အခန်း (၁၂၆၁)
Vol. 91 Ch. 1261
အကြီးအကဲချင်က လူတိုင်းကို လှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လွန်ခဲ့တဲ့နှစ်တွေမှာ သခင်လေးဟယ်ရခဲ့တဲ့ အခွင့်အရေးတွေအကြောင်းကို သွားစုံစမ်းလိုက်ပါ”
သူ့စကားကြောင့် အစောင့်များက လျင်မြန်စွာ ဦးညွတ်လိုက်ကြသည်။
ဟယ်မိသားစုအိမ်တော်နှင့် သိပ်မဝေးသောနေရာတွင် ပုံရိပ်တစ်ခုက တောက်ပနေသော မျက်လုံးများနှင့်အတူ အရိပ်ထဲမှ ထွက်လာသည်။
“ဟယ်ရန်စွန်းက အဲဒီလောက်တောင် သန်မာတာလား”
“မြို့သခင်ကတောင် သူနဲ့ မယှဉ်နိုင်လောက်ဘူး”
“ဒါပေမဲ့ ရွှေနက်ရုပ်သေးရုပ်က လှံရှည်ရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်နေတယ်။ မြို့သခင်က ယုထောင်မြို့ကို ပြန်ပြီး အသက်သွင်းချင်ရင် အဲဒီလှံကို ရမှဖြစ်မယ်”
“ငါတို့က အချိန်မဆွဲနိုင်ဘူး။ မင်ဝူမြို့ရဲ့လူတွေကလည်း ဟယ်ရန်စွန်းကို လာရှာကြလိမ့်မယ်”
“ရုပ်သေးရုပ်ရဲ့လက်မောင်းက မင်ဝူမြို့ကပဲ။ သူတို့က အဲဒါကို သေချာပေါက် ပြန်ယူလိမ့်မယ်”
ရွှေရောင်လက်မောင်းသည် ဟန်မူယဲ့၏ရှေ့တွင် ရှိနေသည်။ ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မတ်တပ်ရပ်နေသည်။ သူ့ဘေးတွင် ဓာတ်စင်ငါးပါးမီးပြင်းဖို၊ စိတ်မရှည်ဖြစ်သော ခေးအော့နှင့် ရွှေကျီးကန်းတို့ ရှိနေကြသည်။
“ဖြိုခွဲပစ်လိုက်။ မြန်မြန်လေး ဖြိုခွဲပစ်လိုက်”
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။
ခေးအော့၏ ပုတီးစေ့က ရူးသွပ်စွာ လည်ပတ်နေပြီး ရုပ်သေးရုပ်၏ လက်မောင်းဆီသို့ ချဉ်းကပ်လာသည်။ ရွှေအလင်းသည် လက်မောင်းတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။
“ဒါက လောကရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရပ်ပဲ”
“ဝိညာဉ်သတ္တုတွေကို စုစည်းနိုင်ရုံတင်မကဘူး ပန်းပဲနည်းစနစ်တွေကလည်း အဆင့်မြင့်တယ်”
ခေးအော့၏ ပုတီးစေ့က ဆက်တိုက် သက်ပြင်းချနေသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုကတော့ စကားမပြောဘဲ လက်မောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
ဟန်မူယဲ့က အလျင်မလိုပေ။ သူက လက်ကိုဆန့်ထုတ်ပြီး လက်မောင်းကို ထိတွေ့လိုက်သည်။
ဓားဆန္ဒတစ်ခုသည် လက်မောင်းထဲသို့ ဝင်ရောက်သွားသည်။
“ဘုန်း”
အဆုံးမရှိသော မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
သူ၏ ဝိညာဉ်စွမ်းအားက မသန်မာလျှင် ထိုမြင်ကွင်းများကြောင့် သူ့စိတ်က ပျက်စီးသွားနိုင်သည်။
ကမ္ဘာဦးရုပ်သေးရုပ်ကို သန့်စင်ခဲ့သော နည်းလမ်း ....
ယခင်က ကမ္ဘာဦးရုပ်သေးရုပ်၏ အပိုင်းအစမှတစ်ဆင့် သန့်စင်ခြင်းနည်းလမ်းကို မြင်ခဲ့ရသည်။
ကမ္ဘာဦးရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို သန့်စင်သောနည်းလမ်းသည် ဆင်တူသည်။
အဖိုးတန်သော ဝိညာဉ်သတ္တုများကို အသုံးပြုပြီး ဝိညာဉ်အင်းကွက်များကို အသေးစိတ် ထွင်းထုရသည်။
ဖြစ်စဉ်တစ်ခုလုံးသည် နှစ်တစ်ရာခန့် ကြာမြင့်သည်။
သို့သော် ရုပ်သေးရုပ် တည်ရှိခဲ့သော ခေတ်သည် ယခုခေတ်ထက် ပိုမိုအဆင့်မြင့်သည်။ ထိုအချိန်တွင် ပန်းပဲနည်းစနစ်များက ပိုမိုကောင်းမွန်သည်။
ယခုအချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များအား သန့်စင်နိုင်သော ပန်းပဲပညာရှင်များသည် အလွန်ရှားပါးနေသည်။ ဤစကြဝဠာ၏ သဘာဝစွမ်းအားကလည်း လျော့နည်းလာသည်။
ပြောင်းလဲမှုနှင့် အမီမလိုက်နိုင်လျှင် ပျက်စီးရမည်။
ယခင်က မရေမတွက်နိုင်သော စကြဝဠာများကို လွှမ်းမိုးခဲ့သည့် ကြယ်စင်စုစကြဝဠာသည် ယခုအချိန်တွင် ကျဆင်းသွားသည်။ ကျွမ်းကျင်သူများက ပုန်းအောင်းနေပြီး အမွေအနှစ်များက ပြောင်းလဲလာသည်။
ယနေ့အချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို သန့်စင်နိုင်သော ပန်းပဲပညာရှင် အနည်းငယ်သာ ရှိသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်အများစုက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြုပြင်ရုံသာ တတ်နိုင်ကြသည်။
ထိုအရာသည် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များ၏ နေ့စဉ်အလုပ် ဖြစ်သည်။
ရုပ်သေးရုပ်သည် သန့်စင်ပြီးသောအခါ မင်ဝူမြို့၏ အစောင့်အကြပ် ဖြစ်လာပြီး နေရာတိုင်းတွင် တိုက်ခိုက်ခဲ့သည်။
မင်ဝူမြို့သခင်ဟောင်းသည် ရုပ်သေးရုပ်၏ပိုင်ရှင် ဖြစ်ခဲ့သည်။ မြို့သခင် ကျဆုံးသွားသောအခါ ရုပ်သေးရုပ်က မြို့သခင်၏ မျိုးဆက်များဆီသို့ ရောက်လာသည်။
မင်ဝူမြို့က ရုပ်သေးရုပ်ကို မှီခိုပြီး လောကကို လွှမ်းမိုးခဲ့သည်။ အရင်းအမြစ်များကို ရယူခဲ့သည်။
သို့သော် ယုထောင်မြို့၏ အားကောင်းသောပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရသည်။
ယုထောင်မြို့တွင်ရှိသော လူများက ကမ္ဘာဦးရုပ်သေးရုပ်ကို မခုခံနိုင်ပေ။
သူတော်စင်အဆင့် ကျွမ်းကျင်သူ ၁၈ယောက်ကပင် ရှုံးနိမ့်သွားခဲ့သည်။
သို့သော် အရေးကြီးသောအချိန်တွင် ယုထောင်မြို့သခင်က အသက်သွေးကိုစတေးပြီး လှံရှည်ကို ဆင့်ခေါ်ခဲ့သည်။
လှံရှည်က ကြမ်းတမ်းသော နဂါးတစ်ကောင်ကဲ့သို့ ရုပ်သေးရုပ်၏လက်မောင်းကို တစ်ချက်တည်း ဆွဲဖြုတ်ခဲ့သည်။
ထို့အပြင် အားကောင်းသော ရုပ်သေးရုပ်တစ်ရုပ်သည် အမှောင်ထဲတွင် ပုန်းအောင်းနေသည်။
အဆုံးတွင် မင်ဝူမြို့၏ ကျွမ်းကျင်သူများက လက်ပြတ်ကို ချန်ထားပြီး ထွက်သွားခဲ့သည်။
နောက်ပိုင်းတွင် လက်ပြတ်က ဟယ်မိသားစုဆီသို့ ရောက်လာပြီး ဘိုးဘေးခန်းဆောင်၏ ဝင်္ကပါထဲတွင် သိမ်းဆည်းထားခဲ့သည်။
“ရွှေနက်ကုန်သွယ်ရေးအဖွဲ့၊ ရွှေနက်ရုပ်သေးရုပ် ....”
ဟန်မူယဲ့က လက်မြှောက်ပြီး ရေရွတ်သည်။ သူက ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ယူသည်။
ထိုရုပ်သေးရုပ်သည် မြို့သခင်အိမ်တော်အနီးတွင် ဟယ်မိသားစုသိမ်းပိုက်ခဲ့သော အဆင့်ခုနစ်ရုပ်သေးရုပ် ဖြစ်သည်။
လက်မောင်း၏ မှတ်ဉာဏ်ထဲတွင် ထိုရုပ်သေးရုပ်က လှံရှည်နှင့် ပတ်သတ်နေသည်။
အဆင့်ခုနစ်ရုပ်သေးရုပ်သည် ပျက်စီးနေသည်။ ဟယ်ရန်စွန်းက ဟန်မူယဲ့ဆီသို့ ပေးခဲ့သည်။ ဟန်မူယဲ့က ရုပ်သေးရုပ်ကို အာရုံမစိုက်ခဲ့ပေ။
သူက လက်ကိုဆန့်ထုတ်ပြီး ရုပ်သေးရုပ်ထဲသို့ ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။
“ဝီ”
သူက မှတ်ဉာဏ်များကို မြင်ရသည်။
“ကောင်းကင်ပြောင်းလဲခြင်းစံအိမ်”
မှတ်ဉာဏ်ထဲတွင်ပါဝင်သော အရောင်းအဝယ်ပြုလုပ်နေသည့် မြင်ကွင်းများကြောင့် ဟန်မူယဲ့က ညင်သာစွာရေရွတ်သည်။
မရေမတွက်နိုင်သော ဝိညာဉ်သတ္တုများကို အလဲအလှယ်လုပ်နေသည့် အလင်းလွှာနှင့် ရွှေရောင်မျှော်စင်များ ရှိနေသည်။
အနက်ရောင်ရုပ်သေးရုပ်များသည် ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည်။
မူလစကြဝဠာ၏ ကောင်းကင်ပြောင်းလဲခြင်းစံအိမ်နှင့် ဆင်တူသည်။
ဟန်မူယဲ့ထိန်းချုပ်ထားသော သင်္ချိုင်းအင်မော်တယ်မြို့တွင်လည်း အတူတူပင် ဖြစ်သည်။ ထိုစံအိမ်က ဝင်္ကပါစွမ်းအားဖြင့် တည်နေရာကို ကျော်ဖြတ်ပြီး အရောင်းအဝယ်လုပ်နိုင်သည်။
ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ နောက်ကွယ်တွင်ရှိနေသော အင်အားစုသည် အမှန်တကယ်ပင် အားကောင်းသည်။
သို့သော် ကြယ်စင်စုစကြဝဠာ၏ နတ်ဘုရားတစ်သောင်းဘုရားကျောင်းဟု ခေါ်ဆိုသော အင်အားစုသည် ပုန်းအောင်းနေရုံသာ တတ်နိုင်သည်။
ရှေးခေတ်၏ ကျွမ်းကျင်သူများနှင့် ယှဉ်လိုက်လျှင် နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ရပ်တည်ရန် ခက်ခဲနေသည်။
အဓိကမြို့ကြီးများ၏ ဖိအားကြောင့် သူတို့က မြို့ငယ်များတွင် ခြေချရန်သာ တတ်နိုင်ခဲ့သည်။
လှံရှည်သည် သူတို့၏ ရတနာတစ်ပါး ဖြစ်သည်။
ကောင်းကင်ခွဲလှံ ....
ထိုလှံသည် စကြဝဠာတစ်ခု၏ စည်းမျဉ်းများကို ချိုးဖျက်နိုင်သော လောကကို ဖိနှိပ်ခဲ့သည့် အားကောင်းသော နတ်ဘုရားလက်နက် ဖြစ်သည်။
နတ်ဘုရားလက်နက်သည် စကြဝဠာအဆင့် ရုပ်သေးရုပ်၏ လက်နက် ဖြစ်သည်။
ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် နားလည်လိုက်သည်။ စကြဝဠာတစ်ခုကို တစ်ချက်တည်း ထိုးဖောက်ပြီး တည်နေရာကို ဖိနှိပ်နိုင်သော အားကောင်းသည့်ရတနာမျိုးသည် လောကတွင် အမှန်တကယ် တည်ရှိနေသည်။
လှံရှည်သည် ကိုယ်ပိုင်စည်းမျဉ်းကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့ ပထမဆုံးအကြိမ်အဖြစ် ကြယ်စင်စုစကြဝဠာတွင် ပေါ်ထွက်လာသော စည်းမျဉ်းကို မြင်လိုက်ရသည်။
သူက လက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲယူပြီး မျက်လုံးများ တောက်ပလာသည်။
ယုထောင်မြို့၏ မြေအောက်ချော်ရည်ကြောတွင် ပျိုးထောင်ထားသော နတ်ဘုရားအဆင့် လက်နက်တစ်ခု ရှိနေသည်။
ထိုရတနာကို ယူလိုက်လျှင် သင့်တော်လိမ့်မည်။
ရွှေနက်ရုပ်သေးရုပ်က လှံရှည်၏တည်နေရာကို မှတ်သားထားသည်။
သို့သော် လှံကိုယူရန် မလွယ်ပေ။
ဟယ်မိသားစုတွင်ရှိသော ဘိုးဘေးခန်းဆောင်၏ ဝင်္ကပါကဲ့သို့ ယုထောင်မြို့ပျက်တွင် မြှုပ်နှံထားသော လှံရှည်ကိုလည်း ဝင်္ကပါက ကာကွယ်ပေးထားသည်။
လှံရှည်ကို ယူသွားရန်အတွက် ဝင်္ကပါ၏ အသိအမှတ်ပြုခြင်းကို လိုအပ်သည်။ သို့မဟုတ် ဝင်္ကပါကို ချိုးဖောက်ရမည်။
ထိုကိစ္စနှစ်ခုလုံးသည် ခက်ခဲသည်။
ဟန်မူယဲ့က မစိုးရိမ်ပေ။ သူက ရွှေနက်ရုပ်သေးရုပ်ကို သိမ်းလိုက်ပြီး ရှေ့တွင်ရှိသော လက်ပြတ်ကို ကြည့်သည်။
“အကြီးအကဲဓာတ်စင်ငါးပါး၊ လှုပ်ရှားလိုက်ပါ”
သူက တီးတိုးပြောသည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော ဓာတ်စင်းငါးပါးမီးပြင်းဖိုက ရွှေအလင်းကို ထုတ်လွှတ်ပြီး ရုပ်သေးရုပ်၏လက်ပြတ်ကို ချက်ချင်းလွှမ်းခြုံသည်။
လက်မောင်းက အလင်းလွှာကို ထုတ်လွှတ်ပြီး မီးပြင်းဖို၏စွမ်းအားကို ခုခံသည်။
ရုပ်သေးရုပ်၏ လက်ပြတ်ကပင် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ စွမ်းအားကို အမှန်တကယ် ခုခံနိုင်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုက အံ့အားသင့်သွားသည်။
“မင်းက လက်ပြတ်ရဲ့ ခုခံမှုကိုတောင် မချိုးဖောက်နိုင်ဘူးလား”
ခေးအော့၏ ပုတီးစေ့က ကျေနပ်စွာ ပြောသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရွှေရောင်မီးတောက်ကို ထုတ်လွှတ်သည်။
နတ်ဘုရားမီးတောက် ဖြစ်သည်။
ဤတစ်ကြိမ်တွင် လက်မောင်းက တုန်ခါနေပြီး အလင်းလွှာက အက်ကွဲသွားသည်။
မရေမတွက်နိုင်သော ဝိညာဉ်အင်းကွက်များနှင့် လက်မောင်းသည် အကာအကွယ်မရှိတော့ပေ။
မီးတောက်က လက်မောင်းကို တစ်ပိုင်းတစ်စစီ ဖြစ်သွားအောင် လုပ်လိုက်သည်။
အပိုင်းအစတချို့က ပျက်စီးနေပြီး တချို့ကတော့ အကောင်းအတိုင်း ရှိနေသည်။
ထိုလက်မောင်းသည် မတူညီသော အစိတ်အပိုင်းသုံးသောင်းအဖြစ် ပြောင်းလဲသွားသည်။
“အစိတ်အပိုင်းတိုင်းမှာ အင်းကွက်တွေ ရှိနေတယ်။ အသေးစိတ်ကျကျ ဖန်တီးထားတာပဲ”
“ပြီးတော့ အထူးနည်းလမ်းတွေနဲ့ အားဖြည့်ပေးထားတယ်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး အစိတ်အပိုင်းများကို ကောက်ယူသည်။
သူတွက်ချက်ထားသည့်အတိုင်း ဖြစ်သည်။
ထိုအစိတ်အပိုင်းများကို ခွဲဝေပြီး ဖန်တီးချင်လျှင် အချိန်ယူရမည်။
ထိုနည်းလမ်းသည် ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာနည်းနစ် ပြောင်းလဲမှုအတွက် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက လျော့နည်းနေသည့်အတွက် ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဖန်တီးရန်အတွက် လိုအပ်သောနည်းစနစ်ကို အသုံးပြုရန် ခက်ခဲလာသည်။
ဟန်မူယဲ့က အစိတ်အပိုင်းများကို ကြည့်လိုက်ပြီး ဝိညာဉ်အင်းကွက်များကို မှတ်သားနေသည်။
“ဒီအင်းကွက်တွေကို ပုံတူပွားဖို့ ခက်လိမ့်မယ်”
“အင်းကွက်တွေရဲ့စွမ်းအားကို ထိန်းထားနိုင်တဲ့ အဆင့်မြင့်ဝိညာဉ်သတ္တုတွေက ရှားပါးပြီး အဖိုးတန်တယ်”
“ဒါပေမဲ့ ဒီအင်းကွက်တွေကို ရိုးရှင်းအောင်လုပ်လိုက်ရင် အဆင့်နိမ့်ရုပ်သေးရုပ်တွေမှာ သုံးနိုင်လိမ့်မယ်”
လောကတွင် အမြဲတမ်းတုံးအနေသောလူများ မရှိပေ။
ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူများသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လေ့လာခဲ့သည်။ သူတို့က ရိုးရှင်းအောင်မလုပ်ဘဲ အလုပ်တာဝန်ကို ခွဲဝေပြီး သန့်စင်ရန် ဆုံးဖြတ်ခဲ့သည်။
အဆင့်မြင့်ရုပ်သေးရုပ်များကို ရိုးရှင်းအောင်လုပ်လိုက်လျှင် အသုံးမဝင်ပေ။
“ရိုးရှင်းအောင်လုပ်ထားတဲ့ အင်းကွက်တွေကို ပိုပြီး အသုံးပြုလိုက်ရင် ဇီဝရုပ်သေးရုပ်တွေအတွက် ခြေလှမ်းကြီးတစ်ခု ဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က ရေရွတ်သည်။
အဆင့်မြင့်ရုပ်သေးရုပ်များ၏ ဝိညာဉ်အင်းကွက်ကို ရိုးရှင်းအောင် ပြုလုပ်ပြီး အဆင့်နိမ့်ရုပ်သေးရုပ်များတွင် အသုံးပြုမည်။
သို့သော် ဝိညာဉ်သတ္တုများ၏ အရည်အသွေးက မလုံလောက်သောကြောင့် ထိုရုပ်သေးရုပ်များ၏ တိုက်ခိုက်နိုင်စွမ်းက တိုးတက်လာမည်မဟုတ်ပေ။ သို့သော် လျင်မြန်သွက်လက်မှုကို ပိုင်ဆိုင်လိမ့်မည်။
ဟန်မူယဲ့က ထိုအကြောင်းကို လေ့လာနေသည်။
သူ၏ လေ့လာမှုတွင် ရည်ရွယ်ချက်သုံးခု ပါဝင်သည်။
ပထမတစ်ခုက ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထိန်းချုပ်နိုင်ရန် အားကောင်းသော စွမ်းအင်ဗဟိုချက်ကို အသုံးပြုမည်။
ထိုနည်းလမ်းကို ရုပ်သေးရုပ်များနှင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ ပန်းပဲနည်းစနစ်မှတစ်ဆင့် အကြံရခဲ့သည်။
လက်ရှိအချိန်တွင် ထိုနည်းလမ်းက သူတော်စင်အဆင့်တွင် ရပ်တန့်နေသည်။
ဟန်မူယဲ့က စမ်းသပ်ကြည့်ရန် လုံလောက်သော အဆင့်ကိုးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို မပိုင်ဆိုင်ပေ။
ထိုရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ကောင်းကျိုးဆိုးကျိုးကို စမ်းသပ်ပေးမည့် ကျွမ်းကျင်သူလည်း မရှိပေ။
ဒုတိယနည်းလမ်းသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပေါင်းစပ်ခြင်း ဖြစ်သည်။
ထိုနည်းလမ်းကို ချန်မြောင်နှင့် နေကြတ်ကျောင်းတော်၏ နည်းပြက ထောက်ပံ့ပေးသည်။
လက်ရှိအချိန်တွင် နေကြတ်ကျောင်းတော်၏ ဒါဇင်ချီသော ပန်းပဲညာရှင်များက ထိုနည်းလမ်းကို လေ့လာနေကြသည်။
သူတို့က အဆင့်ကိုး ပေါင်းစပ်ရုပ်သေးရုပ်ကို ဖန်တီးနိုင်ခဲ့သည်။
သို့သော် ပေါင်းစပ်ရုပ်သေးရုပ်များ နာမည်ကြီးလာရန် အချိန်လိုအပ်သည်။
တတိယနည်းလမ်းသည် ချန်မြောင်၏ မြေးကို အတုယူပြီး လျင်မြန်သွက်လက်သော ဇီဝရုပ်သေးရုပ်များကို ဖန်တီးခြင်း ဖြစ်သည်။
ဟန်မူယဲ့က ထိုအပိုင်းတွင် အများဆုံး အားထုတ်ထားသည်။
ထိုနည်းလမ်းသည် ပန်းပဲပညာရပ်၏ ထိပ်တန်းအဆင့်သို့ ရောက်နိုင်မည်ဟု သူခံစားရသည်။
သူက စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို မမြင်ဖူးပေ။ သို့သော် ပြိုင်ဘက်ကင်းသော လျင်မြန်သွက်လက်မှုကို ပိုင်ဆိုင်လိမ့်မည်။
ထို့ကြောင့် သက်ရှိများကို အတုယူပြီး သာလွန်အောင် ကြိုးစားခြင်းသည် အဆုံးစွန်သော ရည်မှန်းချက် ဖြစ်သည်။