အခန်း (၁၂၇၄)
Vol. 91 Ch. 1274
သွေးနီရောင်အလွှာသည် ကမ္ဘာဦးချပ်ဝတ်ကို လွှမ်းခြုံသွားသည်။
ထိုအရာသည် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါစွမ်းအား ဖြစ်သည်။
အနက်ရောင်ဓားတစ်လက်သည် ဟန်မူယဲ့၏ လက်ထဲတွင် ပေါ်လာသည်။
သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။
ဓားရှည်သည် နတ်ဘုရားအင်းကွက်များ အလွန်များနေသောကြောင့် ချပ်ပိတ်ခံထားရသည်။
ထိုဓားက စကြဝဠာအဆင့် ရတနာ ဖြစ်သည်။
ကောင်းကင်ခွဲလှံက ထိုမြင်ကွင်းကြောင့် ဆွံ့အသွားသည်။
ဟန်မူယဲ့က သူ့ကို မှီခိုလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် ယခုအချိန်တွင် သူက ဝန်ထုပ်ဝန်ပိုး ဖြစ်မလာလျှင် ကံကောင်းသည်ဟု ပြောရမည်။
‘ငါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိနေတာလား’
“ဘုန်း”
ကောင်းကင်ကို ထောက်ပံ့ပေးနိုင်သော ဓားသုံးလက်သည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ပေါ်လာသည်။
သတ်ဖြတ်ခြင်းဓား ....
ထောင်ချောက်ဓား ....
အင်မော်တယ်သတ်ဖြတ်ခြင်းဓား (အင်မော်တယ်ဖျက်ဆီးခြင်းဓား)
ဟန်မူယဲ့၏ မူလဝိညာဉ်ဓားသုံးလက်သည် မူလစကြဝဠာ၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာသည်။
သူက ဓားသုံးလက်၏စွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် ထုတ်သုံးခဲ့သည်။
“မင်းတို့က ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်”
ဟန်မူယဲ့က ရှေ့တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။ သူ့အသံတွင် ဖိနှိပ်ထားသော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
“ဒီကောင်လေးက အလေးအနက်ထားနေပြီပဲ”
ရွှေရောင်ငှက်ကလည်း စိတ်လှုပ်ရှားနေသည်။
“မူလစကြဝဠာရဲ့ အမွေအနှစ်က ကြယ်စင်စုစကြဝဠာထက် အောက်မကျဘူး”
ခေးအော့က မျှော်လင့်နေပြီး ပြောသည်။
“ဘုန်း”
ဓားအလင်းက စုစည်းလာပြီး ကျယ်လောင်စွာ ခုတ်ချသည်။
ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်လာပြီး ဓားစံအိမ်တွင် ဓားထိန်းတစ်ယောက် ဖြစ်လာသောအချိန်မှစ၍ သူက ကိုယ့်ကိုယ်ကိုယ် ဓားကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။
သူက ရုပ်ခန္ဓာကို ကျင့်ကြံပြီး အာခီမီ၊ ပန်းပဲပညာရပ်နှင့် တခြားနည်းစနစ်များကို လေ့ကျင့်ခဲ့သော်လည်း ဓားကျင့်ကြံခြင်းက သူ၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ဓား၏ ထက်မြိမှုသည် ဓားခုတ်ချက်တွင် ပေါ်ထွက်လာလိမ့်မည်။
ကျင့်ကြံခြင်းအားလုံးသည် သူ၏ ဓားချက်နှင့် မယှဉ်နိုင်ပေ။
မူလစကြဝဠာတွင် ဟန်မူယဲ့၏ ဓားနည်းစနစ်က ထိပ်တန်းအဆင့်သို့ ရောက်နေသည်ဟု ပြောနိုင်သည်။
သူက ကြယ်စင်စုစကြဝဠာသို့ ရောက်လာသောအချိန်မှစ၍ ဓားမသုံးခဲ့ပေ။
ဤတစ်ကြိမ်တွင် သူက လှုပ်ရှားခဲ့ပြီး အစွမ်းကုန်သုံးထားသည်။
မူလဝိညာဉ်ဓားများသည် သူ့လက်ထဲတွင်ရှိသော အစစ်အမှန်ဝိညာဉ်အရိုးမှ ပြောင်းလဲလာသည့် ဓားနှင့် ပေါင်းစပ်သွားသည်။
သူက ဓား၏ ချိပ်စည်းကို ပထမဆုံးအကြိမ်အဖြစ် ဖြေလျော့လိုက်သည်။
နတ်ဘုရားအင်းကွက် ၉၉ခုရှိသော အစစ်အမှန်လက်နက်သည် စကြဝဠာအဆင့် ဓားတစ်လက် ဖြစ်သည်။
နတ်ဘုရားအင်းကွက်များက တောက်ပလာသည်။
အဆုံးတွင် နတ်ဘုရားအင်းကွက် ၃၂ခုက အသက်ဝင်လာပြီး ဓားအလင်းကို စုစည်း၍ ခုတ်ချသည်။
လျင်မြန်သည်။
ဓား၏ အမြန်နှုန်းသည် အချိန်ကိုပင် ကျော်လွန်နေသည်။
ထိုအမြန်နှုန်းက လေဟာနယ်ကို ထိုးခွဲလိုက်ပြီး အဆုံးမရှိသော ကမ္ဘာများကို ကျော်ဖြတ်လာသည်။
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော အနက်ရောင်ရုပ်သေးက တစ်လက်မချင်းစီ ပဲ့ထွက်လာသည်။
“ဘန်း”
ရုပ်သေးရုပ်နှင့် ပတ်ဝန်းကျင်တွင်ရှိသော လေဟာနယ်က ပူဖောင်းတစ်ခုသဖွယ် ပေါက်ကွဲသွားသည်။
အစိတ်အပိုင်းများ ပြန့်ကျဲနေသည်။
ထိုအစိတ်အပိုင်းများက လေထဲတွင်ပါသွားသော ပွင့်ချပ်များသဖွယ် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ဓားချက်အပြီးတွင် ရုပ်သေးရုပ်က မရှိတော့ပေ။
စကြဝဠာအဆင့်ထက် တစ်ဆင့်သာနိမ့်သော ဤလောက၏ အသန်မာဆုံး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သည် တစ်ချက်တည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာက ဟန်မူယဲ့၏ခွန်အား ဖြစ်သည်။
သူက နဂါးမိကျောင်း၏ သွေးနှင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး ကမ္ဘာဦးချပ်ဝတ်၏ စွမ်းအားကို ထုတ်သုံးခဲ့သည်။
ထို့နောက် မူလဝိညာဉ်ဓားနှင့် စကြဝဠာအဆင့်ဓားကို အသုံးပြုပြီး ဓားချက်ကို ဖော်ထုတ်သည်။
ဟန်မူယဲ့ကိုယ်တိုင်ကပင် ထိုဓားချက်၏ စွမ်းအားကို မခန့်မှန်းနိုင်ပေ။
“ဝီ”
ကောင်းကင်ခွဲလှံက တုန်ခါသွားပြီး ကြောက်ရွံ့နေသည်။
ရွှေရောင်ငှက်နှင့် ခေးအော့က မသိစိတ်အလျောက် နောက်ဆုတ်မိသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက လေးနက်သောမျက်နှာထားနှင့် တိတ်ဆိတ်နေသည်။
တစ်ဖက်တွင်ရှိသော ရေခဲလမြို့၏ ကျွမ်းကျင်သူများက ဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။
သူတို့၏ ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ထားသော ရုပ်သေးရုပ်က ပျက်စီးသွားသည်။ သူတို့၏ ဝိညာဉ်ကလည်း ထိခိုက်သွားခဲ့သည်။
အရေးအကြီးဆုံးအနေဖြင့် ကမ္ဘာဦးရုပ်သေးရုပ်က ဟန်မူယဲ့၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူတို့မှာ ဝှက်ဖဲများ မရှိတော့ပေ။
သူတို့၏ မျက်လုံးထဲတွင် အဆုံးမရှိသော ကြောက်ရွံ့မှုကို မြင်နိုင်သည်။
လူတစ်ယောက်က ကျင့်ကြံဆင့်မြင့်လေ သေရမှာကြောက်လေ ဖြစ်သည်။
သူတို့က အကြောင်းပြချက်မရှိဘဲ မသေချင်ကြပေ။
“မင်း .... မင်းက ဘယ်သူလဲ”
ရှေ့တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက တုန်ခါနေသောအသံဖြင့် ပြောသည်။
‘လောကမှာ ဒီလိုကျွမ်းကျင်သူမျိုး ရှိနေသေးတာလား’
သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သည်။ စကြဝဠာများကြားတွင် လှည့်ပတ်သွားလာနေသော ကျွမ်းကျင်သူများကိုလည်း မြင်ဖူးသည်။
သို့သော် ကမ္ဘာဦးရုပ်သေးရုပ်အား တစ်ချက်တည်း ဖျက်ဆီးပစ်နိုင်သော ကျွမ်းကျင်သူမျိုးကို မမြင်ဖူးပေ။
သူက နားမလည်နိုင်ခဲ့ပေ။
‘ဒီလိုလူမျိုးက တကယ်ပဲ ရှိနေတာလား’
ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်း သိမ်းသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားဆန္ဒကလည်း ပျောက်ကွယ်သွားသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော ချပ်ဝတ်ကိုလည်း ပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ငါက ရေခဲလမြို့ကို ပြန်ပြီးသိမ်းယူဖို့ ရောက်လာတာပဲ”
‘ရေခဲလမြို့ကို ပြန်ပြီး သိမ်းယူတာလား’
လူတိုင်းက နားမလည်နိုင်ဖြစ်နေသည်။
“မင်းတို့က ရေခဲလမြို့သခင်ကို မေ့သွားပြီလား”
ဟန်မူယဲ့၏အသံက အေးစက်နေသည်။ သူတို့က မှားဖြေမိလျှင် တစ်ခါတည်း အသတ်ခံရမည်ဟု ထင်လိုက်ကြသည်။
အမှန်ပင်ဖြစ်သည်။
သူတို့က မှားဖြေမိလျှင် သူက တိုက်ခိုက်ပြီး လူတိုင်းကို သတ်ပစ်မည်။
ဟန်မူယဲ့က အများအပြား သတ်ဖြတ်ဖူးသည်။
သူက ရေခဲလမြို့၏ ကျွမ်းကျင်သူများကို ဂရုမစိုက်ပေ။
‘ရေခဲလမြို့ရဲ့သခင်က ဘယ်သူလဲ’
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
သူတို့က မြို့သခင်အစစ်အမှန်ကို သိသည်။
နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီး သူတို့က ကိုယ့်ကိုယ်ကိုယ် ရေခဲလမြို့၏ပိုင်ရှင်ဟု သတ်မှတ်ထားသည်။ မြို့ထဲတွင်ရှိသော အရာအားလုံးကို စီမံခဲ့သည်။
သို့သော် စိတ်ထဲတွင် ပိုင်ရှင်အစစ် မဟုတ်ကြောင်း နားလည်ထားသည်။
ရေခဲလမြို့၏ပိုင်ရှင် ဖြစ်လာချင်လျှင် ကူးသန်းရောင်းဝယ်ရေးခန်းဆောင်နှင့် မြို့စောင့်ဝင်္ကပါ၏ အသိအမှတ်ပြုခြင်းကို လိုအပ်သည်။ ထို့အပြင် မြို့သခင်ဟောင်း၏ ခွင့်ပြုချက်ကိုလည်း လိုသည်။
မြို့သခင်ဟောင်းသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို တစ်ယောက်တည်း ထိန်းချုပ်နိုင်သော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ပျောက်ဆုံးနေခဲ့သည်။
“မင်းက ရေခဲလမြို့ရဲ့ ဆက်ခံသူလား ....”
ရှေ့ဆုံးတွင်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက မျက်နှာထားပြောင်းလဲသွားပြီး ရေရွတ်သည်။ ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့က လက်ခံလိုက်ပြီး နောက်ဆုတ်ပေးသည်။
ထိုသို့ဆိုလျှင် အသက်ရှင်နိုင်လိမ့်မည်။
သူတို့က ဟန်မူယဲ့ကို အမွေဆက်ခံသူအဖြစ် အသိအမှတ်မပြုလျှင် အသတ်ခံရလိမ့်မည်။
“အကြီးအကဲမူယွဲ့က ငါ့ကို သင်ပြပေးဖူးတယ်။ ပြီးတော့ ရေခဲလမြို့နဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေအားလုံးကိုလည်း ပြောပြခဲ့တယ်”
ဟန်မူယဲ့၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားသည်။ သူက လူတိုင်းကို ကြည့်လိုက်ပြီး ပြောသည်။
မူယွဲ့ ....
လူအနည်းငယ်ကသာ ထိုနာမည်ကို သိကြသည်။
ရေခဲလမြို့၏ ပိုင်ရှင်ဟောင်း ဖြစ်သည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဒေါသထွက်နေပုံရသည်။
“အစပိုင်းမှာတော့ ငါက ရေခဲလမြို့ကို ထိန်းချုပ်ဖို့ စိတ်ကူးမရှိဘူး”
“ဒါပေမဲ့ ရေခဲလမြို့က ကျဆင်းနေပြီး ကမ္ဘာဦးရုပ်သေးရုပ်ကိုတောင် မသုံးနိုင်တော့ရင် ငါက မြို့ကို ထိန်းချုပ်သင့်တယ်လို့ ပြောခဲ့တယ်”
“အဲဒီအခြေအနေကို ရောက်သွားရင် ရေခဲလမြို့ ကျဆင်းသွားဖို့ သိပ်ကြာတော့မှမဟုတ်ဘူးလို့ မှာခဲ့တယ်”
သူ့စကားက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။ လူတိုင်းက အရှက်ရသွားပုံပေါ်သည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ရေခဲလမြို့ကို ထိန်းချုပ်ထားသော်လည်း လေဟာနယ်ထဲမှတစ်ဆင့် ဆက်တိုက်ကျဆင်းလာခဲ့သည်။
ရေခဲလမြို့သည် ပြင်ပလောကနှင့် အရောင်းအဝယ် မလုပ်နိုင်တော့ပေ။ ကိုယ်ပိုင်အမွေအနှစ်ကို မှီခိုပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နေရသည်။
မြို့ထဲတွင် သောင်းချီသော ကျင့်ကြံသူအနည်းငယ်သာ တည်ရှိပြီး သီးသန့်နေထိုင်ကြသည်။
သူတို့က ကြောက်ရွံ့နေသည်။
သူတို့က အပြင်လောကနှင့် ဆက်သွယ်ခဲ့လျှင် မြို့၏ ကျဆင်းနေသောသတင်းကို တခြားလူများက ကြားသွားနိုင်သည်။ နေကြတ်မြို့က ရေခဲလမြို့ကို စိတ်ဝင်စားနေခဲ့သည်။
“မင်းက အကြီးအကဲမူယွဲ့ရဲ့ ဆက်ခံသူလား”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အသက်ရှူသွင်းသည်။ ထို့နောက် သိပ်မဝေးသောနေရာတွင် ရှိနေသည့် ခန်းဆောင်ကို ညွှန်ပြသည်။
“အမွေအနှစ်ခန်းဆောင်က အသိအမှတ်ပြုရင် ငါတို့ကလည်း အသိအမှတ်ပြုပါ့မယ်”
အမွေအနှစ်ခန်းဆောင်တွင် မြို့သခင်ဟောင်း မူယွဲ့၏ အကြွင်းအကျန်နတ်အာရုံ ရှိနေသည်။ ထိုနတ်အာရုံက ရေခဲလမြို့ ကျဆင်းမသွားအောင် ထိန်းသိမ်းထားခဲ့သည်။
သူတို့က နတ်ဘုရားအဆင့် ဖြစ်သော်လည်း နတ်အာရုံ၏ အသိအမှတ်ပြုခြင်းကို မရခဲ့ကြပေ။ ထို့ကြောင့် မြို့သခင်အသစ် ပေါ်မထွက်မလာခဲ့ပေ။
ဟန်မူယဲ့က ခန်းဆောင်ကို လှမ်းကြည့်သည်။
အနက်ရောင်ခန်းဆောင်သည် သံမဏိနှင့် တည်ဆောက်ထားသကဲ့သို့ ခိုင်မာသည်။
ထိုနေရာသည် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင် ဖြစ်သည်။
ထိုနေရာတွင် မြို့သခင်ဟောင်း မူယွဲ့၏ ဝိညာဉ် ပုန်းခိုနေသည်။
ဟန်မူယဲ့က ရုပ်သေးရုပ်၏ မှတ်ဉာဏ်များမှတစ်ဆင့် သိခဲ့ရသည်။
အထူးသဖြင့် ရင်ပြင်တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ၏မှတ်ဉာဏ် ဖြစ်သည်။ သူက မြို့သခင်မူယွဲ့၏အကြောင်းကို နားလည်ခဲ့သည်။
“ကောင်းပြီ။ ငါက အမွေအနှစ်ခန်းဆောင်ကို ဝင်လိုက်မယ်”
ဟန်မူယဲ့က နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး ပြုံးသည်။
“ငါက ခန်းဆောင်ထဲကနေ ပြန်ထွက်လာရင် မြို့သခင်အသစ် ဖြစ်လာမှာမဟုတ်လား”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။
ထိုအရာသည် သူတို့၏အိပ်မက် ဖြစ်ခဲ့သည်။
သူတို့က ခန်းဆောင်ထဲသို့ ဝင်သွားပြီး မြို့သခင်ဝိညာဉ်၏ အသိအမှတ်ပြုခြင်းကို လိုချင်ခဲ့ကြသည်။
ဟန်မူယဲ့က ခန်းဆောင်ဆီသို့ ချက်ချင်းလျှောက်မသွားဘဲ ပတ်ဝန်းကျင်တွင်ရှိသော ရုပ်သေးရုပ်များကို ကြည့်နေသည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ငါးရုပ်၏ အကြွင်းအကျန်များက ရှုပ်ပွနေသည်။