← Chapters

ငြင်းပယ်မှု

Vol. 009 Ch. 889

ငြင်းပယ်မှု

Vol. 009 Ch. 889

ဂူတုံးလျိုက စေတီအောက်ခြေကို လျှောက်လာခဲ့သည်။ ထို့နောက်တွင် သင်္ကေတကိုးခု ထွက်ပေါ်လာပြီး အလင်း၃မီတက် တက်သွား၏။ ထို့နောက် သူက စေတီအပြင်ဘက်ကို တည်ငြိမ်စွာ ထွက်လာခဲ့သည်။

လစ်ပီစေတီအား သုံးပေ ထွန်းညှိနိုင်ခြင်းက စမ်းသပ်မှု အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း စမ်းသပ်သော လူတစ်ဝက်ခန့်လောက်က ထိုမျှ လုပ်နိုင်ကြပေသည်။

ဂူတုံးလျို မိမိနေရာသို့ ပြန်ရောက်သည်နှင့် ကျူးကော့မင်းယွီ ကလည်း ရှေ့ကို တက်သွားကာ စေတီအောက်ကို ဝင်သည်။ သူမကလည်း စမ်းသပ်မှုကို ခံယူပေမည်။

“အစ်မ၂လည်း သွားမှာလား…” ကျူးကော့မင်းယွီ ရှေ့ကို တက်သွားသည်ကို မြင်လျှင် ဟွာဂျီယူက ရေရွတ်သည်။ ထို့နောက် ကျူးကော့မင်းယွီ ကလည်း သုံးမီတာ လင်းစေခဲ့၏။

ထို့နောက်တွင် မြေရိုင်းပြည်နယ်မှ ဟောင်ကျူဂီ၊ ကျွေ့ချိန်ချူ၊ စုချွဲနှင့် တခြားလူအချို့က စမ်းသပ်မှုကို ခံယူကြကာ သုံးမီတာ ထွန်းလင်း စေခဲ့ကြသည်။ ထိုအဖြစ်က လူအများအပြားကို အံ့အားသင့်စေခဲ့ကြကာ မြေရိုင်းပြည်နယ်က စွမ်းရည်နိမ့်သောကြောင့်လား တမင် လုပ်နေသည်လား မဝေခွဲနိုင်ကြပေ။

“ဒီလူတွေ…” ရီဖူရှင်းက စမ်းသပ်မှု ခံယူသူများအား ကြည့်ကာ ရေရွတ်မိသည်။

ရီဖူရှင်းဘေးမှ ဟွာဂျီယူက သူ့အား ကြည့်သည်။ ဟွာဂျီယူ၏ သဘောကို ရီဖူရှင်း ချက်ချင်း နားလည်လိုက်ကာ သူမအား စိတ်ဖြင့် ပြောသည်… “မဖြစ်ဘူး…”

“အစ်မ၂နဲ့ အစ်ကို၃တို့လည်း ပါတာပဲ… ပြီးတော့ အစ်မယွန်နဲ့ ဖီးနစ်တို့လည်း လိုက်ကြလိမ့်မယ်…” ဟွာဂျီယူက ပြန်ပြောသည်။

ရီဖူရှင်း တွန့်ဆုတ် နေသည်။

ဟွာဂျီယူက ရီဖူရှင်း၏လက်အား ဆုပ်ကိုင်လိုက်သည်။

“ငါက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ပဲ… ပြီးတော့ ငါ့ကို ရှန့်ထိုတစ်ပါးက ကူညီပေးနေတာလေ… ငါက အတွေ့အကြုံ မရှာဘဲ နေရင် အနာဂတ်မှာ ဘယ်လိုလုပ် တိုးတက်ပါ့မလဲ…” ဟွာဂျီယူက ပြောသည်။

“မင်းက အနားမှာ မရှိတော့ရင် ငါစိတ်ကြိုက် နေမှာနော် … မင်းထွက်သွားရင် ဘာဖြစ်မယ်ဆိုတာ ငါ ကတိမပေးနိုင်ဘူး…” ရီဖူရှင်းက ခြိမ်းခြောက်သည်။

ဟွဂျီယူက ပြုံးလိုက်ကာ ပြောသည်… “သေချာတာပေါ့… ငါမရှိတဲ့အချိန် နင်ကြိုက်တာလုပ်…”

ရီဖူရှင်းက သူမအား ဆွံ့အစွာ ကြည့်သည်… “မင်း တကယ် သွားမှာလား…”

“ဆရာပြောတာက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်တွေက အကန့်အသတ်တွေကို ကျော်ဖြတ်ဖို့ လိုတယ်… ငါက နင့်အကာအကွယ် အောက်မှာ နေရင် နင့်ရဲ့ အနာဂတ် မိန်းကလေးတွေကို ဘယ်လို ဂရုစိုက်ပေးလို့ ရတော့မလဲ…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

“ငါက အဲဒီလိုလူလား…” ရီဖူရှင်းက မသက်မသာ ပြောသည်။

“ဟုတ်တယ်…” ဟွာဂျီယူက လေးနက်စွာ ခေါင်းညိတ်သည်။

“မင်း မသွားလို့ မရဘူးလား…” ရီဖူရှင်းက ထပ်မေးသည်။

ဟွဂျီယူက ခေါင်းယမ်းသည်။

“ဒါဆိုလည်း ငါမင်းနဲ့လိုက်မယ်…” ရီဖူရှင်း ညင်သာစွာ ပြောသည်။

“မလိုဘူး ... ဒါက ဘယ်လောက်ကြာမယ် မသိဘူး … နင်က ရှန့်ထိုကျန့်ကို ကတိပေးထားတာ မမေ့နဲ့…” ဟွာဂျီယူက ပြန်ပြောသည်။

ရီဖူရှင်းက ဟွာဂျီယူအား ကြည့်သည်။ သည်ကလေးမလည်း အတော် ခေါင်းမာပေသည်။

သတိထားပါ… ရီဖူရှင်းက တီးတိုးပြောသည်။

“ကောင်းပြီ…” ဟွာဂျီယူက နောက်လှည့်ကာ လှေကားထစ်အောက်ကို ဆင်းသွားပြီး ရှားရှင်းယွန်ကို ဖြတ်သွားသည်။ ရှားရှင်းယွန်က ဟွာဂျီယူကို နားမလည်စွာ ကြည့်သည်။ အဘယ်ကြောင့် ရီဖူရှင်းက သူမနှင့်အတူ မသွားသနည်း။

ဟွာဂျီယူကလည်း စေတီကို သုံးမီတာ လင်းစေလျက် တော်ဝင်ကျဲနန်းတော် အုပ်စုထံသို့ လျှောက်သွားကာ ကျူးကော့မင်းယွီဘေး၌ ရပ်သည်။

“ညီငယ်လေး…” ထိုအခိုက်တွင် အသံတစ်သံ ကြားရသည်။ မြေရိုင်းပြည်နယ် ဘက်တွင် သူ့အား လှမ်းပြောလိုက်သူမှာ သူ၏အစ်ကိုကြီးဓားသခင် ဖြစ်သည်။

“ငါလည်း သွားမယ်…” ဓားသခင်က ပြောသည်။

သူ့အစ်ကိုကြီး၏ အတွေးများကို ရီဖူရှင်းက နားလည်ပေသည်။ ယခု ဟွာဂျီယူကလည်း သွားလိုသည်။ ထို့အပြင် ဂူတုံးလျို၊ ရီဝူချင်းနှင့် ဟောင်ကျူဂီတို့မှာ ထူးခြား ကောင်းမွန်သော ပါရမီများအား ပိုင်ဆိုင်ကြသော်လည်း သူတို့၏ တန်ခိုးအဆင့်မှာ သိပ်မြင့်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့အား ကာကွယ်ပေးမည့် တစ်စုံ တစ်ယောက်အား လိုအပ်ပေသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျောက်ပြည်ထောင်မှ ကျောက်ဟောင်နှင့် ကျောက်ရာတို့လည်း သွားရောက်ကြမည် ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့လည်း အခွင့်အရေးအား လက်လွတ်ခံမည် မဟုတ်ပေ။

ပြည်နယ်ကိုးခုမှ ပါရမီရှင်များ အားလုံး ထွက်လာကာ စမ်းသပ်မှု ခံယူကြသည်တွင် ထိုအထဲမှ သုံးရာခန့်သော လူများ အခွင့်ရကြပေသည်။ သို့သော်လည်း နောက်ထပ် စမ်းသပ်မှုမှာ အလွန်ခက်ခဲမည်ကို အားလုံးက သိကြပေသည်။

ရှားရှင်းယွန်မှာ အင်ပါယာရှား၏ တိုက်ခိုက် သွေးမျိုးဆက် တစ်ယောက် ဖြစ်ရမည်ဟု သူတို့အားလုံး ခန့်မှန်းမိကြသည်။ ထို့ကြောင့် သူမက ပြည်နယ်ကိုးခုမှ ပါရမီရှင်များအား ထိခိုက်စေမည် မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်းက အဘယ်ကြောင့် ရှေ့သို့ မထွက်လာသည်ကို လူအများအပြားက နားမလည်ကြပေ။

“အခွင့်အရေးက ရှားပါးတယ် … နန်းတော်သခင်ရီက မသွားဘူးလား…” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်မေးသည်။ ချက်ချင်းပင် လူအများအပြားက ရီဖူရှင်းအား ကြည့်ကြသည်။

ရှားရှင်းယွန်ကလည်း ရီဖူရှင်းကို ကြည့်သည်။ သူမက လှေကားအစွန်း၌ ရပ်နေရာ ရီဖူရှင်း၏ထိုင်ခုံနှင့် သိပ်မဝေးပေ။

တော်ဝင်စစ်ပွဲနှင့် ပတ်သက်၍ ရှားရှင်းယွန်က အများအပြား ကြားသိရာ ရီဖူရှင်းနှင့် ပတ်သက်၍ သူမက သေချာပေါက် သိထားပေသည်။

“ကျွန်တော်က တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်တဲ့အတွက် နန်းတော်ကို စွန့်ခွာပြီး တခြားကိစ္စတွေ လုပ်ဖို့ အဆင်မပြေပါဘူး … ယူချင်းကတော့ အားလုံးသိတဲ့အတိုင်း သူ့စိတ်နေ သဘောထားက ထူးဆန်းတာမို့ ပြဿနာ မများရအောင် ကျုပ်ဘေးမှာ ထားတာ အကောင်းဆုံးပါပဲ…”

လူအများအပြားက ယူချင်း၏ စိတ်နေသဘောထားကို ပြည်နယ်ကိုးခု ညီလာခံတွင် မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ သူ၏လက်ထဲတွင် လူအများအပြားမှာ ဆိုးဝါးစွာ အရိုက်ခံခဲ့ရ၏။

“ကျုပ်သိပြီ… နန်းတော်သခင်နဲ့ ယူချင်းတို့က မသွားတာ စိတ်မကောင်းစရာပဲ…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။

“ဒီစမ်းသပ်မှုက နောက်တစ်ခါ ထပ်မလာတဲ့ အထူးအခွင့်အရေးပဲ… ရှင်တို့နှစ်ယောက် ထူးကဲကောင်းမွန်တဲ့ ပါရမီတွေကို ပိုင်ဆိုင်တယ် ... စေတီမှာ စမ်းသပ်မှု ခံယူပြီး နောက်ထပ် စမ်းသပ်မှုအတွက် ကျွန်မနဲ့လိုက်ခဲ့ပါ..” ရှားရှင်းယွန်က ရုတ်တရက် ပြောသည်။ ရိဖူရှင်းက ခေါင်းမော့ကာ ကြည့်သည်တွင် နက်ရှိုင်းသော မျက်လုံးအစုံကို မြင်သည်။ သူမ၏ အပြစ်အနာအဆာကင်းသော ရုပ်ရည်က လူတိုင်းအား အသက်ရှူမှားစေ၏။ သို့သော်လည်း ရီဖူရှင်းမှာ ထိုအရာများအား တွေးတောရန် အချိန်မရှိပေ။ ရှားရှင်းယွန်က သူ့အား ကိုယ်တိုင် ဖိတ်ခေါ်မည်ဟု မထင်မှတ်ထားပေ။

“ပြည်နယ်ကိုးခု တမန်တော်… ကျွန်တော့်မှာ စီစဉ်ထားပြီးသား ကိစ္စတွေ ရှိနေသေးလို့ပါ… ကျုပ်က ခင်ဗျားရဲ့ စိတ်ကောင်း စေတနာကို စိတ်မကောင်းစွာနဲ့ပဲ ငြင်းပါရစေ…” ရီဖူရှင်းက ပြုံးသည်။ လစ်ပီစေတီကား ထူးဆန်းသော တော်ဝင်ရတနာ ဖြစ်သည်။ သူ၏သက်စောင့် ဝိညာဉ်ကိုသာ ထိုရတနာက ညစ်ထုတ်ပါက မလိုလားအပ်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ပေသည်။

ရှားရှင်းယွန်၏ မျက်ခုံးများ မြင့်တက်သွားသည်။ ထိုသို့သော အပြုအမူက အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်သော်လည်း ရှန့်ထိုရှားက သေချာပေါက် သတိထားမိပေသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “နန်းတော်သခင်ရီ.. တမန်တော်က ကိုယ်တိုင် ပြောနေမှတော့ ကြိုးစားကြည့်ပါလား… ဒါက မင်းကောင်းဖို့ အတွက်ပါပဲ…”

“ကျုပ်က မတင်ငြင်းနေတာ မဟုတ်ပါဘူး.. ပြည်နယ်ကိုးခု ကျောင်းတော်မှာ ကျွန်တော်က ရှန့်ထိုကျန့်အတွက် ဆေးစမ်းသပ်ခံယူဖို့ ကတိပေးထားတယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“ကျုပ်က ရှန့်ထိုလီကတစ်ဆင့် ရှန့်ထိုကျန့်ကို စကားဆိုပါ့မယ်…” ရှန့်ထိုရှားက ဆက်လက်၍ ရီဖူရှင်းကို နားချသည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ ရှန့်ထိုရှားကား သူမ၏ စကားတစ်ခွန်းကြောင့် လူငယ်မျိုးဆက် တစ်ယောက်အား ထိုမျှ စကားဆိုနေသည်။ သူတို့မှာ ရှားရှင်းယွန် မည်သူ ဖြစ်မည်ကို ပိုမို၍ပင် သိလိုလာကြ၏။

“ကျွန်တော်က စီနီယာရဲ့ စိတ်စေတနာကို နားလည်ပါတယ် ... ဒါပေမဲ့…” ရီဖူရှင်းက ဆက်ပြောသည်။ ထိုအခိုက်တွင် ရှန့်ထိုရှား၏လက်တွင်းမှ ဖန်ခွက်မှာ အောက်ကို ပြုတ်ကျသွားပြီး ရီဖူရှင်း၏ စကားစလည်း ပြတ်သွားသည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်လေထုက တင်းမာသွားသည်။ မရေမတွက်နိုင်သော လူများက ရီဖူရှင်းအား ကြည့်ကြသည်။ ရီဖူရှင်းက ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင် ထားသော်လည်း သူက တစ်ဖက်လူ၏စေတနာကို လက်ခံရကောင်းမှန်း သိဟန်မရပေ။ သိသာစွာပင် တမန်တော်၏ ဂုဏ်ထူးဝိသေသမှာ ထူးခြား ကောင်းမွန်ပေသည်။ ရှန့်ထိုရှားက ကိုယ်တိုင် ဝင်ရောက် နားချသော်လည်း ရီဖူရှင်းကား လေးစားမှု မရှိပေ။

ကျောက်ပြည်ထောင် ဘုရင်က သေရည်ခွက်အား အသာလှည့်ပတ် ကစားသည်။ ပုံမှန်အားဖြင့် ရီဖူရှင်း အထက်ဘုံသွားမည့် ကိစ္စအား သူသဘောမကျပေ။ ထိုသို့ဖြစ်သွားပါက သူ့အနေဖြင့် ရီဖူရှင်းကို သတ်ရန် ပိုမို ခက်ခဲသွားပေမည်။

“နန်းတော်သခင်ရီက ကြီးမားတဲ့စစ်ပွဲကို စီမံနေရတယ် … ပုံမှန်အားဖြင့် သူ့မှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေမှာပဲ…” မှန်နန်းတော် သခင်မက ဝင်ပြောသည်။

“ပြီးတော့ တမန်တော်က မသွားချင်တဲ့သူတွေကို အတင်း မသွားခိုင်းဘူးလို့ ပြောထားတယ်… သူမက နန်းတော်သခင်ရီရဲ့ ပါရမီကို မြင်လို့ ပြောတာပဲနေမယ်… လူငယ်တစ်ယောက်ကို သူ့အပြုအမူအတွက် ဒီလောက် အလေးထား ဒေါသထွက်စရာ မလိုဘူးထင်တယ်…” သူမ၏အသံက ညင်သာသိမ်မွေ့ရာ တင်းမာနေသော လေထုမှာ သိသိသာသာ လျော့ပါးသွားသည်။ ရှန့်ထိုရှား၏ အမူအရာမှာလည်း ပျော့ပျောင်းသွားသော်လည်း သူကား မပျော်မရွှင် ဖြစ်နေဆဲပင်။

“ဒီကလေးက လေးစားမှု မရှိဘူးလို ကျုပ် ပြောပြီးပြီ… ဘာလို့ သူ့အတွက် ဝင်ပြောပေးတာလဲ... မှန်နန်းတော်သခင်မ…” တော်ဝင် အလင်းနန်းတော်မှ ရှန့်ထိုကျိက အေးစက်စွာ ပြောသည်… “ပြည်နယ်ကိုးခုလုံးက ပါရမီရှင်တိုင်း ဒီစမ်းသပ်မှုကို လိုလားကြတယ်… သူတစ်ယောက်တည်းပဲ ကိုယ့်ကိုယ်ကိုယ် သွေးနားထင် ရောက်နေတယ်… ပြီးတော့ တော်ဝင်ကျဲနန်းတော်က လစ်ပီစေတီအောက်သို့ ဝင်တဲ့သူတွေ အကုန်လုံး ၃မီတာအလင်းပဲ ထွန်းညှိတယ်.. သူတို့ ဘယ်လောက်ထူးခြားလဲ ကြွားချင် နေကြတာလား..”

“ဒီနေ့က ရှန့်ထိုရှားရဲ့ မွေးနေ့ပွဲပဲ… သူက တကယ်ပဲ လေးစားမှု မရှိဘူး…” ကျိရှမ်းကမ်းပါး ရှန့်ထိုကလည်း ပြောသည်။

ပတ်ဝန်းကျင်က ထူးဆန်းသော အခြေအနေ ဖြစ်လာသည်။ ရှန့်ထိုရှားမှာ ရီဖူရှင်းအပေါ် တမင် အပြစ်ရှာနေသည် မဟုတ်ကြောင်း အားလုံးက သိနားလည် ကြပေသည်။ သူက ရှားရှင်းယွန်၏ စကားကြောင့်သာ ရီဖူရှင်းအား နားချခြင်း ဖြစ်သည်။ သို့သော်လည်း ရှန့်ထိုကျိနှင့် ကျိရှမ်းကမ်းပါး ရှန့်ထိုတို့မှာ ရီဖူရှင်းအပေါ် မကောင်း မြင်နေကြသည်မှာ သေချာသည်။

***

All Chapters