← Chapters

ပြင်းထန်ခက်ခဲသော တိုက်ပွဲ

Vol. 41 Ch. 572

ပြင်းထန်ခက်ခဲသော တိုက်ပွဲ

Vol. 41 Ch. 572

မရေမတွက်နိုင်သော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ဟန်လိ၏ သိုလှောင်အိတ်ထဲမှ တဟုန်ထိုး ထွက်လာသည်။ ယင်းနောက်မှာ ၎င်းတို့သည် သုံးရောင်စုံတိမ်တိုက်ထုအဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွား၏။ ပိုးတောင်မာအုပ်စုကား မီတာတစ်ရာမျှ ကျယ်ပြောပြီး ခြောက်ခြားဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

“အား…” အကွာအဝေးတစ်ခုမှ အလန့်တကြားဖြင့် အော်သံတစ်သံကို ကြားရ၏။ ဟန်လိ၏အကြည့်က လှပသော မိန်းမပျိုထံ ကျရောက်သွားသည်။ သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ လင်းဖြာလျက် ရှိ၏။

ထိုမိန်းမပျိုသည် သူမ၏ နူးညံ့လှသော နှုတ်ခမ်းငယ်ကို လက်ဖြင့် ကာထားပြီး ထိတ်လန့်အံ့အားသင့်ဟန် ပေါ်လွင်နေသည်။ သူမ၏ အသွင်ဟန်ပန်၌ ပျော်ရွှင်သွားဟန် အရိပ်အယောင်တစ်ခုကို သတိပြုမိသွားပြီး ဟန်လိလည်း အံ့အားသင့်သွားသည်။

သူမ၏ရှင်းပြရခက်သော အသွင်ဟန်ပန်ကြောင့် ဟန်လိသည် ခဏတာ အာရုံပျက်သွား၏။ ထိပ်တိုက်တွေ့သည့် တဝုန်းဝုန်းမြည်သံများ ပေါ်ထွက်လာသည့်အခါမှ သူ့အာရုံသည် လက်ရှိ တိုက်ပွဲအပေါ် ပြန်ရောက်သွားသည်။ အဖြူရောင်အလင်း တောက်ပလျက် ရှိသည့် ရှေးကြေးဒိုင်းတစ်ခုက မိုးပြာတိမ်ထုများကို ထုတ်ဖော်ကာ ဟန်လိ၏ ဓားကြီးနှစ်လက်၏ တိုက်ခိုက်မှုများအား လွယ်လင့်တကူ တားဆီးနိုင်သွားသည်။

ထိုသည်ကို မြင်သည့်အခါ သူက ကြိတ်၍ သက်ပြင်းချမိ၏။ သူသည် ထိုဓားများကို အချိန်များစွာပေး၍ အားမဖြည့်ခဲ့ရသေးပေ။ ဓားများ၏ ထူးကဲလှသော သတ္တုအမယ်အရည်အသွေးကို မှီခို၍သာ သူသည် သာမန်ကျင့်ကြံသူများ၏ မှော်ရတနာများကို လွှမ်းမိုးနိုင်ခဲ့တာသာ ရှိသည်။ သို့ပေမည့် အခု သူ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာပြီးနောက်မှာ သူ့မှော်ရတနာများ၏ အစွမ်းက သူ့ပြိုင်ဘက်၏ မှော်ရတနာများထက် နိမ့်ကျနေတာ သိသာနေပေပြီ။ ထိုဓားများက အဆင့်တူ ကျင့်ကြံသူများကို များများစားစား ခြိမ်းခြောက်နိုင်စွမ်း မရှိနေပေ။

သူ့စိတ်ထဲ၌ ထိုအတွေးများ ဖြစ်ပေါ်နေရင်း သူ့ဓားနှစ်လက်ကမူ ခရမ်းရောင်တိမ်တိုက်များကို ဆက်လက်တိုက်ခိုက်နေတုန်းပင်။ သို့ပေမည့် ရှေးဟောင်းဒိုင်းကာက တိုက်ခိုက်မှုတိုင်းကို အေးဆေး တားဆီးနိုင်စွမ်း ရှိနေ၏။

ဤအခိုက်အတန့်တွင် ဟန်လိသည် လေချွန်သံ ပြု၏။ သူ့ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ အော်မြည်သံပေးလာပြီး ခရမ်းရောင်တိမ်ထုထံ တိုးဝင်သွားကြသည်။ သူသည် ၎င်းခရမ်းရောင်တိမ်ထုမှာ မည်သည့်အရာနှင့် ပြုလုပ်ထားမှန်း မသိသော်လည်း ရွှေဝါးမြိုခြင်းပိုးတောင်မာများက ၎င်းအား စားသုံးနိုင်စွမ်း ရှိနေတုန်းပင်။ အင်းဆက်အုပ်ကြီး ရုတ်တရက် ပေါ်လာတာ မြင်သည့်အခါ ဝမ်ထျန်ရန်က အထင်သွေးစွာ နှာခေါင်းမရှုံ့မိဘဲ မနေနိုင် ဖြစ်၏။

“ဟား…အင်းဆက် ပညာရပ်တဲ့လား။ မင်းက သေချင်နေတာပဲ…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက ပျော်ရွှင်သွား၏။ ဝမ်ထျန်ရန်ကသာ သူ၏ အင်းဆက်များကို သာမန်အင်းဆက်များကဲ့သို့ ပြုမူခဲ့လျှင် ထိုပိုးတောင်မာအုပ်က ခရမ်းရောင်တိမ်စုထံ ကျရောက်သွားသည်နှင့် သူ့အတွက် သေခြင်းတရား ဆိုက်ရောက်သွားနိုင်သည် မဟုတ်လား။ ဟန်လိက စိတ်ထဲကနေ ကြိတ်၍ နှာခေါင်းရှုံ့လိုက်၏။ သို့ပေမည့် ထိုအင်းဆက်အုပ်က ခရမ်းရောင်တိမ်တိုက်နား ရောက်လာသည်နှင့် ဝမ်ထျန်ရန်က ရုတ်တရက် အော်ဟစ်မာန်သွင်းသည်။

“သွား…”

ထို့နောက်တွင် အံ့အားသင့် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလာတော့သည်။

ခရမ်းရောင်တိမ်တိုက်များထံမှ ရုတ်တရက် ရွှေရောင်အလင်း ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများသည် ပေါက်ကွဲထွက်လာသည်။ ၎င်းတို့ကား ပိုးတောင်မာများထံ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ ထို့နောက်တွင်မူ ကျယ်လောင်သော အက်ကွဲသံများ ထွက်ပေါ်၏။ သေဆုံးသွားသော အင်းဆက်များသည် ကောင်းကင်ယံမှ မိုးစက်များနှယ် စတင်ပြုတ်ကျလာသည်။

အနှီရွှေရောင်အမျှင်တန်းများကား ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အမှန်တကယ် လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။ ပိုးတောင်မာများသည် မှော်ရတနာများ၏ တိုက်ချက်များကို များစွာ ခံနိုင်ရည် ရှိ၏။ သို့ပေမည့် သည်ရွှေရောင်အမျှင်တန်းများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ ၎င်းတို့သည် ခုခံနိုင်စွမ်း မဲ့သွားရသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ဒေါသလည်းထွက်၊ အလန့်တကြားလည်း ဖြစ်သွားမိသည်။ သူက အလျင်အမြန်ပင် လေချွန်သံပေးကာ သူ၏အင်းဆက်များကို ချက်ခြင်း ပြန်ဆင့်ခေါ်ပြီး သူ့နားသို့ ပြန်ခေါ်သည်။ သို့ရာတွင် ရွှေရောင်အမျှင်တန်းများသည် ပိုးတောင်မာများကို အလွယ်ထွက်သွားခွင့် မပြုပေ။ ပိုးတောင်မာများ ပြန်ဆုတ်သည်နှင့် ၎င်းအမျှင်တန်းများက တိုးဝင်လာသည်။

ဟန်လိသည် မျက်နှာပျက်သွားပြီး ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူ့သိုလှောင်အိတ်ကို အလျင်အမြန် ထိပုတ်ကာ ရှေးဟောင်းပန်းခြင်းကို ထုတ်ယူပြီး ချက်ခြင်း ပစ်လွှတ်လိုက်သည်။ ပန်းခြင်းသည် အဖြူရောင်ချီထုအဖြစ်သို့ ပြောင်းကာ ရွှေရောင်အမျှင်တန်းများထံ တိုက်ရိုက်တိုးဝင်သွားသည်။

၎င်းအဖြူရောင်ချီသည် အင်းဆက်အုပ်ကို မရှိလေသည့်နှယ် လစ်လျူရှုလျက် ရွှေရောင်အမျှင်တန်းများကြားသို့ ရောက်ရှိသွားသည်။ ထိုစဉ် ဟန်လိ၏အမူအရာမှာ ထူးခြားသည့်ဟန် ပေါက်လာပြီး သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖြစ်ပေါ်စေသည်။ အဖြူရောင်ချီသည် စတင်လှည့်ပတ်လာပြီး အဖြူရောင်အလင်း ဖြာထွက်လင်းထင်းလာသည်။ ထိုအလင်းက ရွှေရောင်အမျှင်တန်းများကို ထွေးခြုံကာ ချက်ခြင်းပင် ထိန်းချုပ်ပစ်ပြီး ၎င်းတို့၏ အလျင်ကို သိသိသာသာ နှေးသွားစေသည်။

ထိုသည်ကို အခွင့်ကောင်းယူကာ ပိုးတောင်မာအုပ်စုသည် ဟန်လိ၏ သားရဲသိုလှောင်အိတ်များထံ ပျံသန်းလာနိုင်သွားသည်။

သို့ပေမည့် ဤအခိုက်အတန့်တွင် ဟန်လိ၏အမူအရာသည် အလွန်အမင်း ရုပ်စိုးနေသည်။ အပြန်အလှန် ခဏလေး တိုက်ခိုက်ပြီးချိန်တွင် သူ့ အနက်ရောင်အစက်အပြောက်များပါသော ရွှေဝါးမြိုခြင်းပိုးတောင်မာ တစ်သောင်းနီးပါးမှာ ဆုံးရှုံးသွားခဲ့ရပြီ မဟုတ်လား။ သူသာ ရှေးဟောင်းပန်းခြင်းကို အသုံးပြုပြီး အလျင်အမြန် မတုန့်ပြန်နိုင်ခဲ့လျှင် ဆုံးရှုံးမှာ ပိုကြီးသွားလိမ့်မည်သာ။

ထိုရွှေရောင်အမျှင်တန်းများက မည်သည့်မှော်ရတနာများ ဖြစ်နေသလဲ။ ၎င်းတို့၌ ကြောက်မက်ဖွယ်စွမ်းအား ပိုင်ဆိုင်ထားနေပေသည်။ အစောပိုင်းတုန်းက အဖြစ်အပျက်ကို ဟန်လိအနေဖြင့် လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။ သူ့ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ၎င်းတို့၏ ခြိမ်းခြောက်နိုင်သော စွမ်းအားကို မထုတ်ဖော်ရခင်မှာပင် ပြန်ကန်ထွက်လာခဲ့ရသည် မဟုတ်လား။

ထိုခဏတွင် ဟန်လိသည် မျှော်လင့်ချက်မဲ့ကာ စိတ်မသက်မသာ ဖြစ်နေသည်။ သည့်နောက်မှာ အဖြူရောင်ချီအတွင်း၌ ရွှေရောင်အမျှင်တန်းများ၏ အသွင်ပြောင်းမှုကို သူက စောင့်ကြည့်နေသည်။ ယင်းတို့သည် တဖြတ်ဖြတ် လင်းလက်ပြီး မှိန်ဖျော့သွားကာ အစစ်အမှန်ပုံစံအသွင် ပေါ်လာသည်။ ၎င်းအမျှင်တန်းများသည် ပါးလှပ်လှသော ရွှေရောင်အပ်ငယ်များ ဖြစ်ကာ အရှည်တစ်လက်မမျှသာ ရှိလေ၏။

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် အမှန်တကယ် တုန်လှုပ်မိသွား၏။ ဝမ်ထျန်ရန်သည် သန့်စင်မွန်းမံရန် အခက်ခဲဆုံးသော သည်မှော်ရတနာအပ်များကို အမှန်တကယ် အသုံးပြုနိုင်စွမ်း ရှိနေသည်။ ၎င်းအပ်အရေအတွက်မှာ အနည်းဆုံး ရာချီ ရှိရော့မည်။ ဤသည်က ဟန်လိ၏သွေးများကို အေးခဲသွားစေသည်။ သို့ပေမည့် ခဏအကြာတွင် သူ့စိတ်ထဲ၌ တစ်ခုခုကို တွေးမိသွားပြီး သူ့အတွေးများသည် ဂနာမငြိမ် ဖြစ်လာသည်။

ထိုစဉ် အလင်းဖျော့သွားသော ရွှေရောင်အပ်များသည် လင်းထင်းစွာ တစ်ချက်တောက်ပပြီး တစ်နေရာထဲ၌ အလျင်အမြန် စုဝေးသည်။ ပြီးနောက် ၎င်းတို့သည် ချက်ခြင်းပင် ရွှေရောင်ဓားတစ်လက်အဖြစ် သိပ်သည်းသွားသည်။

၎င်းဓားသည် မသိမသာ တုန်ခါနေပြီးနောက်မှာ ရုတ်တရက် ပန်းခြင်း၏ အတားအဆီးများကို ချိုးဖျက်ကာ ဟန်လိထံ တန်းဝင်လာချေသည်။

ဟန်လိက မျက်နှာပျက်သွား၏။ သူသည် သိုလှောင်အိတ်ထဲမှ မိုးပြာအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ကောင်းကင်လေဟာနယ်ခန်းမ၌ ပညာရှိအိုချင်းယီသူ့ကို ပေးခဲ့သော ရတနာအဆောင် ဖြစ်၏။

ရွှေရောင်ဓားက ဟန်လိထံ တရကြမ်း ဝင်လာစဉ် ထိုအဆောင်သည် ဘန်းခနဲ ပေါက်ကွဲကာ မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများအဖြစ် ကွဲထွက်ပြီး ရှေ့သို့ ဦးတည်သည်။ တုန့်နှေးခြင်း မရှိလေဘဲ ဟန်လိက မိုးပြာချီကို အဆောင်ပေါ်သို့ ထွေးထုတ်လိုက်၏။ အဆောင်မှာ ချက်ခြင်းပင် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးပြာအလင်းက ဟန်လိ၏ အလင်းအရံအတားထဲမှ ထွက်ခွာသွားစဉ် ၎င်းသည် မိုးပြာအလင်းအမျှင်တန်းများစွာအဖြစ်သို့ ပြောင်းလဲသည်။ ဖြတ်ခနဲ ကြည့်ပါက ယင်းတို့သည် ရွှေရောင်အမျှင်တန်းများနှင့် ကွဲပြားနေခြင်း မရှိချေ။

“ဒါတွေက ဘာတွေလဲ…” ဝမ်ထျန်ရန်သည် မင်သက်သွား၏။ သူက အံ့အားသင့်စွာ ပြောလိုက်သည်။

ရွှေရောင်အမျှင်တန်းများသည် ဟန်လိ၏ဘေးသို့ ရောက်လာခဲ့ကာ မိုးပြာအမျှင်တန်းတို့ဖြင့် ရောထွေးယှက်တင်သွားပြီး အလင်းလုံးတစ်ခု ဖြစ်လာသည်။ ဝမ်ထျန်ရန်က အလန့်တကြား အော်ဟစ်ကာ အေးစက်စက် မေးသည်။

“မိုးပြာညအပ်တွေ။ မင်းနဲ့ ပညာရှိအို ချင်းယီနဲ့ ဘယ်လို ပတ်သက်လဲ။ ဒါက သူ့ရတနာတွေပဲ။ အဲ့တစ္ဆေအိုကြီးက စိတ်ပျက်စရာကောင်းလောက်အောင် ကပ်စီးနဲတဲ့သူ။ ဒီအပ်တွေကိုလည်း သူ့အသက်လောက်ကို တန်ဖိုးထားတယ်။ မင်းက သူ့တပည့်များလား…”

ဟန်လိသည် ဝမ်ထျန်ရန်က မိုးပြာညအပ်များ၏ အမည်ကို ထုတ်ပြောလာတာ ကြားသည့်အခါ သူ့စိတ်ထဲ တုန်ရင်သွားသည်။ သို့ပေမည့် ခဏအကြာတွင် သူက တည်ငြိမ်မှု ပြန်ရသည်။ ကောင်းကင်လေဟာနယ်ဒယ်စောက် ကိစ္စသည် ပေါက်ကြားသွားပြီ ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကမူ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပုံ ပေါ်သည်။ မဟုတ်ပါက တစ်ဖက်သူသည် ထိုအပ်များကို မြင်သည်နှင့် သူ မည်သူမည်ဝါမှန်း သိသွားလိမ့်မည်သာ။

ထိုသို့ တွေးမိပြီး ဟန်လိသည် စကားအပိုပြောရန် စိတ်ကူး မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားကို အပြည့်အဝ လည်ပတ်စေပြီး ဝမ်ထျန်ရန် တုံ့နှေးသွားချိန်ကို အခွင့်ကောင်းယူကာ ရွှေရောင်အမျှင်တန်းများကို တွန်းထုတ်ပြီး တိုက်ပွဲကို အသာစီးယူသည်။

ခရမ်းရောင်တိမ်တိုက်ထဲမှ ဝမ်ထျန်ရန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

“မင်းက သေချင်နေတာပဲ။ မင်းက မရှင်းပြချင်မှတော့ တစ္ဆေအိုကြီးချင်းယီကို မျက်နှာသာ ပေးစရာ မလိုတော့ဘူးပေါ့။ ပြန့်ကျဲကြယ်ပင်လယ်များရဲ့ အစွမ်းထက်ဆုံး မိစ္ဆာကျင့်ကြံခြင်းပညာရပ်ဖြစ်တဲ့ ထိပ်ဆုံးခြောက်ပါး မိစ္ဆာပညာရပ်က ဘာလဲဆိုတာ ကျုပ် ကိုယ်တိုင် မင်းကို ပြသပေးမယ်။ ကျုပ်ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်လေနဲ့…”

ထိုသို့ ပြောပြီးနောက်မှာ သူက မိုးပြာညအပ်များနှင့် တိုက်ခိုက်နေရာကနေ သူ့ရွှေရောင်အမျှင်တန်းများကို ပြန်ဆင့်ခေါ်လိုက်သည်။ ၎င်းတို့က ခရမ်းရောင်တိမ်ထုထံ ချက်ခြင်း ပြန်လည်ပျံသန်းသွားသည်။ ဟန်လိသည် မကောင်းသော အငွေ့အသက်ကို ရလိုက်၏။ ရုတ်တရက် ဝန်းကျင်သည် တိတ်ဆိတ်သွားလေသည်။ ဟန်လိသည် မိုးပြာဓားအလင်းများဖြင့် ခရမ်းရောင်တိမ်တိုက်ကို အဆက်မပြတ် တိုက်ခိုက်နေတုန်းပင်။ သို့ပေမည့် ရလဒ်ကမူ အစောကအတိုင်းပင်။ ဓားအလင်းတန်းများက ၎င်းတိမ်တိုက်အပေါ် အနည်းအကျဉ်းလောက်သာ သက်ရောက်မှု ရှိလေ၏။

ဟန်လိ၏မျက်နှာထက်တွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ချက်ခြင်းပင် အပ်များကို ဆင့်ခေါ်ကာ အဆောင်ထဲသို့ ပြန်ဝင်ရောက်စေပြီးနောက် သူ့သိုလှောင်အိတ်ထဲ ပြန်သိမ်းလိုက်သည်။ မိုးပြာညအပ်များသည် အလွန်တရာ အစွမ်းထက်လှသည်ဖြစ်၍ သူသည် ထိုအဆောင်၏ စွမ်းအားကို ပြုန်းတီးခွင့်ပြုမည် မဟုတ်ပေ။

ဟန်လိသည် ခရမ်းရောင်တိမ်တိုက်ကိုသာ ကြည့်နေ၏။ သူ့မျက်နှာထက်တွင် ချီတုံချတုံ ဖြစ်ဟန် ပေါ်နေသည်။

ခဏအကြာ၌ ခရမ်းရောင်တိမ်တိုက်သည် ရုတ်တရက် စတင်လိမ့်တက်လာပြီး အနီးဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကို လှုံ့ဆော်လာသည်။ စိတ်ဝိညာဉ်ချီများသည် ခရမ်းရောင်တိမ်တိုက်ထံသို့ စတင်၍ အားဖြည့်ပေးလာတော့သည်။ ထို့နောက်တွင် ယင်းတိမ်တိုက်သည် စတင်ပြန့်ကားလာပြီး ၎င်း၏အရောင်ကလည်း မီးခိုးဖျော့ရောင် ဖြစ်လာသည်။ ထို့အပြင် ၎င်းထံမှ ထူးခြားသောအသံဗလံများလည်း ပေါက်ကွဲထွက်လာသည်။ ထိုအသံများသည် စစချင်းတော့ တိုးညင်းသော်ငြား ခဏလေးအတွင်း ကျယ်လောင်လာကာ ကြားရသူတိုင်း၏ စိတ်နှလုံးကို အနှောက်အယှက် ဖြစ်စေမည့် အသံမျိုး ဖြစ်လာသည်။

ထိုထူးခြားသောမြင်ကွင်းကို မျက်မြင်တွေ့ရပြီးနောက်မှာ ဟန်လိ၏ ချီတုံချတုံ ဖြစ်မှုသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူက သူ့ဘယ်လက်ဖြင့် ညာလက်ကို ရုတ်တရက် ဆုပ်ကိုင်ပြီး အနှီမီးခိုးဖျော့ရောင် တိမ်တိုက်ထံ ပင့်မြှောက်သည်။ သူ့လက်၌ အေးခဲသော အငြှိုးချီတစ်ခု စတင်စုဝေးလာသည်။

အနီးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများက မီးခိုးဖျော့ရောင်တိမ်တိုက်ထဲ အကြမ်းပတမ်း အားဖြည့်ပေးနေစဉ် ၎င်း၏အသံမှာ မိုးကြိုးသံအလား ပြင်းထန်လာပြီး သည်ဝန်းကျင်ရှိ အဆင့်နိမ့်ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို လှုပ်ခါသွားစေသည်။

All Chapters