အခန်း (၁၂၆၂)
Vol. 91 Ch. 1262
ဟန်မူယဲ့က ရုပ်သေးရုပ်၏ လက်မောင်းတွင်ရှိသော ဝိညာဉ်အင်းကွက်များအားလုံးကို ထွင်းဖောက်မြင်ခဲ့သည်။ သူက လက်မြှောက်လိုက်ပြန်သည်။
တောက်ပနေသော သတ္တုများသည် သူ့ရှေ့တွင် ပေါ်လာကြသည်။
သူစုဆောင်းထားသော အဆင့်မြင့်ဝိညာဉ်သတ္တုများ ဖြစ်သည်။
မူလစကြဝဠာ၏ ဝိညာဉ်သတ္တုများအပြင် ဤစကြဝဠာတွင် အလဲအလှယ်လုပ်ထားသော ဝိညာဉ်သတ္တုများလည်း ပါဝင်သည်။
ဟန်မူယဲ့အတွက် မူလဒင်္ဂါးများသည် အရေအတွက်တစ်ခုသာ ဖြစ်သည်။ သူက မူလဒင်္ဂါး တစ်ဝက်ခန့်ကို ဝိညာဉ်သတ္တုများနှင့် လဲလှယ်ထားခဲ့သည်။
ပန်းပဲပညာရှင်အစည်းအရုံးက ထိုအရောင်းအဝယ်အတွက် ပျော်ရွှင်စွာ ကူညီပေးခဲ့သည်။
ပန်းပဲပညာရှင်က ကြွယ်ဝမှုကို ပိုင်ဆိုင်ထားပြီး ပန်းပဲပညာရပ်အတွက် အသုံးမပြုလျှင် မည်သည့်နေရာတွင် အသုံးပြုရမည်နည်း။
သို့သော် ဟန်မူယဲ့က အလွန်ကြွယ်ဝပြီး သူပိုင်ဆိုင်ထားသော မူလဒင်္ဂါးများကို အကုန်မသုံးနိုင်ပေ။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ပိုက်ဆံထုတ်စက်ကြီးတစ်ခု ဖြစ်သည်။
“အကြီးအကဲဓာတ်စင်ငါးပါး၊ အကြီးအကဲမဟာနေမင်း၊ အကြီးအကဲခေးအော့ ကျွန်တော့်ကို ကူညီပေးပါ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက မီးတောက်များနှင့် မီးပြင်ဖိုအဖြစ် အသွင်ပြောင်းသည်။
သူက သန့်စင်ခြင်းပြုလုပ်ရန် ငြင်းမည်မဟုတ်ပေ။
“မင်းက အကူအညီလိုရင် ငါက အကြီးအကဲပေါ့။ အကူအညီမလိုရင်တော့ ငှက်ငတုံးတစ်ကောင်ပဲ”
ရွှေရောင်ငှက်က တီးတိုးရေရွတ်ပြီး တောင်ပံခတ်သည်။ ရွှေကျီးကန်းမီးတောက်သည် မီးပြင်းဖိုကို လွှမ်းခြုံသွားသည်။
ခေးအော့၏ ပုတီးစေ့က ခပ်ဟဟရယ်လိုက်ပြီး အလင်းတန်းကို ထုတ်လွှတ်၍ မီးပြင်းဖိုနှင့် မီးတောက်များကို ချိန်ညှိပေးသည်။
သောင်းချီသော မီးတောက်နှင့် မီးပြင်းဖိုများ ပေါ်ထွက်လာသည်။
ထိုအရာသည် မီးတောက်နှင့် မီးပြင်းဖိုကို ပုံတူပွားနိုင်သော ဝင်္ကပါ၏စွမ်းအား ဖြစ်သည်။
သို့သော် မဟာနေမင်းရွှေကျီးကန်းနှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုက အလွန်အားကောင်းသောကြောင့် ဝင်္ကပါက အပြည့်အဝ ပုံတူမပွားနိုင်ခဲ့ပေ။ သူတို့၏စွမ်းအားက အနည်းငယ် လျော့နည်းနေသည်။
“ဘုန်း”
ဟန်မူယဲ့က လက်ကိုဆန့်ထုတ်ပြီး ရိုက်ချလိုက်သည်။
သူ့ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများက ပြန့်ကျဲပြီး မီးပြင်းဖိုနှင့် မီးတောက်များဆီသို့ ရောက်သွားကြသည်။
ဝိညာဉ်သတ္တုတိုင်းသည် အရည်ပျော်ပြီး အစိတ်အပိုင်းများအဖြစ် ပုံသွင်းခံလိုက်ရသည်။
ထိုဝိညာဉ်သတ္တုများ၏ တန်ဖိုးသည် သူတော်စင်အဆင့် ပန်းပဲပညာရှင် အများအပြားကို မွဲတေသွားစေနိုင်သည်။
အဆင့်မြင့်ဝိညာဉ်သတ္တုများက အလွန်တန်ဖိုးရှိသည်။
ဟန်မူယဲ့က အစိတ်အပိုင်းတစ်သောင်းခန့်ကို သန့်စင်လိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် အသက်ရှူသွင်းသည်။
သူ၏ စိတ်နယ်ပယ်ထဲတွင်ရှိသော မူလဝိညာဉ်ဓားသည် မရေမတွက်နိုင်သော ဓားငယ်များအဖြစ် ပြောင်းလဲသွားပြီး ပျံထွက်လာသည်။
သူက ဝိညာဉ်ကို အသုံးပြုခဲ့သည်။
ထို့နောက် ဓားထိန်းချုပ်နည်းစနစ်ဖြင့် အင်းကွက်များကို ထွင်းထုသည်။
“သူ့ရဲ့ဓားနည်းစနစ်က တကယ်ထူးခြားတယ်”
မဟာနေမင်းရွှေကျီးကန်းက ပြောသည်။
မီးတောက်များကို ထုတ်လွှတ်နေသော ဓာတ်စင်ငါးပါးမီးပြင်းဖိုကလည်း အနည်းငယ် တုန်ခါသွားသည်။
ဟန်မူယဲ့၏ ဓားနည်းစနစ်သည် သူတို့ကို အံ့အားသင့်စေသည်။
သူက သောင်းချီသော ဓားများကို ထိန်းချုပ်ပြီး မတူညီသော ဝိညာဉ်အင်းကွက်များကို တစ်ပြိုင်နက် ထွင်းထုခဲ့သည်။
‘အဲဒီလိုနည်းလမ်းမျိုးကို လူဘယ်နှယောက်က လိုက်လုပ်နိုင်မှာလဲ’
‘မူလစကြဝဠာမှာ သူ့ရဲ့ ဓားနည်းစနစ်က ထိပ်တန်းအဆင့်ပဲ ဖြစ်ရမယ်’
နေ့တစ်ဝက်အကြာတွင် ဓားငယ်များအားလုံးက စိတ်နယ်ပယ်ထဲသို့ ပြန်ရောက်သွားကြသည်။ အစိတ်အပိုင်းများ အားလုံကိုလည်း သန့်စင်ပြီးခဲ့သည်။
မူလကမ္ဘာခေတ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူသုံးဦးနှင့် ဟန်မူယဲ့၏ မူလဝိညာဉ်ဓားကြောင့်သာ မဟုတ်လျှင် သာမန် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် အစိတ်အပိုင်းများကို သန့်စင်ရန် အနည်းဆုံး နှစ်ပေါင်းငါးဆယ် ကြာမြင့်လိမ့်မည်။
ထိုအရာသည် ကွာခြားချက် ဖြစ်သည်။
ဟန်မူယဲ့က ပျက်စီးနေသော အစိတ်အပိုင်းများကို အစားထိုးလိုက်ပြီး ရုပ်သေးရုပ်၏ လက်မောင်းကို တပ်ဆင်သည်။
တပ်ဆင်ခြင်းသည် ဖြိုခွဲခြင်းထက် ပိုမြန်သည်။
ဟန်မူယဲ့က အစိတ်အပိုင်းတိုင်းကို နားလည်ထားသောကြောင့် လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းနိုင်သည်။
သူက လက်မြှောက်လိုက်သောအခါ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ပေါ်ထွက်လာသည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော လက်ပြတ်ကို မြင်လိုက်ရသောအခါ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ မျက်လုံးများက တောက်ပသွားသည်။
“ဒါက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ရဲ့ လက်မောင်းပဲ”
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ရေရွတ်သည်။
သူက ခွန်အားတိုးမြှင့်ရန်အတွက် ဟန်မူယဲ့နှင့်အတူ ကြယ်စင်စုစကြဝဠာသို့ လိုက်လာခဲ့သည်။
သူက သင်္ချိုင်းအင်မော်တယ်မြို့တွင် ဝင်္ကပါစွမ်းအားဖြင့် လုံလောက်စွာ သန်မာခဲ့သည်။
သို့သော် ဟန်မူယဲ့က နတ်ဘုရားလောကနှင့် အင်မော်တယ်လောက၏ အတားအဆီးကို ချိုးဖျက်ခဲ့သောကြောင့် မူလစကြဝဠာက အပြင်းအထန် ပြောင်းလဲသွားသည်။
လက်ရှိအချိန်တွင် အင်မော်တယ်ဘုရင်များကသာ နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်သည်။ အင်မော်တယ်သခင်များ၏ ခွန်အားက မလုံလောက်တော့ပေ။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်သည် အင်မော်တယ်ဘုရင်နှင့် မယှဉ်နိုင်သေးပေ။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က လက်တစ်ဖက်ကို အစားထိုးပေးနိုင်တော့မည်။
ထိုလက်နှင့်ဆိုလျှင် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အင်မော်တယ်ဘုရင်များနှင့် ယှဉ်နိုင်လိမ့်မည်။
“အကြီးအကဲ၊ အသင့်ဖြစ်ပြီလား”
ဟန်မူယဲ့က မေးသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က မျှော်လင့်နေသော အကြည့်ဖြင့် ခေါင်းညိတ်သည်။
လက်တစ်ဖက်ကို အစားထိုးခြင်းသည် မရှုပ်ထွေးပေ။
လက်ကို အစားထိုးလိုက်သောအခါ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က ရွှေအလင်းကို ထုတ်လွှတ်သည်။ သူက ရှစ်ပေအထိ အရပ်မြင့်လာပြီး ရွှေရောင်နှင့် အနက်ရောင်ကို သယ်ဆောင်ထားသည်။
သူ၏ ခွန်အားက ကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားပြီး ကမ္ဘာဦးအဆင့်နှင့် တစ်လှမ်းသာလိုတော့သည်။
သို့သော် ကမ္ဘာဦးအဆင့်သို့ ရောက်ရန်အတွက် တခြားအစိတ်အပိုင်းများကို အစားထိုးရန် လိုအပ်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ပြီး မသက်မသာ ရေရွတ်သည်။
“ခွန်အားက အနည်းဆုံး အဆသုံးဆယ် တိုးလာတယ်။ အမြန်နှုန်းကတော့ ဆယ်ဆလောက် တိုးလာတယ်”
“အရေးအကြီးဆုံးအနေနဲ့ စည်းမျဉ်းခုခံနိုင်စွမ်းက တိုးတက်လာတယ်”
အစစ်အမှန်ကျွမ်းကျင်သူများအတွက် စည်းမျဉ်းကို ထိန်းချုပ်ခြင်းသည် အစစ်အမှန်ခွန်အား ဖြစ်သည်။
သူတို့က စည်းမျဉ်းကို ထိန်းချုပ်ထားသောကြောင့် အားနည်းသူများကို အပြည့်အဝ ဖိနှိပ်နိုင်သည်။
“အကြီးအကဲက အချိန်ယူပြီး အသားကျအောင် လုပ်လိုက်ပါ”
ဟန်မူယဲ့က ပြုံးသည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ ခွန်အားသည် သူ၏ခွန်အားပင် ဖြစ်သည်။
လက်မောင်းတစ်ဖက်ကို အစားထိုးလိုက်ရုံဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အလွန်သန်မာလာသည်။ အနာဂတ်တွင် ပိုမိုများပြားသော ကမ္ဘာဦးအဆင့်ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို စုဆောင်းနိုင်လျှင် သူက မူလစကြဝဠာကို လွှမ်းမိုးပြီး ကပ်ဘေးကို ဖြေရှင်းနိုင်လိမ့်မည်။
သူက မူလစကြဝဠာ၏ ကပ်ဘေးကို ကိုယ်တိုင် စတင်ခဲ့သည်။ ထို့ကြောင့် ပြန်သွားပြီး အဆုံးသတ်ရမည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ရွှေနက်ရောင်သံမဏိပြားအဖြစ် ပြောင်းသွားပြီး ဟန်မူယဲ့ဆီသို့ ပြန်ရောက်လာသည်။
ဟန်မူယဲ့က ရှေ့တွင် ရှိနေသော လက်မောင်းပြတ်၏ ပျက်စီးနေသည့် အစိတ်အပိုင်းများကို ကြည့်လိုက်သည်။
သူက ဝိညာဉ်သတ္တုများကို ထုတ်ယူသည်။
ထိုဝိညာဉ်သတ္တုများသည် သူ့ရှေ့တွင်ရှိသော အစိတ်အပိုင်းများနှင့် ဆင်တူသော်လည်း အဆင့်နိမ့်သည်။
“ဘန်း”
မီးတောက်များ ပေါ်ထွက်လာသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက မီးတောက်တစ်သောင်းကို ထုတ်လွှတ်သည်။
အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု သန့်စင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လက်မောင်းကို ပုံတူပွားချင်သည်။
အစစ်အမှန်မဟုတ်ပဲ အတုတစ်ခုသာ ဖြစ်သည်။
ယုထောင်မြို့ပျက်သည် ဆယ်ရက်ကြာသည်အထိ တည်ငြိမ်နေသည်။
သို့သော် ကမ္ဘာဦးအဆင့်ရုပ်သေးရုပ်၏ လက်မောင်းကို ရရှိသွားသော ဟယ်မိသားစု၏သတင်းသည် နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ နောက်ပိုင်းတွင်ရောက်လာသော ကျွမ်းကျင်သူများက စိတ်ဝင်စားနေကြသည်။
ရုပ်သေးရုပ်၏လက်မောင်း ပေါ်လာသောအချိန်တွင် ကျွမ်းကျင်သူများ သိပ်မရှိခဲ့ပေ။ လူအများက အခွင့်အရေးနှင့် လွဲချော်သွားသည်။
ဤရက်ပိုင်းတွင် မရင်းနှီးသော လူများက ဟယ်မိသားစုခြံဝိုင်း၏ဘေးတွင် ပေါ်လာကြသည်။
လွန်ခဲ့သောရက်များတွင် နလန်မိုရန်က အစ်ကိုကြီးဖြစ်သူ၏ နောက်ခံနှင့် ခွန်အားကို ရှာတွေ့ခဲ့သည်။
သူက ကြောင်အနေခဲ့ရသည်။
သူ့အစ်ကို၏ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ကြယ်စင်စုစကြဝဠာအား တုန်ခါသွားစေခဲ့သော အဏုကြည့်မျက်လုံးများကို တစ်ဦးတည်းပိုင်အဖြစ် ထုတ်လုပ်သည်။ နလန်မိသားစု၏ အလုပ်ရုံမှာပင် အဏုကြည့်မျက်လုံး တစ်ထောင်ခန့်သာ ရှိသည်။
ထို့အပြင် သူက အဆင့်ရှစ်ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်ဖြစ်ပြီး ငယ်ရွယ်သော်လည်း ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်သည်။
သူက မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နံပတ်တစ်ပါရမီရှင် ဖြစ်သည်။
သူ၏ ဂုဏ်သတင်းနှင့် ခွန်အားသည် မြို့ကြီးတိုင်းတွင်ရှိသော ပါရမီရှင်များနှင့် ယှဉ်နိုင်သည်။
နလန်မိုရန်က ဟယ်ရန်စွန်းကို ထပ်တွေ့လိုက်ရသောအခါ အလွန်ယဉ်ကျေးနေသည်။
သူက မိသားစုကြီးတစ်ခုမှ သခင်ငယ်လေးတစ်ယောက်၏ မောက်မာမှုကို ထုတ်မပြတော့ပေ။
နလန်မိုရန်က မြို့ကြီးတစ်မြို့မှ ရောက်လာသောကြောင့် အမြင်ကျယ်သည်။
သူ၏ သတိပေးချက်ကြောင့် ဟယ်ရန်စွန်းက ပတ်ဝန်းကျင်တွင်ရှိသော မိသားစုများကို စုစည်းပြီး မဟာမိတ်ဖွဲ့ခဲ့သည်။
ဟယ်မိသားစုအား အန္တရာယ်ပေးချင်သော လူများက သတိထားမိသောအချိန်တွင် ထောင်ချီသော ကျွမ်းကျင်သူများ ပါဝင်နေသည့် မဟာမိတ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
ယုထောင်မဟာမိတ် ဖြစ်သည်။
ဟယ်ရန်စွန်းက မဟာမိတ်ခေါင်းဆောင်ဖြစ်ပြီး နလန်မိုရန်က လက်ထောက်ခေါင်းဆောင် ဖြစ်သည်။
ထို့အပြင် လက်ထောက်ခေါင်းဆောင်အဖြစ် အဆင့်ရှစ်ကျွမ်းကျင်သူများလည်း ထပ်ရှိနေသည်။ ခရမ်းမြို့၏ ချောင်မိသားစုမှ ချောင်ယန်နှင့် ကျူးရှန်လင်းတို့ ဖြစ်ကြသည်။
ထိုမဟာမိတ်သည် ယုထောင်မြို့ပျက်တစ်ခုလုံးကို မလွှမ်းမိုးနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သည်။
လွန်ခဲ့သောလတွင် အင်အားစုအသီးသီးက မြို့သခင်အိမ်တော်၏ ပတ်ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့အားလုံးက အကျိုးအမြတ်များကို ခံစားနိုင်ခဲ့သည်။
ယုထောင်မဟာမိတ်က အင်အားကောင်းပြီး အဆင့်ကိုးချပ်ဝတ် သုံးခု၊ အဆင့်ကိုးရုပ်သေးရုပ် ငါးခုနှင့် ပျက်စီးနေသော သူတော်စင်အဆင့် ချပ်ဝတ်တစ်ခုကိုပင် ရခဲ့သည်။
ပိုများသော အဆင့်ရှစ် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များလည်း ရှိနေသည်။
မြို့သခင်အိမ်တော်၏ အရင်းအမြစ်တချို့ကိုလည်း ယုထောင်မဟာမိတ်က ပိုင်ဆိုင်သွားခဲ့သည်။
ဟယ်ရန်စွန်းက သာမန်ပစ္စည်းများကို စိတ်မဝင်စားပေ။ သူက အဆင့်မြင့်ရုပ်သေးရုပ်နှင့် ချပ်ဝတ်တချို့ကိုသာ ယူဆောင်ပြီး ကျန်ပစ္စည်းများကို ခွဲပေးလိုက်သည်။
ထို့ကြောင့် ယုထောင်မဟာမိတ်က ပိုမိုအားကောင်းလာပြီး ကျွမ်းကျင်သူများက ပူးပေါင်းချင်နေသည်။
ဟယ်မိသားစုအိမ်တော်သည် ယုထောင်မဟာမိတ်၏ အခြေခံစခန်း ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူများက လျင်မြန်စွာ လျှောက်လာကြသည်။
မဟာမိတ်၏ လက်ထောက်ခေါင်းဆောင် ချောင်ယန်က ကျွမ်းကျင်သူဆယ်ယောက်ကို ခန်းဆောင်ဆီသို့ ခေါ်လာသည်။
“ခေါင်းဆောင်၊ မင်ဝူမြို့ရဲ့စစ်တပ်က လာနေပါပြီ”
ချောင်ယန်၏မျက်နှာထားက လေးနက်နေပြီး ဟယ်ရန်စွန်းကို ဦးညွတ်သည်။ ထို့နောက် တီးတိုးပြောသည်။
“သူတို့ကို အဆင့်ကိုးကျွမ်းကျင်သူက ဦးဆောင်လာတယ်လို့ ပြောပါတယ်”
အဆင့်ကိုး ....
ယုထောင်မြို့သည် အဆင့်ကိုးနယ်မြေတစ်ခုသာ ဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် အဆင့်ကိုးကျွမ်းကျင်သူများ ရောက်မလာတတ်ပေ။
သို့သော် မင်ဝူမြို့က မတူပေ။
ရုပ်သေးရုပ်၏ လက်ပြတ်သည် မင်ဝူမြို့မှ ဖြစ်သည်။ ထို့ကြောင့် လက်ပြတ်ကို ရှာဖွေရန်အတွက် ကျွမ်းကျင်သူများကို အမြဲတမ်း စေလွှတ်တတ်သည်။
ယခင်က ထိုလူများသည် ယုထောင်မြို့ပျက်သို့ ရောက်လာသော တခြားလူများနှင့် အငြင်းမပွားကြပေ။
သို့သော် ဤတစ်ကြိမ်တွင် ကွဲပြားနေသည်။
ယုထောင်မဟာမိတ်၏ ဟယ်မိသားစုက လက်ပြတ်ကို ရထားသည်။
သူတို့က လက်ပြတ်ကို ထုတ်မပေးလျှင် တိုက်ခိုက်ရလိမ့်မည်။
ချောင်ယန်၏စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက စိုးရိမ်နေကြသည်။
“စိတ်မပူပါနဲ့”
ဟယ်ရန်စွန်းက တည်ငြိမ်စွာ လက်ကို ဝှေ့ယမ်းသည်။
“အဆင့်ကိုးပဲမဟုတ်လား”
“သူတော်စင်အဆင့်မှ မဟုတ်တာ”
“နင်ပြောတာ မှားနေတယ်။ ဒီတစ်ကြိမ်မှာ မင်ဝူမြို့က သူတော်စင်အဆင့် ကျွမ်းကျင်သူကို တကယ်ပဲ စေလွှတ်လိုက်တယ်”
ခန်းဆောင်၏ အပြင်ဘက်တွင် အသံတစ်သံ ထွက်လာသည်။
ဟယ်ရန်စွန်းက မျက်မှောင်ကြုတ်သည်။
တံခါးဝတွင် အစည်းအရုံး၏ လက်ထောက်ခေါင်းဆောင် ကျူးရှန်လင်းက အနီရောင်ချပ်ဝတ်နှင့် လူတစ်ယောက်ကို ခေါ်လာသည်။
“ခေါင်းဆောင်၊ ဒါက ယုထောင်မြို့ရဲ့ သခင်မပါ”
ကျူးရှန်လင်းက ဦးညွတ်လိုက်ပြီး ပြောသည်။
‘ယုထောင်မြို့ရဲ့ သခင်မတဲ့လား’