← Chapters

သေနတ်ပစ် လေ့ကျင့်ခြင်း

Vol. 3 Ch. 26

သေနတ်ပစ် လေ့ကျင့်ခြင်း

Vol. 3 Ch. 26

“ရှပ်... ရှပ်... ရှပ်...”

တိတ်ဆိတ် မှောင်မိုက်ပြီး ကျဉ်းမြောင်းတဲ့ လူသွားလမ်းမှာ ကလိုင်းနဲ့ ဘုန်းတော်ကြီးရဲ့ ခြေသံဟာ ပဲ့တင်ထပ်သွားပါတယ်။

ကလိုင်းဟာ ခါးမတ်မတ်ထားပြီး ဘုန်းတော်ကြီးရဲ့ ခြေလှမ်းအတိုင်း လျှောက်ပါတယ်။ ကလိုင်းဟာ ဘုန်းတော်ကြီးကို မေးခွန်း မမေးသလို စကားလည်း မပြောပါဘူး။ သူ မရှိသလို တိတ်ဆိတ်နေပါတယ်။

သေချာကြပ်မတ်ထားတဲ့ စင်္ကြန်ကို ဖြတ်လျှောက်ပြီးနောက် ဘုန်းတော်ကြီးဟာ လျှို့ဝှက်တံခါးတစ်ခုကို သော့တစ်ချောင်းနဲ့ ဖွင့်လိုက်ပါတယ်။ အဲဒီနောက် လျှို့ဝှက်တံခါးနောက်က ကျောက်သားလှေကားကို ပြပြီး...

“လမ်းဆုံကိုရောက်ရင် ဘယ်ဘက်ကွေ့လိုက်... ချန်စီဂိတ်ဆီ ရောက်လိမ့်မယ်”

“နတ်ဘုရားမက ကောင်းချီးပေးပါစေ” ကလိုင်းဟာ ရင်ဘက်ကို ကြက်သွေးရောင်လပုံစံ ထိလိုက်ပါတယ်။

သာမန်လူတွေက ယဉ်ကျေးမှုကို လေ့လာသင်ယူပြီး ဘာသာ‌ရေးမှာတော့ ကောင်းချီးပေးကြပါတယ်။

“အရှင်မကို ချီးမွမ်းကြလော့” ဘုန်းတော်ကြီးဟာ သူ့ရင်ဘက်ကိုလည်း ကြက်သွေးရောင်လပုံစံ လိုက်ထိပါတယ်။

ကလိုင်းဟာ ဘာမှ ထပ်မပြောတော့ဘဲ နံရံနှစ်ဘက်မှာ မြှုပ်နှံထားတဲ့ ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်ကို အားပြုပြီး ကျောက်သား လှေကားထစ်အတိုင်း အောက်ဆင်းလိုက်ပါတယ်။

လမ်းခုလတ်မှာ ကလိုင်း နောက်ပြန်လှည့်ကြည့်မိလိုက်တဲ့အခါ ဘုန်းတော်ကြီးက လျှို့ဝှက်တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။ အရိပ်ထဲက ဘုန်းတော်ကြီးဟာ မရွေ့လျားနိုင်တဲ့ ဖယောင်းရုပ်လိုပါပဲ။

ကလိုင်းဟာ ကိုယ့်လမ်း ကိုယ်ပြန်ကြည့်ပြီး ရှေ့ဆက်လျှောက်ပါတယ်။ မကြာခင်မှာပဲ ကလိုင်းဟာ အေးစက်တဲ့ ကျောက်ပြားတွေ ခင်းထားတဲ့ ကြမ်းပြင်ဆီ ရောက်သွားပါတယ်။ ကလိုင်းဆက်လျှောက်တဲ့အခါ လမ်းဆုံကို ရောက်သွားပါတယ်။

ကလိုင်းဟာ ချန်စီဂိတ်ဆီသွားပြီး ဒန်းစမစ်ကို သွားမရှာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒန်းစမစ်ရဲ့ တာဝန်ချိန်က ပြီးသွားပြီဆိုတော့ ချန်စီဂိတ်မှာ သေချာပေါက် ရှိမနေနိုင်လို့ပါပဲ။

ကလိုင်း ညာဘက် လှည့်လိုက်တဲ့အခါ တရင်းတနှီးရှိတဲ့ လမ်းကြောင်းကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ကလိုင်းဟာ ကျောက်လှေကားကနေ အပေါ်တက်လိုက်တဲ့အခါ ဆူးနက် လုံခြုံရေးကုမ္ပဏီထဲ ရောက်သွားပါတယ်။

တံခါးတွေက အလုံမပိတ်ထားရင် တစ်ဝက်တစ်ပျက် ပိတ်ထားတာမလို့ ကလိုင်းဟာ အဲဒီအခန်းတွေထဲ မဝင်ဘဲ ဧည့်ခန်းဆီသွားတဲ့အခါ အညိုရောင်ဆံပင်နဲ့ ရိုဇန်းက အပြုံးချိုချိုနဲ့ မဂ္ဂဇင်းတစ်စောင် ဖတ်နေတာကို တွေ့လိုက်ရပါတယ်။

“မင်္ဂလာပါ ရိုဇန်း...” ကလိုင်းဟာ ရိုဇန်းဘေးနား လျှောက်သွားပြီး စားပွဲကို တတောက်တောက် ခေါက်လိုက်ပါတယ်။

“ဒေါက်... ဒေါက်.... ဒေါက်....”

ရိုဇန်းဟာ ရုတ်တရက် မတ်တတ် ကောက်ရပ်လိုက်တဲ့အတွက် ထိုင်နေတဲ့ ကုလားထိုင် လန်ကျသွားပါတယ်။ အဲဒီနောက် ရိုဇန်းဟာ ပျာယီးပျာယာ...

“မင်္ဂလာပါ... ဒီနေ့ နေသာတယ်နော်... ရှင်... ကလိုင်း... ရှင် ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ရိုဇန်းဟာ ရင်ဘက်ကို လက်နဲ့ပုတ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ရိုဇန်းဟာ ကျောင်းပြေးတာ မိသွားတဲ့ မိန်းကလေးတစ်ယောက်လိုပါပဲ။

“ငါ ကပ္ပတိန်နဲ့ တွေ့ဖို့လိုတယ်”

“... ရှင်က ကျွန်မကို လန့်သေအောင် လုပ်နေတာပဲ... ကျွန်မက ကပ္ပတိန် ထွက်လာတယ်မှတ်လို့...” ရိုဇန်းဟာ ကလိုင်းကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ပါတယ် “ရှင် တံခါး မခေါက်တက်ဘူးလား... ဟွန်း... ကျွန်မက သနားကြင်နာပြီး သည်းခံတတ်တဲ့ အမျိုးသမီးမလို့ပေါ့... မဟုတ်ဘူး... မိန်းမပျို... ရှင် ကပ္ပတိန်ကိုရှာတာ ဘာကိစ္စရှိလို့လဲ... ကပ္ပတိန်က မစ္စအော်ရီယာနာအခန်းရဲ့ မျက်နှာချင်းဆိုင် အခန်းထဲမှာ”

ကလိုင်းဟာ စိတ်လေးနေပေမဲ့ ရိုဇန်းကြောင့် မပြုံးဘဲ မနေနိုင်ပါဘူး။ ကလိုင်းဟာ သုံးစက္ကန့်လောက် စဉ်းစားပြီး တစ်ခွန်းတည်း ပြန်ပြောလိုက်ပါတယ်။

“လျှို့ဝှက်ချက်”

“.....” ရိုဇန်းဟာ မျက်လုံးပြူးသွားပါတယ်။

ကလိုင်းဟာ ရိုဇန်းကို အသာဦးညွှတ်ပြီး လှည့်ထွက်လာခဲ့ပါတယ်။

ကလိုင်းဟာ ကန့်ထားတဲ့ အခန်းတွေထဲက ညာဘက်မှာရှိတဲ့ ပထမဆုံး ရုံးခန်းတံခါးကို ခေါက်လိုက်ပါတယ်။

“ဝင်ခဲ့...” ဒန်းစမစ်ရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့အသံဟာ အခန်းထဲကနေ ထွက်ပေါ်လာပါတယ်။

ကလိုင်းဟာ တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လိုက်ပါတယ်။ အခန်းထဲ ရောက်တဲ့အခါမှာတော့ ကလိုင်းဟာ တံခါးပြန်ပိတ်ပြီး ဦးထုပ်ချွတ်ကာ ဒန်းစမစ်ကို ဦးညွှတ်ပါတယ်။

“မင်္ဂလာ မနက်ခင်းပါ ကပ္ပတိန်”

“မင်္ဂလာ မနက်ခင်းပါ... ဘာကိစ္စရှိလို့လဲ”

ဒန်းစမစ်ရဲ့ အနက်ရောင် လေကာ အပေါ်အင်္ကျီနဲ့ ဦးထုပ်ဟာ ဘေးနားက အဝတ်စင်မှာ ချိတ်ထားပါတယ်။ ဒန်းစမစ်ဟာ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင်စွပ်ကျယ်ကို ဝတ်ဆင်ထားပါတယ်။ ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေက သမုဒ္ဒရာလို နက်ရှိုင်းပေမဲ့ သူ့အသွင်အပြင်က အရင်ကထက် ပိုပြီးတော့ လန်းဆန်းတက်ကြွနေပါတယ်။

“တစ်ယောက်ယောက် ကျွန်တော့်နောက် လိုက်နေတယ်” ကလိုင်းဟာ လိုတိုရှင်း ဖြေလိုက်ပါတယ်။

ဒန်းစမစ်ဟာ နောက်မှီပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် မီးခိုးရောင်မျက်လုံးတွေနဲ့ ကလိုင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပါတယ်။ ဒန်းစမစ်ဟာ ကလိုင်းပြောတဲ့ အကြောင်းနောက် မလိုက်ဘဲ မေးခွန်းပြန်ထုတ်လိုက်ပါတယ်။

“မင်း ဘုရားရှိခိုးကျောင်းကနေ လာတာလား”

“ဟုတ်တယ်”

ဒန်းစမစ်ဟာ ခေါင်းအသာ ညိတ်လိုက်ပါတယ်။ ဒန်းစမစ်ဟာ အကောင်း အဆိုး ဘာမှမပြောဘဲ အကြောင်းအရာ ပြန်ပြောင်းလိုက်ပါတယ်။

“ဝဲလ်ရဲ့အဖေက ငါတို့ပြောတာကို မယုံလို့ ဝဲလ် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ ဝင်ဒီမြို့ကနေ အလွတ်တမ်း စုံထောက်ငှားလိုက်တာ ဖြစ်တယ်”

မစ်ဆီရှာဒေသက ကွန်စတန့်မြို့ဟာ ဝင်ဒီမြို့လို့လည်း လူသိများပါတယ်။ ဝင်ဒီမြို့မှာ ခေတ်မီ ကျောက်မီးသွေးနဲ့ သံမဏိလုပ်ငန်းတွေ တော်တော်များများ တည်ရှိပါတယ်။ လိုအင်နိုင်ငံရဲ့ ပထမတန်းစား မြို့ကြီးသုံးမြို့ထဲက တစ်မြို့ဆိုရင်လည်း မမှားပါဘူး။

ကလိုင်း ဘာမှ မပြောနိုင်ခင်မှာပဲ ဒန်းစမစ်က ဆက်ပြောပါတယ် “မှတ်စုစာအုပ်ကြောင့်လည်း ဖြစ်နိုင်တယ်... ဟီးဟီး... ငါတို့လည်း အဲဒီအန်တီဂိုနပ် မိသားစုရဲ့ မှတ်စုစာအုပ်ကို ဝဲလ် ဘယ်ကနေ ရလာလဲဆိုတာ စုံစမ်းနေတာ... ဒီလိုဆိုလို့ တခြားလူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချလို့ မရဘူး... သူတို့လည်း ဒီမှတ်စုစာအုပ်ကို ရှာချင်ရှာနေမှာ”

“ကျွန်တော် ဘာလုပ်သင့်လဲ” ကလိုင်းဟာ အလေးအနက် မေးလိုက်ပါတယ်။

ကလိုင်းဟာ သူ့ကို စောင့်ကြည့်တဲ့လူက ပထမအကြောင်းရင်းကြောင့် စောင့်ကြည့်တာပဲ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ဒုတိယ အကြောင်းရင်းကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။

ဒန်းစမစ်ဟာ ချက်ချင်း ပြန်မဖြေဘဲ စားပွဲပေါ်က ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံမော့သောက်ပါတယ်။

“မင်းလာတဲ့အတိုင်း ပြန်သွားချည်... ပြီးရင် မင်း လုပ်ချင်တာလုပ်”

“ဘာမဆို လုပ်လို့ရလား”

“ဘာမဆို ရတယ်” ဒန်းစမစ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “သူတို့ကို လန့်သွားအောင် မလုပ်နဲ့... ဥပေဒကိုလည်း မချိုးဖောက်နဲ့”

“အင်း သိပြီ” ကလိုင်းဟာ အသက်အရှည်ကြီး ရှူရှိုက်ပြီး ဒန်းစမစ်ကို နှုတ်ဆက်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ရုံးခန်းထဲကထွက်ပြီး မြေအောက်ခန်းကို ပြန်သွားပါတယ်။

လမ်းဆုံကို ရောက်တဲ့အခါ ကလိုင်းဟာ ဘယ်ဘက်ကို ကွေ့လိုက်ပါတယ်။ ကလိုင်းဟာ နံရံနှစ်ဖက်က ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်အောက်ကနေ သုသာန်တစပြင်လို တိတ်ဆိတ်ပြီး အေးစက်မှောင်မိုက်နေတဲ့ စင်္ကြန်လမ်းကို ရောက်သွားပါတယ်။

ပဲ့တင်ထပ်သွားတဲ့ သူ့ခြေသံတွေကို ပြန်နားထောင်ပြီး ကလိုင်းဟာ နည်းနည်းတော့ ချောက်ချားသွားပါတယ်။

မကြာခင်မှာပဲ ကလိုင်းဟာ လှေကားထစ်ဆီ ရောက်သွားပါတယ်။ ရှေ့ဆက်လျှောက်တဲ့အခါ ကလိုင်းဟာ ရပ်စောင့်နေတဲ့ သက်လတ်ပိုင်း ဘုန်းတော်ကြီးကို တွေ့လိုက်ရပါတယ်။

ကလိုင်းနဲ့ သတ်လတ်ပိုင်း ဘုန်းတော်ကြီးဟာ တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောပါဘူး။ ဘုန်းတော်ကြီးဟာ တိတ်တဆိတ် ဘေးရွှေ့ပြီး လမ်းဖယ်ပေးပါတယ်။

ကလိုင်းဟာ တိတ်တဆိတ် လမ်းဆက်လျှောက်တဲ့အခါ မကြာခင်မှာပဲ ဆုတောင်းခန်းမကို ပြန်ရောက်သွားပါတယ်။ အဆောက်အဦးရဲ့ အတွင်းပိုင်းဟာ တိတ်ဆိတ်မှောင်မိုက်နေသလို စက်ဝန်းပုံ ပူဇော်စားပွဲနောက်က စက်ဝိုင်းပုံ အလင်းပေါက်တွေဟာလည်း တောက်ပနေတုန်းပါပဲ။ ဝန်ချခန်းရှေ့မှာ လူတွေ တန်းစီနေတုန်းဆိုပေမဲ့ တော်တော်လေး နည်းသွားပါပြီ။

သုံးလေးမိနစ်လောက် စောင့်ပြီးနောက် ကလိုင်းဟာ လက်ကိုင်တုတ်နဲ့ သတင်းစာကို ကိုင်ပြီး ဘာမှမဖြစ်သလို ဆုတောင်းခန်းမထဲက ထွက်လိုက်ပါတယ်။

ကလိုင်းဟာ သူတော်စင် ဆယ်လီနာ ဘုရာရှိခိုးကျောင်းထဲ ထွက်လိုက်တယ်ဆိုရင်ပဲ တောက်ပတဲ့ နေမင်းကို တွေ့မြင်လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ စောင့်ကြည့်ခံရတဲ့ ခံစားချက်ကို ပြန်ခံစားလိုက်ရပါတယ်။ ကလိုင်းဟာ သိမ်းငှက်တစ်ကောင်ရဲ့ မျက်စိကျတာကို ခံရသလိုမျိုး ခံစားလိုက်ရပါတယ်။

ရုတ်တရက်ဆိုသလို ကလိုင်းရဲ့ ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။

‘ဒီစောင့်ကြည့်တဲ့လူက ဘာဖြစ်လို့ ဘုရားရှိခိုးကျောင်းထဲ လိုက်မဝင်တာလဲ... ငါ မှောင်မိုက်တဲ့ ပတ်ဝန်းကျင်နဲ့ ဘုန်းတော်ကြီးကို အားကိုးပြီး ခဏပျောက်ကွယ်သွားလို့ ရတယ်ဆိုပေမဲ့ သူ ဆုတောင်းချင်ယောင်ဆောင်ပြီး ငါ့ကို ဆက်စောင့်ကြည့်လို့ရတာပဲ...’

‘သူ ဘာအပြစ်မှ မကျူးလွန်ထားရင် ဘုရားရှိခိုးကျောင်းထဲ ပေါ်တင်ဝင်လာဖို့က ဘာပြဿနာရှိနိုင်မှာလဲ... နောက်ကြောင်းမရှင်းလို့ ဘုရားရှိခိုးကျောင်းထဲ မဝင်ရဲတာလား... ဒါမှမဟုတ်... ဂိုဏ်းအုပ်ဘုန်းတော်ကြီးက သာလွန်သူစွမ်းအား ရှိနိုင်တာကို သိနေလို့လား...’

‘ဒီလိုသာဆိုရင် အလွတ်တမ်းစုံထောက် ဖြစ်ဖို့က တော်တော် နည်းသွားပြီ’

ကလိုင်းဟာ အသက်တစ်ချက် ရှူထုတ်လိုက်ပြီး အရင်လို မလန့်တော့ပါဘူး။ ကလိုင်းဟာ ဟိုဟိုဒီဒီ ခဏ လမ်းလျှောက်ပြီးမှ ဇိုးတလန်လမ်းဆီ ပြန်ပါတယ်။

ကလိုင်းဟာ ပြောက်ကျားနံရံနဲ့ ရှေးဟောင်းပုံစံ အဆောက်အဦးရှေ့မှာ ရပ်လိုက်ပါတယ်။ တံခါးပေါ်က လိပ်စာနံပါတ်ဟာ ၃ ပါ။ ဇိုးတလန် သေနတ်ပစ်ကလပ်လို့လည်း ဆိုင်းဘုတ် တင်ထားပါတယ်။

ဒီနေရာက ရဲဌာနရဲ့ မြေအောက်သေနတ်ပစ်ကွင်းပါ။ ဒါပေမဲ့ ရန်ပုံငွေရှာဖို့အတွက် ရဲဌာနဟာ မြေအောက် သေနတ်ပစ်ကွင်းရဲ့ တစ်စိတ်တစ်ပိုင်းကို အများပြည်သူအတွက် ဖွင့်ပေးထားပါတယ်။

ကလိုင်း အဆောက်အဦးထဲ ဝင်လိုက်တဲ့အခါ စောင့်ကြည့်ခံရတဲ့ ခံစားချက်လည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ ကလိုင်းဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ သူ့ရဲ့ အထူးစစ်ဆင်ရေးဌာန တံဆိပ်ကို သေနတ်ပစ်ကွင်း ဝန်ထမ်းဆီ ကမ်းပေးလိုက်ပါတယ်။

တံဆိပ်ကို အတည်ပြုပြီးတဲ့နောက် သေနတ်ပစ်ကွင်း ဝန်ထမ်းဟာ ကလိုင်းကို မြေအောက် သေနတ်ပစ်ကွင်းလေးဆီ ခေါ်သွားပါတယ်။

“ဆယ်မီတာ ပစ်မှတ်” ကလိုင်းဟာ သေနတ်ပစ်ကွင်း ဝန်ထမ်းကို ရိုးရိုးရှင်းရှင်းပဲ လိုတာ ပြောလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးနဲ့ အိတ်ကပ်ထဲက ကျည်ဆံဘူးကို ထုတ်ယူလိုက်ပါတယ်။

ရုတ်တရက် ပစ်မှတ်ထားခံရတဲ့ ခံစားချက်ကြောင့် ကလိုင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုတဲ့ စိတ်ဆန္ဒဟာ အချိန်ဆွဲချင်တဲ့စိတ်ကို အနိုင်ရသွားပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ သေနတ်ပစ် လေ့ကျင့်ဖို့ အချိန်မဆွဲဘဲ ရောက်လာတာပါ။

သေနတ်ပစ်ကွင်း ဝန်ထမ်း ထွက်သွားတဲ့အခါ ကလိုင်းဟာ ဆလင်ဒါကို ဖွင့်ပြီး နတ်ဆိုးပစ်ကျည်ဆံတွေ ထုတ်ကာ သာမန်ကျည်ဆံတွေ ထည့်လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကလိုင်းဟာ နေရာလွတ် မချန်ထားသလို အပေါ်ဝတ်စုံနဲ့ ဦးထုပ်ကိုလည်း မချွတ်ပါဘူး။ ဒီအဝတ်အစားအတိုင်း လေ့ကျင့်မှာပါ။ ရန်သူ ဒါမှမဟုတ် ဘေးအန္တရာယ်နဲ့ တွေ့ရင် ငါ သက်သောင့်သက်သာဖြစ်အောင် အရင်လုပ်ဦးမယ် ခဏလောက် စောင့်ပါဦးလို့ အော်ပြောလို့ရမှာ မဟုတ်ပါဘူး။

“ကလစ်...”

ကလိုင်းဟာ ဆလင်ဒါကိုပိတ်ပြီး လက်မသုံးကာ လှည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ရုတ်တရက်ဆိုသလို သေနတ်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ရှေ့တည့်တည်မြှောက်ကာ ဆယ်မီတာ အကွာမှာရှိတဲ့ ပစ်မှတ်ကို ချိန်ရွယ်လိုက်ပါတယ်။

ဒါပေမဲ့ ကလိုင်းဟာ ပစ်ဖို့ အလျင်မလိုဘဲ အရင်ဘဝတုန်းက စစ်ရေးလေ့ကျင့်မှုကို ပြန်တွေးပါတယ်။

ကလိုင်းဟာ ခန္ဓာကိုယ်ကို အလျင်အမြန် ရွေ့လျားပြီး အရှိန်နဲ့ ချိန်ရွယ်တာကို လေ့ကျင့်ပါတယ်။ ဘယ်သူရန်သူကမှ သူ့ကိုပစ်ပါဆိုပြီး ရပ်နေမှာ မဟုတ်ပါဘူး။ ကလိုင်းဟာ အတန်းတင် စာမေးပွဲ ဖြေနေတဲ့ ကျောင်းသားတစ်ယောက်လို လေးနက်လှပါတယ်။

လေးငါးဆယ်ကြိမ် လေ့ကျင့်ပြီးနောက် ကလိုင်းဟာ နံရံနားက ခုံတန်းလျားမှာ သွားထိုင်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခြောက်လုံးပြူးကို ဘေးချပြီး လက်မောင်းကို နှိပ်နယ်ကာ ခဏ အနားယူပါတယ်။

ကလိုင်းဟာ သူ့လေ့ကျင့်ခဲ့တာကို ပြန်တွေးပြီး ဘယ်လိုလုပ်ရင် ပိုကောင်းမလဲဆိုတာကို စဉ်းစားပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခြောက်လုံးပြူးကို ပြန်ကောက်ယူပြီး အသင့်အနေအထား ပြင်ကာ ခလုတ်ကို ဆွဲလိုက်ပါတယ်။

“ဒိုင်း...” ကလိုင်းရဲ့ လက်မောင်းဟာ တုန်ခါသွားပြီး ကလိုင်းရဲ့ ခန္ဓာကိုယ်ဟာ ကန်အားကြောင့် နောက်ကို နည်းနည်း ဆုတ်သွားပါတယ်။ ကျည်ဆံကလည်း ပစ်မှတ်ကို မထိပါဘူး။

“ဒိုင်း... ဒိုင်း... ဒိုင်း...”

ကလိုင်းဟာ ရလာတဲ့ အတွေ့အကြုံကို အခြေခံပြီး နောက်တစ်ခါ ထပ်ပစ်ပါတယ်။ ဒီလိုနဲ့ ခြောက်ကြိမ် ပြည့်သွားပါတယ်။

‘ငါ ပစ်မှတ်ကို စထိလာပြီ...’

ကလိုင်းဟာ နောက်ဆုတ်ပြီး အသက်ရှူထုတ်ကာ ခုံတန်းလျားမှာ ပြန်ထိုင်ပါတယ်။

“ကလစ်...”

ကလိုင်းဟာ ဆလင်ဒါထုတ်ပြီး ကျည်ခွံခြောက်ခွံကို ကြမ်းပြင်ပေါ် သွန်ချလိုက်ပါတယ်။ အဲဒီနောက် မျက်နှာတစ်ချက် ပြောင်းမသွားဘဲ ကျည်ထပ်ဖြည့်ပါတယ်။

လက်မောင်းကို အနားပေးပြီးတဲ့နောက် ကလိုင်းဟာ မတ်တတ်ပြန်ရပ်ပြီး အရင်အတိုင်း နေရာပြန်ယူပါတယ်။

“ဒိုင်း... ဒိုင်း... ဒိုင်း...” သေနတ်သံ ပဲ့တင်ထပ်သွားပြီး ပစ်မှတ်ဟာ လှုပ်ခါသွားပါတယ်။ ကလိုင်းဟာ လေ့ကျင့်လိုက် အနားယူလိုက်နဲ့ ညသိမ်းငှက်ဆီက ရလာတဲ့ ကျည်ဆံ အတောင့်သုံးဆယ်ရော သူ့ဆီမှာ အရင်ရှိနေတဲ့ ကျည်ဆံငါးတောင့်ရော ကုန်သွားပါတယ်။ ဒီလိုလေ့ကျင့်မှု အပြီးမှာတော့ ကလိုင်းဟာ ပစ်မှတ်ကို တဖြည်းဖြည်း မှန်လာပြီး အလယ်ဗဟိုနား ကပ်လာပါတယ်။

ကလိုင်းဟာ ကိုက်ခဲနေတဲ့ လမ်းမောင်းကို ဝှေ့ယမ်းပြီးနောက် နောက်ဆုံး ကျည်ဆံခွံငါးခွံကို သွန်ချလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခေါင်းငုံ့ပြီး နတ်ဆိုးပစ်ကျည်ဆံငါးတောင့်ကို ကျည်အိမ်ထဲ ပြန်ထည့်လိုက်ပါတယ်။ အရင်အတိုင်းပဲ ကလိုင်းဟာ မှားပစ်မိမှာစိုးတဲ့အတွက် နေရာလွတ်တစ်နေရာ ချန်ထားပါတယ်။

ခြောက်လုံးပြူးကို ချိုင်းသေနတ်အိတ်ထဲ ပြန်ထည့်ပြီးနောက် ကလိုင်းဟာ ကိုယ်ပေါ်က ဖုန်တွေကို ခါထုတ်လိုက်ပါတယ်။ အဲဒီနောက် သေနတ်ပစ်ကွင်းက ထွက်ပြီး လမ်းမပေါ် ပြန်ရောက်သွားပါတယ်။

ကလိုင်း အပြင်ရောက်တာနဲ့ စောင့်ကြည့်ခံရတဲ့ ခံစားချက်က ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ အရင်ကလောက် စိတ်မလှုပ်ရှားတော့ပါဘူး။ ကလိုင်းဟာ ရှန်ပိန်လမ်းကို အေးအေးလူလူပဲ လျှောက်သွားပါတယ်။ အဲဒီနောက် သံလမ်းနဲ့သွားတဲ့ မြင်းလှည်းကို လေးပဲနိနဲ့ တက်စီးပြီး သံကြက်ခြေခတ်လမ်းဆီ ပြန်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်ဟာ အိမ်ကို တန်းပြန်ပါတယ်။

စောင့်ကြည့်ခံရတဲ့ ခံစားချက်က တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ ကလိုင်းဟာ သော့ထုတ်ပြီး အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ ဆံပင်တိုတို ရှပ်အင်္ကျီဖြူနဲ့ အသက်သုံးဆယ်အရွယ် လူတစ်ယောက် စားပွဲမှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ ရင်ထဲ တင်းကျပ်သွားပေမဲ့ ချက်ချင်း ပြေလျော့သွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။

“မင်္ဂလာ မနက်ခင်း... မင်္ဂလာ နေ့လည်းခင်ပါ ဘန်ဆင်”

ဒီလူက ကလိုင်းနဲ့ မလီဆာရဲ့ အစ်ကို ဘန်ဆင်မိုရက်တီပါ။ ဘန်ဆင်မိုရက်တီက ဒီနှစ်မှာ ၂၅ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မျက်နှာရင့်ပြီး ဆံပင်ပုံစံက အဘိုးကြီးပုံ ပေါက်နေတာကြောင့် အသက်သုံးဆယ်လို့ ထင်နေရတာပါ။

ဘန်ဆင်ဟာ အနက်‌ရောင် ဆံပင်နဲ့ အညိုရောင်မျက်လုံးရှိတာကြောင့် ဘန်ဆင်နဲ့ ဆင်ပေမဲ့ ကလိုင်းမှာရှိတဲ့ ပညာရှင်အငွေ့အသက်မျိုး မရှိပါဘူး။

“မင်္ဂလာ နေ့လယ်ခင်းပါ ကလိုင်း... အင်တာဗျူး ဖြေနိုင်လား” ဘန်ဆင်ဟာ မတ်တတ်ရပ်ပြီး ပြုံးဖြဲဖြဲနဲ့ မေးပါတယ်။ ဘန်ဆင်းရဲ့ အနက်ရောင် ကုတ်အင်္ကျီနဲ့ သက္ကလပ်ဦးထုပ်ဟာ နှစ်ထပ်ခုတင်မှာ ချိတ်ထားပါတယ်။

“အခြေအနေ မကောင်းဘူး” ကလိုင်းဟာ မျက်နှာသေနဲ့ ပြန်ဖြေလိုက်ပါတယ်။

ဘန်ဆင်ရဲ့ မှင်တက်သွားတဲ့ မျက်နှာကို ကြည့်ပြီး ကလိုင်းဟာ တစ်ချက် ရယ်မောလိုက်ပါတယ် “ဟီးဟီး... ပြောရရင် ကျွန်တော် အင်တာဗျူးတောင် ဝင်မဖြေလိုက်ဘူး... အင်တာဗျူး မတိုင်ခင်ကတည်းက တစ်ပတ်သုံးပေါင်ရတဲ့ အလုပ်ကို ရထားပြီးပြီ...”

ကလိုင်းဟာ မလီဆာကို ပြောခဲ့တဲ့အတိုင်း ဘန်ဆင်ကို ထပ်ပြောလိုက်ပါတယ်။

ဘန်ဆင်ရဲ့ မျက်နှာဟာ တည်ငြိမ်သွားပြီး ခေါင်းခါကာ ပြုံးလိုက်ပါတယ် “ငါ ကလေးတစ်ယောက် ကြီးပြင်းလာတာကို ထိုင်ကြည့်နေရသလိုမျိုး ခံစားရတယ်... အင်း... ဒီအလုပ်က မဆိုးဘူး...” ဘန်ဆင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အလုပ်နားတဲ့အချိန် ဒီလိုသတင်းကောင်းမျိုး ကြားရတာ မင်္ဂလာရှိတယ်... ဒီည အမဲသားနည်းနည်း ဝယ်ပြီး အောင်ပွဲခံရအောင်”

ကလိုင်းဟာ ပြုံးလိုက်ပါတယ် “သေချာတာပေါ့... ဒါပေမဲ့ မလီဆာက ကပ်စေးနှဲတယ်... ကျွန်တော်တို့တွေ နေ့လယ်ကျော်မှ လိုတာတချို့ ဝယ်ကြတာပေါ့... အနည်းဆုံး ၃ ဆိုလီလောက် ယူသွားရမယ်... အင်း... အမှန်အတိုင်း ပြောရရင် တစ်ပေါင်က ဆိုလီ ၂၀ ရှိတယ်... တစ်ဆိုလီကျတော့ ၁၂ ပဲနိပဲ ရှိတယ်... ပြီးတော့ ပဲနိဝက်နဲ့ ပဲနိအစိတ်အတန် အကြွေတွေတောင် ရှိတယ်... ဒီလို ရှေ့နောက်မညီတဲ့ ငွေကြေးစနစ်က တော်တော် ဒုက္ခများတယ်... လောကမှာရှိတဲ့ ငွေကြေးစနစ်တွေထဲမှာ အသုံးမကျဆုံး ငွေကြေးစနစ်တစ်ခု ဖြစ်လိမ့်မယ်”

ကလိုင်းဟာ စကားဆုံးတဲ့အခါ ဘန်ဆင်ရဲ့ မျက်နှာက တင်းမားသွားတဲ့အတွက် သူပြောတာ တစ်ခုခုမှားသွားလာလို့ နည်းနည်း စိုးရိမ်သွားပါတယ်။

‘အရင်ကလိုင်းရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ဉာဏ်အပိုင်းစတွေထဲမှာ ဒီအကြောင်း ပါသွားတာလား... ဘန်ဆင်က နိုင်ငံနဲ့ ပတ်သက်လာရင် မကောင်းပြောတာ နည်းနည်းမှ မကြိုက်တဲ့ အစွန်းရောက် အမျိုးသားရေးသမားလား’

ဘန်ဆင်ဟာ ခြေတစ်လှမ်းနှစ်လှမ်း လှမ်းပြီး မျက်နှာထား တင်းတင်းနဲ့ ငြင်းပါတယ် “မဟုတ်ဘူး... အသုံးမကျဆုံး ငွေကြေးစနစ်တွေထဲက တစ်ခု မဟုတ်ဘူး... အသုံးမကျဆုံး ငွေကြေးစနစ်ပဲ”

ဘန်ဆင်ရဲ့ စကားကို ကြားကြားချင်း ကလိုင်းဟာ ကြောင်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်း သတိပြန်ဝင်လာပြီး သူ့အစ်ကိုကိုကြည့်ကာ ရယ်လိုက်ပါတယ်။

ဘန်ဆင်က တကယ်ကိုပဲ ဟာသဉာဏ်ရွှင်ပါတယ်။

ဘန်ဆင်ဟာ နှုတ်ခမ်းတွန့်ပြီး လေးလေးနက်နက် ပြောပါတယ် “ကျိုးကြောင်းဆီလျော်ပြီး ရိုးရှင်းတဲ့ ငွေကြေးစနစ်ကို တည်ဆောက်ဖို့ဆိုတာ ရေတွက်တက်ပြီး ဒဿမစနစ်ကို ပိုင်နိုင်ဖို့ လိုတယ်... ကံဆိုးချင်တော့ အဲဒီ အရေးကြီးပုဂ္ဂိုလ်တွေထဲမှာ အရည်အချင်းရှိတဲ့လူက လက်တစ်ဖက်မပြည့်ဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters