← Chapters

လျှို့ဝှက်ဂိုဏ်း

Vol. 3 Ch. 28

လျှို့ဝှက်ဂိုဏ်း

Vol. 3 Ch. 28

“ဒုတ်... ဒုတ်... ဒုတ်...”

ကလိုင်းဟာ နှလုံးခုန် မြန်လာပါတယ်။ ကလိုင်းရဲ့ နှလုံးဟာ ပုံပန်းမကျအောင် ရှုံ့တွသွားပြီး ဆတ်ခနဲ ပြန်ကျယ်ပြန့်သွားပါတယ်။ ဒီအဖြစ်ကြောင့် ကလိုင်းရဲ့ ခန္ဓာကိုယ်ဟာ အသာ တုန်တက်သွားပါတယ်။

ကလိုင်းဟာ ဘာလုပ်ရမလဲဆိုတာကို တစ်ခဏတာ မေ့သွားတဲ့ အထိပါပဲ။ ကျူးကျော်လာတဲ့လူ ရုတ်တရက် ရပ်သွားမှပဲ ကလိုင်းဟာ သတိပြန်ဝင်လာပါတယ်။ ကျူးကျော်လာတဲ့လူဟာ တစ်ခုခု ကြားမိလိုက်သမျိုး ခံစားလိုက်ရတဲ့အတွက် နားစွင့်လိုက်ပါတယ်။

သွေးက ဦးနှောက်ထဲ ပြန်စီးဝင်လာတဲ့အခါ ကလိုင်းဟာ ဆင်ခြင်တုံနိုင်စွမ်း ပြန်ရသွားပြီး ခေါင်းအုံးအောက်ကနေ ဖွက်ထားတဲ့ ခြောက်လုံးပြူးကို ကောက်ကိုင်လိုက်ပါတယ်။ မာကျောပြီး ချောမွေ့တဲ့ အထိအတွေ့ကြောင့် ကလိုင်းရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ဟာ အလျင်အမြန်ပဲ ငြိမ်ကျသွားပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးကို ဖြည်းဖြည်းချင်း အသံတိတ် ဆွဲထုတ်ပြီး သူ့အခန်းထဲ ကျူးကျော်လာတဲ့လူရဲ့ ခေါင်းကို ချိန်လိုက်ပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် ကလိုင်းဟာ သူ့အခန်းထဲ ကျူးကျော်လာတဲ့လူကို ပစ်ဖို့ ယုံကြည်ချက် မရှိပါဘူး။ သေနတ်ပစ်ကွင်းမှာ ပစ်မှတ်ကို မှန်အောင် ပစ်နိုင်တယ်ဆိုပေမဲ့ လှုပ်ရှားနေတဲ့လူနဲ့ ပစ်မှတ်အသေက လုံးဝ မတူညီတဲ့ အရာနှစ်ခုပါ။ ကလိုင်းဟာ ပစ်မှတ်အသေနဲ့ အရှင်က အတူတူပဲလို့ ယူဆတဲ့အထိတော့ မမောက်မာသေးပါဘူး။

ဒါပေမဲ့ ကလိုင်းဟာ ဘဝဟောင်းက စကားတစ်ခုကို ရုတ်တရက် သတိရမိလိုက်ပါတယ်။ နျူကလီယားလက်နက်ရဲ့ စွမ်းအား အကြီးမားဆုံး အချိန်က မပစ်ခင်တဲ့။

ကလိုင်းရဲ့ လက်ရှိအခြေအနေကလည်း အဲဒီအတိုင်းပါပဲ။ အကောင်းဆုံး ခြိမ်းခြောက်မှုက သူ သေနတ်မပစ်ခင်ပါ။

မောင်းခလုတ်ကို မဆွဲတာ မဲမဲမြင်ရာ မပစ်တာကြောင့် သူက မှန်အောင် မပစ်နိုင်ဖို့များတဲ့ လက်သစ်လေးလားဆိုတာ တစ်ဖက်လူ ကောက်ချက်မချနိုင်တော့ပါဘူး။ ဒီအခါမှာ တစ်ဖက်လူရဲ့ စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေက တစ်ဖက်လူကို သေနတ်တစ်လက်ထက် ပိုပြီးတော့ ခြိမ်းခြောက်နိုင်မှာပါ။

ချက်ချင်းဆိုသလို ကလိုင်းရဲ့ စိတ်ထဲကို နောက်ထပ် အတွေးတစ်ခု ချက်ချင်းဝင်လာပါတယ်။ ဒီအတွေးကြောင့် ကလိုင်းဟာ ပြတ်သားသွားပါတယ်။ ကလိုင်းဟာ ဘေးအန္တရာယ် ကျရောက်ရင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ အဲဒါကြောင့် တိုက်ခိုက်မဲ့အစား ပါးစပ်ကနေပဲ ခြိမ်းခြောက်လိုက်တာပါ။

အစားမက်တဲ့ သူတို့နိုင်ငံမှာ ဆိုရိုးတစ်ခု ရှိပါတယ်။ ကြိုတင်ကာကွယ်ထားရင် ဘေးအန္တရာယ် မရှိဘူးတဲ့။

ကလိုင်းဟာ သူ့အခန်းထဲ ကျူးကျော်လာတဲ့လူကို သေနတ်နဲ့ ချိန်လိုက်တဲ့အခါ ပိန်ပါးတဲ့လူဟာ တစ်စုံတစ်ခုကို ခံစားမိသလိုမျိုး တန့်သွားပါတယ်။ အဲဒီနောက် ပိန်ပါးတဲ့လူဟာ ကလိုင်းရဲ့ နှုတ်ဆက်တဲ့အသံကို ကြားလိုက်ရပါတယ်။

“မင်္ဂလာ ညချမ်းပါ... လူကြီးမင်း...”

အရိုးပဒေသာနဲ့လူဟာ လက်နှစ်ဖက်ကို ဖျစ်ညှစ်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားပါတယ်။

ကလိုင်းဟာ ထထိုင်ပြီး အရိုးပဒေသာနဲ့လူရဲ့ ခေါင်းကို ခြောက်လုံးပြူးနဲ့ ချိန်ကာ အတတ်နိုင်ဆုံး လေသံအေးနဲ့ ပြောလိုက်ပါတယ်။

“လက်နှစ်ဖက်မြှောက်ပြီး ဒီဘက်ကိုလှည့်... ဖြည်းဖြည်းလှည့်နော်... အမှန်အတိုင်း ပြောရရင် ငါက အရမ်းကြောက်တက်တာ... မင်း မြန်မြန်လှုပ်ရှားရင် ငါ လန့်ပြီး သေနတ်မောင်းကို မဆွဲလိုက်ဘူးလို့ အာမမခံနိုင်ဘူး... ဟုတ်တယ်... အဲဒီလိုလုပ်...”

အရိုးပဒေသာနဲ့လူဟာ လက်နှစ်ဖက်မြှောက်ပြီး ကလိုင်းဘက်ကို တဖြည်းဖြည်း လှည့်လာပါတယ်။ ကလိုင်း ပထမဆုံး မြင်လိုက်ရတာက ကြယ်သီးတွေ သေသေသပ်သပ် တပ်ဆင်ထားတဲ့ အနက်ရောင် ကိုယ်ကျပ်အင်္ကျီပါ။ အဲဒီနောက် ကလိုင်းဟာ စူးရှထူထဲတဲ့ အညိုရောင် မျက်ခုံးမွှေးတစ်စုံကို တွေ့မြင်လိုက်ရပါတယ်။

ကျူးကျော်လာတဲ့လူရဲ့ အပြာရောင်မျက်လုံးထဲမှာ ကြောက်စိတ်တစ်စက်မှ မရှိဘဲ သားရဲတစ်ကောင်ရဲ့ အကြည့်နဲ့ ကလိုင်းကို စိုက်ကြည့်နေပါတယ်။ ကလိုင်း တစ်စက္ကန့်လောက် သတိလွတ်သွားရင်ကို ခုန်အုပ်ပြီး တစ်စစီ ဆွဲဖြဲပစ်မှာပါ။

ကလိုင်းဟာ သေနတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားထိန်းပါတယ်။

ပိန်ပါးတဲ့လူ သူ့ဘက်ကို လုံးဝ လှည့်လာပြီးတော့မှ ကလိုင်းဟာ တံခါးကို မေးငေါ့ပြလိုက်ပါတယ်။

“လူကြီးမင်း... အပြင်မှာ စကားပြောရအောင်... တခြားလူတွေရဲ့ အိပ်မက်လှလှလေးတွေကို မနှောင့်ယှက်တာ ကောင်းလိမ့်မယ်... အို... ဖြည်းဖြည်းလျှောက်... ခြေသံလည်း မထွက်စေနဲ့... ဒါက လူကြီးလူကောင်း တစ်ယောက်ရဲ့ အခြေခံ ယဉ်ကျေးမှုပဲ”

ပိန်ပါးတဲ့လူဟာ အေးစက်တဲ့ မျက်လုံးတွေနဲ့ ကလိုင်းကို တစ်ချက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် လက်မြှောက်ရင်း အခန်းတံခါးဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပါတယ်။ ခြောက်လုံးပြူးရဲ့ ချိန်ရွယ်မှုအောက်မှာ ပိန်ပါးတဲ့လူဟာ တံခါးလက်ကိုင်ဘုကို လှည့်ပြီး ဖြည်းဖြည်းချင်း တံခါးဖွင့်လိုက်ပါတယ်။

တံခါးတစ်ဝက် အပွင့်မှာတော့ ပိန်ပါးတဲ့လူဟာ ရုတ်တရက် ကိုယ်ငုံ့ပြီး ရှေ့ကို လှိမ့်ထွက်လိုက်ပါတယ်။ တံခါးကလည်း လေအားနဲ့ ဒုန်းခနဲ ပြန်ပိတ်သွားပါတယ်။

“အင်း...” နှစ်ထပ်ခုတင်ရဲ့ အပေါ်စင်မှာ အိပ်နေတဲ့ ဘန်ဆင်ဟာ အသံဗလံတွေကြောင့် နိုးလုနီး ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ အေးချမ်းတည်ငြိမ်တဲ့ သံစဉ်တစ်ခု အပြင်ဘက်ကနေ အခန်းထဲ ဝင်လာပါတယ်။ သက်သောင့် သက်သာရှိလှတဲ့ အသံဟာ စပြီးတော့ သီချင်းဆိုပါတယ်။

“အို... ကြောက်ရွံ့မှုရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကြက်သွေးရောင် မျှော်လင့်ချက်တွေ ငိုကြွေးနေ...”

“အနည်းဆုံး... သေချာတာ တစ်ခုတော့ ရှိတယ်... ဘဝဆိုတာ ကုန်ဆုံးသွားမှာပဲ”

“တစ်ခုတော့ သေချာပေမဲ့ ကျန်တာက အလိမ်အညာတွေပဲ”

“တစ်ခါက ဝေဝေဆာဆာ ပွင့်လန်းခဲ့တဲ့ ပန်းပင်လေး အခုတော့ ထာဝရ အိပ်စက်သွားပြီ”

ဒီကဗျာက တခြားလူတွေကို တည်ငြိမ်ပြီး စိတ်ပြေလျော့စေတဲ့ စွမ်းအား ရှိပုံပါပဲ။ နှစ်ထပ်ခုတင်ရဲ့ အပေါ်စင်မှာ အိပ်နေတဲ့ ဘန်ဆင်နဲ့ တခြားအခန်းမှာ အိပ်နေတဲ့ မလီဆာဟာ ပြန်ပြီးတော့ အိပ်မောကျသွားပါတယ်။

ကလိုင်းရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာလည်း အေးချမ်းငြိမ်သက်သွားပါတယ်။ ကလိုင်းဟာ မျက်စိမှေးပြီး သမ်းဝေလုနီးပါပဲ။

ပိန်ပါးတဲ့လူရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတဲ့အတွက် ကလိုင်းဟာ အချိန်မီ မလှုပ်ရှားလိုက်နိုင်ပါဘူး။ ပိတ်သွားတဲ့ တံခါးကို ကြည့်ရင်း ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “မင်းကတော့ ယုံမှာ မဟုတ်ဘူး... ငါ တကယ်ပစ်ရင်တောင် ကျည်ဆံက ထွက်လာမှာ မဟုတ်ဘူး”

ကလိုင်းဟာ မှားပစ်မိမှာစိုးတဲ့အတွက် အလွတ်တစ်နေရာ ချန်ထားခဲ့တယ် မဟုတ်ပါလား။

အဲဒီနောက် ကလိုင်းဟာ သန်းခေါင်ယံ ကဗျာကို နားထောင်ရင်း အပြင်က တိုက်ပွဲ ပြီးဆုံးတာကို စောင့်ဆိုင်းပါတယ်။

တစ်မိနစ်အတွင်းမှာပဲ ကန်ရေပြင်မှာ လရောင်ပြန်ဟပ်သလိုမျိုး ငြိမ်သက် အေးချမ်းတဲ့ သံစဉ်ဟာ ရပ်တန့်သွားပြီး ညအမှောင်ထုဟာ ပုံမှန်အတိုင်း ပြန်လည် တိတ်ဆိတ်သွားပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးရဲ့ ကျည်အိမ်ကို တိတ်တဆိတ်လှည့်ပြီး ကျည်ဆံလွတ်နေရာကို ရွှေ့လိုက်လိုက်ပါတယ်။ အဲဒီနောက် အပြင်က တိုက်ပွဲရလဒ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

ကလိုင်းဟာ စိတ်လေးလက်လံနဲ့ စောင့်နေတာ ဆယ်မိနစ် ကြာသွားပါတယ်။ ဒီအချိန် အရောက်မှာတော့ ကလိုင်းဟာ အပြင်ထွက်ပြီး အခြေအနေကို စုံစမ်းချင်လာပါတယ်။ ဒီအချိန်မှာပဲ ကလိုင်းဟာ တံခါးအပြင်ဘက်ကနေ ဒန်းစမစ်ရဲ့ တည်တံ့ နွေးထွေးတဲ့ အသံကို ကြားလိုက်ရပါတယ်။

“ပြီးပြီ”

“ဟူး...” ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးကို လက်ထဲမှာကိုင်ရင်း သော့ကို ကောက်ယူလိုက်ပါတယ်။ အဲဒီနောက် ဖိနပ်မစီးဘဲ ခြေဗလာနဲ့ အခန်းတံခါးဆီ ချဉ်းကပ်ပြီး တိတ်တဆိတ် တံခါးဖွင့်လိုက်တဲ့အခါ အနက်ရောင် လေကာအင်္ကျီနဲ့ သက္ကလပ်ဦးထုပ်ဆောင်းထားတဲ့ ဒန်းစမစ်က တည်ငြိမ်နက်ရှိုင်းတဲ့ မီးခိုးရောင်မျက်လုံးတွေနဲ့ ရပ်နေတာကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ အခန်းအပြင်ထွက်ပြီး တံခါးပိတ်ကာ ဒန်းစမစ်နောက် လိုက်သွားပါတယ်။

“ငါ သူ့အိပ်မက်ထဲဝင်ဖို့ အချိန်နည်းနည်း ယူလိုက်ရတယ်” ဒန်းစမစ်ဟာ စင်္ကြံအဆုံး ပြတင်းပေါက် အပြင်ဘက်က ကြက်သွေးရောင်လကို ကြည့်ရင်း ပြောလိုက်ပါတယ်။

“ကပ္ပတိန် သူ့နောက်ကြောင်းကို သိလိုက်ရပြီလား” ကလိုင်းဟာ တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

“ဒန်းစမစ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “လျှို့ဝှက်ဂိုဏ်းလို့ နာမည်ကြီးတဲ့ ရှေးဟောင်း အဖွဲ့အစည်းတစ်ခုပဲ... အဲဒီအဖွဲ့ကို စတုတ္ထယုဂ်မှာ တည်ထောင်ခဲ့ကြတာ... သူတို့က ဆော်လမန်အင်ပါယာနဲ့ အဲဒီအချိန်တုန်းက ကျရှုံးသွားတဲ့ အထက်တန်းလွှာတချို့နဲ့ ပတ်သက်တယ်... ဟီးဟီး... အန်တီဂိုနပ် မိသားစု ဒိုင်ယာရီက သူတို့ဆီကလာတာ... အဖွဲ့ဝင်တစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့် အဲဒီစာအုပ်က ရှေးဟောင်းအမွေအနှစ်ဈေးထဲရောက်ပြီး ဝဲလ်လက်ထဲ ရောက်လာတာ... အဲဒါကြောင့် သူတို့တွေမှာ ရွေးချယ်စရာမရှိဘဲ လူလွှတ်ရှာတာ”

ဒန်းစမစ်ဟာ ကလိုင်းရဲ့ မေးခွန်းကို မစောင့်ဘဲ ခဏရပ်ပြီးတာနဲ့ ဆက်ပြောပါတယ်။

“ဒီကရတဲ့ သဲလွန်စနဲ့ ငါတို့တွေ ကျန်တဲ့အဖွဲ့သားတွေကို လိုက်ဖမ်းမယ်... ဒါပေမဲ့ ဒီကိစ္စက ဒီလောက် လွယ်လွယ်ကူကူ ပြီးဆုံးမယ် မထင်ဘူး... ဒီကောင်တွေက ကြွက်တွေလိုမျိုး အပုန်းကောင်းတယ်... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူတို့တွေက ငါတို့တွေ အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်ကို ရသွားပြီ ဒီလိုမှမဟုတ်ရင်လည်း မှတ်စုစာအုပ်ဆီ ခြေရာခံနိုင်မဲ့ အဓိက သဲလွန်စကို ရသွားပြီလို့ ယုံသွားကြပြီ... အဲဒီတော့ အရမ်းအရေးကြီးတဲ့ ကိစ္စမဟုတ်ရင် သူတို့တွေက ဒီမှတ်စုစာအုပ်နောက်ကို ဆက်လိုက်တော့မှာ မဟုတ်ဘူး... ဒါက သူတို့တွေရဲ့ ဒဿနပဲ”

“မှတ်စုစာအုပ်က အရမ်းအရေးကြီးရင်ရော...” ကလိုင်းဟာ စိုးရိမ်စိတ်နဲ့ မေးလိုက်ပါတယ်။

ဒန်းစမစ်ဟာ ဒီမေးခွန်းကို အတိအကျ အဖြေမပေးနိုင်ပေမဲ့ ပြုံးလိုက်ပါတယ် “ငါတို့တွေ လျှို့ဝှက်ဂိုဏ်းအကြောင်းကို နည်းနည်းပဲ သိထားတယ်... ငါတို့တွေ ဒီတစ်ခါ အောင်မြင်တယ် ဆိုတာကလည်း မင်းရဲ့ ဖြတ်ထိုးဉာဏ်ကြောင့်ပဲ... ဒီအကျိုးဆောင်မှု အကုန်လုံးကို မင်းပိုင်တယ်... လျှို့ဝှက်အန္တရာယ်ကို ကာကွယ်ဖို့နဲ့ မှတ်စုစာအုပ်ရဲ့ သဲလွန်စကို ရှာဖွေတဲ့ နေရာမှာ အထောက်အကူပြုနိုင်ဖို့ မင်းမှာ ရွေးချယ်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်”

“ရွေးချယ်ဖို့ အခွင့်အရေး...” ကလိုင်းဟာ ဒန်းစမစ်ရဲ့ စကားထဲကနေ တစ်စုံတစ်ခုကို ဝိုးတိုးဝါးတား ခန့်မှန်းမိလိုက်တာမလို့ အသက်ရှူသံ လေးသွားပါတယ်။

ဒန်းစမစ်ရဲ့ မျက်နှာဟာ ပြန်တည်ကြည်သွားပြီး လေးလေးနက်နက် မေးလိုက်ပါတယ် “မင်း သာလွန်သူ ဖြစ်လာချင်လား... မင်း ပြည့်ပြည့်စုံစုံ မရှိတဲ့ လမ်းကြောင်းရဲ့ အစဆုံမှတ်ကိုပဲ ရွေးချယ်ခွင့် ရှိတယ်”

“အင်း... မင်း ဒီအခွင့်အရေးကို မယူဘဲ ရလာတဲ့ အကျိုးဆောင်မှုတွေကို စုထားလို့ရတယ်... အဲဒီလိုဆိုရင် မင်းလုပ်ရမှာက အအိပ်မဲ့ ဖြစ်လာဖို့ အကျိုးဆောင်မှု ပြည့်လာတဲ့အထိ စောင့်ရုံပဲ... ဒီလမ်းကြောင်းက အရှင်မ ညသိမ်းငှက်တွေကို ပေးသနားထားတဲ့ ပြီးပြည့်စုံတဲ့ လမ်းကြောင်းပဲ”

‘ငါ ထင်တဲ့ အတိုင်းပဲ...’ ကလိုင်းဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ချက်ချင်း မေးလိုက်ပါတယ် “အဲဒါဆို ကျွန်တော် ဘယ်အစဆုံမှတ်တွေကို ရွေးချယ်ခွင့် ရှိတာလဲ”

‘ငါ ဒီထက် ပိုသိဖို့လိုတယ်... ဒါမှ ဒီအခွင့်အရေးကို လက်ခံ လက်မခံ ဘယ်ဟာကို ရွေးချယ်သင့်လဲဆိုတာ ဆုံးဖြတ်နိုင်မှာ’

ဒန်းစမစ်ဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ်။

“ဘုရားကျောင်းမှာ အအိပ်မဲ့ကလွဲရင် ဆုံမှတ်ကို မှော်ဆေးရည် သုံးမျိုး ရှိတယ်... တစ်ခုက လူအိုကြီးနီးလ်ရဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမား... ဟီးဟီး... ရိုဇန်းက မင်းကို အဲဒီအကြောင်း ပြောထားပြီးလောက်ပြီ... အဲဒီကောင်မလေးက ဘယ်တော့မှ ပါးစပ်ထိန်းနိုင်တာ မဟုတ်ဘူး”

ကလိုင်းဟာ ကသိကအောက် ပြုံးလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဒန်းစမစ်ဟာ ဒီကိစ္စကို စိတ်မရှိဘဲ ဆက်ပြောပါတယ်။

“ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမား မှော်ဆေးရည်ရဲ့ နောက်ပိုင်း ဆုံမှတ်တွေက အဆက်အစပ် မရှိဘူး... ကြားထဲမှာ ဟနေတယ်... ငါတို့တွေ ဒီဆေးရည်ဖော်မြူလာကို မိုးဇက်ဂိုဏ်းဆီကနေ ရထားတာ... အဲဒီတုန်းက မိုးဇက်ဂိုဏ်းက ခြမစားသေးဘူး... သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာပြီး အသိပညာ ဗဟုသုတကိုပဲ လိုက်စားကြတယ်... သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းကြတယ်... သူတို့ဂိုဏ်းထဲက ဝင်တဲ့လူ ဘယ်သူမဆို လျှိူ့ဝှက်ဆန်းကြဘ် စပ်စုသမား ဖြစ်လာပြီးရင် ငါးနှစ် စကားမပြောဘဲ နေရတယ်... တိတ်တိတ်နေတတ်အောင် သင်ယူလေ့လာပြီး အာရုံစူးစိုက်မှု ထက်မြက်အောင် ကြိုးစားကျင့်ကြံရတယ်... သူတို့ရဲ့ မိုးဇက်ဂိုဏ်းရဲ့ ဆောင်ပုဒ်က ‘လုပ်ချင်ရာလုပ် တခြားလူကို ဒုက္ခမပေးနဲ့’ တဲ့”

“လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေက ကျယ်ပြန့်ပြီး ပြည့်စုံတဲ့ အသိဉာဏ်ပညာတွေ ရှိသလို အခြေခံကျကျလည်း နားလည်ကြတယ်... မှော်ပညာ နက္ခတ်ပညာ စုန်းကဝေ အတတ်နဲ့ တခြား ဂမ္ဘီရ အသိဉာဏ်ပညာတွေကိုလည်း ပိုင်နိုင်ကြတယ်... မှော်အစီအရင်တွေကိုလည်း အထိုက်အလျောက် စီရင်နိုင်ပြီး ဒြပ်ထုကြားထဲမှာ ပုန်းကွယ်နေတဲ့ တည်ရှိမှုတချို့ကိုလည်း လွယ်လင့်တကူ အာရုံခံနိုင်ကြတယ်... ဒီလိုအကြောင်းတွေကြောင့် သူတို့တွေ ဂရုစိုက်ဖို့လိုပြီး သူတို့ရဲ့ စွမ်းအားကို သာလွန်သူအနေနဲ့ လေးစားဖို့ လိုတယ်”

“ငါတို့တွေ ဒီလမ်းကြောင်းရဲ့ ဆုံမှတ် တော်တော်များများ မရှိတော့ မပြည့်စုံဘူး... ဥပမာအနေနဲ့ ပြောရရင် ဒီလမ်းကြောင်းရဲ့ ဆုံမှတ် ၈ က ငါတို့ဆီမှာ မရှိဘူး... မြင့်မြတ်တဲ့ ဘုရားရှိခိုးကျောင်းတော်မှာတော့ ရှိချင်ရှိလိမ့်မယ်”

‘ဒါက ငါလိုနေတာ အကုန်လုံးနဲ့ ကိုက်တယ်...’ ကလိုင်းဟာ ခေါင်းအသာညိတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ် စပ်စုသမားကို ရွေးချင်သွားပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ နောက်ထပ် ရွေးချယ်စရာ နှစ်ခု ရှိနေသေးတာကို သတိရသွားပါတယ်။

“တခြားနှစ်ခုကရော...”

“နောက်တစ်မျိုးက အလောင်းစုသမား... တောင်ပိုင်းတိုက်က သေခြင်းတရားကို ကိုးကွယ်တဲ့ မိစ္ဆာဂိုဏ်းတချို့က ဒီမှော်ဆေးရည်ကို ရွေးကြတယ်... ဒီဆေးရည်ကို သောက်ပြီးရင် အသိဉာဏ်မရှိတဲ့ မရဏစိတ်ဝိညာဉ်တွေက သူ့ဘက်တော်သားထင်ပြီး မတိုက်ခိုက်တော့ဘူး... အအေးဒဏ် ယိုယွင်းပျက်စီးတာနဲ့ မရဏရောင်ဝါရဲ့ တိုက်စားမှုဒဏ်ကို ခုခံနိုင်စွမ်း ရှိလာလိမ့်မယ်...”

“သူတို့တွေက မိစ္ဆာစိတ်ဝိညာဉ်တချို့ကို တိုက်ရိုက် မြင်လာနိုင်ပြီး မသေမျိုး သက်ရှိတွေရဲ့ လက္ခဏာနဲ့ အားနည်းချက်ကို မြင်လာနိုင်တယ်... တချို့နေရာတွေမှာလည်း တခြားလူတွေထက် ပိုစွမ်းလာတယ်... ငါတို့မှာ ဒီလမ်းကြောင်းရဲ့ ဆုံမှတ် ၈ နဲ့ ဆုံမှတ် ၇ လည်း ရှိတယ်... ဟီးဟီး... ဆုံမှတ် ၇ က နတ်ဝင်သည်ဆိုတာကို မင်း ခန့်မှန်းမိလောက်မှာပါ... အရင်တုန်းက ဒေလီ ဒီလမ်းကို ရွေးချယ်ခဲ့တယ်”

ဒန်းစမစ်ဟာ ကလိုင်းကို အသေးစိတ် ရှင်းပြပါတယ်။

‘နတ်ဝင်သည်က လျှို့ဝှက်ဆန်းကြယ်ပြီး လေးစားအားကျဖို့ ကောင်းပေမဲ့ ငါ အလိုချင်ဆုံးက ဂမ္ဘီရအသိဉာဏ်ပညာနဲ့ ဗဟုသုတတွေကို ကျွမ်းကျင် ပိုင်နိုင်ဖို့ပဲ’ ကလိုင်းဟာ စကားဖြတ်မပြောဘဲ ပါးစပ်ပိတ်ပြီး သေချာ နားထောင်ပါတယ်။

ဒန်းစမစ်ဟာ ပြတင်းပေါက် အပြင်ဘက်က ကြက်သွေးရောင်လကို လှမ်းကြည့်ပြီး “တတိယတစ်မျိုးကတော့ ငါတို့ဆီမှာ ဆုံမှတ် ၉ ပဲ ရှိတယ်... မြင့်မြတ်တဲ့ ဘုရားရှိခိုးကျောင်းတော်မှာ ရှိမရှိကတော့ ငါလည်း မသေချာဘူး... ဒီအစဆုံမှတ်ကိုတော့ အမြင်ဆရာလို့ ခေါ်တယ်”

‘အမြင်ဆရာ...’ ကလိုင်းရဲ့ မျက်ဆံတွေဟာ ကျုံ့ဝင်သွားပြီး ဒိုင်ယာရီထဲက ဧကရာဇ်ရစ်ဆဲလ်ရဲ့ နောင်တကို တွေးမိလိုက်ပါတယ်။ ဧကရာဇ်ရစ်ဆဲလ်ဟာ သူ့ဒိုင်ယာရီထဲမှာ ပညာသင် အမြင်ဆရာနဲ့ သူခိုးကို မရွေးမိခဲ့လို့ နောင်တရတယ်လို့ ရေးထားတယ် မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters