အခန်း (၁၂၆၆)
Vol. 91 Ch. 1266
“ဘုန်း”
ဟယ်ရန်စွန်း၏ ဓားမော့ခုတ်ချက်ကြောင့် အဆင့်ကိုးရုပ်သေးရုပ်က ရပ်တန့်လိုက်ရသည်။
ဟယ်ရန်စွန်းကတော့ လွင့်ထွက်သွားသည်။
သူက အရေးနိမ့်နေသည်။
သို့သော် ဂုဏ်ယူဝင့်ကြွားနိုင်သည်။
ဤလောကတွင်ရှိသော အဆင့်ရှစ်ကျွမ်းကျင်သူ မည်မျှက အဆင့်ကိုးကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည်နည်း။
ယန်ခယ့်အာက လေးစားနေသည်။
ဟယ်ရန်စွန်းက အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
အဆင့်ကိုးရုပ်သေးရုပ်က ဟယ်ရန်စွန်းဆီသို့ ခုန်ဝင်လာသည်။
“ရွှယ်နင်းအာကို ထုတ်ပေးလိုက်။ မဟုတ်ရင် မင်းကို ဒီနေရာမှာ သေသွားအောင် လုပ်ပစ်မယ်”
အိုမင်းနေသောအသံသည် လွှမ်းမိုးနိုင်စွမ်းရှိသည်။
“ဒီနေရာမှာ သေသွားမှာလား”
ဟယ်ရန်စွန်း၏ ပုံရိပ်က ရပ်တန့်သွားသည်။
သူက အပြုံးတစ်ခုနှင့်အတူ ဟယ်မိသားစုအိမ်တော်တွင် ရပ်နေသည်။
“ဒီရုပ်သေးရုပ်ကို မျှားခေါ်ဖို့ မလိုဘူးဆိုရင် ဒီလောက်အထိ အားထုတ်နေမှာမဟုတ်ဘူး”
ဟယ်ရန်စွန်းက ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်မြှောက်သည်။
“ဟယ်မိသားစုရဲ့ ဘိုးဘေးတို့၊ ရန်သူကို ဖမ်းဆီးနိုင်အောင် ကူညီပေးပါ ....”
“ဘုန်း ....”
အစိမ်းရောင်အလင်း ဆယ့်လေးခုသည် ဟယ်မိသားစု၏ ဘိုးဘေးခန်းဆောင်မှတစ်ဆင့် ကောင်းကင်ပေါ်သို့ ရောက်လာသည်။
ချပ်ဝတ်နှင့် ရုပ်သေးရုပ် ဆယ့်လေးခုသည် အဆင့်ကိုးရုပ်သေးရုပ်ကို ဝိုင်းရံထားသည်။
အောက်တွင်ရှိသော ဟယ်မိသားစုအိမ်တော်တွင် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လူအိုကြီးက ခေါင်းမော့လိုက်ပြီး ရေရွတ်သည်။
“အဲဒီကလေးက ပိုပြီး ကောက်ကျစ်လာတာပဲ”
သူက စကားပြောလိုက်ပြီး စားပွဲရှည်တွင် ရှိနေသော ရုပ်သေးရုပ်အား လေ့လာနေသည့် ဟန်မူယဲ့ကို ကြည့်သည်။ ထို့အပြင် သူ့ပခုံးပေါ်တွင်ရှိသော ရွှေရောင်ငှက်နှင့် ဘေးတွင် လွင့်မျောနေသော ခေးအော့၏ပုတီးစေ့ကိုလည်း ကြည့်လိုက်သည်။
“ငါ့ကိုလာမကြည့်နဲ့။ ငါက သူ့ကို အဲဒီလိုမျိုး သင်မပေးဘူး”
ရွှေရောင်ငှက်က တကျီကျီမြည်သည်။
“ဒါက ငါနဲ့လည်း မဆိုင်ဘူး။ လှုပ်ရှားနိုင်တဲ့အချိန်မှာ စကားမများနဲ့ အားထုတ်ဖို့မလိုရင် စွမ်းအင်မသုံးနဲ့လို့ ပြောလိုက်ရုံပဲ”
ခေးအော့၏ ပုတီးစေ့က ဂုဏ်ယူစွာ ပြောသည်။
“အဲဒီကလေးရဲ့ နားလည်နိုင်စွမ်းက မဆိုးဘူးပဲ”
“ဒါနဲ့ သူ့ရဲ့ ပိုက်ဆံဖြုန်းတဲ့ပုံစံကတော့ ဟန်မူယဲ့ဆီကနေ သင်ထားတာဖြစ်လိမ့်မယ်”
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး လျစ်လျူရှုထားသည်။
ရုပ်သေးရုပ်နှင့် ချပ်ဝတ် ၁၄ခုသည် ဟယ်မိသားစု၏ ဘိုးဘေးခန်းဆောင်တွင် မြှုပ်နှံထားသော အမွေအနှစ်ပစ္စည်းများ ဖြစ်ကြသည်။
ဟယ်ရန်စွန်းက မျိုးဆက်ဟောင်းများ၏ အသိအမှတ်ပြုခြင်းကို ရထားသောကြောင့် သူတို့ကို အသက်သွင်းနိုင်ခဲ့သည်။
ရုပ်သေးရုပ်နှင့် ချပ်ဝတ် ၁၄ခုသည် အလွန်အားကောင်းပြီး သူတော်စင်အဆင့်နှင့် ယှဉ်နိုင်သည်။
သူတို့တွင် အားနည်းချက်ရှိသည်။ အချိန်ကြာမြင့်စွာ မတိုက်ခိုက်နိုင်ကြပေ။
သို့သော် ဟယ်ရန်စွန်းက အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် မလိုအပ်ပေ။ ပြိုင်ဘက်က အဆင့်ကိုးရုပ်သေးရုပ်တစ်ခုသာ ဖြစ်သည်။
“ဘုန်း”
ရုပ်သေးရုပ်နှင့် ချပ်ဝတ် ၁၄ခုသည် အစွမ်းကုန်ထုတ်သုံး၍ အဆင့်ကိုးရုပ်သေးရုပ်ဆီသို့ ပြေးဝင်သွားကြသည်။
ဟယ်ရန်စွန်းက ရွှေအလင်းကို ထုတ်လွှတ်ပြီး ကောင်းကင်ကို ကြည့်သည်။
“မင်းက သေချင်နေတာပဲ”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပျံသန်းလာသည်။ သူက လက်မြှောက်ပြီး နောက်ထပ် ရုပ်သေးရုပ်တစ်ရုပ်ကို ဟယ်ရန်စွန်းဆီသို့ စေလွှတ်သည်။
အဆင့်ကိုးရုပ်သေးရုပ် ဖြစ်သည်။
သို့သော် ထိုရုပ်သေးရုပ်က ခွန်အားသိပ်မကောင်းဘဲ အရံသာဖြစ်သည်။
ထိုရုပ်သေးရုပ်၏ အစိတ်အပိုင်းတချို့က အဆင့်ရှစ်တွင်သာ ရှိနေသည်။
သို့သော် အဆင့်ကိုးကျွမ်းကျင်သူ ထိန်းချုပ်ထားသော အဆင့်ကိုးရုပ်သေးရုပ်ကို အဆင့်ရှစ်က ယှဉ်နိုင်မည်မဟုတ်ပေ။
ထိုသို့ ဖြစ်သော်လည်း ဟယ်ရန်စွန်းက သာမန်အဆင့်ရှစ် မဟုတ်ပေ။
ယခင်က ရုပ်သေးရုပ်နှင့် ရင်ဆိုင်ရာတွင် သူက တမင်သက်သက် နောက်ဆုတ်ပေးခဲ့သည်။
“ဘုန်း”
ဤတစ်ကြိမ်တွင် သူက နောက်မဆုတ်ဘဲ အဆင့်ကိုးရုပ်သေးရုပ်က နောက်ဆုတ်ပေးလိုက်ရသည်။
ဟယ်ရန်စွန်း၏ ရုပ်သေးရုပ်နှင့် ချပ်ဝတ်က အဆင့်ရှစ်သာ ဖြစ်သော်လည်း အဆင့်ရှစ်များကြားတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
ထို့ကြောင့် သာမန် အဆင့်ကိုး ရုပ်သေးရုပ်က သူ့ကို မဖိနှိပ်နိုင်ပေ။
“အထင်ကြီးစရာပဲ”
ဟယ်ရန်စွန်းက ရုပ်သေးရုပ်နှင့် ပူးပေါင်းပြီး အဆင့်ကိုးကျွမ်းကျင်သူနှင့် ရင်ဆိုင်နေသောကြောင့် ယန်ခယ့်အာက အံ့အားသင့်သွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။
‘အဆင့်ရှစ်ကျွမ်းကျင်သူက ဒီလောက်တောင် သန်မာတာလား’
“ဘန်း”
ဟယ်ရန်စွန်း၏နောက်တွင် ရုပ်သေးရုပ်နှင့် ချပ်ဝတ် ၁၄ခု၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသော အဆင့်ကိုးရုပ်သေးရုပ်က လျင်မြန်စွာ ပြုတ်ကျလာသည်။
သူ့ရှေ့တွင်ရှိသော အဆင့်ကိုးရုပ်သေးသခင်က ဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်တွင် သွေးစီးကျလာသည်။
“မင်းစောင့်နေလိုက်”
လူအိုကြီးက ဟိန်းဟောက်လိုက်ပြီး ဟယ်ရန်စွန်းနှင့် တိုက်ခိုက်နေသော ရုပ်သေးရုပ်ကိုခေါ်၍ ပျံသန်းသွားသည်။
ဟယ်မိသားစုအိမ်တော်ကို ဝိုင်းရံထားသော ကျွမ်းကျင်သူများကလည်း လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
ဟယ်ရန်စွန်းက တည်ငြိမ်သောမျက်နှာထားဖြင့် နေရာတွင် တစ်ယောက်တည်းရပ်နေသည်။
“အဲဒါက ငါ့အစ်ကိုကြီးပဲလေ”
နလန်မိုရန်က ဂုဏ်ယူနေသောမျက်နှာထားဖြင့် ယန်ခယ့်အာကို လှည့်ကြည့်သည်။
“အထင်ကြီးစရာကောင်းတယ်မဟုတ်လား”
ယန်ခယ့်အာက အံ့အားသင့်နေပြီး ရုတ်တရက် ရှက်သွားသည်။
“သွားကြရအောင်။ ငါ့အစ်ကိုနဲ့ မိတ်ဆက်ပေးမယ်”
နလန်မိုရန်က ဟယ်မိသားစုအိမ်တော်သို့ ဦးတည်လိုက်သည်။
ဟယ်ရန်စွန်းက ယန်ခယ့်အာကို လေးစားမှုပြပေးခဲ့သည်။
သူမက အဆင့်ကိုးရုပ်သေးသခင်ဖြစ်ပြီး နေကြတ်ကျောင်းတော်တွင် နည်းပြဖြစ်သည်။ ထို့အပြင် မင်ဝူမြို့၏ သခင်မလေးလည်း ဖြစ်နေသည်။ သာမန်လူမဟုတ်ပေ။
ယန်ခယ့်အာက ရွှယ်နင်းအာ၏ အထောက်အထားကို သိနေသော်လည်း ထုတ်မပြောရန် ဆုံးဖြတ်ခဲ့သည်။
နှစ်ပေါင်းမရေမတွက်နိုင်သော အတိတ်၏ ရန်ငြိုးများကို သူမတို့က ဆက်လက်သယ်ဆောင်ထားရန် မလိုအပ်ပေ။
ယုထောင်မြို့သည် အပျက်အစီးအဖြစ် ပြောင်းလဲသွားသည်။ မင်ဝူမြို့ကလည်း ဒါဇင်ချီသော မြို့သခင်များ၏ လက်ထဲတွင် ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်တွင် လူတိုင်းက ယုထောင်မြို့ပျက်တွင် လုံလောက်သော ရတနာများကို ရှာဖွေရန်သာ လိုအပ်သည်။
ရွှယ်နင်းအာက ယန်ခယ့်အာအကြောင်းကို ကြားလိုက်ရသောအခါတွင် မသက်မသာ ဖြစ်နေသည်။
သို့သော် တစ်ဖက်လူက မင်ဝူမြို့၏ အဆင့်ကိုးကျွမ်းကျင်သူ ဖြစ်သည်။ သူမက အဆင့်ကိုးသို့ ရောက်နေလျှင်ပင် လက်စားချေနိုင်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်လုံးက မင်ဝူမြို့နှင့် ယုထောင်မြို့ပျက်၏ ရန်ငြိုးအကြောင်းကို ထုတ်မပြောရန် ရွေးချယ်ခဲ့သောကြောင့် အလယ်တွင်ရှိနေသော ဟယ်ရန်စွန်းအတွက် သက်သာသွားသည်။
ဟယ်ရန်စွန်းက အတော်လေး အလုပ်များနေသည်။ သူက ဧည့်သည်များကို လက်ခံပြီး ဟန်မူယဲ့ဆီသို့ ရောက်လာသည်။
နလန်မိုရန်က ဧည့်သည်များ၏ နေထိုင်ရေးကို စီစဉ်ပေးပြီး လှံရှည်ကို ထုတ်ယူရန် ဆွေးနွေးနေသည်။
ဟယ်မိသားစုအိမ်တော်ကို တိုက်ခိုက်ရန် ရောက်လာသော လူများသည် လှံရှည်ကို လိုချင်ကြသည်။
သို့သော် သူတို့က ရွှေနက်ရုပ်သေးရုပ်နှင့် လှံရှည်အား ဆင့်ခေါ်နိုင်မည့် ရွှယ်နင်းအာ၏ လျှို့ဝှက်နည်းလမ်းကိုလည်း လိုအပ်သည်။
ထို့ကြောင့် ရွှယ်နင်းအာကို ဖမ်းဆီးရန် ရောက်လာခဲ့သည်။
“ဆရာဟန်၊ ဒါက အဆင့်ကိုးရုပ်သေးသခင်ရဲ့ ရုပ်သေးရုပ်ပါ”
ဟယ်ရန်စွန်းက အနည်းငယ် ပျက်စီးနေသော ရုပ်သေးရုပ်ကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရုပ်သေးရုပ်ကို လက်ခံသည်။ သူက ဓားဆန္ဒကို ရုပ်သေးရုပ်ထဲသို့ ထည့်သွင်းပြီး မှတ်ဉာဏ်များကို ဖတ်ကြည့်လိုက်သည်။
ရုပ်သေးရုပ်၏ပိုင်ရှင်က တစ်ကိုယ်တော်ကျင့်ကြံသူ ရှုချန်ကျား ဖြစ်သည်။
သူက မိသားစုကျဆင်းသွားပြီး အသက်ရှင်နိုင်ရန်အတွက် မြို့ကြီးများကြားတွင် လှည့်ပတ်သွားလာနေရသော ကျင့်ကြံသူမျိုး ဖြစ်သည်။
ဤတစ်ကြိမ်တွင် အင်အားစုတစ်ခုက သူတော်စင်အဆင့် လှံရှည်ကို ထုတ်ယူပေးရန်အတွက် သူ့ကို ဌားရမ်းခဲ့သည်။
‘သူတော်စင်အဆင့်တဲ့လား’
‘ဒီရှုချန်ကျားက ကောင်းကင်ခွဲလှံရဲ့ နောက်ကွယ်မှာရှိတဲ့ နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို မသိဘူးပဲ’
ထိုအဖွဲ့အစည်းသည် ကြယ်စင်စုစကြဝဠာ၏ အစောပိုင်းနေ့ရက်များတွင် ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ကြယ်စင်စုစကြဝဠာတွင် တခြားအဖွဲ့အစည်းများ ရှိနေပြီး နတ်ဘုရားတစ်သောင်း ဘုရားကျောင်းက အမြဲတမ်း ဖိနှိပ်ခံခဲ့ရသည်။
ထို့ကြောင့် သူတို့က အမှောင်ထဲတွင် ပုန်းအောင်းနေပြီး လူတချို့ကသာ သူတို့ကို သိကြသည်။
ယနေ့ခေတ်တွင် ကြယ်စင်စုစကြဝဠာက အားနည်းနေသောကြောင့် နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ပြန်ပေါ်လာသည်။
သို့သော် သူတို့က နာမည်ကို ထုတ်မသုံးကြပေ။
ရှုချန်ကျားကို လာရှာသောလူက အထောက်အထားကို ထုတ်မပြခဲ့ပေ။
သို့သော် ထိုလူက လှံရှည်၏ လျှို့ဝှက်ချက်များကို နားလည်ပြီး ဝင်္ကပါကို အသက်သွင်းရန်အတွက် နည်းလမ်းတချို့ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လှံရှည်နှင့် သေချာပေါက် ပတ်သတ်နေလိမ့်မည်။
‘ကောင်းကင်ခွဲလှံကို သိမ်းဆည်းထားတဲ့ နတ်ဘုရားတစ်သောင်းဘုရားကျောင်းက လူတွေလား’
ဟန်မူယဲ့က မှတ်ဉာဏ်များကို ဖတ်ကြည့်လိုက်ပြီး ဟယ်ရန်စွန်းကို ပြောသည်။
“လှံရှည်ကို ထုတ်ယူတဲ့နေရာမှာ အင်အားစုကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ငါတစ်ယောက်တည်း လုပ်လိုက်မယ်”
သူ့စကားကို ကြားရသောအခါ ဟယ်ရန်စွန်းက ကြောင်အသွားပြီး လျင်မြန်စွာ ဦးညွတ်သည်။
“ဆရာဟန်၊ ကျွန်တော်တို့မိသားစုက ဆရာဟန်ကြောင့် ဒီနေ့လိုမျိုး အောင်မြင်လာတာပါ။ ကျွန်တော်က ဆရာဟန်ကို အမြဲတမ်း ကူညီပေးမှာပါ”
ဟယ်ရန်စွန်းက ယခင်နှင့် မတူတော့ပေ။
သူက ဟန်မူယဲ့၏နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်လာခဲ့ပြီး အမြင်ကျယ်လာသည်။
ဆရာဟန်၏ ပန်းပဲစွမ်းရည်၊ သူ၏ ခွန်အား၊ ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ကြွယ်ဝမှုနှင့်ဆိုလျှင် မည်သည့်အဖွဲ့အစည်းက ခြိမ်းခြောက်နိုင်မည်နည်း။
ဆရာဟန်က ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အသစ်ဖန်တီးရန် ကြိုးစားနေသော နှိမ့်ချတတ်သည့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။
ဟယ်ရန်စွန်းက ဟန်မူယဲ့၏ လေ့လာချက်များကို မြင်ဖူးသည်။ သူက မကြာခဏဆိုလျှင်ပင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ နာမည်ဖြင့် ဝိညာဉ်သတ္တုများကို ဝယ်ယူလေ့ရှိသည်။
သူဝယ်ယူလိုက်သော အစိတ်အပိုင်းတစ်ခုကပင် သန်းဆယ်ချီသည်။ ထို့အပြင် ရှားပါးသောကြောင့် အချိန်ပေး၍ ရှာဖွေရသည်။
ဆရာဟန်၏ လေ့လာချက်သည် လောကကို တုန်ဟီးသွားစေလိမ့်မည်။
“ကောင်လေး၊ မင်းက မတုံးအဘူးပဲ”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ပြုံးသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူ့မျက်နှာထားက အနည်းငယ် လေးနက်နေသည်။
“ငါက နောက်နေတာမဟုတ်ဘူး။ လှံရှည်ရဲ့ နောက်ကွယ်မှာရှိတဲ့ အင်အားစုက နတ်ဘုရားတစ်သောင်း ဘုရားကျောင်းနဲ့ ပတ်သတ်နေတယ်”
“နတ်ဘုရားတစ်သောင်း ဘုရားကျောင်းလား”
ဟယ်ရန်စွန်းက အံ့အားသင့်သွားသည်။
သူက ထိုနာမည်ကို ကြားဖူးသည်။
အစည်းအရုံးများက နတ်ဘုရားတစ်သောင်း ဘုရားကျောင်းကို ဝိုင်းရံတိုက်ခိုက်ခဲ့သောကြောင့် မြို့အများအပြား ပျက်စီးသွားခဲ့သည်။
ယခင်က နတ်ဘုရားတစ်သောင်း ဘုရားကျောင်းသည် နေရာတိုင်းတွင် ပြဿနာရှာချင်ခဲ့သည်။
သို့သော် အစစ်အမှန် အင်အားစုကြီးတစ်ခု ဖြစ်သည်။