← Chapters

အစဆုံမှတ်

Vol. 3 Ch. 22

အစဆုံမှတ်

Vol. 3 Ch. 22

ကလိုင်းဟာ အပေါ်ထပ်က ဧည့်ခန်းဆီ ပြန်ရောက်တဲ့အခါ ရိုဇန်းကို နှုတ်ဆက်ဖို့ ပြင်လိုက်ပေမဲ့ ရိုဇန်းရဲ့ စကားသံကို အရင်ဆုံး ကြားလိုက်ရပါတယ်။

“ကပ္ပတိန်က ရှင့်ကို တနင်္လာနေ့ကျမှ လာလို့ရတယ်လို့ ပြောတယ်... ရှင်ရဲ့ မိသားစုကိစ္စကို အရင်ဆုံး ဖြေရှင်းပါတဲ့”

“အင်း...” ကလိုင်းဟာ ညသိမ်းငှက်ရဲ့ စီမံခန့်ခွဲမှုက ဒီလောက်ထိ လူသားဆန်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့တာကြောင့် နည်းနည်းတော့ ကျေးဇူးတင်မိသွားပါတယ်။

ကလိုင်းဟာ နောက်နေ့ကျရင် အိပ်ရာက စောစောထပြီး မနက်ခင်း လမ်းလျှောက်တာကို အခွင့်အရေးယူဖို့ စီစဉ်ထားပါတယ်။ မနက်ခင်း လမ်းလျှောက်ရင်း ထင်းဂန်တက္ကသိုလ်ဆီ သွားလည်ကာ အင်တာဗျူး တာဝန်ယူရတဲ့ ဝန်ထမ်းကို သူ အင်တာဗျူး မဖြေဖြစ်တော့တဲ့အကြောင်း ပြောဖို့ပါ။

သူ ဒီအင်တာဗျူးဖြေဖို့ အခွင့်အရေးရခဲ့တာက သူ့ပရော်ဖက်ဆာရဲ့ ထောက်ခံချက်ကြောင့်ပါ။ အဲဒီတော့ သူ့အတွက် မဟုတ်ရင်တောင် သူ့ဆရာရဲ့ ကြိုးစားအားထုတ်မှုကို လေးစားတဲ့အနေနဲ့ အနည်းဆုံး အင်တာဗျူး မဖြေဖြစ်တော့တဲ့အကြောင်း သွားပြောဖို့ လိုပါတယ်။

ဖုန်းမရှိတဲ့ခေတ် ကြေးနန်းစာက စာလုံးအရေအတွက်နဲ့ ပေးရတဲ့ခေတ်မှာ ရိုးရိုးစာပို့ဖို့က နောက်ကျလွန်းနေပါပြီ။ အဲဒီတော့ အများသုံး မြင်းလှည်းစီးပြီး ထင်းဂန်တက္ကသိုလ်ဆီ သွားတာက ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အသင့်လျော်ဆုံး ဖြေရှင်းချက်ပါ။

ကပ္ပတိန်ရဲ့ စပါယ်ရှယ် ခွင့်ပြုမှုကြောင့် ကလိုင်းဟာ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုပါဘူး။ နေမြင့်မှထရင်တောင် အလုပ်ကို အချိန်မီ လာနိုင်ပါတယ်။

ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး ရိုဇန်းကို နှုတ်ဆက်ခါနီးမှာ တစ်စုံတစ်ခုကို ရုတ်တရက်‌ တွေးမိလိုက်ပါတယ် “ရိုဇန်း... ဘုရားကျောင်းပိုင်တဲ့ ပြီးပြည့်စုံတဲ့ လမ်းကြောင်းရဲ့ ပထမဆုံးဆုံမှတ်က ဘာဆုံမှတ်လဲ သိလား”

ကလိုင်းဟာ လူအိုကြီးနီးလ်ကို မေးဖို့ မေ့သွားလို့ ရိုဇန်းကို မေးလိုက်တာပါ။

ရိုဇန်းဟာ မျက်လုံးပြူးသွားပြီး ကလိုင်းကို တအံ့တဩ ကြည့်လိုက်ပါတယ် “ရှင်က သာလွန်သူ ဖြစ်ချင်တာလား”

‘ငါ့ရည်ရွယ်ချက်က အဲဒီလောက်တောင် သိသာနေတာလား...’ ကလိုင်းဟာ မျက်နှာပူပူနဲ့ပဲ ပြောလိုက်ပါတယ် “လောကကြီးမှာ သာမန်မဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတွေ တကယ်ရှိနေမှန်း သိလိုက်ရတော့ ဘယ်သူက မလိုချင်ဘဲ နေမှာလဲ”

“အို... အရှင်မ ကယ်တော်မူပါ... အဲဒါက ဘယ်လောက် အန္တရာယ်များလဲဆိုတာ ရှင်သိလား... ကပ္ပတိန်က ရှင့်ကို ဘာမှမပြောဘူးလား... သာလွန်သူတွေရဲ့ ရန်သူတွေက မိစ္ဆာဂိုဏ်းတွေ နတ်ဆိုးတွေတင် မဟုတ်ဘူး... သူတို့ကိုယ်တိုင်လည်း ပါတယ်... နှစ်တိုင်းလိုလို သာလွန်သူတွေ စိတ်လွတ်ကြတယ်... တချို့ဆို သူတို့ဘာသာ စတေးပြီး အဆုံးသတ်သွားကြရတယ်... ရှင့်မိသားစု ဘယ်လို ခံစားရမလဲဆိုတာကို ရှင် ထည့်မစဉ်းစားတော့ဘူးလား”

ရိုဇန်းဟာ စကားပြောရင်း စိတ်ပါလာကာ လက်ဟန်ခြေဟန်တွေပါ ပါလာပါတယ်။ သူမရဲ့ တုံ့ပြန်မှုက ပုံမှန်ထက် ပိုလွန်းပါတယ်။

“ကလိုင်း... သာလွန်သူ လုပ်တာထက် အရပ်ဘက်ဝန်ထမ်းလုပ်တာက ပိုကောင်းတယ်... အရပ်ဘက်ဝန်ထမ်းက ဘာအန္တရာယ်မှ မရှိဘူး... ကျွန်မတို့ရဲ့ လစာက နှစ်တိုင်း တိုးသွားမှာ... လေးငါးဆယ်နှစ်လောက် လုပ်လိုက်ရင် ရှင် ပိုက်ဆံအများကြီး စုမိလိမ့်မယ်... အဲဒီအချိန်ကျရင် ရှင် မြောက်ပိုင်းမြို့နယ် ဒါမှမဟုတ် မြို့ဆင်ခြေဖုံးမှာ တိုက်အိမ်တစ်လုံး ငှားပြီး ဥစ္စာပေါရုပ်ချော မိန်းမတစ်ယောက်ကို လက်ထပ်ယူလို့ရတယ်... ပြီးရင် ပျော်စရာကောင်းတဲ့ မိသားစုလေး ထူထောင်ပြီး ချစ်စရာကောင်းတဲ့ အိန်ဂျယ်လေးတွေနဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလို့ရတယ်...”

“ရိုဇန်း နေဦး... ခဏရပ်ဦး...” ကလိုင်းဟာ ရိုဇန်းက စကားလမ်းကြောင်း ပြောင်းသွားမှန်း သတိထားမိလိုက်တဲ့အခါ ချက်ချင်းတားလိုက်ပါတယ် “ကျွန်တော်က... အင်း... ကျွန်တော်က အခြေခံလေး သိချင်ရုံပါ”

“အင်း...” ရိုဇန်းဟာ လေးငါးစက္ကန့်လောက် တိတ်ဆိတ်ပြီး ခေါင်းငုံ့သွားပါတယ် “တောင်းပန်ပါတယ် ကလိုင်း... ကျွန်မအဖေရဲ့ အဖြစ်အပျက်ကြောင့် ကျွန်မ အဲဒီလိုမျိုး ကိစ္စတွေ ကြုံရတိုင်း နည်းနည်း သတိလွတ်သွားတယ်... ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ကျွန်မ ညသိမ်းငှက် ဖြစ်ချင်တဲ့ ယောက်ျား မိန်းမ ဘယ်သူကိုမဆို ကျွန်မ လေးစားတယ်”

“ကျွန်တော်နားလည်ပါတယ်...”

ရိုဇန်းဟာ အညိုရောင်ဖျော့ဖျော့ မျက်တောင်တွေကို ခတ်ပြီး ထပ်ပြောလိုက်ပါတယ် “ကျွန်မအဖေ ပြောဖူးတယ်... လျှို့ဝှက်အန္တရာယ်ပဲဖြစ်ဖြစ် တိုက်ခိုက်ရေး အန္တရာယ်ပဲဖြစ်ဖြစ် ပိုပြီး စွမ်းအားကြီးလာရုံ အဆင့်မြင့် သာလွန်သူ ဖြစ်လာရုံနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူးတဲ့... အမှန်တကယ်က အဲဒါနဲ့ ပြောင်းပြန်... သူတို့တွေ ပိုပြီး စွမ်းအားကြီးလာလေ ပိုပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတွေကို တွေ့ကြုံရလေလေပဲ... အဲဒီအမျိုးအမည်မသိတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေကို ရင်ဆိုင်ရရင် သေတာနဲ့ ရူးတာပဲ ရှိတယ်... ကျန်တာ မရျိဘူး... အဖေ အဲဒီလိုပြောပြီး နှစ်ပတ်အကြာမှာပဲ သူ့ကိုယ်သူ စတေးသွားရရှာတယ်... ကလိုင်း... ကျွန်မကို သနားတဲ့အကြည့်နဲ့ မကြည့်နဲ့... ကျွန်မရဲ့ ဘဝက အခု တော်တော်လေး အဆင်ပြေတယ်... အဲဒီလိုကိစ္စတွေကို ကြောက်တာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး... လူတိုင်းကြောက်တယ်”

“ကျွန်တော်က အခြေခံလေး သိချင်ရုံပါ” ကလိုင်းဟာ ရယ်ရခက် ငိုရခက်မလို့ ခုနကစကားကိုပဲ ထပ်ပြောလိုက်ပါတယ်။

‘ကပ္ပတိန်က မင်းထက် ရှင်းလင်းအောင် ရှင်းပြပြီးပြီ... ကျွန်တော် သာလွန်သူ ဖြစ်မလာရင်တောင် သာမန်မဟုတ်တဲ့ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီးပြီ...’

“အင်း...” ရိုဇန်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်မ ကပ္ပတိန်နဲ့ လူအိုကြီးနီးလ် ပြောတာ ကြားဖူးတယ်... ထူးခြားသက်ရှိတွေ လျော့နည်းသွားတာ ဒါမှမဟုတ် မျိုးတုံးသွားလို့ ဒီခေတ်မှာ အဆင့်မြင့် သာလွန်သူတွေက နည်းနည်းပဲ ရှိတော့တယ်... အဲဒီတော့ ဒီခေတ်မှာ သာလွန်သူ ဖြစ်လာတာကပဲ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီ... ကျွန်မတို့ ထင်းဂန်မြို့နဲ့ မြို့ဆင်ခြေဖုံးမှာ လူပေါင်းသိန်းကျော် ရှိပေမဲ့ သာလွန်သူအရေအတွက်က သုံးဆယ်ကျော်ပဲ ရှိတယ်... ဒါက ကျွန်မရဲ့ ခန့်မှန်းချက်ပါ... မိစ္ဆာဂိုဏ်းတွေ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ အနက်ရောင် သာလွန်သူတွေတော့ ဒီထဲမှာ မပါဘူး...”

ကလိုင်းဆီက စကားပြန်ကို မစောင့်ဘဲ ရိုဇန်းဟာ ပြန်ပြီးတော့ တက်ကြွလာပါတယ်။ ရိုဇန်းဟာ လက်သီးဆုပ်ပြီး ရင်ဘက်ရှေ့ထားကာ ဆက်ပြောပါတယ်။

“သာလွန်သူ သုံးဆယ်ကျော်မှာ အများစုက ဆုံမှတ်ကိုးပဲ ရှိတယ်... အင်း... ကျွန်မစကားက တခြားရောက်သွားပြန်ပြီ”

“ရပါတယ်... ဘာမှမဖြစ်ဘူး... ကျွန်တော်လည်း ဒီအကြောင်းကို သိချင်နေတာ” ကလိုင်းဟာ ရိုဇန်းရဲ့ ပုံမှန်အခြေအနေကို ပိုပြီးတော့ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခြေအနေမှာ ရိုဇန်းက စကားပိုပြောလို့ပါပဲ။ ရိုဇန်း စကားပြောလေလေ သတင်းအချက်အလက်တွေ ပိုပေါ်လေလေပါပဲ။

“ဘာတွေပဲဖြစ်ဖြစ် သာလွန်သူ ဖြစ်လာတာက အရမ်း အရမ်းကို အထင်ကြီးဖို့ကောင်းတယ်... ကျွန်မတို့ ဘုရားကျောင်းပိုင်တဲ့ ပြီးပြည့်စုံတဲ့ လမ်းကြောင်းရဲ့ အစဆုံမှတ်၊ ဆုံမှတ်ကိုးက အအိပ်မဲ့ပဲ”

‘အင်း... ကျွန်တော် ထင်ထားတဲ့အတိုင်းပဲ...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ရိုဇန်း ဆက်ပြောတာကို နားထောင်ပါတယ်။

“ရှင် နာမည်ကို နားထောင်ရုံနဲ့ သူ့အစွမ်းကို ခန့်မှန်းနိုင်မှာပါ... အအိပ်မဲ့က ညဘက်မှာ အိပ်ဖို့ မလိုဘူး... တစ်နေ့မှာ သုံးလေးနာရီလောက် အနားယူရင်ပဲ သူ့အတွက် လုံလောက်တယ်... ကျွန်မ တကယ်ကို မနာလို ဖြစ်မိတယ်... မဟုတ်ဘူး... မဟုတ်ဘူး... အိပ်စက်ခြင်းဆိုတာက အရှင်မ ကျွန်မတို့ကို ပေးသနားထားတဲ့ ဆုလာဘ်ပဲ... အိပ်စက်ခြင်းက ချမ်းသာသုခ အစစ်အမှန်ပဲ”

“ကျွန်မ ပြောတာ ဘယ်ရောက်သွားပြီလဲ... ဪ မှတ်မိပြီ... အအိပ်မဲ့က အလင်းရောင် မရှိရင်တောင် အမှောင်ထုကို ဖောက်ထွင်းမြင်နိုင်တယ်... ညဉ့်ပိုနက်လေလေ သူတို့တွေ စွမ်းအား ပိုကြီးလေလေပဲ... ကျွန်မပြောတဲ့ စွမ်းအားကြီးတယ်ဆိုတာက ရုပ်ပိုင်ဆိုင်းရာ ခွန်အား စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ ဆဋ္ဌမအာရုံကို ပြောတာ... ဒါပေမဲ့ သူတို့တွေက အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးအမည်မသိ အန္တရာယ်တွေကို ရှာတွေ့နိုင်ပေမဲ့ သာမန်နည်းနဲ့ ရှင်းလို့မရတဲ့ မွန်းစတားတွေကျရင် နတ်ဆိုးပစ်ကျည်ဆံတွေ၊ တခြားပစ္စည်းတွေကို အားကိုးရတာပဲ... ကျွန်မအဖေလည်း အအိပ်မဲ့တစ်ယောက် ဖြစ်ခဲ့တာပဲ”

ကလိုင်းဆီက စကားပြန်ကို မစောင့်ဘဲ ရိုဇန်းဟာ ဆက်ပြောပါတယ် “အဲဒါပြီးရင် ဆုံမှတ် ၈ က သန်းခေါင်ယံ ကဗျာဆရာ၊ အဲဒီထက် တစ်ဆင့်မြင့်တဲ့ ဆုံမှတ် ၇ က အိပ်မက်ဆိုးပဲ”

‘အိပ်မက်ဆိုးလား...’ ကလိုင်းဟာ ဒန်းစမစ်က သူ့အိပ်မက်ထဲဝင်ပြီး လမ်းညွှန်တာကို တွေးမိလိုက်တာကြောင့် အတည်ပြုတဲ့အနေနဲ့ မေးလိုက်ပါတယ် “ကပ္ပတိန်က ဆုံမှတ် ၇ မလား”

“ရှင် အဲဒါကိုလည်း သိတာပဲလား” ရိုဇန်းရဲ့ ပါးစပ်ဟာ ကြက်ကောင်လုံး မျိုချလို့ရတဲ့အထိ ကျယ်သွားပါတယ်။

“ကပ္ပတိန်က ကျွန်တော့် အိပ်မက်ထဲ တစ်ခါ ဝင်ဖူးတယ်” ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ်။

“သိပြီ” ရိုဇန်းဟာ သဘောပေါက်သွားပြီး တီးတိုး ပြန်ဖြေပါတယ်။

ရိုဇန်းဟာ ဘေးနားက ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်ပါတယ် “ကျွန်မတို့ ထင်းဂန်မြို့ရဲ့ ဘုရားကျောင်းမှာ ဆုံမှတ် ၇ က နှစ်ယောက်ပဲ ရှိတယ်... ကပ္ပတိန်က သူတို့ထဲက တစ်ယောက် ဖြစ်နိုင်တယ်... ကပ္ပတိန်က ဘက်ကလင်လို မြို့ကြီးကို သွားရင်တောင် အထင်ကြီးဖို့ကောင်းတဲ့လူ ဖြစ်နေတုန်းပဲ... တချို့သင်းထောက်ဆရာတွေတောင် ကပ္ပတိန်ထက် အများကြီး စွမ်းအားကြီးမှာ မဟုတ်ဘူး”

“အဲဒီလိုလား... ကပ္ပတိန်က တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ” ကလိုင်းဟာ အပြုံးနဲ့ သံယောင်လိုက်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် မနေ့ညက ဒန်းစမစ်ဟာ ကလိုင်းရဲ့ စိတ်ထဲမှာ စွဲကျန်နေခဲ့ပါတယ်။ ကလိုင်းဟာ မနေ့ညကတည်းက ဒန်းစမစ်ဟာ တော်တော်လေး စွမ်းအားကြီးတဲ့ သာလွန်သူလို့ ယုံကြည်လိုက်ပါတယ်။

“ဟုတ်တယ်လေ” ရိုဇန်းဟာ ခေါင်းမော့ ရင်ကော့လိုက်ပါတယ်။

အဲဒီနောက် ရိုဇန်းဟာ ဦးနှောက်ခြောက်တဲ့ မျက်နှာနဲ့ ဆက်ပြောပါတယ် “ဆုံမှတ် ၇ အထက်ကဟာတွေကိုတော့ ကျွန်မလည်း မသိဘူး... ညသိမ်းငှက်တွေထဲမှာ ကပ္ပတိန်ပဲ သိလိမ့်မယ် ထင်တယ်”

“အဲဒါဆိုရင် တခြား အစဆုံမှတ်တွေကရော... ပြည့်ပြည့်စုံစုံမရှိတဲ့ လမ်းကြောင်းတွေကို ပြောတာ” ကလိုင်းဟာ သိချင်တာ သိလိုက်ရပြီမလို့ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။

ရိုဇန်းရဲ့ အအိပ်မဲ့အပေါ် ဖော်ပြချက်က ကလိုင်း သာလွန်သူတွေအပေါ် ထင်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ အအိပ်မဲ့က ကလိုင်း ဖြစ်ချင်တဲ့ သာလွန်သူမျိုးတော့ မဟုတ်ပါဘူး။ ကလိုင်းလိုချင်တဲ့ ပြီးပြည့်စုံတဲ့ ဆုံမှတ် ၉ က ဂမ္ဘီရပညာရပ်တွေကို လေ့လာသင်ယူ တတ်မြောက်နိုင်တဲ့လူပါ။ ဒါမှပဲ ဒီဂမ္ဘီရ အသိဉာဏ်ပညာတွေကို ကုပ်အားအနေနဲ့သုံးပြီး သူ့ဘဝကူးပြောင်းလာမှု အကြောင်းရင်းကို ရှာဖွေနိုင်မှာပါ။ နောက်ကျရင် ပြန်ပြီးတော့ ဘဝကူးပြောင်းနိုင်ဖို့လည်း အုတ်မြစ်ရှိသွားမှာပါ။

ရိုဇန်းဟာ တစ်ခဏ တွေးတောပြီး သက်ပြင်းချလိုက်ပါတယ် “ကျွန်မ အဲဒါတွေကို အဲဒီလောက်ထိ စိတ်မဝင်စားဘူး... ကျွန်မသိတာဆိုလို့ ကျွန်မတို့မှာ တခြားဘုရားကျောင်းတွေထက် ပိုရှိတယ်ဆိုတဲ့ အချက်ပဲ... အရှင်မက လျှို့ဝှက်ချက်တွေရဲ့ မယ်တော်မလား... ကျွန်မအထင် နှစ်ခု သုံးခု ရှိမယ် ထင်တာပဲ... ကျွန်မတို့ရဲ့ တချို့အဖွဲ့ဝင်တွေက အေးစက်ပြီး သီးသန့်နေတော့ ကျွန်မ သူတို့ကို ကြောက်တယ်... သူတို့ဆီမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုးလည်း ရှိတယ်... တချို့အဖွဲ့ဝင်တွေက... အင်း... ကျွန်မ ဆိုလိုချင်တာက ရှင် လူအိုကြီးနီးလ်ကို မေးသင့်တယ်... သူက တော်တော်လေး သိတယ်... စိတ်ဝင်စားဖို့ကောင်းတဲ့ မှော်အစီအရင်တွေ တော်တော်များများရောပဲ... အဲဒီနာမည်က ဘာပါလိမ့်... လူအိုကြီးနီးလ်က သူ့ဆုံမှတ် ၉ နာမည်၊ မှော်ဆေးရည်နာမည်ကို တစ်ခါ ပြောဖူးတယ်... အင်း... မှတ်မိပြီ... သူ့ ဆုံမှတ်ကိုးက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားလို့ ခေါ်တယ်”

‘မှော်အစီအရင်‌တွေ တော်တော်များများကို သိတယ်... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားဆိုတော့ ငါ လိုချင်တာနဲ့ နီးစပ်မဲ့ပုံပဲ’ ကလိုင်းဟာ စိတ်ထဲမှာ နည်းနည်း ဝမ်းသာသွားပါတယ်။

“နောက်ပြီး ကျွန်မ ပြည့်ပြည့်စုံစုံမရှိတဲ့ လမ်းကြောင်းတစ်ခုရဲ့ ဆုံမှတ် ၇ ကိုလည်း သိတယ်” ရိုဇန်းဟာ ကြွားသံနဲ့ ပြောလိုက်ပါတယ်။ ရိုဇန်းဟာ ပြန်တွေးရင်းနဲ့ ဒီဟာကို စဉ်းစားမိလိုက်ပုံပါပဲ။

“ဘာလဲ...” ကလိုင်းဟာ တော်‌တော်လေးကို သိချင်သွားပါတယ်။

အဆင့်မြင် သာလွန်သူတွေ လိုက်ရှာလို့ မရတဲ့အထိ ရှားပါးနေတဲ့ခေတ်မှာ ဆုံမှတ် ၇ က တော်တော်လေး ဩဇာရှိတဲ့ တည်ရှိမှုလို့ ပြောလို့ရပါတယ်။

ရိုဇန်းဟာ ချိုချိုသာသာ ပြုံးပြီး ဘဝခိုက်သံနဲ့ အဖြေပေးပါတယ် “နတ်ဝင်သည်”

“မစ္စဒေလီလား...” ကလိုင်းဟာ လွတ်ခနဲ မေးမိလိုက်ပါတယ်။

ပထမတော့ အံ့အားသင့်သွားပေမဲ့ ကလိုင်းဟာ ချက်ချင်းပဲ ဖြစ်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။ ဆုံမှတ် ၇ သာလွန်သူပဲ နတ်ဝင်သည်အနေနဲ့ ဒီလိုမျိုး အထင်ကြီးစရာ ကောင်းလောက်အောင် စွမ်းဆောင်နိုင်မှာပါ။

ရိုဇန်းရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပါတယ် “ရှင်... ရှင် ဘယ်လိုလုပ်ပြီး အဲဒါကိုပါ သိနေရတာလဲ”

“ကျွန်တော် မစ္စဒေလီနဲ့ တွေ့ခဲ့တယ်လေ” ကလိုင်းဟာ ဒီကိစ္စကို မဖုံးကွယ်ပါဘူး။

“အင်းပါ...” ရိုဇန်းဟာ မနာလိုသံနဲ့ ပြောပါတယ် “ကျွန်မသာ မစ္စဒေလီလိုမျိုး နတ်ဝင်သည် ဖြစ်မယ်ဆိုရင် သာလွန်သူလုပ်ဖို့ ဝန်မလေးဘူး... မဟုတ်ဘူး... ကျွန်မ ဆယ်မိနစ်လောက် သေချာ စဉ်းစားဦးမှာ...”

“ဟုတ်တယ်... မစ္စဒေလီက ငါ ထင်ထားတဲ့ သာလွန်သူနဲ့ ကွက်တိပဲ” ကလိုင်းဟာ ထုံးစံအတိုင်း နောက်ကနေ သံယောင်လိုက်ပါတယ်။

သိချင်တာ သိလိုက်ရပေမဲ့ ကလိုင်းဟာ ရိုဇန်းနဲ့ စကား ဆက်ပြောပါတယ်။ ကလိုင်းဟာ ရိုဇန်းဆီက ဘာသတင်းအချက်အလက်မှ ထပ်မရတော့ဘူးဆိုတာ သေချာသွားတဲ့အခါမှာတော့ ဦးထုပ်ချွတ် ဦးညွှတ်ပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီကနေ ထွက်ခွာလာခဲ့ပါတယ်။

လှေကားထစ်ကနေ အောက်ဆင်းတဲ့အခါ ကလိုင်းဟာ ခြေလှမ်း လေးငါးလှမ်း လှမ်းပြီးနောက် တုံ့ခနဲ ရပ်ကာ အတွင်းအိတ်ကပ်ထဲက ပိုက်ဆံတွေကို စမ်းကြည့်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ပိုက်ဆံတွေကို ထုတ်ကြည့်ပြီး ဘယ်ဘက် လက်ဖဝါးထဲမှာ တင်းတင်းဆုပ်လိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ ပိုက်ဆံကိုင်ထားတဲ့ လက်ကို အိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်ပေမဲ့ ပိုက်ဆံကို လက်ထဲက မလွှတ်သလို အဲဒီလက်ကိုလည်း ပြန်ပြီးတော့ ဆွဲမထုတ်ပါဘူး။ ကလိုင်းတောင် မသိလိုက်ဘဲ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။

အစားအသောက်မက်တဲ့ တရုတ်နိုင်ငံရဲ့ ဓလေ့အရ ပိုက်ဆံရပြီးရင် ဒကာခံရပါတယ်။

‘မလီဆာကို တစ်ဝိုင်းကျွေးဖို့ အချိန်ကျပြီ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters