးအနက်ဟန်ပန်များဖြင့် ခေါင်းငုံ့လျက် ရှိသည်။
စစ်ရထားထံမှ အံ့ဩတုန်လှုပ်ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘယ်လောက် ထူးဆန်းလိုက်လဲ။ ဒီမှာ မိစ္ဆာဆန်တဲ့ ကောင်းကင်ကို ဖိဆန်တဲ့ ပညာရပ်တစ်ခုကို တစ်စုံတစ်ယောက်က ဘယ်လိုများ အသုံးပြုနေတာလဲ။ ယင်ချီ စုဝေးနေပုံထောက်တော့ နေအသွင်ပညာရပ်ထက် စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ် ဖြစ်ပုံရတယ်…”
ခဏအကြာတွင် မိန်းမပျိုတစ်ယောက်၏ အသံသည် ထွက်ပေါ်လာလေသည်။
“အံ့အားသင့်ဖွယ် ကောင်းတဲ့ ကောင်းကင်နိမိတ်နဲ့ဆို အံ့ချီးဖွယ် ရတနာတစ်ခု ပေါ်ထွက်လာတာမျိုးလည်း မဖြစ်နိုင်ဘူးလား…”
သူမ၏ လေသံသည် အေးစိမ့်လှသော်ငြား ချိုသာစွဲဆောင်နိုင်စွမ်းကိုမူ ဖုံးကွယ်မထားနိုင်ချေ။
ပထမ အသံပိုင်ရှင်က ရယ်မောကာ ယုံကြည်မှုအပြည့်ဖြင့် ဆိုလာသည်။
“နင်က မိစ္ဆာဆန်တဲ့ ပညာရပ်တစ်ခုနဲ့ ရတနာတစ်ခုကြား ကွာခြားချက်ကို မစဉ်းစားနိုင်ဘူးလား…”
ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ထိုအမျိုးသမီးသည် အေးတိအေးစက်နှင့် နှာခေါင်းရှုံ့ကာ တည့်တိုး ပြောလာသည်။
“အဲ့တာက နင် ပြောခဲ့သလိုလည်း ဖြစ်နိုင်သလို ရတနာတစ်ခု ပေါ်ထွက်လာတဲ့ နိမိတ်လည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ငါတော့ အဲ့နှစ်ခုကြား ကွဲပြားချက်ကို မပြောနိုင်ဘူး…”
“နင်က မှန်၊ မမှန် သိချင်တယ်ဆိုမှတော့ ငါတို့ တစ်ချက်လောက် သွားကြည့်ကြမလား။ နေအသွင်ပညာရပ်ပဲ ဖြစ်ဖြစ် စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်ပဲ ဖြစ်ဖြစ် ဒီနှစ်ခုလုံးကို အသုံးပြုနိုင်ဖို့ဆို အမြုတေဖွဲ့စည်းခြင်းအဆင့် ရှိနေဖို့ လိုအပ်တယ်။ ဒါ့အပြင် ဒီလို ပညာရပ်ကို အသုံးပြုပြီးတဲ့နောက်မှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းဟာ များစွာ ထိခိုက်သွားလိမ့်မယ်။ အဆင့်တစ်ခုလုံး လျော့ကျသွားတာမျိုးထိ ဖြစ်နိုင်တယ်။ ဘယ်သူကများ ဒီလို ပညာရပ်ကို အသုံးပြုနေလဲ ငါ သိချင်မိတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် နက်ရှိုင်းတယ်ဆို ခေါ်သွားကြတာပေါ့။ ငါတို့ရဲ့ နတ်ချိုးငှက်ခန်းမဟာ ခုလက်ရှိမှာ ကြီးကြပ်သူအချို့ ကင်းမဲ့နေတယ်လေ…”
အမျိုးသားဖြစ်သူက မိန်းမပျိုကို အတော်လေး မျက်နှာသာပေးသည့်ပုံ ပေါ်နေသည်။
သူမက ခဏ တွေဝေနေပြီးနောက်မှာ သဘောတူသည်။
“ကောင်းပြီလေ…။ သားရဲစစ်ရထားဟာလည်း လဝက်လောက် ပျံသန်းလာခဲ့ပြီးပြီ။ ကျမလည်း အတော်လေး ပျင်းနေတာ။ စိတ်ပြေလက်ပျောက် ဖြစ်အောင် အဲ့ကျွန်းဆီ တစ်ချက်လောက် သွားကြည့်ကြတာပေါ့…”
“ခဏ နေအုံး။ အကာအကွယ် အရံအတားကို ငါ ဖယ်လိုက်ဦးမယ်…”
သူက ထိုသို့ ပြောပြီး ခဏအကြာတွင် စစ်ရထားသည် အဖြူရောင်အလင်း လင်းလက်သွားကာ အလင်းဖြာထွက်မှုမှာ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး အတွင်း၌ ထိုင်နေသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ အသွင် ပေါ်ထွက်လာသည်။ အမျိုးသားဖြစ်သူမှာ လူငယ်တစ်ယောက်ပင်။ အများဆုံးမှ အသက်နှစ်ဆယ်စွန်းစွန်းလောက်သာ ရှိရော့ဦးမည်။ သူက ခမောက်ရှည်တစ်ခုကိုလည်း ဆောင်းထား၏။ သူ့အသွင်က ကြည့်ကောင်းသည်။ မည်သည့်ကျင့်ကြံခြင်း ပညာရပ်ကို ကျင့်ကြံသလဲ မသိရလေဘဲ သူ့နဖူးထက်တွင် ရွှေရောင်အလင်း ခပ်သဲ့သဲ့ တောက်ပနေလျက် ရှိသည်။
သူ့ဘေးတွင် ဆယ်ကျောက်သက် အရွယ်လောက်သာ ရှိဦးမည့် မိန်းမပျိုလေးတစ်ယောက် ထိုင်နေသည်။ သူမသည် တစ်ကိုယ်လုံး လွှမ်းခြုံထားသည့် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ အသားအရည်၊ နက်မှောင်သော ဆံကေသာတို့ကို ပိုင်ဆိုင်ထား၏။ သို့ပေမည့် သူမ၏အသားအရေကမူ ဖြူရော်နေ၏။ သူမအသွင်ဟန်ပန်မှာ စိတ်ကူးယဉ်လောကထဲမှ အင်မောတယ်နတ်သမီးတစ်ပါးအလား ထင်ရသည်။
သူမက စစ်ရထား၏ ထောင့်ကို မှီထားလျက် ရှိပြီး မကျေမချမ်းဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်ထားသည်။ သို့ပေမည့် အလင်းအရံအတားက ကွယ်ပျောက်သွားတာ တွေ့မြင်ပြီးနောက်မှာ သူမ၏ဟန်ပန်က တင်းမာခက်ထန်လာပြီး ထရပ်ကာ စစ်ရထားထဲမှ ထွက်လာသည်။ အမျိုးသားဖြစ်သူကမူ သူမကို နူးညံ့ကြင်နာစွာ ကြည့်နေရင်း ပြုံးယောင်သမ်းလျက် သူမ၏နောက်မှ လိုက်ပါလာသည်။
မိန်းမပျိုက ကျွန်းဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး အကြောင်းမဲ့ သက်သက်ကြီး ပြောလာသည်။
“တာအိုရောင်းရင်းဝမ်….ဒီဝန်းကျင်မှာ တစ္ဆေမြူ ထွက်ပေါ်လာနိုင်ခြေဟာ ဘယ်လောက်မြင့်မြင့်ထိ ရှိနိုင်လောက်မယ်လို့ ရှင် ထင်လဲ။ ထူးခြားဆန်းကြယ်တဲ့ သဘာဝကပ်ဘေးအများစုနဲ့ ပတ်သက်ပြီး ကျမ သိသလောက်ကတော့ ရှင်းလင်းတဲ့ ပုံသေကားချပ် မရှိဘူး…”
သူမ၏ ထူးဆန်းသော အကျင့်စရိုက်နှင့် အသားကျနေပြီ ဖြစ်၍ အမျိုးသားဖြစ်သူက လက်နှစ်ဖက် နောက်ပစ်လျက် ပြုံးပြီး ပြောလာသည်။
“တစ္ဆေမြူတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ပုံစံကားချပ်တော့ ရှာမတွေ့နိုင်ဘူး။ ဒါပေမဲ့ တစ္ဆေမြူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အားစိုက်ထုတ်ပြီး စုဆောင်းခဲ့ဖူးတယ်။ အဲ့ဒီမှာ စိတ်ဝင်စားစရာ ကောင်းတာ တွေ့ခဲ့တယ်။ တစ္ဆေမြူတွေဟာ မီးတောင်တစ်ခု ပေါက်ကွဲပြီးတဲ့နောက်မှာ မကြာခဏ ဖြစ်ပွားလေ့ ရှိတယ်။ အဲ့လိုပုံစံမျိုး အမြဲတမ်း ဖြစ်နေတာမျိုး မဟုတ်ရင်တောင် သုံးပုံတစ်ပုံလောက်တော့ ဆက်နွှယ်မှု ရှိတယ်။ ဒီပင်လယ်ပြင်တွေထဲက အနီးဝန်းကျင်မှာ မီးတောင်ပေါက်ကွဲမှုနှစ်ခု ရှိခဲ့တဲ့အတွက် တစ္ဆေမြူတွေ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေများတယ်လို့ ယူဆတယ်…”
မိန်းမပျိုက ထိုစကားကို ကြားသည့်အခါ သူမ၏မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု ပေါ်လာသည်။ ခဏ တုန့်ဆိုင်းနေပြီးနောက်မှာ သူမက ဖြည်းဖြည်းချင်း ဆက်မေးလာသည်။
“တာအိုရောင်းရင်းဝမ်ဟာ ဒီနေရာအထိ ကျမနဲ့ အချိန်ပေးပြီး လာခဲ့တာ တစ္ဆေမြူကို တွေ့မြင်ရဖို့ အတွက်များလား။ သာမန်ကျင့်ကြံသူတွေက တစ္ဆေမြူကို တွေ့ကြရင် သူတို့ဟာ ပျက်စီးသွားကြလိမ့်မယ်။ ရှင်ကတော့ တစ္ဆေမြူကို ဘာကြောင့် ရှာဖွေနေချင်ရတာလဲ…”
“ဘာကြောင့် မရှာရမှာလဲ။ ကျုပ်မှာ လတ်တလော လုပ်စရာ ကိစ္စလည်း မရှိဘူး။ ဒါ့ကြောင့် ကျုပ်ရဲ့ ထင်မြင်ချက်ဟာ မှန်၊ မမှန် မြင်ရအောင် လုပ်တာဟာ ပိုမကောင်းဘူးလား…”
မိန်းမပျိုက သူ့စကားကို ကြားသည့်အခါ အချိန်တစ်ခုကြာ ငြိမ်သက်သွားပြီး ကျွန်းအထက်ရှိ ကောင်းကင်နိမိတ်ထံ လက်ညှိုးထိုးကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ကျမတို့ ခု သွားကြမလား။ ကြည့်ရတာ အဲ့ကျင့်ကြံသူဟာ ပညာရပ်ဓလေ့ အသုံးပြုနေတဲ့ အရေးတကြီး အချိန်ကို ရောက်နေတဲ့ပုံပဲ။ ကျမတို့က သူတို့ကို နှောက်ယှက်သလို ဖြစ်သွားလောက်တယ် မလား…”
အမျိုးသားဖြစ်သူ၏ မျက်နှာထက်တွင် မောက်မာဟန် ပေါ်လာပြီး သူက တည့်တိုးဆန်ဆန် ပြောလိုက်သည်။
“ကျုပ်ကလား…နှောက်ယှက်တဲ့သူ ဖြစ်သွားမှာလား။ ကျုပ် ဝမ်ထျန်ရန်ဟာ အဲ့အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ စကားစမြည် ပြောချင်တာလေ။ အဲ့လူကသာ ကျုပ်အပေါ် ရိုင်းစိုင်းရဲတယ်ဆို ကျုပ် သူ့ကို သတ်လိုက်ရုံပေါ့…”
ထိုအမျိုးသမီးဖြစ်သူက လူငယ့်ကို နှုတ်ဆိတ်၍သာ ကြည့်နေသည်။ သို့သော် သူ ပြောတာက အမှန်ပင်။ ထိုလူငယ်၏ စွမ်းရည်များသည် ကျယ်ပြောကာ နက်ရှိုင်းလှ၏။ သူသည် စဦးစိတ်ဝိညာဉ်ကို မဖွဲ့စည်းရသေးသော်လည်း အဆင့်တူများကြား ပြိုင်ဘက်ကင်းခဲ့သည်။ ပြန့်ကျဲကြယ်ပင်လယ်များ၌ အစွမ်းထက်ဆုံး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူဟု အမည်ကျော်ကြားသူ ဖြစ်၏။
“အန်…” ထိုအမျိုးသားဖြစ်သူ၏ အမူအရာသည် ရုတ်တရက် တင်းမာသွားပြီး သူက ကျွန်းထံသို့ လှမ်းကြည့်သည်။
“ဘာလဲ…ကိစ္စတစ်ခုခု ရှိလို့လား…” မိန်းမပျိုသည် သိချင်စိတ် ဖြစ်မိသွားသော်လည်း သူမသည် အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
သူ့မျက်နှာထက်တွင် အလေးအနက်ဖြစ်ဟန် ပေါ်လာပြီး သူက ကျွန်းပေါ်သို့ စူးစမ်းလေ့လာသည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဒီကျွန်းပေါ်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက် ရှိနေတာပဲကို။ ဒီထဲက နှစ်ယောက်ကတော့ ပမွှားလေးတွေ။ အစောပိုင်းအဆင့်ပဲ ရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ အထင်ကြီးဖွယ် ကိုယ်ယောင်ဖျောက် ပညာရပ်တစ်ခုကို အသုံးပြုထားတယ်။ ဒါပေမဲ့ သူက ငါ သတိပြုမိတာကနေတော့ မလွတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ရှိသေးတယ်။ သူက ငါ့စိတ်ဝိညာဉ်အာရုံ သူ့အပေါ် ကျရောက်သွားတာကိုလည်း သတိပြုမိတယ်။ တကယ်တော့ သူ့စိတ်ဝိညာဉ်အာရုံဟာ ငါ့ထက်တောင် သာနေသေးတယ်…”
မိန်းမပျိုသည် ထိုစကားကို ကြားသည့်အခါ တုန်လှုပ်သွား၏။ သူမသည် ဤအမျိုးသား၏ စိတ်ဝိညာဉ်အာရုံသည် စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များနှင့် နင်လားငါလား ယှဉ်နိုင်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားပြီး ဖြစ်၏။ သို့သော် ခုချိန်တွင် သူသည် သူ့ထက်ပင် စိတ်ဝိညာဉ်အာရုံ ပိုအစွမ်းထက်သော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်နှင့် လာကြုံနေရပြီ။ သူမအဖို့ ဤအချက်ကို ယုံရခက်နေသည်။ သူမ၏မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် တမျိုးတမည် ဖြစ်ဟန် ပေါ်လာသည်။
သို့ရာတွင် သူမသည် သည်အမျိုးသားမှာ နူးညံ့ကာ သဘောကောင်းဟန် ပေါ်နေသော်လည်း စိတ်ထားမြင့်မြတ်နေတာ မဟုတ်မှန်း သိပေသည်။ သူကား လူပါးတစ်ယောက်သာ။ ရက်စက်တတ်သူ တစ်ယောက်သာ။ လွှမ်းမိုးနိုင်သော စွမ်းအားကကို ထုတ်ဖော်၍ အခြားသူများကို သတ်ဖြတ်တတ်သော စရိုက်ရှိသူပင်။ ကံကောင်းသည်မှာ ထိုအမျိုးသားသည် သူမကို စိတ်ဝင်စားပြိး အတင်းအကြပ် မပြုလုပ်ခြင်းပင်။ ဤသည်က သူမအတွက် များစွာ စိတ်သက်သာရာ ရရ၏။
သူ၏ အမူအရာမှာ ပုံမှန်သာ ဖြစ်သော်လည်း သူ့၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေပြီမှန်း သူမ သိသည်။ တကယ်တော့ သူသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်သော သူ့စိတ်ဝိညာဉ်အာရုံ၏ အားကောင်းမှုအပေါ် ဂုဏ်ယူနေခဲ့သူပင်။ အဆင့်တူကျင့်ကြံခြင်း၌ သူ့ထက် သာလွန်သော စွမ်းရည်ရှိသည့် လူမျိုးကို အဘယ်သို့ ဆက်၍ တည်ရှိခွင့် ပေးပါ့မည်နည်း။ မိန်းမပျိုက သက်ပြင်းသာ ချမိသည်။ ကျွန်းပေါ်မှ ကျင့်ကြံသူအပေါ် သနားစိတ်ပင် ဖြစ်မိသွားသည်။
ထိုသို့ဖြစ်နေစဉ် ကျွန်းပေါ်ရှိ ကျောက်တုံးကျောက်စိုင်များစွာ ရှိနေသော နေရာတစ်ခုကို ဖြတ်၍ လေခွင်းသံတဝီဝီ ထွက်ပေါ်လာလေသည်။ ယင်းနောက်မှာ ကျွန်း၏ တောင်ဘက်ခြမ်းမှ သုံးရောင်စုံလှံကြီးတစ်လက် ပေါ်လာကာ ထိုနေရာအား ချက်ခြင်း ဖြတ်သန်းသွားလေသည်။
ဖက်…။ ထိုလှံရှည်က အဖြူရောင်ချီမြူထုတစ်ခုထံ ရုတ်တရက် ထိုးနှက်သွားပြီး အလင်းများ ဖြာထွက်သည်။ ချီအရံအတားထဲရှိ လူမှာ တုန်ခါသွားပြီး သူ့မျက်နှာထက်၌ ကြောက်လန့်ဟန် ပေါ်လာသည်။ သူက အလန့်တကြား ဖြစ်ကာ ခရမ်းရောင်ကျောက်စိမ်းတင်းပုတ်ကို ချက်ခြင်း ထုတ်ဖော်သည်။ သို့သော် ထိုခဏမှာပင် ချီအရံအတားသည် ပျက်စီးသွားခဲ့လေပြီ။ သူ့မှော်ရတနာကို အသုံးမပြုနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားခဲ့ပြီး ဖြစ်၏။
သွေးများ ပြည့်နှက်နေသော အလောင်းတစ်လောင်းသည် လေထဲကနေ မြေပေါ်သို့ ပြုတ်ကျလာ၏။ ဘန်းခနဲ မြည်သံနှင့်အတူ ထိုအလောင်းကား အောက်ဘက်ရှိ ကျောက်တုံးကျောက်စိုင်များကြားတွင် ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် လှံရှည်သည် အင်းဆက်အုပ်အဖြစ်သို့ အသွင်ပြောင်းကာ သိုလှောင်အိတ်တစ်ခုနှင့် ကျောက်စိမ်းတင်းပုတ်ကို ထွေးခြုံလျက် မြည်သံပေးကာ တောင်ကြားထံသို့ ပြန်လှည့်သွားတော့သည်။
ခဏအကြာတွင် ဟန်လိက သိုလှောင်အိတ်ကို ယူကာ ၎င်းအား သူ့စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုလိုက်၏။ နောက်လက်တစ်ဖက်ဖြင့်လည်း ခရမ်းကျောက်စိမ်းတင်းပုတ်ကို ကိုင်ကာ ချိန်ဆကြည့်သည်။ သည့်နောက်မှာ သူသည် ၎င်းတို့အား သိမ်းဆည်းပြီး အကွာအဝေးတစ်ခုထံသို့ သုန်မှုန်စွာဖြင့် ဖြည်းဖြည်းချင်း လှမ်းကြည့်သည်။
သူ့ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်ပြီးသည့်နောက်မှာ သူသည် သူ့ခန္ဓာကိုယ်အား လာထိခတ်သော ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်အာရုံတစ်ခုကို ခံစားမိခဲ့သည်။ ၎င်းက သူ့အား အလန့်တကြားဖြင့် ထခုန်မိမတတ်ပင် ဖြစ်သွားစေသည်။ ထိုစိတ်ဝိညာဉ်အာရုံက စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်တစ်ယောက်နှင့် အတော်လေးကို ဆင်နေခဲ့သည် မဟုတ်ပါလား။ ၎င်း၏ပိုင်ရှင်မှာ အထင်ကြီးဖွယ် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ရှိ လူငယ်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရပြီးနောက် ဟန်လိမှာ တုန်လှုပ်ခဲ့ရသည်။ တကယ်တော့ ထိုလူငယ်သည် သူနှင့် သိပ်မကွာလှပေ။
ဟန်လိသည် မင်သက်သွား၏။ ချက်ခြင်းပင် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကျင့်ကြံသူကို ကြည့်ရှုလိုက်ရာ ထိုကျင့်ကြံသူကလည်း သူ့အား သတိပြုမိသွားပြီး သူ့စိတ်ဝိညာဉ်အာရုံကို အတားအဆီးပညာရပ်တစ်မျိုး အသုံးပြု၍ သူ့အား နောက်ထပ် စူးစမ်း၍ မရအောင် လုပ်ဆောင်ပစ်သည်။ ဟန်လိသည် ထိုကဲ့သို့ ဖြစ်သွားသော အခြေအနေကြောင့် မျက်နှာပျက်သွားသည်။