← Chapters

ယင်မိစ္ဆာကွပ်မျက်ခြင်း နှင့် ထိပ်ဆုံးမိစ္ဆာခြောက်ပါး

Vol. 41 Ch. 573

ယင်မိစ္ဆာကွပ်မျက်ခြင်း နှင့် ထိပ်ဆုံးမိစ္ဆာခြောက်ပါး

Vol. 41 Ch. 573

သူ၏ညာလက်တစ်ခုလုံးသည် လျင်မြန်စွာ စတင်ဖောင်းကားလာ၏။ ချက်ခြင်းပင် သုံးဆလောက် ပိုသိပ်သည်းလာသည်။ အနက်ရောင်ချီ ခြုံလွှမ်းလာသည့်အောက်မှာ တောက်ပနေသော သွေးအလင်းလွှာတစ်ခုပင် ရှိလာသည်။ ထိုစဉ် ဟန်လိက ခေါင်းမော့ကာ ဝမ်ထျန်ရန်ထံ လှမ်းကြည့်လိုက်သည်။

မီးခိုးရောင်တိမ်သည် အသံဗလံများကို ပို၍ ထုတ်လွှတ်နေပြီး မီတာတစ်ရာလောက် ဧရိယာထိ ချဲ့ကားသွားပြီး ဖြစ်သည်။

ဟန်လိ၏မျက်လုံးထဲ၌ ရန်လိုမှုတို့ တောက်ပနေ၏။ သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

“ပျက်စီးစမ်း…”

သူ့ဖောင်းကားလာသော လက်မှာ ရုတ်တရက် ကြုံ့သွားပြီး သူ့လက်ဝါးထံမှ အနီနှင့်အနက် အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ထိုအလင်းတန်းသည် ဆယ်မီတာ အရှည်ရှိပြီး မျက်စိတစ်မှိတ်အတွင်း မီးခိုးရောင်တိမ်တိုက်ရှေ့သို့ ကျရောက်သွားသည်။

လျော့မတွက်ဘဲ သတိထားနေသဖြင့် ဝမ်ထျန်ရန်က ဓားများနှင့် တိုက်ခိုက်နေသော ရှေးဟောင်းကြေးဒိုင်းကို ခွာထုတ်ကာ တိမ်တိုက်ရှေ့သို့ ရောက်လာစေသည်။ အလင်းတန်းကမူ နည်းနည်းလေးမျှ တားဆီးခံရခြင်း မရှိဘဲ ကြေးဒိုင်းကို ဖြတ်ကျော်သွားလေသည်။ ထိုအလင်းတန်းကို အသည်းအသန် တားဆီးချင်သော ဒိုင်းမှာ ဘာသံမှ မထွက်လေဘဲ အမှုန့်ဖြစ်သွားတော့သည်။

အလင်းတန်းက တိမ်တိုက်ထဲ ဖြတ်သန်းလာချိန်တွင် ညီးသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ခြင်းပင် ၎င်းအတွင်း၌ အနက်ရောင်အက်ကြောင်းတစ်ခုလည်း ပေါ်လာပြီး တိမ်တိုက်ထုသည် လွင့်ပြယ်ကာ နှစ်ခြမ်းကွဲထွက်သွားသည်။ ထိုသို့ ကွဲထွက်သွားပြီးနောက်မှာ အလင်းတန်းသည် နောက်ထပ်ဆယ်မီတာလောက်ထိ ဆက်ရောက်ရှိသွားပြီး ကြယ်အလင်းစက်များအဖြစ်သို့ ပြန့်ကျဲသွားတော့သည်။

ထိုစဉ် ကွဲထွက်သွားသော တိမ်တိုက်များထဲမှ တစ်ခုကနေ ဝမ်ထျန်ရန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာချေသည်။

“မင်းက ငါ့လက်ကိုများ ဖြတ်တောက်ဝံ့တယ်လား။ ဒီအတွက် မင်း အသက်ကို တန်ကြေးအနေနဲ့ ပေးရမယ်…”

ယင်းသို့ အော်ဟစ်သံ ထွက်ပေါ်လာပြီး မကြာမီမှာပင် အခြားတိမ်တိုက်တစ်ခုသည် ပျောက်ကွယ်သွားပြီး လေထဲ၌ မြောလွင့်နေသော လက်မောင်းပြတ်တစ်ခု ပေါ်လာသည်။ ထိုလက်မှာ ဝမ်ထျန်ရန်၏ ဘယ်လက်တည်း။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ဒဏ္ဍာရီလာ မိစ္ဆာပညာရပ်တစ်ခုဖြစ်သော ကပ်ဘေးအစားထိုးခြင်း ဟူသည့် ပညာရပ်ကို ချက်ခြင်း အမှတ်ရသွားစေသည်။

ထိုပညာရပ်သည် တိုက်ခိုက်မှုကို သူတို့၏ခန္ဓာကိုယ်ပေါ်သို့ မကျရောက်အောင် လက်တစ်ဖက်ဖြင့် တင်ကြိုအစားထိုး၍ ခုခံနိုင်စွမ်း ရှိသော ပညာရပ်ပင်။ ၎င်းသည် ကျိန်စာအမျိုးအစား မိစ္ဆာပညာရပ်များကို ရင်ဆိုင်ရာတွင် အထူးထိရောက်မှု ရှိသည်။

သို့သော် ၎င်းပညာရပ်ကို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကသာ သန့်စင်နိုင်စွမ်း ရှိသည်ဟု ပြော၍ ရသည်။ ဝမ်ထျန်မင်က ၎င်းပညာရပ်ကို အပြည့်အဝ အသုံးပြုနိုင်စွမ်း ရှိနေခြင်းသည် ဟန်လိ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။

ဟန်လိ အစောပိုင်းတုန်းက အသုံးပြုခဲ့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် လေးနက်ယင်ကျမ်းစာများထဲမှ ယင်မိစ္ဆာကွပ်မျက်ခြင်းဟု အမည်ရသည့် လျှို့ဝှက်ပညာရပ်တစ်ခုပင်။ ၎င်းသည် သွေးစိတ်ဝိညာဉ်ဆူးကဲ့သို့ ထုတ်ဖော်အသုံးပြုရ၏။ ထိုနှစ်ခုလုံးသည် လူတစ်ယောက်၏ အခြေခံအနှစ်သာရ အစိတ်အပိုင်းကို သန့်စင်ထားခြင်း ဖြစ်ပြီး တစ်ခါ အသုံးပြုသည်နှင့် ဟန့်တားမရသော အင်အားများ ကုန်ဆုံးစေမည် ဖြစ်သည်။ တစ်ဦးချင်းစီ၏ ကျင့်ကြံခြင်းအပေါ် အခြေခံပြီး အခြေခံအနှစ်သာရကို အင်ပြည့်အားဖြင့် အကြိမ်မည်မျှ ပေါက်ကွဲထွက်စေမလဲ၊ သိပ်သည်းဖွဲ့စည်းဖို့ အချိန်မည်မျှ ယူရမလဲဆိုတာအပေါ် သက်ရောက်စေသည်။

ဒဏ္ဍာရီအရဆို ၎င်းကို အနက်ရှိုင်းဆုံး သိပ်သည်းစေသည့်အခါတွင် ၎င်းအစွမ်းသည် ဟင်းလင်းပြင်ကိုပါ ဆုတ်ဖြဲနိုင်ပြီး ၎င်း၏လမ်းကြောင်း၌ ဗလာလေဟာနယ်တစ်ခုကိုသာ ကျန်ရှိစေလိမ့်မည်ဟု ဆိုသည်။

တကယ်တော့ ထိုအဆင့်တိုက်ခိုက်မှုစွမ်းအားအတွက် ပြင်ဆင်ထားနိုင်ရန် လူတစ်ယောက်သည် အချိန်နှင့်အားစိုက်ထုတ်မှု မည်မျှပေး၍ မြှုပ်နှံထားနိုင်ပါ့မည်နည်း။ ဟန်လိက များစွာအားစိုက်ထုတ်ခဲ့ပြီးနောက်တွင် ယင်းတိုက်ခိုက်မှုကို အဆင့်သေးတစ်ခုထိသာ သိပ်သည်းထားနိုင်စွမ်း ရှိခဲ့ပေသည်။ သူ၏ ပြီးခဲ့သော တိုက်ခိုက်မှုနှစ်ခုသည် အကျိုးသက်ရောက်မှု မရှိတာ မြင်ခဲ့၍ တိမ်တိုက်ထုသည် လူတစ်ယောက်၏ တည်နေရာကို ပြောင်းရွှေ့ပေးနိုင်သော အစွမ်းသတ္တိ ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းမိခဲ့သည်။ ဟန်လိ၏ တိုက်ခိုက်မှုကား ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်စွမ်း မရှိသော်လည်း ဝမ်ထျန်ရန်၏ ရှောင်တိမ်းခြင်း ပညာရပ်အပေါ်တွင်မူ ကြီးစွာ သက်ရောက်မှု ရှိစေခဲ့သည်ပင်။

ဝမ်ထျန်ရန်သည် ကပ်ဘေးအစားထိုးခြင်း ပညာရပ်ကို အသုံးပြု၍ ၎င်းဘေးဒုက္ခကို ရှောင်နိုင်ခဲ့သော်လည်း သူ့မူလချီသည် အပြင်းအထန် ထိခိုက်သွားခဲ့သည်သာ။

ဟန်လိက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်စဉ် လေတိုင်းသံတစ်သံကို သူ ကြားရ၏။ တိမ်တိုက်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု စတင်ပြန့်ကားလာပြီး ဝမ်ထျန်ရန်၏ ပြတ်ထွက်သွားသောလက်မောင်းအား ခြုံလွှမ်းသွားသည်။ ထိုထူးခြားသော မြင်ကွင်းကြောင့် ဟန်လိမှာ မင်သက်သွား၏။ သူက ဝမ်ထျန်ရန် မည်သို့လုပ်နေသလဲဟု စဉ်းစားနေစဉ် မီးခိုးရောင်တိမ်တိုက်ထံမှ သဘာဝမဟုတ်သော အေးစက်စက် မြည်သံတစ်သံ ဟိန်းထွက်လာသည်။

ထို့နောက်တွင် တိမ်တိုက်ထုသည် လွင့်ပါးသွားပြီး ဝမ်ထျန်ရန်၏ခန္ဓာကိုယ် ပေါ်လာသည်။ ဟန်လိ၏မျက်နှာမှာ အေးစက်သွား၏။ သူက ဝမ်ထျန်ရန်ကို စိုက်ကြည့်နေသည်။

ဝမ်ထျန်ရန်ကလည်း မကျေမချမ်းဖြင့် ပြန်စိုက်ကြည့်နေသည်။ သူ့ဘက်တွင် အရိပ်ခြောက်ခု ရှိနေ၏။ ထိုအရိပ်များ၏ ဦးခေါင်းများထက်တွင် ဦးချိုများလည်း ရှိနေပါကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို ကြေးခွံများက ဖုံးအုပ်ထားသေးသည်။ ထိုမျှမကသေးပေ။ မိစ္ဆာချီကလည်း ထိုအရိပ်ခန္ဓာကိုယ်များ၏ ပတ်ပတ်လည်တွင် ရစ်ခွေနေသည်။ မိစ္ဆာများ သည်လောကသို့ အမှန်တကယ် သက်ဆင်းလာသည့်အလား ထင်ရလေသည်။ ဟန်လိက သုန်မှုန်စွာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ထိပ်ဆုံးခြောက်ပါး မိစ္ဆာပညာရပ်…”

ဝမ်ထျန်ရန်က အေးစက်စက် နှာခေါင်းရှုံ့ကာ သူ့လက်ပြတ်ကို တစ်ချက်ကြည့်သည်။ ထို့နောက်တွင် သူသည် ဟန်လိထံ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်လာသည်။

“အခု မင်းက လမ်းခြောက်သွယ်လက်နက်သူတော်စင်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိရတော့မယ်။ ဒါက လက်နက်သူတော်စင်ရဲ့ အရိပ်တွေပဲ ဆိုပေမဲ့ မင်းလို အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်ဖို့ကတော့ လုံလောက်တာထက် ပိုတယ်…”

ဝမ်ထျန်ရန်သည် ခုလက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိခဲ့သည့်အချိန်မှစ၍ ယခုလိုမျိုး ဒဏ်ရာအပြင်းအထန် မခံစားခဲ့ရဖူးပေ။ ဟန်လိ၌ အစွမ်းထက်‌ မှော်ရတနာများလည်း ပိုင်ဆိုင်ထားနေသည် ဖြစ်၍ သူ၏ သတ်ဖြတ်ချင်စိတ်က ပိုကြီးမားလာခဲ့ပေသည်။

ဝမ်ထျန်ရန်သည် ရုတ်တရက် သူ့လက်မောင်းငုတ်တိုကို ကိုင်ဆုပ်လိုက်ရာ သူ့နောက်မှ ဦးချိုနှစ်ခု ပိုင်ဆိုင်ထားသည့် အရိပ်သည် အနီရောင်မြူတန်းတစ်ခုကို ထွေးထုတ်လာသည်။ ထိုမြူက သူ့လက်ငုတ်တိုကို ခြုံလွှမ်းသွားပြီး မြူသည် ပြန့်ကျဲသွားပြီး သူ့လက်ကား အပြည့်အဝ ပြန်ကောင်းမွန်သွားသည်။ ထို့နောက်တွင် သူ လက်ချောင်းများကို လှုပ်ရှားပြီး ထိုလက်ကို နှစ်ကြိမ်နှစ်ခါ ဝေ့ရမ်းကြည့်သည်။ သူ့ပြတ်ထွက်သွားသော လက်မှာ လုံးဝ ပြန်ကောင်းမွန်သွားသည့်အလားပင်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာ၌ အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်သွားသည်။ ဝမ်ထျန်ရန်သည် ဟန်လိကို စိုက်ကြည့်လာ၏။ သူ့မျက်နှာထက်တွင်မူ လှောင်ပြောင်ဟန် အမူအရာတစ်ခု အထင်းသား ပေါ်နေသည်။

ထို့နောက်တွင် သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ နောက်မှ အရိပ်များသည် မသိမသာ ပိုရှည်လာသည်။ ထို့နောက်မှာ ၎င်းတို့၏ခန္ဓာကိုယ်များက ဝေဝါးသွားလေသည်။ ၎င်းတို့သည် လှုပ်ရှားတော့မည့်အလား။

ဟန်လိသည် သူ့လက်ကိုပင့်မြှောက်ပြီး ဝမ်ထျန်ရန်၏ ဦးခေါင်းထံသို့ လက်ညွှန်ကာ ချက်ခြင်းလက်ငင်း တုန့်ပြန်သည်။

မိုးပြာဓားနှစ်လက်သည် ရုတ်တရက် အလင်းများ ဖြာထွက်သွားပြီး ဝမ်ထျန်ရန်ထံ ခုတ်ပိုင်းဝင်လာသည်။

သို့ပေမည့် ဝမ်ထျန်ရန်သည် ဟန်လိကို အေးစက်စက်သာ စိုက်ကြည့်နေပြီး သူ့ဓားများကို လစ်လျူရှုထားသည်။ သူ့နောက်မှ အရှည်ဆုံးနှင့် မိစ္ဆာအဆန်ဆုံး အရိပ်များက ပျံဝဲလာပြီး ဓားများကို ဖြတ်ခနဲ ဖမ်းဆုပ်သည်။

ဟန်လိ၏ အမူအရာက အလေးအနက် ဖြစ်သွားပြီး သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ဓားများသည် မိုးပြာအလင်း ဖြာထွက်သွားပြီး အရိပ်၏ လက်များကနေ လွတ်မြောက်ရန် အကြမ်းပတမ်း ရုန်းကန်သည်။ ထို့နောက်တွင် အရိပ်က အနီရောင်တောက်ပသွားပြီး တင်းကြပ်စွာ ဖမ်းဆုပ်ထားလေ၏။ ၎င်းက ပါးစပ်ထဲကနေ မီးခိုးရောင်မိစ္ဆာမီးကို ဓားများပေါ်သို့ ထွေးထုတ်ကာ ၎င်းတို့အား မီးလောင်တိုက်သည်။

“ဟားဟား…ခွန်အားထိပ်ဆုံးမိစ္ဆာက မင်းရဲ့ မှော်ရတနာဓားတွေကို ဖမ်းဆုပ်ထားပြီးပြီ။ ဒီဓားတွေ လွတ်မြောက်နိုင်လိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား…”

ဝမ်ထျန်ရန်က ဓားများ လောင်ကျွမ်းခံနေရသည့် မြင်ကွင်းကို ကြည့်ကာ ရယ်မော၏။ ထို့နောက်တွင် သူက ဟန်လိထံ လက်ညွှန်၏။ သူ၏ အခြားအရိပ်ငါးခုက ဝေဝါးကာ ပျောက်ကွယ်သွားသည်။ တအောင့်အကြာတွင် ၎င်းတို့သည် ဟန်လိ၏ အရံအတား အပြင်ဘက်မှာ ပေါ်လာသည်။

ဝမ်ထျန်ရန်သည် သည်တိုက်ပွဲ၌ သူ အနိုင်ရမည်ဟု ကျိန်းသေပေါက် ယုံကြည်ထားပုံရ၏။ ဟန်လိကို အမြစ်ဖျက်သုတ်သင်ရန် ထိုအရိပ်များကို ပြင်ဆင်ထားခဲ့လေသလား။

ထိပ်ဆုံးမိစ္ဆာခြောက်ပါး ပညာရပ်ဖြင့် ထုတ်ဖော်ထားသော အရိပ်ခြောက်ခု၏အစွမ်းကို စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်များပင် ရင်ဆိုင်ရ ခက်ခဲလိမ့်မည်ဟု သူ ယုံကြည်သည်။ ၎င်းပညာရပ်ကား ပြန့်ကျဲကြယ်ပင်လယ်များ၌ ထိပ်ဆုံးအဆင့် မိစ္ဆာပညာရပ်ဟု ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်ပေသည်။

ဤအခိုက်အတန့်တွင် ဟန်လိ၏ အမူအရာက ပိုအေးစက်လာခဲ့လေပြီ။ ယင်းနောက်မှာ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လျက် ရွှေရောင်လျှပ်စီးတန်းများကို သူနှင့် အနီးဆုံးရှိ အရိပ်များထံ စေလွှတ်တိုက်ခိုက်သည်။ ဝမ်ထျန်ရန်ကား သူ့မျက်လုံးကိုသူ မယုံကြည်နိုင်ဟန် ဖြစ်သွားရ၏။ နောက်ဆက်တွဲရလဒ်ကား မိုးကြိုးအက်သံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ အရိပ်များသည် မှိန်ဖျော့သွားပြီး အပြင်းအထန် ထိခိုက်သွားပုံရကာ ယင်းနောက်တွင် မီးခိုးရောင်လင်းလက်လျက် မှိန်ဖျော့သွားတော့သည်။

“အန်…” ဝမ်ထျန်ရန်မှာ တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဟန် ဖြစ်နေတော့သည်။ ဟန်လိက သူ့လက်နှစ်ဖက်ကို အသုံးပြုကာ လျှပ်စီးကို ထပ်မံထုတ်ဖော်၍ နောက်ထပ် အရိပ်နှစ်ခုကိုလည်း ချက်ခြင်း မျိုးတုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာ ဝမ်ထျန်ရန်သည် နောက်ဆုံး၌ သတိပြန်ဝင်လာ၏။ များစွာ နောင်တရခြင်းနှင့်အတူ သူက ကျယ်လောင်စွာ မာန်သွင်းဟစ်အော်ပြီး ငွေရောင်အလင်းလုံးတစ်လုံးကို ထွေးထုတ်၏။ ထိုစဉ် သူ၏နောက်ဆုံးလက်ကျန်အရိပ်ကိုလည်း ထွက်ပြေးရန် အမိန့်ပေးလိုက်သေးသည်။ သည်မိစ္ဆာအရိပ်များသည် အနီးဝန်းကျင် စိတ်ဝိညာဉ်ချီကနေ ဖြစ်တည်လာတာ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအား အစိတ်အပိုင်းတစ်ခုကလည်း ၎င်းတို့နှင့် ပေါင်းစည်းနေပေသည်။ ထိုအရိပ်များ သေဆုံးတိုင်း သူ့ကျင့်ကြံမှုလည်း တစိတ်တပိုင်း လျော့ကျသွားမည်သာ။ သူသည် နောက်ပိုင်း၌ ကျင့်ကြံခြင်းအစွမ်းကို ပြန်ရနိုင်စွမ်း ရှိသော်လည်း တိုက်လားခိုက်လား ဖြစ်နေချိန်တွင်မူ သူ့အတွက် ဆိုးကျိုးဖြစ်စေတုန်းပင်။

သို့ပေမည့် ငွေရောင်အလင်းလုံးက ဟန်လိထံ ရောက်မလာခင်မှာပင် သူ့အထက်၌ မိုးကြိုးခြိမ်းသံကို ကြားလိုက်ရသည်။

ဝမ်ထျန်ရန်၏ အသားအရေမှာ ဖြူရော်သွား၏။ သူက ချက်ခြင်း ခေါင်းမော့ကြည့်သည်။ သူ့အထက်ရှိ ခွန်အားထိပ်ဆုံးမိစ္ဆာအရိပ်မှာ ပြာဖြစ်သွားခဲ့လေပြီ။ ရွှေရောင်လျှပ်စီး စက်ဝန်းများဖြင့် ဖုံးလွှမ်းနေသော ဓားကြီးနှစ်လက်က သူ့ထံ တန်းတန်းမတ်မတ် တိုးဝင်လာခဲ့လေပြီ။ ဝမ်ထျန်ရန်သည် ဖြတ်ခနဲ ခုန်ထွက်၏။ ဓားများက သူ့အား မတိုက်ခိုက်နိုင်ခင် သူ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ဝမ်ထျန်ရန်သည် ပြာနှမ်းနှမ်းအသွင်ဟန်ပန်ဖြင့် မီတာတစ်ရာအကွာမှာ ပေါ်လာသည်။ သူက ဟန်လိကို လှမ်း၍ စိုက်ကြည့်နေသည်။ ခုချိန်၌ သူ့ခြေထောက်နှစ်ဖက်တွင် ကြက်သွေးရောင်မီးတောက်တို့ တောက်ပလျက် ရှိ၏။ ထိုမီးတောက်များအတွင်း၌ မိုးပြာအလင်း ဖြာထွက်နေတာကိုလည်း မြင်ရနိုင်သည်။

ခုလက်ရှိတွင် ဟန်လိသည် ဝမ်ထျန်ရန် နောက်သို့ လိုက်၍ တိုက်ခိုက်ရန် သူ့ဓားများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထိုစဉ် ဝမ်ထျန်ရန်၏ ငွေရောင်အလင်းလုံးက သူ့ရှေ့သို့ ရောက်လာခဲ့ပေပြီ။ ၎င်းက ငွေရောင်ခေါင်းလောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းကာ ဟန်လိကို လွင့်ထွက်သွားစေ၏။

All Chapters