အခန်း (၁၂၆၉)
Vol. 91 Ch. 1269
ဟန်မူယဲ့၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပလာသည်။ အသက်ရှုကြိမ် ဆယ်ခါအကြာတွင် သူက မျက်လုံးမှိတ်လိုက်သည်။
သူက စိတ်ထဲတွင် တွက်ချက်ကြည့်နေသည်။
ထိုဝင်္ကပါ၏ ရှုပ်ထွေးမှုသည် စည်းမျဉ်းနှင့် အလွန်နီးကပ်နေသည်။
တည်နေရာစည်းမျဉ်း ဖြစ်သည်။
သူက ဤနေရာတွင် ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့လျှင် တည်နေရာစည်းမျဉ်းကို အနည်းငယ် နားလည်လိမ့်မည်။
သို့သော် ဟန်မူယဲ့တွင် အချိန်မရှိပေ။
ဝင်္ကပါကလည်း ဤနေရာတွင် အချိန်ပြည့်ရှိနေမည်မဟုတ်ပေ။
“ရွှေနက်ရုပ်သေးရုပ်ကတောင် လှံကို ထုတ်ယူနိုင်မှာမဟုတ်ဘူး”
ဟန်မူယဲ့က လက်မြှောက်ပြီး ရုပ်သေးရုပ်ကို ထုတ်ယူသည်။
ရုပ်သေးရုပ်၏ မျက်လုံးများက တောက်ပနေပြီး ဝင်္ကပါထဲသို့ ဝင်သွားသည်။
ရွှေနက်ရုပ်သေးရုပ်က အလွန်လျင်မြန်ပြီး မှတ်ဉာဏ်အတိုင်း ထောင်ချောက်များကို ရှောင်တိမ်းသွားခဲ့သည်။
ထိုထောင်ချောက်များ အသက်ဝင်လာလျှင် တည်နေရာစွမ်းအားကို နှိုးဆွမိလိမ့်မည်။
ခန်းဆောင်က ချက်ချင်းဆိုသလိုပင် နေရာရွေ့သွားမည်။
ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားက ရွှေနက်ရုပ်သေးရုပ်တွင် ကပ်တွယ်နေသည်။ သူက ခန်းဆောင်ထဲတွင် လျှောက်သွားနေပြီး လွင့်မျောနေသော လှံရှည်ကို မြင်ရသည်။
“နတ်ဘုရားအင်းကွက်တွေ”
ဟန်မူယဲ့က ထိတ်လန့်စွာပြောသည်။
ထိုလှံသည် ဝိညာဉ်အင်းကွက် မဟုတ်ပဲ နတ်ဘုရားအင်းကွက်များကို သယ်ဆောင်ထားသည်။
ထိုအင်းကွက်များသည် မူလကမ္ဘာခေတ်၏ နတ်ဘုရားအင်းကွက်များနှင့် နီးကပ်စွာ ဆက်နွယ်နေသည်။
နတ်ဘုရားအင်းကွက်တိုင်းသည် သက်ရှိနှင့်ဆင်တူပြီး ဆက်တိုက် လှုပ်ရှားနေသည်။
လှံက ဆယ့်သုံးပေရှည်လျားပြီး အေးစက်သောအလင်းကို ထုတ်လွှတ်နေသည်။
သူ့မှာ နတ်ဘုရားအင်းကွက် ၉၉ကို သယ်ဆောင်ထားသော လက်နက်တစ်ခု ရှိသည်။
မူလကမ္ဘာခေတ်မှ ရွှေကျီးကန်းသွေးမျိုးဆက်နှင့် ဖွဲ့စည်းထားသော အစစ်အမှန်ဝိညာဉ်အရိုးဓားသည် နတ်ဘုရားအင်းကွက်များကို သယ်ဆောင်ထားသည်။
ဓားသည် အလွန်အားကောင်းသောကြောင့် ထိန်းချုပ်မရဘဲ ချိပ်ပိတ်ထားသည်။
‘အဲဒီတော့ နတ်ဘုရားအင်းကွက် တစ်ရာက စကြဝဠာအဆင့်လား’
‘ငါက ဓားရှည်ကို ထိန်းချုပ်လို့မရတာ မထူးဆန်းတော့ပါဘူး’
ထိုစွမ်းအားမျိုးသည် စကြဝဠာတစ်ခုကိုပင် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဓားရှည်ကို ချိပ်ပိတ်ထားခဲ့သည်။
“ဝီ”
ရွှေနက်ရုပ်သေးရုပ်က ရှေ့တက်လာပြီး လှံရှည်ကို ဆုပ်ကိုင်သည်။
အရာအားလုံးက ယခင်အချိန်အတိုင်း ဖြစ်သည်။
ရုပ်သေးရုပ်က ဖြည်းဖြည်းချင်း တစ်ဖက်သို့လှည့်သည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
ရုပ်သေးရုပ်က တစ်ဖက်သို့ လှည့်လိုက်သောအခါ သူ့ဝိညာဉ်နှင့် အဆက်အသွယ်ပြတ်သွားသည်။
လှံရှည်က ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်သည်။
ထိုဖြစ်ရပ်တွင် လျှို့ဝှက်ချက်တချို့ ရှိနေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လှံရှည်က သူ့လက်ထဲတွင် မရှိတော့ပေ။
“ဟမ့်”
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးသည်။
သူက စကြဝဠာအဆင့်လှံကို လက်မလွှတ်နိုင်ပေ။
အသင့်ပြင်ထားသော ခေးအော့က တောက်ပသော ရွှေအလင်းကို ထုတ်လွှတ်လိုက်ပြီး ခန်းဆောင်တစ်ခုလုံးကို ချုပ်နှောင်သည်။
လေဟာနယ်က တုန်ခါလာသည်။
“တစ်စက္ကန့်”
ခေးအော့က အော်ပြောသည်။
ဟန်မူယဲ့က ချက်ချင်းဆိုသလိုပင် ခန်းဆောင်ထဲသို့ ဝင်သွားပြီး လှံရှည်ကို ဆုပ်ကိုင်သည်။ ထို့နောက် ပြန်ထွက်လာခဲ့သည်။
“ဝီ”
သူက ခန်းဆောင်၏အပြင်ဘက်သို့ ရောက်တော့မည့်အချိန်တွင် အနက်ရောင်အလင်းက သူ့ကို ရိုက်ခတ်သည်။
လှံရှည်ကလည်း တုန်ခါနေပြီး သူ့ခန္ဓာကိုယ်ကို ရပ်တန့်သွားစေသည်။
“မြန်မြန်ထွက်လာခဲ့”
ရွှေရောင်ငှက်က အော်ပြောသည်။
ခန်းဆောင်၏ တည်နေရာစွမ်းအင်က အသက်ဝင်လာသည်။ အကယ်၍ ဟန်မူယဲ့က အပြင်ဘက်သို့ မထွက်နိုင်လျှင် ခန်းဆောင်နှင့်အတူ ပါသွားလိမ့်မည်။
တည်နေရာစွမ်းအားသည် လောကတွင် ထိန်းချုပ်ရန် အခက်ခဲဆုံး စွမ်းအားတစ်မျိုးဖြစ်သည်။
တည်နေရာစည်းမျဉ်းကို များသောအားဖြင့် ကောင်းကင်တာအိုကသာ ထိန်းချုပ်ထားသည်။
တည်နေရာစွမ်းအားသည် အကွာအဝေးကို ကျော်လွှားနိုင်သည်။ ဝေးကွာသောနေရာသည် နီးကပ်လာသည်။
စွမ်းအင်အလင်းများသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်ထွက်လာသည်။
ချက်ချင်းဆိုသလိုပင် သူက မိုင်ပေါင်း မရေမတွက်နိုင်သောနေရာသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။
အကယ်၍ သူက ဝင်္ကပါစွမ်းအားကြောင့် လေဟာနယ်ထဲသို့ အပို့ခံရလျှင် လမ်းပျောက်သွားလိမ့်မည်။ လမ်းရှာနိုင်လျှင်ပင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်လိမ့်မည်။
လေဟာနယ်၏ အလွှာများထဲတွင် မည်သူက လမ်းကို ရှင်းလင်းစွာ မြင်နိုင်မည်နည်း။
ယခုအချိန်တွင် ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်သွားရန် လိုအပ်နေသည်။
သို့သော် သူ့ခန္ဓာကိုယ်ကို လှံနှင့် ခန်းဆောင်က ဖိနှိပ်ထားသောကြောင့် မလှုပ်ရှားနိုင်ပေ။
လှံရှည်သည် ပိုင်ရှင်မရှိသော်လည်း ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သော စကြဝဠာအဆင့်လက်နက် ဖြစ်သည်။
ထိုလှံရှည်က အလွန်အားကောင်းသည်။
သူ့ခန္ဓာကိုယ်က ဖိနှိပ်ခံထားရသည်။ တည်နေရာစွမ်းအားက ပေါက်ကွဲထွက်လာသည်။ သူက လေဟာနယ်ထဲသို့ တည်နေရာရွှေ့ပြောင်းခံရတော့မည်။
ဟန်မူယဲ့က ရှေ့တွင် စုစည်းလာသော အလင်းစီးကြောင်းများကို ကြည့်လိုက်ပြီး အော်ဟစ်သည်။
“ဘုန်း”
မှိန်ဖျော့သော သွေးစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။
ကြီးမားသော နဂါးမိကျောင်း၏ ပုံရိပ်သည် ခေါင်းမော့၍ ဟိန်းဟောက်လျက် ပေါ်ထွက်လာသည်။
နဂါးမိကျောင်း၏ ခန္ဓာကိုယ်က အဆုံးသတ်ကို မြင်နိုင်ရန် အလွန်ကြီးမားနေသည်။ ညင်သာစွာ ဝှေ့ယမ်းနေသော အမြီးရှည်ကိုသာ ရှင်းလင်းစွာ မြင်ရသည်။
“ဘန်း”
ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော တည်နေရာဖိအားက ချက်ချင်း ဖြိုခွဲခံလိုက်ရသည်။
နဂါးမိကျောင်းသည် မူလကမ္ဘာခေတ်တွင် ပြိုင်ဘက်ကင်းသည်။
တည်နေရာချုပ်နှောင်မှုကို ဂရုစိုက်နေရန် မလိုအပ်ပေ။
ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားရုံဖြင့် ဖိအားကို ချိုးဖျက်နိုင်ခဲ့သည်။
ဟန်မူယဲ့က ဤနေရာတွင်ရှိသော တည်နေရာစွမ်းအားကို မချိုးဖျက်နိုင်ခြင်းမဟုတ်ပေ။ ဂရုမစိုက်ခြင်းသာ ဖြစ်သည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အလင်းတန်းများသည် ခန်းဆောင်၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဝင်္ကပါသည် နဂါးမိကျောင်း၏ စွမ်းအားကြောင့် ပျက်စီးသွားသည်။
ဝင်္ကပါတွင် ထည့်သွင်းထားသော ဖိအားရတနာများသည် နေရာအနှံ့သို့ လွင့်ထွက်လာသည်။
ဝင်္ကပါ၏ ပျက်စီးမှုကြောင့် ရတနာအများစုသည် ပျက်စီးပြီး အားကုန်နေသည်။ အနည်းငယ်ကသာ စွမ်းအားကို ထိန်းသိမ်းထားသည်။
သို့သော် ထိုရတနာများက အတော်လေး တန်ဖိုးရှိသေးသည်။
ဝင်္ကပါ၏ အပြင်ဘက်တွင်ရှိသော ရွှေရောင်ငှက်နှင့် ခေးအော့တို့က ထိုမြင်ကွင်းကြောင့် ကြောင်အနေကြသည်။
“ဒါက မူလကမ္ဘာခေတ်ရဲ့ အုပ်ချုပ်သူအဆင့်ခန္ဓာကိုယ်ပဲ”
“ဒီကောင်လေးမှာ အားနည်းချက်ရော ရှိရဲ့လား”
ဟန်မူယဲ့က ရုပ်ခန္ဓာစွမ်းအားဖြင့် ဝင်္ကပါကို ဖိနှိပ်လိုက်သောကြောင့် ရွှေရောင်ငှက်နှင့် ခေးအော့တို့က တီးတိုးရေရွတ်သည်။
ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော လှံရှည်က ထွက်ပြေးချင်နေသကဲ့သို့ တုန်ခါလာသည်။
ထိုလှံရှည်သည် အသိစိတ်ရှိသည်။ ဟန်မူယဲ့၏ စွမ်းအားကို ခံစားမိသောကြောင့် ထွက်ပြေးချင်နေသည်။
“ထွက်ပြေးချင်တာလား”
ဟန်မူယဲ့က လှံရှည်ကို စိုက်ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
သူက လှံကို ဆုပ်ကိုင်ပြီး ဖိအားပေးသည်။
နဂါးမိကျောင်း၏ပုံရိပ်က ပျောက်ကွယ်သွားသော်လည်း သူ၏ ရုပ်ခန္ဓာစွမ်းအားက ကျန်ရှိနေသည်။
သူက ရုပ်ခန္ဓာစွမ်းအားကို တိုက်ရိုက် အသက်သွင်းပြီး လှံရှည်၏ စွမ်းအားကို ဖိနှိပ်ခဲ့သည်။
လှံရှည်က တုန်ခါလာသော်လည်း မလှုပ်ရှားနိုင်တော့ပေ။
လှံရှည်တွင် ပိုင်ရှင်မရှိပေ။ စကြဝဠာအဆင့် ကျွမ်းကျင်သူက ကိုင်ဆောင်ထားခြင်း မဟုတ်သောကြောင့် မည်သို့ သောင်းကျန်းနိုင်မည်နည်း။
ယခုအချိန်တွင် ဟန်မူယဲ့က မူလစကြဝဠာ၏ အသန်မာဆုံးရုပ်ခန္ဓာကို ဖော်ထုတ်ခဲ့သည်။
ဟန်မူယဲ့က ဓားဆန္ဒကို လှံရှည်ထဲသို့ ထည့်သွင်းလိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
အဆုံးမရှိသော ဉာဏ်အလင်းသည် ရေစီးကြောင်းသဖွယ် သူ့စိတ်ထဲသို့ တိုးဝင်လာသည်။
မှတ်ဉာဏ်က အလွန်များပြားသောကြောင့် ဟန်မူယဲ့၏ ဦးခေါင်းက အနည်းငယ် နာကျင်လာသည်။ သို့သော် သုံးစက္ကန့်အကြာတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
သူက စိတ်ထဲတွင် တူတစ်လက်ကိုင်လျက် ထုနှက်နေသော လူအိုကြီးကို မြင်လိုက်ရသည်။
တူချက်တိုင်းသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါပြီး တိမ်တိုက်များကို လွင့်မျောသွားစေသည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို လက်နက်ထဲမှာ ထည့်သွင်းတယ်။ ဒါက ကောင်းကင်စွမ်းအားနဲ့ သန့်စင်ထားတဲ့ လက်နက်ပဲ”
“အဲဒီနည်းလမ်းက ကောင်းကင်နဲ့မြေကြီးရဲ့ အခြေခံအုတ်မြစ်ကို ပျက်စီးစေတယ်။ ကျင့်ကြံခြင်းလောကတစ်ခုက လက်နက်တစ်ခုကိုပဲ သန့်စစ်နိုင်တယ်”
“လက်နက်က အောင်မြင်သွားပြီး လက်နက်ကို အားဖြည့်ပေးချင်ရင် ကောင်းကင်တာအိုကို အသုံးပြုရမယ်”
“အကောင်းဆုံးနည်းလမ်းကတော့ ဒီလက်နက်ကို တခြားစကြဝဠာတစ်ခုမှာ ထားလိုက်ပြီး မဟာတာအိုရဲ့စွမ်းအားကို စုပ်ယူခိုင်းတာပဲ”
စကြဝဠာအဆင့်လက်နက်ကို သန့်စင်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် အားဖြည့်ပေးသည်။
လောကတစ်ခု၏ စွမ်းအားသည် လက်နက်တစ်ခုကိုသာ သန့်စင်ပေးနိုင်သည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော အနက်ရောင်ခန်းဆောင်သည် မိုင်သန်းထောင်ချီပတ်ဝန်းကျင်၏ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို တိတ်ဆိတ်စွာ ထုတ်ယူနေကြောင်း ဟန်မူယဲ့က နားလည်လိုက်သည်။
ထို့ကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် အားနည်းလာပြီး သဘာဝစွမ်းအင်က နည်းပါးနေသည်။ မရေမတွက်နိုင်သော စွန့်ပစ်မြေများ ဖြစ်လာခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဘုရားမြို့နှင့် ပတ်ဝန်းကျင်မြို့များသည် တိုးတက်မလာနိုင်ခဲ့ပေ။
နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ပွင့်လင်းစွာ ပေါ်မလာနိုင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုပ်ယူပြီး အားဖြည့်ပေးနေသော နည်းလမ်းမျိုးကို မည်သည့်အင်အားစုကမှ သည်းခံမည်မဟုတ်ပေ။
ဟန်မူယဲ့က ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို မြင်နေရသော်လည်း စကြဝဠာအဆင့်အား မမြင်ရသော အကြောင်းအရင်းကို နားလည်သွားသည်။
စကြဝဠာအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပျိုးထောင်ပေးရန်အတွက် မရေမတွက်နိုင်သော လောကများကို လိုအပ်လိမ့်မည်။
ကြယ်စင်စုစကြဝဠာက ထိုသို့ များပြားသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ပျိုးထောင်ပေးနိုင်မည်မဟုတ်ပေ။
ကြယ်စင်စုစကြဝဠာ၏ ကျဆင်းမှုသည် စကြဝဠာအဆင့် ချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် သက်ဆိုင်နေလိမ့်မည်။
ဟန်မူယဲ့က နေရာတွင် ရပ်နေသည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က အနည်းငယ် တုန်ခါနေသည်။
ပတ်ဝန်းကျင်တွင် အဆုံးမရှိသော ချီစွမ်းအင်အလင်းများက နေရာအနှံ့သို့ ဖြာထွက်သွားသည်။
“အဲဒီမှာ ရတနာရှိနေတယ်”
“ရတနာသိုက်တစ်ခုပဲ”
လူတိုင်းက ဟန်မူယဲ့ရှိသောနေရာကို ကြည့်လိုက်ကြသည်။
ဟယ်ရန်စွန်းနှင့် တိုက်ခိုက်နေသော ကျွမ်းကျင်သူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လှည့်ထွက်သွားရန် ကြိုးစားသည်။
ဟယ်ရန်စွန်း၏ မျက်လုံးများက တောက်ပလာသည်။ သူက မတိုက်ခိုက်တော့ဘဲ ထိုလူများထက်အရင် ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသည်။
သူ့လက်ထဲတွင်ရှိသော ဓားမော့သည် ခမ်းနားသော အလင်းရောင်ကို ထုတ်ပေးသည်။ ရုပ်သေးရုပ်၏ ဓားမော့နှစ်လက်က တောင်ပံတစ်စုံ ဖြစ်သွားသည်။
ယန်ခယ့်အာက စဉ်းစားကြည့်လိုက်ပြီး သူ့နောက်မှ လိုက်လာသည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် ဟယ်ရန်စွန်းက ဟန်မူယဲ့နှင့် သိပ်မဝေးသောနေရာသို့ ရောက်လာသည်။ ဟန်မူယဲ့က အလင်းတန်းများကြားတွင် လှံကိုင်ထားပြီး ရပ်နေသည်။
ဟယ်ရန်စွန်းက ပျော်ရွှင်သွားသည်။ ဆရာဟန်က လှံရှည်ကို ရခဲ့သည်။
သူက တစ်ဖက်သို့လှည့်ပြီး လက်ထဲတွင်ရှိသော ဓားမော့ကို မြှောက်သည်။
ပုံရိပ်အများအပြားသည် ပြေးဝင်လာကြသည်။
တချို့က ပြန့်ကျဲနေသော ရတနာများကို ဖမ်းယူပြီး တချို့ကတော့ ဟန်မူယဲ့ကို ပစ်မှတ်ထားကြသည်။ သူတို့က လှံရှည်ကို လုယူရန် ပြေးဝင်လာသည်။