← Chapters

အိမ်ရွေးခြင်း

Vol. 3 Ch. 29

အိမ်ရွေးခြင်း

Vol. 3 Ch. 29

ကလိုင်းဟာ သူ့ကိုယ်သူ ပုံမှန်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး စိတ်ဝင်တစားနဲ့ မေးလိုက်ပါတယ် “အမြင်ဆရာကရော ဘာအစွမ်းတွေ ရှိလဲ”

“မင်းရဲ့ မေးခွန်းက မတိကျဘူး... မင်း မေးသင့်တာက အမြင်ဆရာ မှော်ဆေးရည် သောက်သုံးရင် ဘယ်လို အစွမ်းအစမျိုး ရနိုင်လဲဆိုတာကို မေးသင့်တာ”

ဒန်းစမစ်ဟာ ခေါင်းခါပြီး တစ်ချက် ရယ်လိုက်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ဟာ ကြက်သွေးရောင်လကို ကြည့်နေရာကနေ အမှောင်ဘက်လှည့်ပြီး သူ့မျက်နှာနဲ့ မျက်လုံးတွေကို ဖုံးကွယ်လိုက်ပါတယ်။

“ဒီအမြင်ဆရာက တော်တော်များများနဲ့ ပတ်သက်တယ်... နက္ခတ္တဗေဒ၊ ဖဲဗေဒင်၊ စိတ်ဝိညာဉ် ချိန်သီး၊ နိမိတ်ဖတ်တာ... ဒီလိုဆိုလို့ ဒီဆေးရည်သောက်တာနဲ့ ချက်ချင်းကြီး ဒီအရာတွေကို ပိုင်နိုင်သွားတာ မဟုတ်ဘူး... ဒီအရာတွေကို လေ့လာနိုင်တဲ့ အရည်အချင်းနဲ့ အရည်အသွေး ရှိသွားရုံပဲ”

“ဒီအမြင်ဆရာက ရန်သူနဲ့ တိုက်ရိုက် မတိုက်ခိုက်နိုင်ဘူး... ဟီးဟီး... မှော်အစီအရင်လုပ်ဖို့က အများကြီး ပြင်ဆင်ရတယ်... အဲဒီတော့ တိုက်ပွဲအတွက် မသင့်လျော်ဘူး... ဒါပေမဲ့ ဂမ္ဘီရနယ်ပယ်နဲ့ ပတ်သက်တဲ့ အသိဉာဏ်ပညာ နယ်ပယ်မှာတော့ အမြင်ဆရာက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားထက် ပိုပြီးတော့ ပရော်ဖက်ရှင်နယ်ကျတယ်”

‘ဒီအမြင်ဆရာကလည်း ငါရဲ့ လိုအပ်ချက် အကုန်လုံးနဲ့ လိုက်ဖက်တာပဲ... ဒါပေမဲ့ ရန်သူနဲ့ တိုက်ရိုက် မရင်ဆိုင်နိုင်တာက နည်းနည်းတော့ အကျပ်ရိုက်တယ်... နောက်ပြီး ထာဝရညနတ်ဘုရားမ ဘုရားကျောင်းမှာ နောက်ပိုင်း ဆုံမှတ်တွေလည်း ရှိတာ မဟုတ်ဘူး...’

‘သူပြောတဲ့ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က ဌာနချုပ်ဖြစ်တဲ့ ငြိမ်သက်အေးချမ်း ဘုရားရှိခိုးကျောင်းတော်ကို ရည်ညွှန်းတာ ဖြစ်မယ်... ဒီအတိုင်းဆို အဆင့်နိမ့် သာလွန်သူဘဝမှာ ရန်သူကို ရင်ဆိုင်ဖို့က သေနတ်ပဲ အားကိုးရလိမ့်မယ်’

ကလိုင်းဟာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း အတွေးနက်သွားပါတယ်။ ကလိုင်းဟာ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ အမြင်ဆရာမှာ ခေါက်တုံ့ခေါက်ပြန်ကူးပြီး ဘယ်ဟာကို ရွေးချယ်သင့်လဲဆိုတာ စဉ်းစားပါတယ်။ အလောင်းစုသမားကိုတော့ ကလိုင်းဟာ ခေါင်းထဲတောင် မထည့်ပါဘူး။

ကလိုင်းရဲ့ အမူအရာကို ကြည့်ပြီး ဒန်းစမစ်ဟာ ပြုံးလိုက်ပါတယ်။

“မင်း အလျင်စလို ဆုံးဖြတ်စရာ မလိုပါဘူး... တနင်္လာနေ့ မနက်ကျမှ ငါ့ကို အဖြေပေး... မင်း ဘယ်ဆုံမှတ်ကိုပဲ ရွေးရွေး ဒါမှမဟုတ် ဒီအခွင့်အရေးကို လက်ပဲလျှော့လျှော့ ငါတို့ညသိမ်းငှက်တွေထဲက တစ်ယောက်မှ ဒီကိစ္စအပေါ် တခြားအတွေးရှိမှာ မဟုတ်ပါဘူး”

“စိတ်ငြိမ်အောင် ထားပြီး မင်းရဲ့ နှလုံးသားကိုမေးကြည့်ချည်”

အဲဒီနောက် ဒန်းစမစ်ဟာ ဦးထုပ်ချွတ်ပြီး ခေါင်းအသာ ညွှတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဒန်းစမစ်ဟာ ကလိုင်းကို ဖြတ်ကျော်ပြီး လှေကားဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။

ကလိုင်းဟာ စကားတစ်လုံးမှ မပြောဘဲ ဒန်းစမစ်ကို ချက်ချင်း အဖြေပြန်မပေးပါဘူး။ တိတ်တဆိတ် ဦးညွှတ်ရင်း ဒန်းစမစ် ထွက်သွားတာကိုသာ ကြည့်နေပါတယ်။

ကလိုင်းဟာ သာလွန်သူဖြစ်လာဖို့ မျှော်လင့်ထားခဲ့ပေမဲ့ တကယ်လက်တွေ့ အခွင့်အရေး ရလာတယ်အခါမှာတော့ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ နောက်ပိုင်းဆုံမှတ်တွေ ပျောက်နေတာ၊ စိတ်လွတ်သွားနိုင်တဲ့ အန္တရာယ်ရှိတာ၊ ဝိုးတိုးဝါးတား ရေရွတ်သံတွေက လူတွေကို တိုက်စားပြီး ရူးသွပ်အောင် လုပ်နိုင်တာ၊ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီရဲ့ မှန်ကန်မှု။ ဒီအရာတွေက ကလိုင်းကို ရှေ့ဆက်မတက်နိုင်အောင် တားဆီးထားတဲ့ ကျုံးတစ်ခု ဖြစ်နေပါတယ်။

ကလိုင်းဟာ အသက်ဝအောင် ရှူသွင်းပြီး ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါတယ်။

‘ဒီဟာက ဘယ်လောက်ဆိုးဆိုး အသက် ၁၈ နှစ် ကျောင်းသားတစ်ယောက်ကို သူ့အနာဂတ် ဆုံးဖြတ်ခိုင်းတာလောက်တော့ မဆိုးနိုင်ပါဘူး...’

ကလိုင်းဟာ သူ့ကိုယ်သူ သရော်ပြုံး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ တစ်စစီ ပြန့်ကျဲနေတဲ့ သူ့အတွေးတွေကို စုစည်းပြီး အခန်းထဲ ပြန်ဝင်ကာ ခုတင်ပေါ် လှဲလျောင်းလိုက်ပါတယ်။

ကလိုင်းဟာ ခုတင်ပေါ်မှာ မျက်လုံးဖွင့် လှဲလျောင်းရင်း ကြက်သွေးရောင် လရောင်ဟပ်နေတဲ့ နှစ်ထပ်ခုတင် အပေါ်စင်ရဲ့ အောက်ခြေကို တိတ်တဆိတ် ကြည့်နေပါတယ်။

အပြင်ဘက်မှာတော့ အရက်မူးသမား တစ်ယောက်ဟာ လူသူမရှိတဲ့လမ်းမှာ ဒယီးဒယိုင်နဲ့ သဝေထိုးနေပါတယ်။ လူခြေတိတ်နေတဲ့လမ်းမှာ မြင်းလှည်းတစ်စီးကလည်း အရှိန်နဲ့ မောင်းနှင်သွားပါတယ်။ ဒီအသံတွေက ညရဲ့ တိတ်ဆိတ်မှုကို မဖြိုခွင်းနိုင်ဘဲ ညက ပိုပြီးတော့ မှောင်မိုက် တိတ်ဆိတ်သွားစေပါတယ်။

ကလိုင်းဟာ ၂၁ ရာစုက သူ့ဘဝကို ပြန်တွေးရင် ခံစားချက်တွေ အနည်ထိုင်သွားပါတယ်။ ကလိုင်းဟာ သူ လေ့ကျင့်ခန်း လုပ်ရတာကို ဘယ်လိုနှစ်သက်တာ သူ့အဖေက အသံအကျယ်ကြီး ဘယ်လိုစကားပြောတာ သူ့အမေက နာတာရှည်ရောဂါ ရှိတာတောင် အလုပ်နဲ့လက်မပြတ်တာကို ဘယ်လိုဂုဏ်ယူတာ သူ့သူငယ်ချင်းတွေနဲ့ ဘောလုံး ဘတ်စကတ်ဘောနဲ့ မာကျောက် ကစားတာ အချစ်ဦးကို ဖွင့်ပြောခဲ့ပေမဲ့ ဘယ်လို အငြင်းခံရခဲ့တာ...။ ဒီခံစားချက်တွေက တိတ်တိတ်ဆိတ်ဆိတ် စီးဆင်းနေတဲ့ မြစ်တစ်စင်းလို လှိုင်းသိပ်မထပေမဲ့ နက်နက်ရှိုင်းရှိုင်းတော့ တည်ရှိပါတယ်။ ဒီခံစားချက်တွေဟာ ကလိုင်းရဲ့ နှလုံးသားကို တိတ်တဆိတ် လွှမ်းမိုးသွားပါတယ်။

လူတစ်ယောက်က တစ်စုံတစ်ရာကို ဆုံးရှုံးသွားမှာပဲ အဲဒီအရာရဲ့ တန်ဖိုးကို သိနားလည်လာတာ ဖြစ်နိုင်ပါတယ်။ ကြက်သွေးရောင် ဆုတ်ယုတ်ပြီး ကောင်းကင်ပြင်မှာ ရွှေဝါရောင် သမ်းလာတဲ့အခါမှာတော့ ကလိုင်းဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

.....

ကလိုင်းဟာ အိပ်ရာကထပြီး လန်းဆန်းအောင် မျက်နှာသစ်ဖို့ ဘုံပိုင်ရေချိုးခန်းဆီ ဦးတည်ပါတယ်။ အဲဒီနောက် တစ်ဆိုလီတန်ကို ယူပြီး မစ္စဝင်ဒီဆိုင်က ဂျုံပေါင်မုန့် ရှစ်ပေါင်ကို ကိုးပဲနိနဲ့ ဝယ်ပါတယ်။ မနေ့ညက စားတာ ကုန်သွားလို့ ထပ်ဝယ်ရတာပါ။

“ပေါင်မုန့်ဈေးက ပြန်ငြိမ်လာပြီ” ဘန်ဆင်ဟာ မနက်စာ စားပြီးနောက် မှတ်ချက်ပေးပါတယ်။

ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ဘန်ဆင်ရော မလီဆာရော အားပါတယ်။

အဝတ်အစား ခပ်သင့်သင့် ဝတ်ထားတဲ့ ကလိုင်းဟာ ကုလားထိုင်ပေါ်မှာထိုင်ပြီး သူ မနေ့က ဝယ်ခဲ့တဲ့ သတင်းစာကို လှန်လှောကြည့်ကာ တအံ့တဩ ပြောလိုက်ပါတယ်။

“ဒီမှာ အိမ်ငှားကြော်ငြာပါတယ်... မြောက်ပိုင်းမြို့နယ် အမှတ် ၃ ဝင်ဒီလမ်း၊ နှစ်ထပ်လုံးချင်းတိုက်အိမ်... အပေါ်ထပ်မှာ အိပ်ခန်း ခြောက်ခန်း၊ ရေချိုးခန်း သုံးခန်းနဲ့ လေသာခန်းကြီး နှစ်ခန်း... အောက်ထပ်မှာ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း ၂ ခန်း၊ ဧည့်သည်ခန်း ၂ ခန်းနဲ့ မြေအောက်ခန်း... အိမ်ရှေ့မှာ ကိုယ်ပိုင်မြေ ၂ ဧက၊ အိမ်နောက်မှာ ဥယျာဉ်လေးတစ်ခု... တစ်နှစ် နှစ်နှစ် သုံးနှစ် ငှားလို့ရပြီး တစ်ပတ်ငှားခက တစ်ပေါင်နဲ့ ခြောက်ဆိုလီ... စိတ်ဝင်စားရင် ရှန်ပိန်လမ်းက မစ္စတာဂုဆစ်ကို လာရှာပါတဲ့”

“အဲဒါက ငါတို့ရဲ့ အနာဂတ် ပန်းတိုင်ပဲ” ဘန်ဆင်ဟာ ဦးထုပ်ဆောင်းပြီး အပြုံးနဲ့ “သတင်းစာမှာ ကြော်ငြာတဲ့ နေရာတွေက နည်းနည်း ဈေးကြီးတယ်... ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီမှာ အဲဒီနေရာထက် မနိမ့်ဘဲ ဈေးပိုချိုတဲ့နေရာတွေ ရှိတယ်”

“ထင်းဂန် အလုပ်သမား လူတန်းစား အိမ်ရာတိုးတက်ရေးအဖွဲ့မှာ အိမ်နေရာ ရှာရင်ရော...” မလီဆာဟာ ဇာကာပါတဲ့ ဦးထုပ်ဟောင်းတစ်လုံးကို လက်ထဲမှာ ကိုင်ရင်း သူမ အခန်းထဲကနေ ထွက်လာပါတယ်။ မလီဆာဟာ လေးငါးခါ ဖာထေးထားတဲ့ ဖြူမှိုင်းမှိုင်း ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

မလီဆာဟာ တိတ်ဆိတ်ပြီး တသီးတသန့် နေတတ်ပေမဲ့ သူမရဲ့ ငယ်ရွယ်နုပျိုမှုကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။

ဘန်ဆင်ဟာ မလီဆာ စကားကို ကြားပြီး ရယ်မောလိုက်ပါတယ်။

“နင် ထင်းဂန် အလုပ်သမား လူတန်းစား အိမ်ရာတိုးတက်ရေးအဖွဲ့ကို ဘယ်ကနေ ကြားလာတာလဲ... ဂျန်နီလား... မစ္စရိုချဲလ်လား... ဒါမှမဟုတ် နင့်ရဲ့ သူငယ်ချင်းကောင်း ဆယ်လီနာဆီကလား”

မလီဆာ ဘေးတစ်ဖက်ကို ကြည့်ပြီး တီးတိုး ပြန်ဖြေပါတယ်။

“မစ္စရိုချဲလ်... ညီမ မနေ့ညက ခြေလက်ဆေးတုန်းက သူနဲ့ ဆုံမိတာ... မစ္စရိုချဲလ်က ကလိုင်းရဲ့ အင်တာဗျူးအကြောင်း မေးလို့ ညီမ အကြမ်းဖျင်း ပြောပြလိုက်တယ်... အဲဒီမှာ မစ္စရိုချဲလ်က ထင်းဂန် အလုပ်သမား လူတန်းစား အိမ်ရာတိုးတက်ရေးအဖွဲ့ဆီသွားဖို့ ညီမကို အကြံပေးတာပဲ”

ဘန်ဆင်ဟာ ကလိုင်းရဲ့ ပဟေဠိမျက်နှာကို သတိထားမိတာကြောင့် ခေါင်းခါရင်း ပြုံးမိလိုက်ပါတယ်။

“သူတို့က ဆင်းရဲသားတွေကို ပစ်မှတ်ထားတာ... တိတိကျကျ ပြောရရင် သူတို့က အောက်ခြေ လူတန်းစားတွေအတွက် အိမ်ရာစီမံပေးတဲ့ အဖွဲ့ပဲ... သူတို့က ဘုံပိုင်ရေချိုးခန်းရှိတဲ့ အိမ်တွေကို ဆောက်လုပ် မွမ်းမံတယ်... သူတို့ဆီမှာ ရွေးချယ်စရာ သုံးခုပဲရှိတယ်... တစ်ခန်း နှစ်ခန်းနဲ့ သုံးခန်းပဲ... နင် အဲဒီလိုနေရာမျိုးမှာ ဆက်နေချင်လို့လား”

“ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီက သူတို့နဲ့ စီးပွားရေးတူတယ်... ဒါပေမဲ့ သူတို့က အောက်ခြေ လူလတ်တန်းစားတွေအတွက်လည်း ရွေးချယ်စရာလည်း ပေးတယ်... အမှန်အတိုင်းပြောရရင် ငါတို့ရဲ့ အခြေအနေက အောက်ခြေ လူလတ်တန်းစားထက် နည်းနည်း ပိုကောင်းရုံပဲ... တကယ် လူလတ်တန်းစား မိသားစုတွေကို မီဖို့ တော်တော် လိုသေးတယ်... ဒါက ဝင်ငွေကြောင့် မဟုတ်ဘူး... ငါတို့တွေရဲ့ စုဆောင်းမှုက ဘာမှမရှိသေးလို့ပဲ”

ကလိုင်းဟာ သဘောပေါက်သွားပြီး သတင်းစာကို ချလိုက်ပါတယ်။ အဲဒီနောက် ဦးထုပ် ကောက်ဆောင်းပြီး မတ်တတ်ရပ်လိုက်ပါတယ်။

“ဒါဆို သွားကြရအောင်”

“ထင်းဂန်မြို့ အိမ်ရာ တိုးတက်ရေး ကုမ္ပဏီက ဒက်ဖဒိုလမ်းမှာ” ဘန်ဆင်ဟာ ပြောရင်ဆိုရင်း တံခါးဖွင့်လိုက်ပါတယ် “သူတို့တွေကလည်း ထင်းဂန် အလုပ်သမား လူတန်းစား အိမ်ရာတိုးတက်ရေးအဖွဲ့လိုပဲ ငါးရာခိုင်နှုန်း ပရဟိတအဖွဲ့လို့ လူသိများတယ်... ဘာဖြစ်လို့လဲ သိလား”

“မသိဘူး” ကလိုင်းဟာ လက်ကိုင်တုတ်ကို မြှောက်ပြီး မလီဆာဘေး လျှောက်သွားပါတယ်။

ဘန်ဆင်ဟာ အပြင်ဘက်ထွက်ရင်း...

“ဒီလို အိမ်ရာတိုးတက်ရေး အဖွဲ့အစည်းတွေ ကုမ္ပဏီတွေက ရန်ပုံငွေရှာနည်း သုံးမျိုးပဲ ရှိတယ်... ပထမတစ်နည်းက ပရဟိတ ဖောင်ဒေးရှင်းတွေဆီကနေ အလှူခံတာ... ဒုတိယတစ်နည်းက ရန်ပုံငွေအဆိုပြုချက်၊ အစိုးရဆီကနေ ထောက်ပံ့ငွေ ၄ ရာခိုင်နှုန်း ရတယ်... တတိယတစ်နည်းက ရင်းနှီးမြှုပ်နှံမှု... သူတို့ရတဲ့ အိမ်ငှားခတွေကနေ တစ်စိတ်တစ်ပိုင်းကို ရင်းနှီးမြှုပ်နှံသူတွေဆီ ၅ ရာခိုင်နှုန်း ပြန်ခွဲဝေးပေးတယ်... အဲဒါကြောင့် သူတို့ကို ငါးရာခိုင်နှုန်း ပရဟိတအဖွဲ့တွေလို့ ခေါ်တာ”

ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ လှေကားကနေ အောက်ဆင်းပြီး ဒက်ဖဒိုလမ်းဆီ အေးအေးလူလူ လျှောက်သွားပါတယ်။ သူတို့တွေဟာ သူတို့ရဲ့လက်ရှိအိမ်ပိုင်ရှင် မစ္စဖရန်ကီနဲ့ စကားမပြောခင် သူတို့နေမဲ့ နေရာအသစ်ကို အတည်ပြုချင်ပါတယ်။ အိမ်ပေါ်က မောင်းချခံရပြီး နေစရာနေရာ မရှိမဲ့အဖြစ်မျိုးကို သူတို့တွေ မရောက်ချင်ပါဘူး။

“ညီမ ဆယ်လီနာဆီကနေ ကြားတာတော့ ပရဟိတချည်းပဲ သက်သက်လုပ်တဲ့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီတွေလည်း ရှိတယ်ဆို”

ဘန်ဆင်ဟာ တစ်ချက် ရယ်လိုက်ပါတယ်။

“ရှိတယ်... လူကြီးမင်းဒူဝီဗို တည်ထောင်ထားတဲ့ ဒူဝီဗိုအပ်နှံငွေ... သူက အလုပ်သမား လူတန်းစားကို ပစ်မှတ်ထားပြီး တိုက်ခန်းတွေ ဆောက်တယ်... ဈေးသက်သက်သာသာနဲ့ တိုက်ခန်းငှားပြီး အိမ်ခြံမြေစီမံတဲ့လူတွေကိုလည်း ထားပေးတယ်... ဒါပေမဲ့ စည်းကမ်းတွေကတော့ တော်တော်လေး တင်းကျပ်တယ်”

“အစ်ကိုက အဲဒီအကြံကို မကြိုက်ပုံပဲ” ကလိုင်းဟာ ဘန်ဆင်ရဲ့ စကားထဲကနေ မနှစ်မြို့မှုကို ခံစားမိတဲ့အတွက် အပြုံးနဲ့ မေးလိုက်ပါတယ်။

“မဟုတ်ပါဘူး... ငါ လူကြီးမင်းဒူဝီဗိုကို လေးစားပါတယ်... ဒါပေမဲ့ လူကြီးမင်း ဒူဝီဗိုက ဆင်းရဲတာ ဘာလဲဆိုတာကို ဂဃနဏ မသိတာ သေချာတယ်... သူ့တိုက်ခန်းမှာ နေရတာက ဘုန်းတော်ကြီး မျှော်လင့်ချက်တရား ဟောသလိုပဲ... အိမ်ငှားတွေက ကာကွယ်ဆေး ထိုးရတယ်... ရေချိုးခန်းကို အလှည့်ကျ သန့်ရှင်းရေး လုပ်ရတယ်... သူတို့ရဲ့ တိုက်ခန်းတွေမှာ စီးပွားရေး မလုပ်ရဘူး... အမှိုက်တွေကို ပစ်ချင်တိုင်း မပစ်ရဘူး... ကလေးတွေကလည်း ကော်ရစ်ဒါမှာ မကစားရဘူး... အို အရှင်မ... သူက လူတိုင်းကို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဖြစ်ချင်တဲ့ပုံပဲ” ဘန်ဆင်က သာမန်လေသံနဲ့ ဖြေပါတယ်။

ကလိုင်းဟာ မျက်ခုံးတွန့်ပြီး ပဟေဠိ ဖြစ်သွားပါတယ်။

“ဒါက ပြဿနာရှိပုံ မပေါ်ပါဘူး... စည်းကမ်းအကုန်လုံးက ကျိုးကြောင်းဆီလျော်ပါတယ်”

“ဟုတ်တယ်” မလီဆာကလည်း ခေါင်းညိတ်ပြီး ကလိုင်းရဲ့ စကားကို ထောက်ခံပါတယ်။

ဘန်ဆင်ဟာ သူ့ညီနဲ့ ညီမကို ကြည့်ပြီး တစ်ချက် ရယ်လိုက်ပါတယ်။

“ငါ မင်းတို့နှစ်ယောက်လုံးကို ကောင်းကောင်းမွန်မွန် ကာကွယ်ထားခဲ့လို့ မင်းတို့တွေ တကယ်ဆင်းရဲတာ ဘာလဲဆိုတာကို မမြင်ဖူးသေးဘူး... သူတို့တွေမှာ ကာကွယ်ဆေးထိုးဖို့ ပိုက်ဆံရှိမယ်လို့ ထင်လား... ပရဟိတအဖွဲ့အစည်းတွေမှာ စာရင်းပေးရင်တောင် အနည်းဆုံး သုံးလ စောင့်ရတယ်”

“နောက်ပြီး သူတို့ရဲ့ အလုပ်က တည်ငြိမ်တယ်လို့ ထင်လား... သူတို့ တိုက်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းကို အသုံးချပြီး ပိုက်ဆံမရှာနိုင်ရင် အလုပ်မရှိတာနဲ့ သူတို့တွေ အိမ်ပြောင်းရမှာ... နောက်ပြီး မိန်းမအများစုက အိမ်မှာ အဝတ်တွေချုပ် မီးခြစ်ဆံဘူးတွေလုပ်ပြီး သူတို့ရဲ့ စားဝတ်နေရေးကို ထိန်းသိမ်းရတာ... ဒါတွေကလည်း စီးပွားရေးထဲမှာ ပါတယ်... အဲဒါတွေ မလုပ်ရင် သူတို့တွေ ဘယ်ကနေ စားဖို့သောက်ဖို့ ရမှလဲ”

“လူမွဲအများစုက အစွမ်းကုန်ကြိုးစားပြီး ရှင်သန်ဖို့ ကြိုးစားနေရတာ... သူတို့မှာ သူတို့ရဲ့ ကလေးတွေကို ကော်ရစ်ဒါမှာ လျှောက်မပြေးအောင် ဆုံးမဖို့ အချိန်ရှိမယ် ထင်လား... ကလေးတွေကို အိမ်မှာပဲ ပိတ်ထားပြီး ခုနစ်နှစ် ရှစ်နှစ်ရှိရင် ကလေးအလုပ်သမား လက်ခံတဲ့နေရာဆီ ပို့မှပဲရမယ်”

ဘန်ဆင်ရဲ့ စကားလုံးတိုင်းက ကလိုင်းကို ကျောချမ်းသွားစေပါတယ် ‘ဒါက တကယ့်လူမွဲတွေ နေရတဲ့ ဘဝလား’

ကလိုင်းဘေးက မလီဆာလည်း တိတ်သွားပါတယ်။ အတော်ကြာမှ မလီဆာဟာ ညင်သာတဲ့လေသံနဲ့ “ဂျန်နီက အောက်ပိုင်းလမ်းကို ပြောင်းသွားကတည်းက ညီမကို သူ့ဆီ လာမလည်စေချင်တော့ဘူး”

“သူ့အဖေ အဲဒီဒဏ်ရာကနေ ပြန်သက်သာပြီး အလုပ်ကောင်း ရှာနိုင်ဖို့ မျှော်လင့်ကြတာပေါ့... ဒါပေမဲ့ အရက်သမား အများစုက သူတို့ရဲ့ သောကတွေကို မေ့ပျောက်ဖို့ အရက်ပဲ ဇွတ်သောက်ကြတယ်...” ဘန်ဆင်ဟာ ရယ်သံနှောပြီး ပြောလိုက်ပေမဲ့ သူ့အသံက သုန်မှုန်နေပါတယ်။

ကလိုင်းဟာ ဘာပြောရမှန်း မသိတော့ပါဘူး။ မလီဆာလည်း အတူတူပါပဲ။ ဒီလိုနဲ့ မောင်နှမ သုံးယောက်ဟာ ဒက်ဖဒိုလမ်းမှာ တိတ်တဆိတ် လမ်းလျှောက်ရင်း ထင်းဂန်မြို့ အိမ်ရာတိုးတက်ရေး ကုမ္ပဏီဆီ ရောက်သွားပါတယ်။

သူတို့ကို ဧည့်ခံတဲ့လူက ဖော်ရွေတဲ့အပြုံးနဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ပါ။ ဒီသက်လတ်ပိုင်း အမျိုးသားဟာ သေသေချာချာ ကျကျနန မဝတ်စားထားဘဲ အဖြူရောင်ရှပ်အင်္ကျီနဲ့ စွပ်ကျယ်နက်ကိုသာ ဝတ်ဆင်ထားပါတယ်။

“ငါ့ညီတို့တွေ အစ်ကို့ကို စကာတာလို့ ခေါ်လို့ရတယ်... ငါ့ညီတို့တွေ ဘယ်လိုအိမ်မျိုး စိတ်ကူးထားလဲဆိုတာ သိလို့ရမလား” စကာတာဟာ ကလိုင်းရဲ့ ငွေစီလက်ကိုင်တုတ်ကို တွေ့သွားတဲ့အခါ သူ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီးတော့ ဖော်ရွေသွားပါတယ်။

ကလိုင်းဟာ ဒီလိုနေရာမှာ ကျွမ်းကျင်တဲ့ ဘန်ဆင်ကို ကြည့်ပြီး အဖြေပေးဖို့ အချက်ပြလိုက်ပါတယ်။

ဘန်ဆင်ဟာ တစ်ခါတည်း အဖြေပေးလိုက်ပါတယ် “ခေါင်မိုးဆက်အိမ်”

စကာတာဟာ ဖိုင်တွေ စာရွက်စာတမ်းတွေကို လှန်ကြည့်ပြီးနောက် ပြုံးသွားပါတယ်။

“လောလောဆယ် မငှားရသေးတဲ့ ခေါင်မိုးဆက်အိမ် ငါးအိမ် ရှိတယ်... အမှန်အတိုင်း ပြောရရင် အစ်ကိုတို့က တစ်အိမ်တည်းမှာ လူ ၆ ယောက် ၈ ယောက် ၁၂ ယောက် စုပြုံပြီးနေရတဲ့ ဖောက်သည်တွေကို ပိုပြီးတော့ ဝန်ဆောင်မှု ပေးချင်တယ်... ခေါင်မိုးဆက်အိမ်က သိပ်ရှိတာ မဟုတ်ဘူး... အမှတ် ၂ ဒက်ဖဒိုလမ်းမှာ တစ်အိမ်... မြောက်ပိုင်းမြို့နယ်မှာ တစ်အိမ်... အရှေ့ပိုင်းမြို့နယ်မှာ တစ်အိမ်… အိမ်ငှားခကတော့ ၁၂ ဆိုလီကနေ ၁၆ ဆိုလီထိရှိတယ်... ငါ့ညီတို့တွေ ဒီမှာ အသေးစိတ် ကြည့်လို့ရတယ်”

စကာတာဟာ ဘန်ဆင် ကလိုင်းနဲ့ မလီဆာကို စာရွက်တစ်ရွက် လှမ်းပေးပါတယ်။

စာရွက်ကို ဖတ်ကြည့်ပြီးနောက် ကလိုင်းတို့ မောင်နှမသုံးယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စာရွက်ရဲ့ တစ်နေရာတည်းကို ပြိုင်တူ ကြည့်မိလိုက်ပါတယ်။

“အမှတ် ၂ ဒက်ဖဒိုလမ်းက အိမ်ကို အရင်ဆုံး ကြည့်မယ်” ဘန်ဆင်က ပြောလိုက်ပါတယ်။ ကလိုင်းနဲ့ မလီဆာလည်း ခေါင်းညိတ်လိုက်ကြပါတယ်။

ဒီနေရာက သူတို့နဲ့လည်း ရင်းနှီးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters