အခန်း (၁၂၆၇)
Vol. 91 Ch. 1267
“စိတ်ပူစရာမလိုပါဘူး။ ယုထောင်မြို့ပျက်ကနေ ထွက်လာရင် နေကြတ်မြို့ကိုသွားမယ်လို့ ဆရာဟန်က ပြောခဲ့တယ်မဟုတ်လား”
ဟယ်ရန်စွန်းက ပြုံးလိုက်သည်။
“ကျွန်တော်တို့က နေကြတ်ကျောင်းတော်ကို ရောက်သွားရင် ဘယ်သူက ပြဿနာလာရှာရဲမှာလဲ”
ကြယ်စင်စုစကြဝဠာ၏ အသန်မာဆုံးအင်အားစုများထဲတွင် ပန်းပဲပညာရှင်အစည်းအရုံး၊ ရုပ်သေးသခင်အစည်းအရုံး၊ ချပ်ဝတ်သခင်အစည်းအရုံးနှင့် ကျောင်းတော်အစည်းအရုံးတို့ ပါဝင်ကြသည်။
သန်မာသော ကျွမ်းကျင်သူများ အားလုံးနီးပါးသည် ကျောင်းတော်နှင့် ပတ်သတ်နေကြသည်။
ဟန်မူယဲ့၏အမြင်တွင် ကျောင်းတော်သည် မူလစကြဝဠာ၏ ဂိုဏ်းများနှင့် ဆင်တူသည်။
ကျောင်းတော်က ဂိုဏ်းများအားလုံး၏ မဟာမိတ် ဖြစ်သည်။
အသန်မာဆုံးအင်အားစုဟူ၍ မရှိပေ။ ပိုမိုသန်မာသော အင်အားစုသာ ရှိသည်။
ကြယ်စင်စုစကြဝဠာတွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ၏ ၉၅%ကို ကျောင်းတော်၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသည်။
အဘယ်ကြောင့်ဆိုသော် အစစ်အမှန်ကျွမ်းကျင်သူများအားလုံးက ကျောင်းတော်တွင် တည်ရှိကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကို သိမ်းသည်။ ထို့နောက် ပြောသည်။
“ကောင်းပြီ။ ကုန်သွယ်ရေးအဖွဲ့က တည်ငြိမ်နေတယ်။ ကျောင်းတော်ကိုသွားဖို့ အချိန်ကျပြီ”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ နောက်ကွယ်တွင် ပန်းပဲပညာရှင်အစည်းအရုံး ရှိနေသည်။ ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ပန်းပဲပညာရှင်အစည်းအရုံးတွင် ရွှေဥ ဥပေးသော ငန်းတစ်ကောင် ဖြစ်ရုံသာမက တိုးတက်မှု၏ ပြယုဂ်လည်း ဖြစ်သည်။
လူတစ်ယောက်က တီထွင်ဖန်တီးမှုကို လုပ်နိုင်လျှင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ကောင်းမွန်စွာ ဆုချလိမ့်မည်။
အဆင့်သိပ်မမြင့်သော ကျင့်ကြံသူနှင့် ပန်းပဲပညာရှင်များအတွက် ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ကြယ်စင်စုစကြဝဠာတစ်ခုလုံး၏ အကောင်းဆုံးနေရာ ဖြစ်သည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ နှစ်စဉ်ဆုကြေးက ပျောက်ကွယ်သွားခဲ့လျှင် စကြဝဠာတစ်ခုလုံး ဆူညံသွားလိမ့်မည်။
ဟန်မူယဲ့က ကျောင်းတော်သို့သွားမည်ဟု ပြောလိုက်သောအခါ ဟယ်ရန်စွန်းက ပြုံးသည်။
သူက နှစ်ထပ်ကွမ်း အဆင့်ရှစ်ကျွမ်းကျင်သူဖြစ်ပြီး အဆင့်ကိုးသို့ရောက်ရန် သိပ်မလိုတော့ပေ။
ကျောင်းတော်တွင် ဝင်ခွင့်ရရန် အနည်းဆုံး အဆင့်ခြောက်ဖြစ်နေရမည်။
သူ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာပြီး အလွန်သန်မာသည်။ ထို့အပြင် ဆရာဟန်၏ သင်ပြမှု၊ ရုပ်သေးရုပ်၏ လေ့ကျင့်မှုနှင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အကြံဉာဏ်တို့ကြောင့် သူက ကျောင်းတော်ထက် မနိမ့်ကျပေ။
သို့သော် သူက ကျောင်းတော်ကို မြင်ချင်သည်။
ဟယ်ရန်စွန်းက တခြားလူများနှင့် ပူးပေါင်းပြီး မြို့သခင်အိမ်တော်၏ ဝင်္ကပါကို အသက်သွင်းရန် ထွက်သွားခဲ့သည်။
အခန်းထဲတွင် ရှိနေသော ဟန်မူယဲ့၏ မျက်လုံးများက ပြတ်သားနေသည်။
ကမ္ဘာဦးအဆင့်အား ကျော်လွန်နေသော လှံရှည်ကို သူက အရယူမည်။
သို့သော် သူက လှံရှည်၏ပိုင်ရှင်နှင့် နောက်ကွယ်တွင်ရှိသော အင်အားစုအကြောင်းကို ပိုသိချင်သည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်း ....
ဟန်မူယဲ့က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ အကျိုးအမြတ်ကို မူလစကြဝဠာတွင် ခံစားခဲ့သည်။ သူက နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို အလွတ်ပေးမည်မဟုတ်ပေ။
အကယ်၍ ထိုနေရာမှတစ်ဆင့် အရောင်းအဝယ်လုပ်နိုင်လျှင် ကမ္ဘာဦးချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို အချိန်တိုအတွင်း ရလာလိမ့်မည်။
စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုပင် ရလာလိမ့်မည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသည်။
လှံရှည်အတွက် ကျွမ်းကျင်သူများ ရောက်လာသောကြောင့် ရွှယ်နင်းအာက ခက်ခဲမှုကို ခံစားလိုက်ရသည်။
သူမက လှံရှည်ကို မယူနိုင်လျှင် မည်သည့်အရာကိုမှ ရမည်မဟုတ်ပေ။
ဟယ်ရန်စွန်း၏ စာချုပ်ထဲတွင် လှံရှည်က ဟယ်မိသားစု၏လက်ထဲသို့ ရောက်လာရမည်ဟု သတ်မှတ်ထားသည်။
အကယ်၍ လှံရှည်ကို မရနိုင်လျှင် ဟယ်ရန်စွန်းက ဈေးနှစ်ဆ ပေးမည်မဟုတ်ပေ။
ရွှယ်နင်းအာက ဟယ်ရန်စွန်းကိုရှာပြီး ဝင်္ကပါအား အသက်သွင်းမည့်အစီအစဉ်ကို ဆွေးနွေးခဲ့သည်။
ဟယ်ရန်စွန်းက မငြင်းပေ။ သူက ယုထောင်မဟာမိတ်၏ ကျွမ်းကျင်သူများကို စုစည်းခဲ့သည်။
“အခုတာဝန်ကတော့ လှံရှည်ကို ယူဖို့ပဲ”
ဟယ်ရန်စွန်းက အဆင့်ရှစ်ကျွမ်းကျင်သူများနှင့် အဆင့်ကိုးကျွမ်းကျင်သူ ယန်ခယ့်အာကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“သန်းတစ်ထောင်”
လူတိုင်းက အနည်းငယ် ကြောင်အသွားသည်။
“တာဝန်က အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သန်းတစ်ထောင်ရမယ်လို့ အစ်ကိုကြီးက ပြောချင်တာပါ”
နလန်မိုရန်က ရှင်းပြသည်။
သန်းတစ်ထောင် ဆုချမည်။
ယန်ခယ့်အာကပင် အံ့အားသင့်နေသည်။
မင်ဝူမြို့က သန်းတစ်ထောင်ရရန်အတွက် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းခဲ့ရသည်။
‘ဟယ်မိသားစုရဲ့ သခင်လေးက ပိုက်ဆံကို ပိုက်ဆံလို သဘောမထားဘူးလား’
“ခယ့်အာ၊ ဒီတစ်ကြိမ်မှာ ငါက သန်းငါးရာကို သီးသန့်ထည့်ပေးမယ်”
နလန်မိုရန်က ယန်ခယ့်အာကို တီးတိုးပြောသည်။
“ဒီသန်းငါးရာက ဒီတာဝန်မှာ ပါဝင်ပေးတဲ့အတွက် မင်းရဲ့ဆုကြေးပဲ”
သန်းငါးရာ ....
ယန်ခယ့်အာက တစ်ဖက်သို့ လှည့်ကြည့်သည်။ နလန်မိုရန်၏ မျက်နှာက သူမနှင့် အလွန်နီးနေသောကြောင့် မွေးညင်းပေါက်များကိုပင် မြင်လိုက်ရသည်။
‘ဒီကောင်လေးက ကလေးပဲရှိသေးတာကို သန်းငါးရာထုတ်ပေးချင်တာလား’
‘မူလဒင်္ဂါးသန်းငါးရာက ဘယ်လောက်လဲ သိရဲ့လား’
‘အဆင့်ရှစ်၊ အဆင့်ကိုး မိသားစုတွေက နှစ်ပေါင်းများစွာကြာအောင် စုဆောင်းရလိမ့်မယ်’
“နင် ....”
ယန်ခယ့်အာက စကားပြောချင်သော်လည်း နလန်မိုရန်က သူမ၏ ပါးစပ်ပေါ်တွင် လက်တင်၍ တားဆီးလိုက်သည်။
“ငါ့အစ်ကိုက လှံရလာရင် ငါက နောက်ထပ်သန်းငါးရာ ထပ်ပေးမယ်”
ထို့နောက် သူက လက်ကို ပြန်သိမ်းလိုက်ပြီး လေးနက်စွာပြောသည်။
“ငါက ကတိတည်ပါတယ်”
ယန်ခယ့်အာက ဆွံ့အနေသည်။
‘ဒီကောင်စုတ်လေးက ငါ့ကို ကစားစရာမှတ်နေတာလား’
မူလဒင်္ဂါးသန်းတစ်ထောင်ကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။
ရွှယ်နင်းအာက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဟယ်ရန်စွန်းကို ကြည့်သည်။
သူမက ထိုလှံ၏တန်ဖိုးကို အကြမ်းဖျင်း သိထားသည်။ အနည်းဆုံး မူလဒင်္ဂါး သန်းသောင်းချီ၍ တန်ဖိုးရှိသည်။
သို့သော် ဟယ်ရန်စွန်းက သန်းတစ်ထောင်ကို ဆုကြေးအဖြစ် တိုက်ရိုက်ထုတ်ပေးခဲ့သည်။
သူက မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နံပတ်တစ်ပါရမီရှင် ဖြစ်နေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ဟယ်ရန်စွန်းက အမှန်တကယ်ပင် ထူးခြားသည်။
တစ်ရက်အကြာတွင် ယုထောင်မဟာမိတ်၏ ဟယ်မိသားစုအိမ်တော်တွင် ကျွမ်းကျင်သူ အယောက်သုံးဆယ်သည် တိတ်ဆိတ်စွာ စုစည်းလာကြသည်။
ဆရာဟန်ဟု သိထားသော အစိမ်းရောင်ဝတ်စုံနှင့် ဟန်မူယဲ့မှလွဲ၍ အဆင့်ရှစ်ကျွမ်းကျင်သူ ခုနစ်ယောက်နှင့် အဆင့်ကိုးကျွမ်းကျင်သူ တစ်ယောက် ရှိနေသည်။ ကျန်လူများက အဆင့်ခြောက်နှင့် အဆင့်ခုနစ် ဖြစ်ကြသည်။
ယခင်က ထိုအင်အားမျိုးသည် ယုထောင်မြို့ပျက်ကို လွှမ်းမိုးထားနိုင်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ရှုချန်ကျားနှင့် တခြားလူများ၏ တိုက်ခိုက်မှုကြောင့် မြို့ထဲတွင် ပြိုင်ဘက်အနေဖြင့် အဆင့်ရှစ်နှင့် အဆင့်ကိုးကျွမ်းကျင်သူများ ရှိနေသည်။
လှံရှည်ကိုရရန် လွယ်ကူမည်မဟုတ်ပေ။
သူတို့က လမ်းတစ်လျှောက်တွင် ရတနာရှာနေသော ကျင့်ကြံသူများကို မြင်ခဲ့ရသည်။
ဟန်မူယဲ့တို့အုပ်စုကို မြင်ရသောအခါတွင် လူအများအပြားက လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
သူတို့၏အဖွဲ့က အရေအတွက်မများသော်လည်း ခွန်အားကောင်းသည်။
“ဒါက မြို့သခင်ဟောင်းရဲ့ အိမ်တော်ပဲ”
ဟန်မူယဲ့၏ ဘေးတွင်ရှိသော ဟယ်ရန်စွန်းက တီးတိုးပြောသည်။
သုံးထပ်စံအိမ်သည် ခြံဝိုင်းကျယ်ကို လွှမ်းခြုံထားသည်။
မြို့သခင်ခြံဝိုင်းသည် မိုင်သုံးဆယ်ခန့်သာရှိသည်ဟု ထင်ရသည်။ သို့သော် ဝင်္ကပါကြောင့် မိုင်သုံးရာကျယ်ဝန်းနေသည်။
မြို့သခင်ခြံဝိုင်းတွင်ရှိသော အဆောက်အအုံအများစုသည် တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည်။ ယခင်က တိုက်ပွဲ၏ ပြင်းထန်ပုံကို မြင်ယောင်ကြည့်နိုင်သည်။
မြို့သခင်ခြံဝိုင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ကျွမ်းကျင်သူများ၏ပစ်မှတ် ဖြစ်ခဲ့သည်။
ရွှယ်နင်းအာ၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
မြို့သခင်၏ မျိုးဆက်များသည် လုံလောက်သောခွန်အား မရှိသောကြောင့် ဤနေရာသို့ ရောက်မလာနိုင်ခဲ့ပေ။
“အဲဒီမှာ ဘယ်သူလဲ”
အသံတစ်သံ ပေါ်ထွက်လာပြီး အနက်ရောင်ချပ်ဝတ်နှင့် လူအိုကြီးတစ်ယောက်က စိုးရိမ်နေသော မျက်နှာထားဖြင့် ဟယ်ရန်စွန်းတို့အုပ်စုကို ကြည့်လိုက်သည်။
ထိုလူအိုကြီးသည် အနည်းဆုံး အဆင့်ခုနစ်တွင် ရှိနေသည်။
အနက်ရောင်ချပ်ဝတ်သည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ ပုံရိပ်အများအပြားသည် သူ့နောက်တွင် ပေါ်ထွက်လာသည်။
ချက်ချင်းဆိုသလိုပင် တိုက်ပွဲစတင်ခဲ့သည်။
ဤနေရာသည် အပျက်အစီးနယ်မြေဖြစ်ပြီး အကြောင်းပြချက်ပေးရန် မလိုအပ်ပေ။
ပိုမိုသန်မာသောလူက ရတနာကို ပိုင်ဆိုင်လိမ့်မည်။
မြို့သခင်ခြံဝိုင်းသည် ယုထောင်မြို့ပျက်၏ တန်ဖိုးအရှိဆုံးနေရာ ဖြစ်သည်။
“ဘုန်း”
အဆင့်ရှစ်ချပ်ဝတ်သခင်နှစ်ယောက်က လှုပ်ရှားလိုက်ပြီး တိုက်ခိုက်လာသော လူတိုင်းကို နောက်ဆုတ်သွားစေသည်။
သိပ်မဝေးသောနေရာတွင် ပြန့်ကျဲနေသော ပုံရိပ်များက ထွက်ပြေးသွားကြသည်။
“သွားကြစို့”
ဟယ်ရန်စွန်းက အော်ဟစ်သည်။ လူတိုင်းက နောက်မှ လိုက်လာကြသည်။
သူတို့က မြို့သခင်ခြံဝိုင်း၏ ရင်ပြင်သို့ ရောက်လာသောအခါ ကြမ်းပြင်က အက်ကွဲနေသည်။
ရွှယ်နင်းအာက အသက်ရှူသွင်းလိုက်ပြီး လက်မြှောက်သည်။ သွေးရောင်စွမ်းအင်အလင်းသည် သူမ၏လက်တွင် ပေါ်လာသည်။
“ကျွန်မရဲ့ သွေးမျိုးဆက်နဲ့ ဝင်္ကပါကို အသက်သွင်းပြီး ဝိညာဉ်ကို ဆင့်ခေါ်ပါတယ်”
သွေးအလင်းသည် ပျံထွက်သွားပြီး ရင်ပြင်ကို ဝင်တိုက်သည်။
“ဘုန်း”
ယုထောင်မြို့ပျက်က တုန်ခါလာသည်။
မြို့သခင်ခြံဝိုင်း၏ ကောင်းကင်ထက်တွင် ဝင်္ကပါအလင်းသည် တောက်ပနေသည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။
ရွှေနက်ရုပ်သေးရုပ်၏ မှတ်ဉာဏ်ထဲတွင် သူမြင်ခဲ့သော မြင်ကွင်းအတိုင်း ဖြစ်သည်။
ကောင်းကင်ခွဲလှံကို ဆင့်ခေါ်ခဲ့သည်။
“ဘုန်း”
ယုထောင်မြို့၏အထက်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရစ်ဝဲနေသော မြူခိုးထုက ပြိုကွဲသွားပြီး အလင်းရောင်ကို မြင်ရသည်။
လေဟာနယ်ဖိအားသည် ဝင်္ကပါကို မခုခံနိုင်ပေ။
တစ်နည်းပြောရလျှင် ထိုဝင်္ကပါက လေဟာနယ်ကို ချိုးဖောက်နိုင်သည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် လေဟာနယ်ကို တစ်ချက်တည်း ချိုးဖောက်နိုင်ကြသည်။
ဤဝင်္ကပါသည် နတ်ဘုရားအဆင့်နှင့် ယှဉ်နိုင်သည်။
ဝင်္ကပါက လှုပ်ရှားနေပြီး မရေမတွက်နိုင်သော အလင်တန်းများသည် မြို့သခင်ခြံဝိုင်းတွင် တံခါးတစ်ခုအဖြစ် စုစည်းသွားသည်။
တံခါးသည် ပေတစ်ထောင်မြင့်မားပြီး ထူးခြားသော ချီစွမ်းအင်အလင်းနှင့် အင်းကွက်များကို မြင်ရသည်။
အလင်းတံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး မရေမတွက်နိုင်သော ရတနာများ၏အလင်းကို မြင်ရသည်။
“မြို့သခင်ခြံဝိုင်းရဲ့ လျှို့ဝှက်နယ်မြေက ပွင့်လာပြီ”
“ယုထောင်မြို့က ပျက်စီးမသွားခင်မှာ မြို့သခင်က ရတနာတွေအားလုံးကို မြှုပ်နှံခဲ့တယ်လို့ ပြောကြတယ်”
မရေမတွက်နိုင်သော အော်ဟစ်သံများ ပေါ်ထွက်လာသည်။
ယုထောင်မြို့ပျက်တွင်ရှိသော ပုံရိပ်များက အလင်းတံခါးဆီသို့ ဦးတည်လိုက်ကြသည်။
“ခေါင်းဆောင်ဟယ်၊ အလင်းတံခါးရဲ့ နောက်ကွယ်မှာ မြို့သခင်ခြံဝိုင်းရဲ့ အမွေအနှစ် ရှိပါတယ်။ ဒါပေမဲ့ အစောင့်အကြပ်တွေနဲ့ ဝင်္ကပါတွေကို ဖန်တီးထားခဲ့တာကြောင့် အရမ်းအန္တရာယ်များပါတယ်”
ရွှယ်နင်းအာက လေးနက်သောမျက်နှာထားဖြင့် အလင်းတံခါးကို ကြည့်သည်။
သူမက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လှံရှည်ရဲ့ တည်နေရာကို ရွှေနက်ရုပ်သေးရုပ်နဲ့ပဲ ဝင်နိုင်ပါလိမ့်မယ်”