← Chapters

ဖူးစာအတု

Vol. 11 Ch. 12

ဖူးစာအတု

Vol. 11 Ch. 12

အယ်လိုဟင်က သူရောက်နေတဲ့နေရာမှာပဲ ရပ်လိုက်တယ်။ သူ့နောက်မှာတော့ ပြိုလဲကျနေတဲ့ ရွှေရောင်စစ်သည်အရုပ်တွေ အများကြီးရှိနေပြီးတော့ သူ့လက်ထဲမှာ အလင်းဒြပ်စင်ဓားမြှောင်လေးတစ်ခုကို ကိုင်ထားတယ်။ သူက နားက နားကြပ်ကိုထိလိုက်ပြီး ဖရာလီတာကို အစီအရင်ခံလိုက်တယ်။

“သခင်မလေး၊ သူရိယရာဇာရဲ့ကိုယ်ပိုင်နေရာထဲကို အောင်အောင်မြင်မြင်ဝင်နိုင်ခဲ့ပါပြီ။ ထင်ထားတဲ့အတိုင်းပဲ မြူတန့်ကျောက်တုံးတွေနဲ့ လည်ပတ်နေတဲ့ ရှေးခေတ်ဟောင်းစက်ယန္တရားရုပ်ပုံတူတွေကို လုံခြုံရေးအနေနဲ့ချထားတယ်။ ဒါပေမဲ့ သူတို့ကိုထိန်းချုပ်ထားတဲ့ အဓိကကွန်ပျူတာကို ဖျက်ဆီးပစ်လိုက်လို့ ကိစ္စမရှိတော့ပါဘူး။”

အယ်လိုဟင်က အစီအရင်ခံပြီးတာနဲ့ သူ့ရှေ့ကိုကြည့်လိုက်ပါတယ်။ လူတစ်ယောက် မှန်းဆနိုင်ဖို့မ​ဖြစ်နိုင်တဲ့အထိ ခက်ခဲလောက်အောင် ကြီးမားတဲ့ ဟောခန်းမကျယ်ကြီးဖြစ်ပြီး နေရာတိုင်းမှာ စာအုပ်စင်တွေရှိနေပါတယ်။ ပြီးတော့ စာအုပ်တိုင်းက လက်ရေးမူရှေးစာအုပ်တွေဖြစ်ပြီး ရှေးခေတ်ကမ္ဘာ့ ဘာသာစကားပေါင်းစုံနဲ့ရေးထားတာပါ။

“ သူရိယရာဇာက သူ့စွမ်းအားကို ပုဂံခေတ် ရှေးသချိုင်းတစ်ခုကနေပြီး ရလာခဲ့တာ။ ဒါကြောင့် သူ့ရဲ့တခြားစုဆောင်းမှုတွေကို ရှာစရာမလိုဘူး။ ပုဂံနဲ့ပတ်သက်တာတွေပဲရှာ။”

“ကောင်းပါပြီ။” အယ်လိုဟင်က စပြီးတော့ မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလိုက်တယ်။ သူက သူ့အင်္ကျီထဲကို လက်နှိုက်လိုက်ပြီး စီးကရပ်ဘူးလို ဘူးလေးကိုထုတ်ကာ ဖွင့်လိုက်တယ်။ ဘူးထဲကနေ စီးကရပ်တွေထွက်လာပေမဲ့ အဲဒီစီးကရပ်တွေက ချက်ချင်းပျံသန်းနိုင်တဲ့ ဒရုန်းတွေအဖြစ်ပြောင်းသွားပြီး စာကြည့်တိုက်ထဲမှာ စတင်လည်ပတ်လှုပ်ရှားပါတယ်။

“ဂိုင်ယာအကူအညီနဲ့ဆိုရင်တော့ ရှာဖို့မခက်လောက်ပါဘူး။”

မကြာခင်မှာပဲ စီးကရပ်စက်ရုပ်တွေက ဖန်လုံဗီရိုတစ်ခုနားမှာ ရပ်လိုက်ကြတယ်။ ဗီရိုထဲမှာတော့ သားရေအဖုံးနဲ့စာအုပ်တစ်အုပ်တည်းသာရှိနေပြီး စာအုပ်ကို သော့ခတ်ထားတယ်။ စာအုပ်ရဲ့အဖုံးမှာ ‘အနော်ရထာမင်းစောသချိုင်းမှတ်တမ်း။’ လို့ရေးထားတယ်။

ဗီရိုကိုလည်း အထူးနည်းပညာတွေနဲ့ ကာကွယ်ထားခဲ့ပေမဲ့ အယ်လိုဟင်အတွက်တော့ အဲဒီပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ အလွယ်လေးပါပဲ။ အယ်လိုဟင်က ဗီရိုကိုဖွင့်နိုင်ပြီးတဲ့နောက်တော့ စာအုပ်ကိုဖွင့်ဖတ်နိုင်သွားတယ်။ စာအုပ်က လက်ရေးမှုဖြစ်ပြီး ဘုရင်သူရိယရာဇာငယ်စဥ်က ရေးထားခဲ့တာပါ။

“ထင်ထားခဲ့တဲ့အတိုင်းပဲ ဒီစာအုပ်ထဲမှာ သူသွားခဲ့တဲ့ နေရာအကြောင်းပါတယ်။ အဲဒီနေရာရဲ့သဲလွန်စကို သူက ကမ်းရိုးတန်းဒေသက လျှို့ဝှက်ရွာတစ်ခုကနေ ကြားလာခဲ့တာ။ အဲဒီရွာမှာနေတဲ့လူတချို့က သွေးသောက်တာနဲ့ ထာဝရအသက်ရှင်နိုင်ကြတယ်။ သူတို့ကိုသွေးမျိုးနွယ်လို့ခေါ်တယ်။ ဂူသချိုင်းမှာလည်း သွေးမျိုးနွယ်ရဲ့ဘိုးဘေးရုပ်အလောင်းရှိနေတာ သူတွေ့ခဲ့တယ်။”

...

ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဖရာလီတာကလည်း ရရှိလာတဲ့ သဲလွန်စတွေကို တစ်ခုချင်းစီပြန်စပ်ဆက်ကြည့်လိုက်ပါတယ်။

“ သွေးမျိုးနွယ်... လျှို့ဝှက်ရွာ... နုပျိုနိုင်စွမ်း... မဟုတ်မှလွဲရော... သူရိယရာဇာအခုထိနုပျိုနေသေးတာက လူတိုင်းသိထားသလို သူ့မြူတန့်စွမ်းအားကြောင့် မဟုတ်တာများလား။”

ဖရာလီတာက မေးလိုက်တော့ အယ်လိုဟင်က မှတ်တမ်းကို လှန်ကြည့်နေရင်းကနေ ခေါင်းညိတ်ပြီး အတည်ပြုလိုက်ပါတယ်။

“ သွေးမျိုးနွယ်ရဲ့ခေါင်းဆောင်က ရွာရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးဖို့အတွက် သူ့ကိုတောင်းဆိုခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူက သွေးမျိုးနွယ်ရဲ့အမြုတေ သလင်းကျောက်ကို သူ့နှလုံးထဲ စိုက်သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် ဒီဘုရင်က အသက်ရှည်စေဖို့ အီဗန်လိုပဲ သွေးကို လျှို့ဝှက်သောက်သုံးဖို့လိုတယ်။ ဒါပေါ့၊ ဒီအတွက် သူဥပဒေချိုးဖောက်စရာမလိုပေမဲ့ တခြားသူတွေသိသွားရင် ကြောက်စရာကောင်းနေမှာပဲ။”

နောက်တော့ အယ်လိုဟင်က သွေးမျိုးနွယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဖတ်ပြီးပိုပြောပြလိုက်တယ်။

“ သွေးမျိုးနွယ်ဘိုးဘေးရဲ့ပုံပြင်က အာကိုင်းဂါမီရဲ့မူလအစကို ရှင်းပြလိုက်ပြီ။ ကိုင်းတိုက အိုမီဂါဖြစ်တည်မှုအစစ်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုပဲ။ သွေးဘိုးဘေးက အိုမီဂါဖြစ်တည်မှုနဲ့အနီးစပ်ဆုံး တူညီနေတဲ့တည်ရှိမှု။ အဲဒီညက ရွှေရောင်အလင်းတန်းက ပိုးကောင်အင်ပါယာ အိုမီဂါဖြစ်တည်မှုအကြောင်းသိမသွားအောင် မဟာသူရိယရာဇာက ကာကွယ်လိုက်တာ။”

ဖရာလီတာက ပြုံးလိုက်တယ်။ သူသိချင်တာ သိခွင့်ရပြီလေ။ မကြာခင်မှာပဲ အရံဧည့်ခန်းရဲ့တံခါးပွင့်သွားပြီး မဟာသူရိယရာဇာ ဝင်လာတယ်။ သူ့နောက်မှာတော့ ဆိုးဆိုးဝါးဝါးအရိုက်ခံထားရတဲ့ အီဗန်နဲ့ဖီးလစ်ပါလာတယ်။

“အီဗန်၊ နင်ဘာဖြစ်သွားသေးလဲ။” နျူရေက အီဗန်ဆီကို ချက်ချင်းပြေးလာပြီးစစ်ဆေးပေမဲ့ အီဗန်ရဲ့ဒဏ်ရာတိုင်းက အားလုံးပြန်ကောင်းနေပါပြီ။ မဟာသူရိယရာဇာကတော့ ဖရာလီတာနဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်။

“မင်းကို စိတ်ပျက်ပြီးပြန်သွားအောင် လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘူးပဲ။”

“ကျွန်မက လွယ်လွယ်နဲ့လက်လျှော့မယ့်သူလို ရှင်ခုထိ ထင်နေတုန်းပဲလား။”

ဖရာလီတာက ဗလာဖြစ်သွားတဲ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူရိယရာဇာကို ခွန်းတုံ့ပြန်လိုက်တယ်။ ပြီးတဲ့နောက် သူက သူရိယရာဇာရဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

“ဒီတော့ ရှင်အခုလုပ်ခဲ့တဲ့ကိစ္စတွေကို ရှင့်ဘာသာရှင်းပြမလား။ ဒါမှမဟုတ် ကျွန်မကိုယ်တိုင် ရှင်းခိုင်းရမလား။”

“ငါရှင်းပြမယ်။” သူရိယရာဇာက ခပ်ပြတ်ပြတ်ပဲ အဖြေပေးတယ်။ အဲဒီနောက်တော့ သူက အခုဖြစ်နေတာတွေအားလုံးကို နားလည်ရလွယ်စေဖို့ စရှင်းပြပါတယ်။

“လွန်ခဲ့တဲ့နှစ်ငါးဆယ်၊ ငါတော်ဝင်စွမ်းအားကို မရခင် ဒွိတဘောင်မင်းရဲ့လက်စွပ်ကို အရင်ရခဲ့တယ်။ အဲဒီလက်စွပ်ကို ဖန်တီးခဲ့တဲ့သူတွေက ကမ်းရိုးတန်းနားက လျှို့ဝှက်ရွာမှာနေတယ်လို့ ငါသိခဲ့ရပြီး သွားစုံစမ်းခဲ့တယ်လေ။ သူတို့က လက်စွပ်ပိုင်ရှင်ဖြစ်တဲ့ငါ ကြိုရောက်လာမှာကိုသိခဲ့ပြီး သူတို့မှာနောက်ဆုံးကျန်တဲ့ သွေးသလင်းကျောက်ကို ငါ့အတွက်ပေးခဲ့တယ်။

သူတို့က ငါဘုရင်ဖြစ်လာမှာကိုသိတယ်။ ရွာသားတွေကို ညှင်းပန်းပြီး သွေးစုပ်ယူတဲ့ဓလေ့ကို ငါလက်မခံတာလည်းသိတယ်။ သူတို့က သူတို့ရွာကို ကာကွယ်ဖို့အတွက် ငါ့ကိုထာဝရသက်တမ်းပေးခဲ့တာ။ ဒီနိုင်ငံကို ထာဝရတည်မြဲစေမယ့် အာမခံချက်တစ်ခုပေါ့။”

ဖရာလီတာက လက်နဲ့မေးထောက်လိုက်ပြီး သူရိယရာဇာကို မချိပြုံးပြုံးပြလိုက်တယ်။ အဲဒီနောက်မှာ ဆက်ပြီးမေးတယ်။

“ရှင်ပေးရမယ့် တန်ကြေးတစ်ခုက အဲဒါတစ်ခုတည်းပဲ ဖြစ်မယ့်ပုံမပေါ်ဘူးနော်။”

“ဒါပေါ့၊ သူတို့က ငါ့ကိုတခြားကိစ္စတစ်ခုလည်း လုပ်ခိုင်းခဲ့သေးတယ်။” အဲဒီနောက်တော့ သူရိယရာဇာက သူ့ဘေးမှာ ရို့ရို့လေးရပ်နေတဲ့ အီဗန်ကို ဆောင့်ဆွဲပြီး သူ့ဘေးနားမှာထိုင်ခိုင်းလိုက်တယ်။ အဲဒီနောက် သူက ဆက်ပြောတယ်။

“အဲဒီသွေးအကြီးအကဲ ဟောကိန်းထုတ်ခဲ့တဲ့အထဲမှာ ဒီကလေးပါနေတယ်။ ရွာအပြင်က သွေးမျိုးနွယ်တစ်​ယောက် ငါ့ဆီရောက်လာလိမ့်မယ်။ အဲဲဒီသူက သွေးဘိုးဘေးကို ပြန်အသက်သွင်းလိမ့်မယ်။ ဆိုပြီးတော့ပေါ့။”

“အစကတော့ နှစ်တွေကြာလှပြီမလို့ အဲဲဒီဟောကိန်း မမှန်တော့ဘူးပဲ ထင်နေခဲ့တာ။”

“နောက်ဆုံးသွေးမျိုးနွယ် သေပြီးတဲ့နောက် ငါဂရုစိုက်ဖို့မလိုတော့ဘူးလို့ပဲ တွေးခဲ့မိတာ။”

“ဒါပေမဲ့ ဒီကောင်လေးက ငါ့လှံချက်ကိုတားပြီး သွေးမျိုးနွယ်တွေသာ လုပ်နိုင်တဲ့အရာကို ဖော်ပြခဲ့တယ်။ ကြည့်ရတာ ငါတို့တွေ သွေးဘိုးဘေးကို နှိုးရမယ့်အချိန် ရောက်လာပြီနဲ့တူတယ်။”

သူရိယရာဇာက ပြောစရာရှိတာ ပြောပြီးတဲ့နောက်တော့ စကားကိုရပ်လိုက်ပြီး သူကိုယ်တိုင်အတွက် လက်ဖက်ခြောက်ထုပ်လေးတစ်ခုကို ဘူးထဲကနေထုတ်ကာ ရေနွေးခွက်ထဲ ရေနွေးဖြည့် အထုပ်လေးထည့်သောက်တယ်။ ဖရာလီတာကတော့ သူ့မျက်စိရှေ့ကို လာဖုံးနေတဲ့ ဆံစတချို့ကို လက်နဲ့ဖယ်ရင်း ခေါင်းကိုသာသာလေး ခါရမ်းလိုက်ပါတယ်။

“ဒါပေမဲ့ ကျွန်မက ရှင့်ကိုဘာလို့ ကူညီပေးရမှာလဲ။ သွေးမျိုးနွယ်ဘိုးဘေးကို နှိုးပေးလို့ရော ကျွန်မက ဘာအကျိုးကျေးဇူးရမှာမလို့လား။”

ဖရာလီတာရဲ့စကားကြောင့် သူရိယရာဇာက ပြုံးလိုက်တယ်။ နျူရေက လက်ရှိထူးဆန်းပြီး ကျောချမ်းစရာကောင်းလွန်းတဲ့အခြေအနေကြောင့် နေရထိုင်ရခက်လာတယ်။

“ သွေးဘိုးဘေးကို စည်းရုံးပြီး ငါတို့ရန်သူပိုးကောင်ကို တိုက်ခိုင်းရင် မဟာမိတ်အတွက် အကျိုးရှိမှာပဲမဟုတ်လား။”

ဒီတော့မှ ဖရာလီတာက ဗိုက်ကိုနှိပ်ပြီးစရယ်တယ်။ ပြီးမှ ထက်ရှတဲ့အကြည့်တွေနဲ့ ပြန်ကြည့်လိုက်ပြီး

“ဒီတော့ ရှင်ဆိုတဲ့မာနကြီးတဲ့ ငတုံးတောင်မှ ကိုယ့်နယ်မြေအတိုက်ခိုက်ခံရတော့မယ်ဆိုတာ ကြိုသိတယ်ပေါ့။”

ဘုန်း.....

ရုတ်တရက် မဟာသူရိယရာဇာရဲ့နန်းတော်ကြီးတစ်ခုလုံး လှုပ်ခါသွားတယ်။ မဟုတ်ဘူး၊ ရန်ကုန်တစ်မြို့လုံး ငလျင်လှုပ်သလိုကို လှုပ်ခါသွားတာ။ အီဗန်၊ နျူရေနဲ့ ဖီးလစ်တို့က ပြတင်းပေါက်အပြင်ကနေ မြို့ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ပျစားပိုးကောင်ကြီးတစ်ကောင်က မြို့ရဲ့စွမ်းအင်ဒိုင်းကို အက်စစ်နဲ့ပက်နေပြီး သစ်ကိုင်းပိုးကောင်ကတော့ ရန်ကုန်ဆိပ်ကမ်းမှာရပ်ထားတဲ့ ကြယ်ငါးပွင့်သင်္ဘောကြီးကို လက်ထဲမှာကိုင်ကာ တံတိုင်းကို ထုနှက်နေပါတယ်။

“ကြည့်မနေနဲ့ အဲဒါပျစားပိုးနဲ့သစ်ကိုင်းပိုးဗိုလ်ချုပ်တွေပဲ။ ပိုးကောင်စစ်တပ်က တစ်ပြိုင်တည်းနေရာနှစ်ခုကို ဝင်တိုက်ဖို့ဆုံးဖြတ်ပြီးသား။ ဂိုင်ယာက ငါ့ကိုနာရီဝက် ကြိုသတင်းပို့ပြီးပြီ။”

ဖရာလီတာက သူရိယရာဇာကို ကြည့်လိုက်ပြီး “ရှင်က သာမန်ရိုးရှင်းတဲ့ A rank မဟုတ်ဘူးမဟုတ်လား။ ရှင့်အစွမ်းအစနဲ့ဆိုရင် ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်ကို ယှဥ်နိုင်သင့်တယ်မဟုတ်လား။”

ဒီတစ်ခါတော့ သူရိယရာဇာရဲ့မျက်နှာက အတော်ညိုးငယ်သွားတယ်။ သူက စွမ်းအားအကြောင်း ရှင်းပြဖို့အတွက် အသင့်ဖြစ်နေပါပြီ။

“ငါ့စွမ်းအားက ဘက်ထရီတစ်လုံးလိုအလုပ်လုပ်တယ်။ တိုင်းသူပြည်သားတွေဆီကနေရတဲ့ ယုံကြည်မှုစွမ်းအားကို ငါက သိုလှောင်ထားပြီး သိုလှောင်ထားနိုင်တဲ့ပမာဏအလျှောက် စွမ်းအားကို ကြီးကြီးမားမားသုံးနိုင်တယ်။ လက်ရှိအာဆီယံဒေသတစ်ခုလုံးက ငါ့ကိုယုံကြည်တဲ့အတွက် ငါက အယ်ဖာအဆင့်တိုက်ပွဲစွမ်းအားကို ဖော်ထုတ်နိုင်တယ်။ ဒါပေမဲ့...”

“အဲဒီစွမ်းအားကို ရှင်တစ်ခါပဲ ဖော်ထုတ်နိုင်မှာမဟုတ်လား။” ဖရာလီတာက ရေနွေးထပ်ငှဲ့ရင်း မေးလိုက်တယ်။ အပြင်ဘက်မှာ ပိုးကောင်တွေက အကာအကွယ်ကို ချိုးဖျက်ဖို့လုပ်နေပေမဲ့ သူတို့နှစ်ယောက်က တည်တည်ငြိမ်ငြိမ်ရှိနေဆဲပဲ။

“လက်ရှိငါက ယုံကြည်မှုစွမ်းအားအကုန်လုံးကို ထုတ်သုံးမယ်ဆိုရင် ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို သတ်နိုင်ဖို့မသေချာဘူး။ စွမ်းအားကုန်တာနဲ့ ငါ့နိုင်ငံကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူး။တစ်ခါအနိုင်ရခဲ့ရင်တောင် နောက်တစ်ကြိမ်ကရှိလာဦးမှာ။ ဒါကြောင့် ကျိန်းသေ နိုင်ငံကိုကာကွယ်ဖို့ဆိုရင် သွေးဘိုးဘေးရဲ့စွမ်းအားကို လိုအပ်တယ်။”

သူရိယရာဇာက အီဗန်ကို ကြည့်လိုက်တယ်။ အီဗန်ကတော့ ကျောချမ်းလာပြီး ​မေးလိုက်ပါတယ်။ “ သွေးဘိုးဘေးကိုနှိုးဖို့ ကျွန်တော်က ဘာလုပ်ရမှာလဲဟင်...”

“စိတ်မပူပါနဲ့ မင်းရဲ့သွေးနည်းနည်းကို သူ့ကိုတိုက်ရုံတင်ပါ။ အသက်အန္တရာယ်မရှိပါဘူး။”

သူရိယရာဇာက လေသံအေးအေးနဲ့ပြောလိုက်တာပေမဲ့ အီဗန်ရဲ့မျက်နှာက ဖြူဖျော့သွားတယ်။ ဘာပဲပြောပြော သွေးစုပ်ခံရတဲ့ခံစားချက်က မကောင်းဘူးလေ။ နျူရေကတော့ အီဗန်ဖြစ်နေပုံကိုကြည့်ပြီး ပြုံးလိုက်ပါတယ်။

“ကောင်စုတ်... နင်မကြာခင်မှာ ငါဘယ်လိုခံစားရလဲ သိရတော့မှာပေါ့။”

...

“ဒါပေမဲ့... သွေးဘိုးဘေးက နောက်တစ်ကြိမ်နိုးထလာဖို့ လိုလားပါ့မလား။ နဂိုကတည်းက နှလုံးကွဲကြေပြီး အိပ်မောကျသွားတာပဲ။”

အယ်လိုဟင်က ဖရာလီတာနောက်မှာ ပြန်ပေါ်လာတယ်။ သူ့လက်ထဲမှာတော့ သူရိယရာဇာရဲ့မှတ်တမ်းစာအုပ်ရှိနေပါတယ်။ အယ်လိုဟင်က သွေးမျိုးနွယ်ရဲ့ကဗျာအကြောင်းကို ဖတ်ပြီးသွားပြီ။

“ ရုတ်တရက်နိုးထလာတဲ့ သွေးဘုရင်မသာ အာကိုင်းဂါမီ ကိုင်းတိုကို အာရုံခံမိသွားရင် ဘာဖြစ်မယ်လို့ထင်လဲ။”

“.....” အားလုံးတိတ်ဆိတ်ကုန်တယ်။ ဖရာလီတာက အတော်လေးကြာမှ ပြန်ဖြေတယ်။

“ ထာဝရကိုစွန့်ခွာသွားတဲ့ နေနတ်ဘုရားလို့ ထင်နေမှာပဲမဟုတ်လား။”

“ဒါပေါ့၊ နေနတ်ဘုရားပြန်လာပြီလို့ သူထင်ထားရင် စိတ်ကောင်းဝင်ပြီး ငါတို့ကို ကူညီရင်ကူညီမှာပဲ။ ပြီးတော့ ကိုင်းတိုကိုယ်တိုင်ကလည်း မိန်းကလေးတစ်ယောက်ကို လိုက်ရှာနေတာပဲမဟုတ်လား။”

“ကဗျာအရ သွေးဘိုးဘေးက သူ့ကိုယ်သူ အဲဲဒီမိန်းကလေးနဲ့တူအောင် ဖန်ဆင်းထားတာဆိုတော့...”

ဖရာလီတာနဲ့သူရိယရာဇာက ပြိုင်တူပြုံးလိုက်ကြတယ်။ သူတို့ခေါင်းထဲမှာ ဒဏ္ဍာရီလာဇာတ်ကောင်နှစ်ကောင်ကို ဂျင်းသိပ်မယ့်အကြံအစည်တစ်ခု ပေါ်လာနေနှင့်ပြီးပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ...

ဂျိန်းဂျလိန်း....

တော်လဲသံကြီးတစ်ခုနဲ့အတူ ရန်ကုန်မြို့ရဲ့စွမ်းအင်ဒိုင်းကြီး ကျိုးပေါက်သွားတော့တယ်။ ဖရာလီတာက အချိန်ကျပြီဆိုတဲ့ပုံစံနဲ့ သူရိယရာဇာကို ကြည့်လိုက်ပြီး

“ သူတို့က နှစ်ယောက်ဆိုတော့ ငါတစ်ယောက်တည်းနဲ့မနိုင်ဘူး။ နင်ကိုယ်တိုင်လည်း တစ်ခါသုံးအယ်ဖာအဆင့်စွမ်းအားကို ထုတ်သုံးရမယ်။ သူတို့ကိုမောင်းထုတ်ပြီးရင်တော့ သွေးဘိုးဘေးကို နှိုးကြတာပေါ့။”

ဖရာလီတာက ပြောပြောဆိုဆိုနဲ့ နန်းတော်အပြင်ဘက်မှာ ထားခဲ့တဲ့ Archmega ဝတ်စုံကို ဆင့်ခေါ်လိုက်တယ်။ သူရိယရာဇာကိုယ်တိုင်ကတော့ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရန်ကုန်မြို့ညကောင်းကင်ယံမှာ ပေါ်ထွက်လာတယ်။ သူ့နောက်မှာ ဧရာမရွှေရောင်ရုပ်ထုကြီးပေါ်လာပြီး မြို့ထဲဝင်လာတဲ့ ဂျက်စပါကို တစ်ချက်တည်းနဲ့ ရန်ကုန်ဆိပ်ကမ်းအလွန်က ရေပြင်ထဲ ပြန်ပြုတ်ကျအောင် ရိုက်ထုတ်လိုက်နိုင်တယ်။ ဒါပေါ့၊ တစ်ဖက်ရန်သူကလည်း သတိလွတ်နေခဲ့တယ်လေ။

မကြာခင်မှာပဲ အယ်လိုဟင်၊ အီဗန်၊ ဖီးလစ်နဲ့ နျူရေတို့အတွက် ဖရာလီတာက အမိန့်ပေးလိုက်တယ်။

“နင်တို့တွေကတော့ နန်းတော်ပင်မစစ်တပ်နဲ့လိုက်ပြီး သာမန်လူတွေကိုကာကွယ်ကြ။ ငါတို့က ပိုးကောင်ဗိုလ်ချုပ်တွေကို နှင်ထုတ်ဖို့လုပ်မယ်။”

All Chapters