အခန်း (၁၂၆၄)
Vol. 91 Ch. 1264
ဟန်မူယဲ့က လက်မြှောက်ပြီး စာချုပ်ကို သိမ်းသည်။ ထို့နောက် ရွှေရောင်လက်တစ်ဖက်ကို ထုတ်ပေးသည်။
ဟယ်ရန်စွန်းက အံ့အားသင့်နေသော မျက်နှာထားဖြင့် ရွှေရောင်လက်ကို ဖမ်းယူသည်။
“ကြည့်မနေနဲ့။ အဲဒါက အတုပဲ။ အစစ်အမှန်စွမ်းအားက အရမ်းနိမ့်ကျတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
“သာမန်နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တွေကို လှည့်စားဖို့ လုံလောက်တယ်”
နလန်မိုရန်က အခန်းထဲမှ ကြောင်အစွာ ထွက်လာခဲ့သည်။
သန်းနှစ်သိန်း တန်ကြေးရှိသော စာချုပ်သည် ကစားစရာတစ်ခုသာ ဖြစ်သည်။
သာမန် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကို လှည့်စားနိုင်သော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ လက်မောင်းအတုလည်း ရှိနေသည်။
‘သာမန် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တဲ့လား’
‘နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တွေမှာ သာမန်ဆိုတာ ရှိလို့လား’
“မင်းက ဆရာဟန်ရဲ့စွမ်းရည်တွေကို စိတ်ကူးနိုင်မှာမဟုတ်ဘူး”
ဟယ်ရန်စွန်းက ရှေ့တွင် ရပ်လိုက်ပြီး အံ့အားသင့်နေသော နလန်မိုရန်ကို ကြည့်သည်။
“ငါ့အဖေက နောက်တစ်ကြိမ်လက်ထပ်ပြီး ကလေးတစ်ယောက်ရလာတာကို ငါဂရုမစိုက်ဘူး။ ငါက မင်းကို ညီတစ်ယောက်အဖြစ် သတ်မှတ်ထားတယ်။ အဲဒါကြောင့် အကြီးမားဆုံးလျှို့ဝှက်ချက်ကို ပြခဲ့တာပဲ”
သူက ထိုသို့ပြောလိုက်ပြီး လှည့်ထွက်သွားသည်။
အကြီးမားဆုံး လျှို့ဝှက်ချက် ....
နလန်မိုရန်က ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
ဆရာဟန်က ဟယ်ရန်စွန်း၏ အကြီးမားဆုံးလျှို့ဝှက်ချက် ဖြစ်သည်။
ဆရာဟန်သာမက သူ့အစ်ကိုကလည်း စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုကို ပိုင်ဆိုင်သည်။
သူက သန်းချီသော ကြွယ်ဝမှုကိုပင် လွယ်ကူစွာ ဆုံးဖြတ်နိုင်သည်။ နလန်မိုရန်က အစ်ကိုဖြစ်သူ၏ ပိုင်ဆိုင်မှုကို တွေးမကြည့်ရဲပေ။
“ငါ နလန်မိုရန်မှာ ဒီလိုနောက်ခံမျိုး ရှိနေတာလား”
နလန်မိုရန်က ပြုံးလိုက်သည်။
ဟယ်ရန်စွန်းက အပြင်ဘက်သို့ ထွက်သွားသောကြောင့် နလန်မိုရန်က နောက်မှ လျင်မြန်စွာ လိုက်လာခဲ့သည်။
သုံးရက်အကြာ၊ ယုထောင်မြို့ပျက်၏ အပြင်ဘက်တွင် ဖြစ်သည်။
ဒါဇင်ချီသော ပုံရိပ်များက လေဟာနယ်ထဲတွင် လျင်မြန်စွာ ရွေ့လျားလာကြသည်။
“ဟယ်မိသားစုအိမ်တော်ကို မြန်မြန်သွား။ ဟယ်မိသားစုကို ရှင်းထုတ်ပြီး ရုပ်သေးရုပ်ရဲ့လက်မောင်းကို ပြန်ယူလာခဲ့”
နက်ရှိုင်းသောအသံကို ကြားရသည်။ ထိုအသံကြောင့် ပတ်ဝန်းကျင်က တုန်ခါသွားသည်။
အနည်းဆုံး အဆင့်ရှစ်ရှိသော ကျွမ်းကျင်သူတစ်ယောက်၏အသံ ဖြစ်သည်။
“ဒီတစ်ကြိမ်မှာ ငါတို့က လက်မောင်းကိုတင်မကဘဲ လှံရှည်ကိုပါ ယူရမယ်”
“လှံရှည်ကို ချန်ထားခဲ့တဲ့ အင်အားစုက ယုထောင်မြို့ပျက်ကို ပြန်ရောက်လာပြီလို့ ပြောတယ်။ သူတို့က လှံကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်”
ငွေရောင်ဝတ်စုံနှင့် လူအိုကြီးက တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။
သူ့ဘေးတွင်ရှိသော မိန်းကလေးက ခေါင်းညိတ်သည်။ သူမ၏ ဘေးတွင်ရှိသော ရုပ်သေးရုပ်က ရွှေအလင်းကို ထုတ်လွှတ်လိုက်ပြီး လေဟာနယ်ထဲတွင် ပြေးသွားသည်။
ထိုလူအုပ်စုက မြူခိုးထုထဲသို့ ဝင်ရောက်လာသောအခါတွင် ပေါက်ကွဲသံကို ကြားရသည်။
အလင်းတန်းများကို မြင်ရသည်။
“ယုံမင်မြို့ရဲ့ နလန်မိသားစုက ဆယ့်သုံးယောက်မြောက်သခင်လေး ဒီမှာရှိနေတယ်။ လမ်းဖယ်ကြစမ်း”
ကျယ်လောင်သောအသံကို ကြားရသည်။
ဓားတစ်လက်ကိုင်ထားသော ရုပ်သေးရုပ်သည် မြူခိုးထုကို ထိုးခွဲလိုက်သည်။
အဆင့်ရှစ် ဖြစ်သည်။
မြို့ပျက်တွင် အဆင့်ရှစ်ကျွမ်းကျင်သူက ထိပ်တန်းအဆင့် ဖြစ်သည်။
ပြေးဝင်လာသော လူအုပ်စုက ရပ်တန့်လိုက်ပြီး ငွေရောင်ဝတ်စုံ လူအိုကြီးနှင့် မိန်းကလေးကို ကြည့်သည်။
“ဟမ့်၊ နင်က ယုံမင်မြို့ရဲ့ နလန်မိသားစုက ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သေချင်လို့ ငါတို့ကို တားနေတာလား”
မိန်းကလေးက အေးစက်စွာ ပြောသည်။ သူ့လက်ထဲတွင်ရှိသော ဓားက တောက်ပနေသည်။
“သခင်မလေး၊ ယုံမင်မြို့က လေဟာနယ်ရဲ့ မြို့ကြီးတစ်မြို့ပဲ။ နလန်မြို့က အားကောင်းတဲ့ ကျွမ်းကျင်သူတွေနဲ့ သူတော်စင်အဆင့် မိသားစုပဲ”
လေဟာနယ်မြို့ကြီး ....
သူတော်စင်အဆင့် မိသားစု ....
မိန်းကလေးက ကြောင်အသွားသည်။ သူမက အစိမ်းပုပ်ရောင်ချပ်ဝတ်နှင့် နလန်မိုရန်ကို လှမ်းကြည့်သည်။
သူက ငယ်ရွယ်ပြီး အဆင့်သုံးတွင် ရှိနေသည်။
သူ၏ ခွန်အားသည် သက်တူရွယ်တူများကြားတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
သူတော်စင်အဆင့် မိသားစု၏ မျိုးဆက်တစ်ယောက် ဖြစ်နိုင်သည်။
“နလန်မိသားစုရဲ့ သခင်လေးလား”
ငွေရောင်ဝတ်စုံနှင့် လူအိုကြီးက ပြုံးလိုက်ပြီး ပြောသည်။
“ငါက စုယန်ပါ။ လွန်ခဲ့တဲ့နှစ်တွေမှာ နလန်သဲနဲ့ အတူတူ ခရီးသွားဖူးတယ်။ နလန်မိသားစုမှာလည်း နှစ်အနည်းငယ်လောက် နေဖူးတယ်”
စုယန်၏ စကားကြောင့် နလန်မိုရန်၏ မျက်နှာထားက ပြေလျော့သွားသည်။
“အကြီးအကဲစုယန်လား။ ကျွန်တော်က နလန်မိုရန်ပါ။ နလန်သဲက ကျွန်တော့်ဦးလေးပါ”
သူက စုယန်၏ဘေးတွင်ရှိသော မိန်းကလေးကို ကြည့်လိုက်ပြီး မေးသည်။
“ဒီမိန်းကလေးက ....”
စုယန်က ပြုံးလိုက်ပြီး ပြောသည်။
“သူက မင်ဝူမြို့ရဲ့ သခင်မလေး ယန်ခယ့်အာပါ”
သူ့စကားကြောင့် နလန်မိုရန်၏ မျက်လုံးများက ပိုမိုတောက်ပလာသည်။
သူက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။
“အကြီးအကဲတို့က ဒီမှာ ရတနာလာရှာကြတာလား”
သူ့စကားကြောင့် ယန်ခယ့်အာက မျက်မှောင်ကြုတ်သည်။
စုယန်၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ကျယ်လောင်စွာပြောသည်။
“ငါတို့က ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ လက်မောင်းကိုရှာဖို့ မင်ဝူမြို့ကနေ ရောက်လာတာပါ”
ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်း ....
နလန်မိုရန်က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
ရွှေရောင်လက်မောင်းတစ်ဖက်သည် သူ့ရှေ့တွင် ပေါ်လာသည်။
“ဒါများလား”
မင်ဝူမြို့၏ ရုပ်သေးရုပ်ဆီမှ ကျန်ရစ်ခဲ့သော လက်မောင်း ....
ယန်ခယ့်အာ၏ မျက်နှာထားက အသည်းအသန် ပြောင်းလဲသွားသည်။ သူမ၏ ဘေးတွင်ရှိသော ရုပ်သေးရုပ်က ပျံထွက်သွားပြီး နလန်မိုရန်ကို ခုန်အုပ်သည်။
စုယန်က လှုပ်ရှားသည်။ ရွှေနက်ရောင်ချပ်ဝတ်သည် သူ့ကိုယ်ပေါ်တွင် ပေါ်လာပြီး ယန်ခယ့်အာ၏ ရုပ်သေးရုပ်ကို တားဆီးသည်။
“သခင်မလေး၊ အလျင်စလို မလုပ်ပါနဲ့”
စုယန်က နလန်မိုရန်ကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။ သူ၏ အငွေ့အသက်က လေးနက်လာသည်။
“မိတ်ဆွေလေးနလန်၊ ဒီလက်မောင်းကို ကြည့်လို့ရမလား”
‘ဒီလိုရတနာမျိုးက လွယ်လွယ်ပေါ်လာမှာလား’
နလန်မိုရန်၏ ဘေးတွင်ရှိသော အကြီးအကဲချင်က အဆင့်ရှစ်ချပ်ဝတ်ကို ဝတ်ထားသည်။ နလန်မိသားစု၏ တခြားအစောင့်များကလည်း အသင့်ရှိနေကြသည်။
ထိုအင်အားမျိုးကို သာမန်မိသားစုများက မပိုင်ဆိုင်နိုင်ပေ။
လူငယ်တစ်ယောက်အား စောင့်ကြပ်နေသော လူသည် အဆင့်ရှစ် ကျွမ်းကျင်သူ ဖြစ်သည်။ အဆင့်ကိုးနှင့် သူတော်စင်အဆင့် မိသားစုများကသာ ထိုအစောင့်မျိုးကို ခန့်အပ်ထားနိုင်သည်။
နလန်မိုရန်က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ထို့နောက် ရုပ်သေးရုပ်၏လက်မောင်းကို ပစ်ပေးသည်။
“ဒါကို မူလဒင်္ဂါးသန်းတစ်ထောင်နဲ့ ဝယ်လာခဲ့တာပဲ။ အရမ်းစိုးရိမ်နေစရာ မလိုပါဘူး”
မူလဒင်္ဂါးသန်းတစ်ထောင် ....
စုယန်နှင့် ယန်ခယ့်အာ၏ဘေးတွင် ရှိနေသော ကျင့်ကြံသူများအားလုံးက မနေနိုင်တော့ဘဲ မျက်နှာများ ရှုံ့တွသွားကြသည်။
‘ဒါက လူချမ်းသာသခင်လေးတစ်ယောက် ပြောလို့ရတဲ့ စကားမျိုးလား’
စုယန်က ရုပ်သေးရုပ်၏လက်မောင်းကို ယူလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
ယန်ခယ့်အာက စောင့်မနေနိုင်တော့ပေ။ သူမက လက်မောင်းကို ဖိကြည့်လိုက်ပြီး ချီစွမ်းအင်ဖြင့် တောက်ပလာသည်။
“ဒါက အစစ်ပဲ”
“ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ လက်မောင်းပဲ”
စုယန်နှင့် ယန်ခယ့်အာက အံ့အားသင့်သွားကြသည်။
နလန်မိုရန်က တည်ငြိမ်နေသော်လည်း သူ့နှလုံးသားက ခုန်ပေါက်နေသည်။
သူတော်စင်အဆင့် ချပ်ဝတ်သခင်နှင့် အဆင့်ကိုး ရုပ်သေးသခင်သည် သူ့ရှေ့တွင် ရှိနေသည်။
သူတို့က ဆရာဟန်ပြုလုပ်ထားသော လက်မောင်းအတုကို မခွဲခြားနိုင်ကြပေ။
ဆရာဟန်၏ ပန်းပဲစွမ်းရည်က အလွန်ထူးခြားသည်။
စုယန်နှင့် ယန်ခယ့်အာက စိတ်အေးမသွားသေးပေ။ သူတို့က လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။
မင်ဝူမြို့သည် လက်မောင်းကို ပြန်ရရန်အတွက် အလွန်အားထုတ်ခဲ့ရသည်။
လက်မောင်းကို ပြန်ယူသွားနိုင်လျှင် မင်ဝူမြို့၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က ပြန်ကောင်းလာမည်။ မင်ဝူမြို့၏ ခွန်အားကလည်း တိုးတက်လာလိမ့်မည်။
“သခင်လေးနလန်၊ ဒီလက်မောင်းကို ဘယ်လိုရလာတာလဲ မေးလို့ရမလား”
စုယန်က နလန်မိုရန်ကို ကြည့်လိုက်သည်။ သို့သော် သူ့လက်က ရုပ်သေးရုပ်၏လက်မောင်းကို ဖိထားပြီး လွှတ်မပေးချေ။
မင်ဝူမြို့က လက်မောင်းကို ပြန်ယူရန် ဆုံးဖြတ်ထားသည်။
“သတင်းကြားလိုက်တာလေ”
နလန်မိုရန်က လက်ကို ဝှေ့ယမ်းပြီး ရုပ်သေးရုပ်၏လက်မောင်းကို ညွှန်ပြသည်။
“နလန်မိသားစုက အမွေအနှစ်မရှိတဲ့ မိသားစုတစ်ခု မဟုတ်ဘူး။ ရုပ်သေးရုပ်ရဲ့လက်မောင်းက အဖိုးတန်ပေမဲ့ အပိုင်သိမ်းထားဖို့ မလိုအပ်ဘူး”
သူ့စကားကြောင့် ယန်ခယ့်အာ၏ မျက်လုံးများက တောက်ပလာသည်။ သူမက ညင်သာသောမျက်နှာထားဖြင့် နလန်မိုရန်ကို ကြည့်သည်။
မိသားစုကြီးတစ်ခု၏ မျိုးဆက်သည် ထိုသို့ ဆက်ဆံရလွယ်ကူမည်ဟု ထင်မထားခဲ့ပေ။
“အကြီးအကဲစုယန်က လိုအပ်နေတယ်ဆိုရင်တော့ ....”
နလန်မိုရန်က တွန့်ဆုတ်သောမျက်နှာထားဖြင့် ပြောသည်။
“မူလဒင်္ဂါး သန်းငါးရာပဲ ပေးပါ”
သန်းငါးရာလား ....
စုယန်က နလန်မိုရန်၏ အကြည့်ကို ခံစားမိသည်။ သူက ယန်ခယ့်အာကို ကြည့်နေသည်။
‘သူက သခင်မလေးကြောင့် ဈေးတစ်ဝက်လျော့ပေးနေတာလား’
‘သူက သန်းတစ်ထောင်နဲ့ ဝယ်လာခဲ့တာလို့ ပြောလိုက်တယ်လေ’
‘မိသားစုကြီးတစ်ခုရဲ့ သခင်လေး ဖြစ်သင့်ပါတယ်။ မိန်းမလှလေးအတွက် သန်းငါးရာကို ချက်ချင်းသုံးပစ်လိုက်တာပဲ’
“အဟမ်း၊ သခင်လေးနလန်အတွက် ဆုံးရှုံးသွားမှာပေါ့။ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ”
“သခင်လေးအတွက် အမြတ်ကျန်အောင် သန်းတစ်ထောင့်နှစ်ရာ ပေးပါ့မယ်”
စုယန်က ခေါင်းခါလိုက်ပြီး ယန်ခယ့်အာကို ကြည့်သည်။ သူက တီးတိုးပြောသည်။
“ငါ့မှာ သန်းနှစ်ရာပဲပါတယ်”
“ဒီလက်မောင်းကို မင်ဝူမြို့ဆီ ပြန်ယူသွားမယ်။ ကျန်နေတဲ့ ပမာဏကို ဖြစ်နိုင်သမျှမြန်မြန် ပေးလိုက်မယ်”
နလန်မိုရန်က ငြင်းတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါတွင် စုယန်က ကြည်လင်သောအသံဖြင့် ပြောသည်။
“သခင်မလေးက ဒီမှာ ခဏလောက် နေပါလိမ့်မယ်။ သခင်လေးနလန်က ပိုက်ဆံမရမှာကို စိုးရိမ်စရာမလိုဘူးမဟုတ်လား”
သူထင်ထားသည့်အတိုင်း နလန်မိုရန်က ပြုံးလိုက်သည်။
ယန်ခယ့်အာက အနည်းငယ် ဆန့်ကျင်ချင်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ရသည်။
စုယန်က လက်မောင်းကို ယူသွားသည်။ ယန်ခယ့်အာက ယုထောင်မြို့ပျက်တွင် ကျန်နေခဲ့သည်။
စုယန်က နလန်မိုရန်ကို ယန်ခယ့်အာနှင့် ရင်းနှီးစေချင်ရုံသာမက ကာကွယ်ပေးရန်အတွက်လည်း ဖြစ်သည်။
လက်မောင်းကို မင်ဝူမြို့သို့ ပြန်ယူသွားရာတွင် အန္တရာယ်များသည်။
မင်ဝူမြို့မှာလည်း ရန်သူများ ရှိသည်။
သူတို့က စုယန်ကို လက်မောင်းပြတ် ပြန်ယူလာအောင် ခွင့်ပြုမည်မဟုတ်ပေ။
စုယန်က တစ်ယောက်တည်း ပြန်လာသည့်အတွက် အောင်မြင်နိုင်ခြေ ပိုများသည်။
ယန်ခယ့်အာက နလန်မိုရန်နှင့်အတူ ရှိနေသည်။ သူမက အနည်းငယ်သာ စကားပြောသည်။ အချိန်အများစုတွင် နလန်မိုရန်၏စကားကိုသာ နားထောင်နေသည်။
သူမ၏အမြင်တွင် နလန်မိုရန်က အတွေ့အကြုံရအောင် အိမ်မှထွက်လာသော လူငယ်တစ်ယောက်သာ ဖြစ်သည်။ သူက အလွန်တုံးအနေသေးသည်။
သူက လေးစားရသော အစ်ကိုကြီးနှင့် မိသားစုအကြောင်းကို အဓိကထားပြီး ပြောနေသည်။
ထိုလူငယ်မျိုးကို ထိန်းချုပ်ရန် အလွန်လွယ်သည်။
ဂရုစိုက်နေရန် မလိုအပ်ပေ။
အသေအချာပင်ဖြစ်သည်။ ယန်ခယ့်အာက မြို့ကြီးများအား မျှော်လင့်နေသော အမူအယာကို ပြလိုက်သောအခါတွင် နလန်မိုရန်က အမြီးဖြန့်ပြနေသော ဒေါင်းတစ်ကောင်သဖွယ် တက်ကြွလာသည်။
“ခယ့်အာ၊ စိတ်မပူပါနဲ့။ မြို့ကြီးရဲ့ ကျောင်းတော်မှာ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်တယ်”
“မင်းရဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင် အနည်းဆုံး နည်းပြတစ်ယောက် ဖြစ်လာမှာပဲ”
နလန်မိုရန်က ယုံကြည်ချက်ရှိစွာ ပြောသည်။
“နင်မသိဘူးလား။ ငါက နေကြတ်ကျောင်းတော်ရဲ့ နည်းပြတစ်ယောက် ဖြစ်နေပြီ”
ယန်ခယ့်အာက တခစ်ခစ်ရယ်သည်။
“အထင်ကြီးစရာပဲ”
နလန်မိုရန်က ယန်ခယ့်အာကို အထင်ကြီးသွားပုံပေါ်သည်။