← Chapters

အခန်း (၁၂၆၅)

Vol. 91 Ch. 1265

အခန်း (၁၂၆၅)

Vol. 91 Ch. 1265

“ဒါနဲ့ ငါ့အစ်ကိုကြီးက အခု ယုထောင်မဟာမိတ်ရဲ့ ခေါင်းဆောင်လေ။ ငါတို့မှာ အရေးကြီးတာဝန်တစ်ခု ရှိတယ်”

နလန်မိုရန်၏ မျက်နှာထားက လေးနက်နေပြီး ပြောလိုက်သည်။

“ခယ့်အာ၊ မှတ်ထားပါ။ ငါတို့တာဝန်ကို မနှောင့်ယှက်မိစေနဲ့။ ငါ့အစ်ကိုကြီး ဒေါသထွက်လာရင် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်”

‘တာဝန်လား’

‘အရေးကြီးတာလား’

ယန်ခယ့်အာ၏ မျက်လုံးများက တောက်ပသွားပြီး နလန်မိုရန်ကိုကြည့်၍ ပြုံးသည်။

“အဲဒါက လှံအတွက်လား”

ထိုစကားကြောင့် နလန်မိုရန်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးပြူးနေသည်။

“မင်း၊ မင်း ....”

ယန်ခယ့်အာက ပြုံးလိုက်ပြီး ပါးစပ်ကို လက်ဖြင့်အုပ်သည်။

“စိတ်မပူပါနဲ့။ မင်ဝူမြို့က လှံကို မလိုချင်ပါဘူး”

ထိုစကားကြောင့် နလန်မိုရန်က စိတ်သက်သာစွာ သက်ပြင်းချသည်။

ထို့နောက် သူက မျက်လုံးများ တောက်ပသွားပြီး ပြောသည်။

“ခယ့်အာ၊ အဲဒီလှံကိုရအောင် ကူညီပေးနိုင်ရင် ဘာမဆို တောင်းလို့ရတယ်”

‘ဘာပဲဖြစ်ဖြစ် တောင်းနိုင်တာလား’

ယန်ခယ့်အာက နှလုံးခုန်မှားသွားသည်။

နလန်မိုရန်၏ အစ်ကိုကြီးက နလန်မိသားစု၏ အစစ်အမှန်လက်ရွေးစင် ဖြစ်လိမ့်မည်။

ထိုလူမျိုးနှင့် မိတ်ဆွေဖွဲ့နိုင်လျှင် မင်ဝူမြို့အတွက် အထောက်အကူဖြစ်လိမ့်မည်။

“ဘုန်း”

ရှေ့တွင် ကျယ်လောင်သောပေါက်ကွဲသံ ပေါ်ထွက်လာသည်။

နလန်မိုရန်၏ ပေါ့ပါးသောပုံစံက ချက်ချင်းပြောင်းလဲသွားသည်။

ထိုပေါက်ကွဲသံသည် ယုထောင်မဟာမိတ်နှင့် သိပ်မဝေးပေ။

‘တစ်ယောက်ယောက်က ဟယ်မိသားစုအိမ်တော်ကို တိုက်ခိုက်နေတာလား’

သူက လှုပ်ရှားလိုက်သည်။ ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ပြေးထွက်သွားသည်။

အကြီးအကဲချင်နှင့် တခြားလူများကလည်း သူ့နောက်မှ လိုက်လာကြသည်။

နလန်မိုရန်၏ အမြန်နှုန်းကြောင့် ယန်ခယ့်အာ၏ မျက်လုံးများက တောက်ပသွားသည်။

မိသားစုကြီး၏ အသုံးမကျသောသခင်လေးတစ်ယောက်ဟု ထင်ရသော နလန်မိုရန်သည် မြင်ရသောပုံစံထက် ပိုမိုသန်မာသည်။

“ဘုန်း”

အဝေးတစ်နေရာတွင်ရှိသော ပေါက်ကွဲသံကြောင့် ယန်ခယ့်အာက ထိတ်လန့်သွားသည်။

ထိုတိုက်ပွဲတွင် အနည်းဆုံး အဆင့်ရှစ်ကျွမ်းကျင်သူများ ရှိနေလိမ့်မည်။

တိုက်ပွဲမှ ပေါ်ထွက်လာသော စွမ်းအင်လှိုင်းသည် အဆင့်ရှစ်ကျွမ်းကျင်သူများဆီမှ ဖြစ်သည်။

‘ယုထောင်မြို့ပျက်မှာ ကျွမ်းကျင်သူတွေ ရှိနေပြီလား’

ယန်ခယ့်အာက ရုပ်သေးရုပ်ဖြင့် နောက်မှ လိုက်လာသည်။

ဆယ်မိုင်အကွာတွင် သူတို့က တိုက်ပွဲကို လှမ်းမြင်လိုက်ရသည်။

နလန်မိုရန်က လေးနက်သောမျက်နှာထားဖြင့် ပျက်စီးနေသော မျှော်စင်တစ်ခုတွင် ရပ်နေသည်။

“ဟိုမှာပဲ”

ယန်ခယ့်အာက အံ့အားသင့်နေပြီး တီးတိုးပြောသည်။

“ငါတို့ ယုထောင်မဟာမိတ်ကို လူတချို့က တိုက်ခိုက်နေတယ်”

အနည်းဆုံး အဆင့်ရှစ်ကျွမ်းကျင်သူငါးယောက်၊ ဒါဇင်ချီသော အဆင့်ခုနစ်ကျွမ်းကျင်သူ၊ ရာချီသော အဆင့်ငါးနှင့်အဆင့်ခြောက် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များသည် ယုထောင်မဟာမိတ်၏ ဟယ်မိသားစုအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်နေကြသည်။

အဆင့်ရှစ်ကျွမ်းကျင်သူငါးယောက်သည် ယုထောင်မဟာမိတ်၏ ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နေကြသည်။

ယုထောင်မဟာမိတ်၏ လက်ထောက်ခေါင်းဆောင်နှစ်ယောက်က အဆင့်ရှစ်ကျွမ်းကျင်သူနှစ်ယောက်ကို ခေါ်ထုတ်သွားပြီး ကျန်ရှိနေသော သုံးယောက်က ဟယ်ရန်စွန်းကို ဝိုင်းရံထားသည်။

ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ကို ကိုင်ထားပြီး အဆင့်ရှစ်ကျွမ်းကျင်သူသုံးယောက်နှင့် ရင်ဆိုင်နေသည်။

“အဲဒါက နင့်အစ်ကိုကြီးလား”

ယန်ခယ့်အာက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ညင်သာစွာ မေးသည်။

သူက အဆင့်တူသုံးယောက်နှင့် ရင်ဆိုင်နိုင်သည်။ ထိုလူမျိုးကို မြို့ကြီးများ၏ မိသားစုများကသာ ပျိုးထောင်ပေးနိုင်လိမ့်မည်။

နလန်မိုရန်က စကားမပြောပေ။ သူက ခေါင်းညိတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။

“အဲဒါဆို ငါလှုပ်ရှားလိုက်မယ်”

ယန်ခယ့်အာက နလန်မိုရန်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

မိသားစုကြီး၏ အခွင့်အရေးကို လွယ်ကူစွာ မရနိုင်ပေ။

နလန်မိုရန်ကို အဆင့်ရှစ်ကျွမ်းကျင်သူက စောင့်ရှောက်ထားသည်။ ယုထောင်မဟာမိတ်တွင်လည်း ဝှက်ဖဲများရှိနိုင်သည်။

“မလိုပါဘူး”

နလန်မိုရန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ညင်သာစွာပြောသည်။

“ငါ့အစ်ကိုကြီးက ကောင်းကောင်းမပျော်ရသေးဘူး”

‘ကောင်းကောင်းမပျော်ရသေးဘူးတဲ့လား’

‘သူက အဆင့်ရှစ်ကျွမ်းကျင်သူသုံးယောက်နဲ့ အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်နေရတာမဟုတ်လား’

အဆင့်ရှစ်ချပ်ဝတ်သခင် နှစ်ယောက်နှင့် အဆင့်ရှစ်ရုပ်သေးရုပ်က ဟယ်ရန်စွန်းကို ဝိုင်းရံထားသည်။ ယန်ခယ့်အာက သူ့ကို စိတ်ဝင်စားစွာ ကြည့်နေသည်။

“ဘုန်း”

မဟာမိတ်၏ လက်ထောက်ခေါင်း‌ဆောင် ကျူးရှန်လင်းက ပြိုင်ဘက်ရုပ်သေးရုပ်၏ လှံချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။

ရုပ်သေးရုပ်က လှုပ်ရှားလိုက်ပြီး ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာသည်။

အဆင့်ရှစ်ကျွမ်းကျင်သူ လေးယောက်က သူ့ကို ဝိုင်းရံထားသည်။

ဟယ်ရန်စွန်းက ကျယ်လောင်စွာရယ်သည်။ သူ၏ ချပ်ဝတ်မျက်နှာဖုံးက ပြုံးနေသောမျက်နှာထားကို ဖော်ပြသည်။

ဓားမော့နှစ်လက်ကိုင်ထားသော ရုပ်သေးရုပ်တစ်ရုပ်သည် သူ့နောက်တွင် ညင်သာစွာ ပေါ်လာသည်။

“ရွှပ်”

ဓားမော့လေးလက်သည် သွယ်ယှက်နေပြီး အဆင့်ရှစ်ကျွမ်းကျင်သူလေးယောက်ကို တားဆီးသည်။

ဟယ်ရန်စွန်းက ကိုယ်ပိုင်ခွန်အားနှင့် ရုပ်သေးရုပ်ကို အသုံးပြုပြီး အဆင့်တူလေးယောက်ကို ရင်ဆိုင်နိုင်သည်။

“အဆင့်ရှစ်ချပ်ဝတ်သခင်နဲ့ ရုပ်သေးသခင် ....”

ယန်ခယ့်အာက အံ့အားသင့်နေသည်။ သူမ၏ အကြည့်များက အနည်းငယ် ပြောင်းလဲသွားသည်။

လောကတွင် ကျွမ်းကျင်သူအများအပြား ရှိသော်လည်း ထိုအဆင့်သို့ ရောက်နိုင်သောလူများ သိပ်မရှိပေ။

သူမ သိထားသော အဆင့်ခုနစ်နှင့် အဆင့်ရှစ် မျိုးဆက်သစ်ပါရမီရှင်များကပင် ဟယ်ရန်စွန်းနှင့် မယှဉ်နိုင်ကြပေ။

ထို့အပြင် သူတို့က ကျောင်းတော်တွင် ပညာသင်ယူနေသော လူငယ်များ ဖြစ်ကြသည်။

နေကြတ်ကျောင်းတော်၏ နံပတ်တစ်တပည့်ကပင် အဆင့်ရှစ်တွင် ဟယ်ရန်စွန်းကဲ့သို့ မသန်မာနိုင်ပေ။

‘ဒါက မိသားစုကြီးရဲ့ မျိုးဆက်လား’

“သခင်လေးနလန်၊ ရှင့်ရဲ့ အစ်ကိုကြီးက မြို့ကြီးမှာလည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူပဲမဟုတ်လား”

ယန်ခယ့်အာက နလန်မိုရန်ကို ကြည့်လိုက်သည်။

သူ၏ ခွန်အားနှင့် ကျင့်ကြံဆင့်သည် အဆင့်တူများကြားတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ယန်ခယ့်အာ၏စကားကို ကြားရသောအခါတွင် နလန်မိုရန်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မဟုတ်ဘူး”

‘မဟုတ်ဘူလား’

ယန်ခယ့်အာက အံ့အားသင့်သွားသည်။ သို့သော် နလန်မိုရန်၏စကားကို ဆက်ကြားရသည်။

“ငါ့အစ်ကိုကြီးက လေဟာနယ်မြို့ကြီးကို တစ်ခါမှ မရောက်ဖူးဘူး”

‘မြို့ကြီးကို တစ်ခါမှ မရောက်ဖူးဘူးလား’

‘အဲဒါက ဘာပြောချင်တာလဲ’

“ဘုန်း”

ဟယ်ရန်စွန်း၏ ဓားမော့လေးလက်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ထူးခြားသော နည်းစနစ်ဖြင့် အဆင့်ရှစ်ချပ်ဝတ်သခင် သုံးယောက်ကို ဖယ်ထုတ်သည်။

ထို့နောက် သူက အဆင့်ရှစ်ရုပ်သေးရုပ်ကို ခုတ်ချသည်။

ထိုအချိန်တွင် ဟယ်ရန်စွန်းက ပေဆယ်ချီအကွာတွင် ရစ်ဝဲပြီး စစ်နတ်ဘုရားတစ်ပါးသဖွယ် ရှိနေသည်။

ဤနေရာသည် ယုထောင်မြို့ပျက် ဖြစ်သည်။ ပတ်ဝန်းကျင်၏ ဖိအားကြောင့် ဟယ်ရန်စွန်းက ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်ပေ။ သူက လွတ်လပ်စွာ မပျံသန်းနိုင်ပဲ ပေဆယ်ချီအကွာတွင် လွင့်မျောနေရုံသာ တတ်နိုင်သည်။

အကယ်၍ အပြင်ဘက်တွင် ရှိနေလျှင် အဆုံးမရှိသော အလင်းတန်းများ စုစည်းနေပြီး တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလိမ့်မည်။

‘အရမ်းသန်မာတာပဲ’

ယန်ခယ့်အာ၏ မျက်လုံးများက ထူးဆန်းသွားသည်။

“အားလုံးပဲ ဒီခွန်အားလေးနဲ့ဆိုရင်တော့ မလုံလောက်ဘူးနော်”

ဟယ်ရန်စွန်းက ဓားမော့ဖြင့် ညွှန်ပြလိုက်ပြီး တခစ်ခစ်ရယ်သည်။

အဆင့်ရှစ်ကျွမ်းကျင်သူ လေးယောက်က တစ်ယောက်ကိုတစ်ဘောက် ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများက စူးရှနေသည်။

“ဟယ်ရန်စွန်း၊ မင်းက ရွှယ်နင်းအာကို မကာကွယ်နိုင်ပါဘူး”

“သူမကို လွှဲပေးလိုက်။ ငါတို့က လှံကိုယူဖို့ ရောက်လာတာပဲ”

“မဟုတ်ရင် မင်းနဲ့ ဟယ်မိသားစုက ရွှယ်နင်းအာနဲ့အတူ သေဆုံးသွားရလိမ့်မယ်”

သူတို့က မောက်မာသည်။

သူတို့၏ ခြိမ်းခြောက်မှုသည် လူတိုင်းကို တုန်ခါသွားစေသည်။

‘ဟယ်ရန်စွန်း’

‘ဟယ်မိသားစုရဲ့ သခင်လေးလား’

‘ဘုရားမြို့ရဲ့ မိုင်တစ်သန်းပတ်ဝန်းကျင်မှာ နံပတ်တစ်ပါရမီရှင်လို့ နာမည်ကြီးတဲ့လူလား’

ယန်ခယ့်အာက ထိတ်လန့်သွားပြီး နလန်မိုရန်ကို ကြည့်သည်။

‘အဲဒါက သူ့အစ်ကိုကြီးလို့ မပြောခဲ့ဘူးလား’

“ဟယ်ရန်စွန်းက ငါ့ရဲ့ အဖေတူအမေကွဲ အစ်ကိုကြီးအစစ်ပဲ”

နလန်မိုရန်က သူမကို လှည့်မကြည့်ဘဲ တည်ငြိမ်စွာပြောသည်။

‘ဟယ်ရန်စွန်းက နလန်မိုရန်ရဲ့ သွေးတစ်ဝက်အစ်ကိုကြီးလား’

‘ရုပ်သေးရုပ်ရဲ့လက်မောင်းကို ဟယ်မိသားစုက ရသွားတယ်လို့ မင်ဝူမြို့က ကြားခဲ့ရတယ်’

‘နလန်မိုရန်က ရုပ်သေးရုပ်ရဲ့လက်မောင်းကို တကယ်ပဲ ဝယ်ထားတာလား’

အရာအားလုံးက ရှုပ်ထွေးနေသည်ဟု ယန်ခယ့်အာက ခံစားရသည်။

‘ဒါက လှည့်ကွက်တစ်ခုလား’

‘အဲဒီလောက်တော့ မဟုတ်ဘူး’

နလန်မိုရန်၏ နောက်ကွယ်တွင်ရှိသော နလန်မိသားစု၊ အဆင့်တူကျွမ်းကျင်သူလေးယောက်ကို ဖိနှိပ်ထားသော ဟယ်ရန်စွန်းတို့အတွက် လှည့်ကွက်များကို ထုတ်သုံးရန် မလိုအပ်ပေ။

ထို့အပြင် မည်သို့ပင်ဖြစ်စေ ရုပ်သေးရုပ်၏ လက်မောင်းက လက်ထောက်မြို့သခင် စုယန်ဆီသို့ ရောက်သွားသည်။

ထိုအရာသည် မင်ဝူမြို့အတွက် အကောင်းဆုံးအကျိုးအမြတ် ဖြစ်သည်။

လူတိုင်းက လိုအပ်သောအရာကို ရှာဖွေနေခြင်းသာ ဖြစ်သည်။

“ရွှယ်နင်းအာက ယုထောင်မြို့သခင်ရဲ့ မျိုးဆက်လား”

ယန်ခယ့်အာက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“သူတို့က လှံကို ယူသွားချင်တယ်လို့ ပြောနေတယ်။ အဲဒါက ....”

“မင်းတို့ပဲလား”

ဟယ်ရန်စွန်းက ရယ်သည်။ သူ၏ ချပ်ဝတ်က ရွှေအလင်းကို ထုတ်လွှတ်သည်။ သူ့နောက်တွင်ရှိသော ရုပ်သေးရုပ်က သူနှင့် ပဲ့တင်ထပ်နေသည်။ ယန်ခယ့်အာ၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဟယ်ရန်စွန်း၏ ရှေ့တွင်ရှိသော အနက်ရောင်အစက်အပြောက်ကို ကြည့်သည်။

ပုံရိပ်တစ်ခု ဖြစ်သည်။

“တုံးအလိုက်တဲ့ အရူးပဲ”

အော်ဟစ်သံနှင့်အတူ အနက်ရောင်ရုပ်သေးရုပ်သည် ဟယ်ရန်စွန်းဆီသို့ ပြေးဝင်လာပြီး လှံဖြင့် ထိုးချသည်။

ထိုအမြန်နှုန်းနှင့် ခွန်အားသည် အဆင့်ကိုးတွင် ရှိနေသည်။

အဆင့်ကိုးချပ်ဝတ်သခင်က ထိန်းချုပ်ထားသော အဆင့်ကိုးရုပ်သေးရုပ် ဖြစ်သည်။

သူက ဟယ်ရန်စွန်းကို အဆင့်ကိုးကျွမ်းကျင်သူခွန်အားဖြင့် ဖိနှိပ်ချင်သည်။

ယန်ခယ့်အာက လှုပ်ရှားချင်သော်လည်း ရပ်တန့်လိုက်သည်။

သူမက လှံရှည်၏ခွန်အားကို မတားဆီးနိုင်ပေ။

“အခုတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ”

ဟယ်ရန်စွန်းက ကြောက်ရွံ့မှုမရှိပေ။ သူ့လက်ထဲတွင်ရှိသော ဓားမော့နှစ်လက်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ သူ့နောက်တွင်ရှိသော ရုပ်သေးရုပ်က သူ့ကို အားဖြည့်ပေးနေသည်။

ဓားမော့အလင်းသည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ခုတ်ချလိုက်သည်။

All Chapters