ဂိတ်တံခါးရှစ်ချပ်၊ ရွှေရောင်ကြေးမုံများ
Vol. 41 Ch. 574
ထိုခေါင်းလောင်းကြီးထံ လှမ်းကြည့်ပြီး ဟန်လိသည် သူ့ရှေ့ရှိ ရှေးဟောင်းပန်းခြင်းထံ လက်ညွှန်လိုက်၏။ ၎င်းပန်းခြင်းသည် အဖြူရောင်ချီအဖြစ်သို့ ပြောင်းကာ ခေါင်းလောင်းထိပ်ထံ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာ ခေါင်းလောင်း တလျောက်တွင် ခပ်အုတ်အုတ်မြည်သံများ ပဲ့တင်ထပ်လာ၏။ ထိုအသံကား မကျယ်လောင်လှပေ။ သို့သော်ငြားလည်း ခေါင်းလောင်းအဝက ဟန်လိထံ တည့်တည့်ကြီး ဖြစ်နေသည့်အခါ သူ့စိတ်ထဲ၌ ထိုအသံကြောင့် လှုပ်ခါသွားပြီး သူသည် ပျက်စီးပြိုလဲမတတ် ဖြစ်သွားရသည်။
၎င်းမှာ သူ့အား စိတ်ကသိကအောက် အဖြစ်စေဆုံး တိုက်ခိုက်မှုပင်။ ထိုတိုက်ခိုက်မှုကား အသံကို အခြေခံသည့် တိုက်ခိုက်မှုမျိုးတည်း။
ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲလိုက်မိ၏။ သို့သော် သူသည် ပေါ့ပေါ့ဆဆ မတုန့်ပြန်ဝံ့ပေ။ အဖြူရောင်အလင်း လင်းလက်သွားပြီး ပန်းခြင်းက ၎င်း၏မူလအသွင်ပုံစံသို့ ပြန်ပြောင်းလဲသွားသည်။ ခဏအကြာတွင် ၎င်းသည် စတင်လှည့်ပတ်လာပြီး အဖြူရောင်အလင်းများ ဖြာထွက်လာကာ ငွေရောင်ခေါင်းလောင်းအား ခြုံလွှမ်း၍ ၎င်းကို အောက်သို့ ဆွဲချပစ်ရန် လုပ်ဆောင်သည်။
ငွေရောင်ခေါင်းလောင်းက ထိုအဖြစ်ကို လက်မခံမှာ မေးနေစရာပင် မလိုချေ။ ၎င်းက စူးရှတောက်ပသော ငွေရောင်အလင်း ဖြာထွက်ကာ အဆက်မပြတ် မြည်ဟိန်းလာ၏။ သို့သော် အဖြူရောင်ချီက ၎င်းအား ခြုံလွှမ်းထားခြင်းကြောင့် ယင်းအသံတိုက်ခိုက်မှုများသည် အားပျော့သွားရသည်။ ထိုအသံတိုက်ခိုက်မှုများကြောင့် ဟန်လိသည် စိတ်ထဲ၌ မသက်မသာ ခံစားနေရသော်လည်း မြဲမြံစွာ ရပ်နေနိုင်စွမ်းတော့ ရှိတုန်းပင်။
ထိုအခိုက်တွင် ဟန်လိသည် သူ့အထက်ရှိ ရှေးဟောင်းရတနာနှစ်ခုကို ထပ်မံ အာရုံစိုက်ခြင်း မရှိတော့ဘဲ သူ့မျက်နှာချင်းဆိုင်ရှိ ဝမ်ထျန်ရန်ထံ လှမ်းကြည့်သည်။
“မိစ္ဆာဖယ်ရှားခြင်းနတ်အလင်း၊ မင်းက ရွှေရောင်လျှပ်စီးဝါးနဲ့ ဖန်တီးထားတဲ့ မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ…”
မိစ္ဆာနှင့် မကောင်းဆိုးဝါး ပညာရပ်များကို အထူးဖိနှိပ်နိုင်သည့် မိစ္ဆာဖယ်ရှားခြင်းနတ်အလင်းကလွဲ၍ အခြားလျှပ်စီးအလင်းများသည် သူ့ထိပ်ဆုံးမိစ္ဆာပညာရပ်ကို ချက်ခြင်းလက်ငင်း ချေမှုန်းနိုင်စွမ်း မရှိလောက်ဟု ဝမ်ထျန်ရန် သိ၏။ အတိတ်တုန်းက နောက်ဆုံးအကြိမ် ရွှေရောင်လျှပ်စီးဝါး ပေါ်ထွက်လာခဲ့တုန်းကဆို သွေးလွှမ်းခဲ့ရပေ၏။ အခု ထိုရတနာမှာ သူ့ရှေ့တွင် ပေါ်လာခဲ့ပေပြီ။ သည့်အတွက် ဝမ်ထျန်ရန်သည် အကြီးအကျယ် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
ဝမ်ထျန်ရန်က လျှပ်စီး၏အမည်ကို ထုတ်ပြောလာတာ ကြားသည့်အခါ ဟန်လိ၏အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။ သို့သော် သူ့မျက်နှာထက်ရှိ စိတ်ခံစားချက်ကို ရုတ်သိမ်းကာ ဟန်လိက နှာခေါင်းရှုံ့သည်။ သူသည် အခြားဘာမျှ မလုပ်ခင် သူ့ခေါင်းပေါ်ရှိ ပန်းခြင်းကို ထိန်းချုပ်ကာ ငွေရောင်ခေါင်းလောင်းကိုသာ ဟန့်တားလိုက်သည်။
ဟန်လိ၏ တုန့်ပြန်မှုကို မြင်သည့်အခါ ဝမ်ထျန်ရန်က သူ ခန့်မှန်းတာ မှန်သည်ဟု သိလိုက်သည်။ သူ့မျက်နှာက ဖြူရော်သွားလေ၏။ သူသည် မိစ္ဆာတာအိုလမ်းမှ နံပါတ်တစ်ပုဂ္ဂိုလ်၏ တပည့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိစ္ဆာဖယ်ရှားခြင်းနတ်အလင်းနှင့် ထူးကဲသော ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အခါ စိုးရိမ်ပူပန်လာတော့သည်။
မိစ္ဆာဖယ်ရှားခြင်းနတ်အလင်း၏ ထိုးနှက်မှုကို သူ၏ ထိပ်ဆုံးမိစ္ဆာအရိပ်များက နည်းနည်းလေးမျှ မခုခံနိုင်သည်ကို တွေ့မြင်ပြီးနောက်မှာ သူသည် ထိုဒဏ္ဍာရီလာ လျှပ်စီးကား မိစ္ဆာပညာရပ်များအား အမှန်တကယ် ဖိနှိပ်နိုင်စွမ်းရှိတာ လုံးဝ မှန်ကန်သည်ဟု သဘောပေါက်သွားသည်။ ဟန်လိ၌ ထိုလျှပ်စီး ပိုင်ဆိုင်ထားသရွေ့ သူ့မိစ္ဆာတာအိုပညာရပ် အများစုအား အသုံးပြုနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ ဝမ်ထျန်ရန်က အသက်ဝဝရှိုက်သွင်းလျက် စိတ်ခံစားချက်ကင်းမဲ့စွာ ရှိနေသော ဟန်လိထံ တစ်ချက်လှမ်းကြည့်သည်။
ဝမ်ထျန်ရန်၏ မျက်နှာမှာ သုန်မှုန်နေလေပြီ။ သူ့စိတ်ထဲ၌လည်း မလွယ်ကူမှုကို ခံစားမိနေ၏။
ဝမ်ထျန်ရန်သည် ဟန်လိကို စိုက်ကြည့်ပြီး ပြတ်သားခက်ထန်စွာ ပြောလာသည်။
“ဘယ်လောက်ပဲ တန်ကြေးပေးရပေးရ မင်း ဒီကျွန်းကနေ အသက်ရှင်လျက် မထွက်သွားစေရဘူး။ မင်းလက်ထဲက ရွှေရောင်လျှပ်စီးဝါးကို ငါရမှာ ငါ စိတ်အေးနိုင်မယ်…”
ထိုအခိုက်တွင် သည်တိုက်ပွဲ၏ ဆက်တိုက်အပြောင်းအလဲများကြောင့် အကွာအဝေးတစ်ခုတွင် ရပ်နေသော မိန်းမပျိုသည် မင်သက်နေတော့သည်။ ဟန်လိက ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထိန်းချုပ်နိုင်တာ မြင်လိုက်တည်းက သူမသည် ဟန်လိ မည်သူမည်ဝါမှန်း သိသွားခဲ့ပြီ ဖြစ်၏။ သည့်အတွက်လည်း သူမက တုန်လှုပ်အံ့အားသင့်ခဲ့ရသည်။
ဤမျှနှစ်အနည်းငယ်အတွင်း ဟန်လိ၏ ကျင့်ကြံမှုက အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကနေ နောက်ဆုံးအဆင့်ထိ ရောက်ရှိသွားသည့်အပေါ် သူမအနေဖြင့် ယုံရ ခက်လှသည်။ သို့ပေမည့် ဟန်လိ ပိုင်ဆိုင်ထားသော ဒဏ္ဍာရီလာ ကောင်းကင်လေဟာနယ်ဒယ်စောက်အကြောင်းကို တွေးမိသွားပြီး သူမက အတော်အတန် တည်ငြိမ်မှု ရလာသည်။
သည့်မတိုင်ခင်တုန်းက ဤတိုက်ပွဲတွင် ဟန်လိ အနိုင်ရနိုင်လိမ့်မည်ဟု သူမသည် ယုံကြည်ချက် ရှိမနေပေ။ ခဏသာ တောင့်ခံနိုင်ပြီး ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်နေခဲ့သည်။ ဟန်လိသည် အသာစီးရသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိခဲ့ပေ။ အထူးသဖြင့် ဟန်လိ၏ ရွှေရောင်လျှပ်စီးများပင်။ ထိုအတွက် သူမက ပြောစရာစကားပင် မရှိ ဖြစ်သွားရသည်။ ၎င်းလျှပ်စီးက ဝမ်ထျန်ရန်၏ မိစ္ဆာအရိပ်များကို ဖျက်စီးပစ်တာ မြင်သည့်အခါ သူမ၏စိတ်သည် အကြီးအကျယ်လှုပ်ခတ်သွားရသည်။
မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး။ ဝမ်ထျန်ရန်ထက်အရင် သူမက ထိုရွှေရောင်လျှပ်စီးအကြောင်း သိနှင့်လိုက်ပြီး ဖြစ်၏။ သူမကား ဟန်လိကို နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ရွှေရောင်လျှပ်စီးဝါးပိုင်းကို ပေးခဲ့သူ မဟုတ်ပါလား။ သို့ပေမည့် ခုချိန်တွင် ရွှေရောင်လျှပ်စီးသည် နှစ်ပေါင်းတစ်သောင်း သက်တမ်း ရှိသွားခဲ့လေပြီ။
နောက်ထပ် ရွှေရောင်လျှပ်စီးဝါးကိုမူ ဟန်လိက သည်အတောအတွင်း မည်သို့ရရှိခဲ့လဲကိုတော့ သူမအနေဖြင့် ခန့်မှန်းရုံသာ တတ်နိုင်သည်။ ထိုမိန်းမလှသည် ကောင်းကင်လေဟာနယ်ခန်းမ၌ ဟန်လိ နောက်ဆုံးတွေ့မြင်ခဲ့ရသော နတ်သမီးခရမ်းစိတ်ဝိညာဉ်သာ ဖြစ်နေလေ၏။ သူမ၏ရုပ်သွင်က သိသိသာသာ ပြောင်းလဲသွားပြီး သူမက ဝမ်ထျန်ရန်နှင့် အတူတူ ခရီးသွားချင်စိတ် ရှိမနေပုံလည်း ရသည်။ ခုလက်ရှိ သူမ၏အခြေအနေ၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်တော့ ရှိနေလိမ့်မည်သာ။
ခုလက်ရှိတွင် ခရမ်းနတ်သမီးစိတ်ဝိညာဉ်သည် အံတင်းတင်းကြိတ်ပြီး အကွာအဝေးတစ်ခုမှ မြင်ကွင်းကို စောင့်ကြည့်နေလေ၏။
ငွေရောင်ခေါင်းလောင်းကို ဟန်လိ၏ ပန်းခြင်းက ဖမ်းဆီးနိုင်ခါနီး အခြေအနေ ရှိနေတာ မြင်သည့်အခါ ဝမ်ထျန်ရန်၏ အမူအရာက တင်းမာခက်ထန်သွား၏။ သူ့နဖူးထက်မှ ရွှေရောင်အလင်းဖြာထွက်မှုက ရုတ်တရက် ပိုလင်းထင်းလာ၏။ ခဏအကြာတွင် ၎င်းက ချဲ့ကားသွားပြီး ဦးဂျိုငယ်တစ်ခုအဖြစ်သို့ သိပ်သည်းသည်။ ယင်းဦးချိုက ရွှေရောင်လင်းလက်နေပြီး လေးနက်ထည်ဝါသော အဆောင်သင်္ကေတများ ပြည့်ဖုံးလျက် ရှိ၏။ ၎င်း၌ မည်သည့်မိစ္ဆာချီမျှ မပါဝင်ရုံတင် မဟုတ်ဘဲ အလွန်တရာ သန့်စင်လှသော စိတ်ဝိညာဉ်ချီဖြင့် ပြည့်နှက်နေသည်။
ထိုဦးချိုကို မြင်လိုက်ရသည့်နောက်မှာ ဟန်လိက မျက်လုံးမှေးကျဉ်းသွားပြီး သူ့စိတ်နှလုံးလည်း တုန်ခါသွားသည်။ ချက်ခြင်းပင် သူက အကွာအဝေးတစ်ခုရှိ သူ့မိုးပြာဓားနှစ်လက်ထံ လက်ညွှန်ပြီး ၎င်းတို့၏ ဓားပညာရပ်များကို ကွဲထွက်စေ၏။ ဓားတေးသံများ ထုတ်ဖော်လျက် ဓားနှစ်လက်ထဲမှ တစ်လက်သည် ဓားနှစ်ဆယ့်လေးလက်အဖြစ်သို့ ကွဲထွက်သွားပြီး အခြားဓားတစ်လက်ကမူ အလင်းအဖြစ်သို့ ပေါက်ကွဲသွားသည်။ ထို့နောက်တွင် ဟန်လိသည် ဓားအရိပ်တစ္ဆေပညာရပ်ကို အသုံးပြုပြီး ၎င်းတို့ကို အလင်းအသွင် ပုံစံတူသုံးလက် ဖြစ်စေပြီး သူ့ဘေးသို့ ပြန်ရောက်လာစေသည်။ သည့်နောက်မှာ ၎င်းတို့က ဟန်လိကို လှည့်ပတ်ပြီး သူ့ဘေးပတ်လည်တွင် အကာအကွယ်အရံအတားတစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်ထျန်ရန်သည် ဟန်လိ၏ လှုပ်ရှားမှုများကို မမြင်လေသည့်အလား။ သူက တည်ငြိမ်စွာ ပြောသည်။
“ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းက ကျုပ်ကို ဒီလောက်ထိ ဖိအားပေးနိုင်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ အစတုန်းကတော့ စဦးစိတ်ဝိညာဉ်အဆင့် မွန်းစတားတွေကလွဲလို့ ဘယ်သူကမှ ငါ့ ပြိုင်ဘက် မဟုတ်နိုင်ဘူးလို့ ထင်နေခဲ့တာ။ မင်းနဲ့ တွေ့ရတာကလည်း ကောင်းပါတယ်လေ။ တကယ်တော့ မင်းနဲ့ ခုလို တိုက်ခိုက်ရတာဟာ နောင်အတွက် ကံကောင်းမှုတစ်ခုလို့တောင် ယူဆနိုင်တယ်။ မဟုတ်ရင် မင်းသာ စဦးစိတ်ဝိညာဉ်အဆင့် ရောက်သွားရင် သတ်ရ ပိုခက်သွားလိမ့်မယ်…”
သူ့နဖူးထက်၌ ရွှေရောင်ဦးချို ပေါ်လာသည့်အခါ ဝမ်ထျန်ရန်သည် လုံးဝ ယုံကြည်မှု ပြည့်နေလေပြီ။ အစောပိုင်းတုန်းက သူ၏ ထိတ်လန့်ကြောင့်ကြမှုများလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ မျက်နှာထက်၌ မည်သည့်စိတ်ခံစားမှုမျှ မရှိလေဘဲ ဟန်လိက ဝမ်ထျန်ရန်ကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုသည်။ ထိုထူးခြားသော ဦးချိုကလွဲ၍ ဝမ်ထျန်ရန်၏ ခန္ဓာကိုယ်တွင် အခြားသိသိသာသာ ပြောင်းလဲမှုမရှိနေတာ သူ တွေ့လိုက်ရသည်။
ဟန်လိက မျက်မှောင်ကြုတ်သွား၏။ သူ့စိတ်ထဲ၌လည်း သံသယတစ်ခု ဖြစ်ပေါ်လာသည်။ သူက ပို၍ သတိထားလာသည်။ သို့သော် ဝမ်ထျန်ရန်၏ ပြီးခဲ့သော စကားလုံးများက တမျိုးတော့ ဖြစ်နေခဲ့၏။ ထိုရွှေရောင်ဦးချိုသည် လှည့်ကွက်တစ်ခု ဖြစ်နေနိုင်လား။
သို့သော် ဟန်လိ၏ သံသယများ မပျောက်ကွယ်ခင်မှာပင် ဝမ်ထျန်ရန်က သူ့လက်နှစ်ဖက်ကို ဖြန်ကားကာ သူ၏ အင်္ကျီလက်မောင်းအိုးထဲမှ ရွှေရောင်မီးတောက်လုံး ရှစ်လုံးကို ဆက်တိုက် ထုတ်ဖော်သည်။ ယင်းမီးတောက်လုံးများသည် လက်သီးဆုပ်ခန့် အရွယ်အစား ရှိပြီး သူ့ဘေးနားပတ်လည်၌ မြန်ဆန်စွာ စတင်လှည့်ပတ်သည်။
ဝမ်ထျန်ရန်သည် ထိုသို့ ပြုမူလာတာ မြင်သည့်အခါ ဟန်လိက အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူ့မျက်နှာက သုန်မှုန်လာသည်။ သူ စိတ်ပူပန်လာသည်။ ဟန်လိသည် ဝမ်ထျန်ရန်မှာလည်း သူကဲ့သို့ တုပြိုင်ရန် ခက်ခဲသော မှော်ရတနာအချို့ ပိုင်ဆိုင်ထားမှန်း ကောင်းကောင်း သဘောပေါက်ထား၏။ တကယ်တော့ တစ်ဖက်သူက ကြယ်ကြွေမဟာမိတ်အဖွဲ့၏ လူငယ်သခင်၊ မိစ္ဆာတာအိုဘက်မှ ထိပ်ဆုံးပုံရိပ်၏ တပည့်တစ်ယောက် မဟုတ်ပါလား။ သူ့တွင် ထူးကဲသော မှော်ရတနာများ ပိုင်ဆိုင်ထားရန် အခက်အခဲ ရှိလှလိမ့်မည် မဟုတ်ပေ။
သူသည် သည်တိုက်ပွဲကို သူ့မှော်ရတနာများအပေါ် ဆက်၍ မှီခိုတိုက်ခိုက်လို့ မဖြစ်မှန်း သိသွား၍ ရန်သူ့ကို ချုပ်လှောင်နိုင်ရန် သို့မဟုတ် သတ်နိုင်ရန် အခြားနည်းလမ်းတစ်ခု လိုအပ်တော့မည်။
ဟန်လိ မသိသည်မှာ ဝမ်ထျန်ရန်လည်း အခုအခိုက်တွင် သူ့လို အတွေးရှိနေတာကိုပင်။ ဟန်လိ၏ အစွမ်းထက်လှသော ပညာရပ်များကို ရင်ဆိုင်နေရစဉ် သူသည် စိုးရိမ်လာခဲ့ရ၏။ သို့ဖြစ်၍ သူသည် မည်သည့်မှော်ရတာကိုမျှ အသုံးမပြုတော့ဘဲ သူ့နောက်ဆုံးဝှက်ဖဲဖြစ်သည့် ရွှေရောင်မီးတောက်လုံးရှစ်လုံးကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်တာပင်။
ထိုအခိုက်အတန့်တွင် မီးတောက်များက ပျောက်ကွယ်သွားပြီး လက်တစ်ဝါးစာ အရွယ်အစားရှိ ရှစ်ထောင့်ကြေးမုံများ ပေါ်လာသည်။ ထိုကြေးမုံများကို ရွှေစစ်စစ်ဖြင့် ဖန်တီးပြုလုပ်ထားပုံ ရသည်။ ယင်းတို့၏ မျက်နှာပြင်မှာ ရေကဲ့သို့ ချောမွေ့နေပြီး ရွှေရောင် တဖိတ်ဖိတ် တောက်နေသည်။ ယင်းကြေးမုံများ၏ နောက်ကျောဘက်ကမူ မညီမညာ ရှိသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသည့်အမူအရာတစ်ခု ပေါ်လာပြီး သူ့ရှေ့ရှိ ရှေးဟောင်းကြေးမုံများကို သူ သိနေသလိုလို ခံစားမိ၏။ သို့သော် သူသည် အမည်မဖော်နိုင်ဘဲ ဖြစ်နေသည်။ ဝမ်ထျန်ရန်၏ အနောက်ဘက်မှ မိန်းမပျိုက အလန့်တကြားဖြင့် လှမ်းအော်လိုက်သည်။
“ဂိတ်တံခါးရှစ်ချပ်၊ ရွှေရောင်ကြေးမုံများ…”
ဟန်လိလည်း မင်သက်သွားမိပြီး ထိုမိန်းမလှထံ လှမ်းကြည့်မိသည်။ သူမက ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရွှေရောင်ကြေးမုံများကို အလန့်တကြား ကြည့်နေ၏။
“ဂိတ်တံခါးရှစ်ချပ်၊ ရွှေရောင်ကြေးမုံတွေလား…” ခဏ စဉ်းစားကြည့်ပြီးသည့်အခါ ဟန်လိက သည်အမည်နှင့် အတော်လေး ရင်းနှီးသလို ခံစားမိသည်။ သို့ပေမည့် အနှီကြေးမုံများ၏ ဇစ်မြစ်ကို ရုတ်တရက် ပြန်စဉ်းစားမိသွားချိန်တွင်မူ သူ့စိတ်နှလုံး ပြိုလဲမတတ် ဖြစ်သွားကာ အသက်ရှူမမှန်ချင်သလိုလိုပါ ခံစားမိသွားသည်။
ဝမ်ထျန်ရန်က နတ်သမီးခရမ်းဝိညာဉ်ထံ အကြည့်စူးစူးဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက်တွင် သူ့အကြည့်က ဟန်လိထံ ကျရောက်သွားပြီး သူက ရေခဲတမျှ အေးစက်လှသော လေသံဖြင့် ပြောလိုက်သည်။
“ငါ့အဖော်က ဒီကြေးမုံတွေရဲ့ အမည်နာမကို ထုတ်ပြောလိုက်မှတော့ ဒီဟာတွေ ဘယ်လောက်ကြမ်းလဲဆိုတာ မင်းအနေနဲ့ သေချာပေါက် သိထားမှာပဲ။ အခု မင်း နောင်တမရဘဲ သေနိုင်ပြီ…”
သူ့နဖူးထက်ရှိ ရွှေရောင်ဦးချိုသည် ရွှေရောင်ပိုတောက်လာခဲ့လေပြီ။ ပါးလှပ်သော ရွှေရောင်အလင်းတစ်ခု ရုတ်တရက် ထိုးထွက်ကာ သူ့နားရှိ ကြေးမုံများထဲမှ တစ်ခုထံ ဦးတည်ဝင်ရောက်သည်။ ထိုအလင်းတန်းသည် အခြားကြေးမုံများကိုပါ အလင်းပြန်စေသည်။ ထိုသို့ အလင်းပြန်သွားတိုင်း ကြေးမုံများက ပို၍ တောက်ပလာသည်။ ကြေးမုံရှစ်ချပ်လုံး လင်းထင်းသွားပြီးနောက်မှာ ၎င်းအလင်းတန်းသည် ပုလင်းငယ်တစ်ခုလောက်ထိ အထူရှိလာသည်။