← Chapters

အမှောင်ယင်စွမ်းအား၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်

Vol. 11-16 Ch. 226

အမှောင်ယင်စွမ်းအား၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်

Vol. 11-16 Ch. 226

အခန်း (၂၂၆)  :  အမှောင်ယင်စွမ်းအား၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်

ပြုံးနေသော ယဲ့ချင်းခန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ထျန်းက ပြောလိုက်သည်  “ ကျွန်တော်ကို ဒီမျှော်နန်းဆောင် လက်ခံစေချင်တာလား ”

ယဲ့ချန်းခန်က ပြုံးကာ

“ မင်း မလိုချင်ရင် အတင်းမတိုက်တွန်းပါဘူး။ ဒါပေမဲ့ မင်းက ကံကြမ္မာကောင်းကောင်း ရှိတယ်ဆိုတော့ ဒီမျှော်နန်းဆောင်ကို လက်ခံလိုက်ရင်တော့ ပိုပြည့်စုံသွားမှာ …  မင်းက ဝိညာဉ်ချီလေးနည်းနည်းလောက် ထည့်လိုက်ရုံပဲ။ လူငယ်လေး မင်းဆီမှာ ဖိအားမရှိဘူးဆိုရင် ဘယ်လိုလုပ် တိုးတက်လာနိုင်ပါ့မလဲ။ မင်း ပြန်ပေးရမဲ့ တန်ဖိုးက လက်ခံလိုက်ရမဲ့ အကျိုးမြတ်ထက်စာရင် မပြောပလောက်ပါဘူး ”

ဝိညာဉ်ချီနည်းနည်းလား …

သူက နတ်ဘုရားလောကမှ အမှန်တကယ် ဖြစ်လောက်၏။ သူ့စကားအသုံးအနှုန်းတို့က ကြီးကျယ်လွန်းပေသည်။

ရှန်ထျန်းက ဆုံးဖြတ်လိုက်ကာ  “ ကောင်းပြီလေ။ ကျွန်တော် ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ကို လက်ခံလိုက်မယ်။ ဒါပေမဲ့ အရင်ဆုံး ရှင်းရမဲ့ မေးခွန်းလေးတွေတချို့ ရှိသေးတယ် ”

ယဲ့ချန်းခန်က ပြုံးလိုက်ပြီး  “ မင်းက သတိကြီးတဲ့ကောင်လေးပဲ။ မေးချင်တာသာ မေး ”

ရှန်ထျန်းက ယဲ့ချန်းခန်အား ကြည့်လိုက်ကာ  “ ဝိညာဉ်ချီ အတိအကျ ဘယ်လောက်လိုတာလဲ။ စစ်နတ်ဘုရား မျှော်နန်းဆောင်ကိုရော အပြည့်အဝ ပြန်ပြုပြင်နိုင်ပါ့မလား ”

ယဲ့ချန်းခန်က မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက်

“ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အပြည့်အဝ ပြန်ကောင်းလာစေဖို့ဆိုရင် မင်း အထက်ဘုံကို မတက်မလှမ်းမချင်း တွေးကို မတွေးနဲ့။ အသုံးစရိတ်အတွက်ကတော့ တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်ပဲ ကျမှာပါ ”

ထိုမျှော်နန်းဆောင် လုံးဝ မပြိုလဲသွားဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ကျောက်တုံး တစ်ထောင် သုံးပေးဖို့ လိုအပ်သည်လား။ ဤသည်မှာ အရမ်းများမနေဘူးလား။

လိမ်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား …

ရှန်ထျန်းက မျက်လုံးပြန်ဝေ့ကြည့်လိုက်သည်။

ယဲ့ချန်းခန်က ရှန်ထျန်း၏ အမူအယာကို မြင်လိုက်ပြီးနောက် မြန်မြန် ထပ်ပြောလိုက်သည်  “ အဲထက် နည်းရင်လည်း အဆင်ပြေမှာပါ။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး ၈၀၀ တော့ လိုတယ်။ အဲထက် နည်းလို့တော့ မဖြစ်ဘူး။ မဟုတ်ရင် မျှော်နန်းဆောင် တစစီ ပြိုကွဲသွားလိမ့်မယ် ”

ရှန်ထျန်းက ထို့ထက် ထပ်ညှိနှိုင်းနိုင်သေးကြောင်း ခံစားမိသော်လည်း ယခု အရေးကြီးဆုံးအချက် မဟုတ်သေးပေ။

သူက ယဲ့ချန်းခန်အား စိုက်ကြည့်လိုက်ပြီးနောက်  “ တကယ်လို့ ကျွန်တော်က ဒီမျှော်နန်းဆောင်ကို လက်ခံလိုက်မယ်ဆိုရင် တိုက်ပွဲတွေအတွက် ဘယ်သူတွေကို ဝင်ခွင့်ပြုတယ် ဘာညာကအစ လုပ်ပိုင်ခွင့်ရှိလား ”

ယဲ့ချန်းခန်က မျက်ဝန်းများ အရောင်လက်သွားကာ

“ ဉာဏ်ကောင်းလိုက်တဲ့ ကောင်လေး … မင်းက တကယ့်ကို လူလိမ္မာလေးပဲ။ မင်းက ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ကို အသုံးချပြီးတော့ ဝိညာဉ်ကျောက်တုံးတွေ ရချင်တာလား ”

ရှန်ထျန်းက တစ်ခါ မျက်လုံးဝေ့ကြည့်လိုက်ပြီး

“ မဟုတ်ရင် အဲလောက်ဝိညာဉ်ကျောက်တုံးတွေ ဘယ်ကနေ သွားရှာရမှာလဲ။ ဝိညာဉ်ကျောက်တုံး ၈၀၀ တောင်လေ။ ကျွန်တော်ကို ရောင်းပြီး အဲလောက် ဈေးမြင့်မြင့်ရမလားသာ ကြည့်လိုက်ပါ့လား ”

ယဲ့ချန်းခန်က ပြုံးကာ

“ ရုပ်ရည်ချောမောတဲ့သူတွေက ဉာဏ်ကောင်းတယ်ဆိုတာ အမှန်ပဲကိုး။ ကောင်းပြီလေ … မင်းသာ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို တည်ငြိမ်နိုင်လောက်တဲ့ ဝိညာဉ်ချီ ပေးနိုင်ရင် ကျန်တာ မင်း သဘောပဲ။ ဒါပေမဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ပါဝင်ကစားသူတွေရဲ့ ရတနာကိုတော့ ငါ တစ်ဝက်လိုချင်တယ်။ ဝိညာဉ်ကျောက်တုံး ပြောင်းပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပြန်ပြုပြင်ရမယ်လေ ”

“ ကောင်းပြီလေ ” ရှန်ထျန်းကလည်း အေးအေးဆေးဆေး ပြောလိုက်သည်  “ ဒါပေမဲ့ ကျွန်တော်က စစ်နတ်ဘုရား စင်မြင့်အတွက် ဈေးနှုန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရမယ်။ ကျွန်တော်ဆီမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းသားတွေနဲ့ မိတ်ဆွေတွေ ဝင်ပြိုင်ချင်တဲ့အခါမျိုးအတွက် လျော့ဈေးပေးခွင့် ရှိရမယ်”

ယဲ့ချန်းခန်က ရှန်ထျန်းအား စိတ်လိုလက်ရ ကြည့်လိုက်ပြီးနောက်

“ လိမ္မာလိုက်တဲ့ ကောင်လေး … မင်းဆီမှာ သစ္စာရှိမိတ်ဆွေတွေပါ ရှိထားတာပဲ။ မင်းကို မြင်ရတာ ငယ်ငယ်တုန်းက ငါ့ကို ပြန်မြင်နေရသလိုပဲ။ ငါတို့တွေ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ … ငါက ကိုယ့်ဘာသာ လျော့လိုက်ပြီးတော့ မင်းကို မြေးတော်လိုက်မယ်လေ။ ငါက တကယ်အလေးအနက်ကြီး ပြောတာနော် ”

ရှန်ထျန်း  “ … ”

သူ့မြေးလုပ်ဖို့တဲ့လား … ဘာတွေလှည့်စားချင်နေတာလဲ …

ငါတို့က စီးပွားရေးအကြောင်း ပြောနေတာ မဟုတ်ဘူးလား … ဒီထက်ပိုပြီး လေးလေးနက်နက် ထားပါဗျာ

ရှန်ထျန်းက စိတ်ဆိုးသွားကာ

“ စီနီယာကြီး .. ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်က ပထမဆရာသခင် သူ့ခရမ်းအရှိန်အဝါကို ကျင့်ကြံခဲ့တဲ့ နေရာလို့ ပြောခဲ့ဖူးတယ်လေ။ ဒီဟာက စကြဝဠာထဲမှာ ရှိနေတဲ့ အရှိန်အဝါအားလုံးကို သန့်စင်ပေးနိုင်တာလား ”

ယဲ့ချန်းခန်က ခေါင်းညိတ်ကာ

“ ဒါပေါ့ .. အရမ်းမိုက်တယ်မလား။ ငါတို့ စစ်နတ်ဘုရား မျှော်နန်းဆောင်က စစ်နတ်ဘုရား မီးစာကျမ်း သင်ကြားမှုကနေ ဖြစ်တည်လာတာ။ မင်းရဲ့ မီးစာကျမ်းက ဟိုးအောက်ဆုံးအဆင့် အခြေခံပဲ။ မင်းအနေနဲ့ ရွှေရောင်ကိုယ်ထည်နယ်ပယ်အဆင့်အထိပဲ ကျင့်ကြံနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ စစ်နတ်ဘုရားကျမ်းက မီးစာကျမ်းထဲမှာ အားအကောင်းဆုံးတစ်ခုပဲ…

နောင်ကျရင် မင်းက စစ်နတ်ဘုရား မီးစာကျမ်းကို ကျင့်ကြံပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာ မင်းရဲ့ တိုက်ပွဲစွမ်းရည်က တိုးမြင့်လာနိုင်လိမ့်မယ် ။ ဒီနှစ်ခုနဲ့ဆိုရင် မင်းက ပြိုင်ဖက်ကင်း ဖြစ်လာလိမ့်မယ်။ ဘယ်လိုလဲ … အဲဒီအတွေးနဲ့တင် သွေးတွေ ဆူပွက်လာသလိုပဲမလား ”

စစ်နတ်ဘုရား မျှော်နန်းဆောင်ကို သုံးပြီး တခြားသူတွေနဲ့ တိုက်ခိုက်ဖို့လား … ပြိုင်ဖက်ကင်း ဖြစ်လာမှာလား …

ရှန်ထျန်းက မျှော်နန်းဆောင် ပြိုကျသွားပြီး သူ့ပြိုင်ဖက်များနှင့်အတူ အပြိုအပျက်ကြား သေဆုံးသွားမည်ကို စိုးနေမိသည်။

ရှန်ထျန်းက မယုံသင်္ကာကြည့်လိုက်ပြန်သည်။ သို့သော်လည်း ယဲ့ချန်းခန်၏ စကားများက သူ့အား စိတ်လှုပ်ရှားလာစေသည်။

“ စစ်နတ်ဘုရား မီးစာကျမ်းလား .. စီနီယာ ကျွန်တော်က မီးစာကျမ်းကို ငွေစငါးပြားနဲ့ ဝယ်လာခဲ့တာ။ အဲဒါရဲ့ ဇစ်မြစ်ကို သိနေတာလား ”

ယဲ့ချန်းခန်က ဉာဏ်အလင်းပွင့်သစ်ပင်ကို အသာသပ်ကာ ပြောလိုက်သည်

“ မင်းအနေနဲ့ မီးစာကျမ်းက တခြားကျမ်းတွေထက် အဆင့်မနိမ့်ဘူးဆိုတာ သိထားဖို့ပဲ လိုတာ … တခြားကိစ္စတွေကိုတော့ မင်း ကောင်းကင်မိုးကြိုး ၃၆ ချက် စမ်းသပ်မှု ခံယူပြီးမှ ဆက်ပြောကြတာပေါ့။ မဟုတ်ရင် သိလွန်းရင်လည်း မကောင်းတတ်ဘူး ”

မိုးကြိုး ၃၆ ချက် စမ်းသပ်မှုလား   ….  အဲဒီအခါ သူက ကောင်းကင်ဧကရာဇ် ဖြစ်သွားပြီ မဟုတ်ဘူးလား …

ဒီဉာဏ်များလိုက်တဲ့ လူအိုကြီး … သူ မလိုလားရင် ဘာမှမပြောနဲ့လေ။ အခုကျ မြည်းရှေ့ မုန်လာဉနီကို ကြိုးနဲ့ချည်ထားသလို သရေမျှားမျှား ဖြစ်နေရတော့မှာမလား …

မီးစာကျမ်းက နတ်ဘုရားလောကက အထွတ်အထိပ် အမွေအနှစ်ကျင့်စဉ်များလား … ဒါပေမဲ့ အထွတ်အထိပ် တည်ရှိမှုတွေရဲ့ ကျိန်ဆိုမှုကြောင့် ကျင့်ကြံသူတွေက ကံဆိုးကုန်တာလား …

ဆိုတော့ ကောင်းချီးပေးမခံထားရရင် မီးစာကျမ်းရဲ့ လျို့ဝှက်ချက်ကို သိဖို့ မထိုက်တန်ဘူးလား။ အရင်ဆုံး အားကောင်းလာဖို့ လိုသေးတာပေါ့

ဒါက ထူးထူးဆန်းဆန်း ရှုပ်ယှက်ခတ်နေတဲ့ အစီအစဉ်တစ်ခုပဲ …

ဒါက တကယ့် နတ်ဘုရားလောကက အလုပ်လုပ်ပုံမျိုးလား …. မဟုတ်သေးဘူး … ငါ မှားယွင်းကောက်ချက်ချမိတာ နေမယ်

ကိစ္စများက မရိုးရှင်းတော့ပေ။ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို ခံယူပြီး ကောင်းကင်ဧကရာဇ် အရင်ဖြစ်လာရမည်။

ဒါပေမဲ့ မိုးကြိုးစမ်းသပ်ချက်မှာ ကျရှုံးသွားရင်ရော …

ဟားဟား ကျရှုံးမှတော့ မိုးကြိုးအပစ်ခံရပြီး သေရုံပေါ့ .. ဘယ်သူက လျို့ဝှက်ချက်အကြောင်း တွေးနိုင်ဦးမှာလဲ

.................

သူက မီးစာကျမ်းကို အချိန်တစ်ခုအထိ ဘေးဖယ်ထားရဦးမည်. ယခု ပို၍ အရေးကြီးနေသည်က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ထောက်ပံ့ပေးအပ်ဖို့ ဖြေရှင်းရမည့် ကိစ္စ ဖြစ်၏။

ရှန်ထျန်းက ပြောလိုက်သည်  “ စစ်နတ်ဘုရား မျှော်နန်းဆောင်က ဘယ်စွမ်းအားကိုမဆို စုပ်ယူနိုင်တယ်ဆိုတော့ အမှောင်ယင်စွမ်းအားကိုလည်း စုပ်ယူနိုင်မှာပေါ့ ”

အမှောင်ယင်စွမ်းအားလား …

ယဲ့ချန်းခန်၏ မျက်လုံးများ လင်းလက်လာကာ   “ ဒါက အရည်အသွေးမြင့်တဲ့ စွမ်းအားတစ်ခုပဲ။ သာမန်ဝိညာဉ်ချီတွေထက် ပိုကောင်းတယ်။ ဘယ်နေရာမှာ ရနိုင်တုန်း သိလား ”

ရှန်ထျန်းက ခေါင်းညိတ်ကာ

“ ကျွန်တော် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုထဲ လေ့ကျင့်တုန်းက သီးခြားလွင်ပြင်တစ်ခုကို ဖြတ်သွားခဲ့ရတယ်။ အဲဒီမှာ အမှောင်ယင်စွမ်းအားတွေနဲ့ ပြည့်နေတာ … အတော်လေး ထူးဆန်းတယ်။ ကြည့်ရတာ အဲဒီလွင်ပြင်မှာ ရှေးခေတ်အချိန်က အရိပ်အမြွက် မပြသေးဘဲ ပေါ်ထွက်မလာသေးတဲ့ ရတနာတချို့ ရှိလောက်တယ် ထင်တယ်။ စီနီယာ အဲဒါကို ကိုင်တွယ်နိုင်လောက်လား။ အဲဒါဆိုရင် ကျွန်တော်ကို ခင်ဗျားကို ခေါ်သွားပေးမယ်လေ ”

သူ ကိုင်တွယ်နိုင်လားတဲ့

ယဲ့ချန်းခန်က နှာခေါင်းရှုံ့ကာ  “ အဲဒါက တစ္ဆေတချို့နဲ့ ဝိညာဉ်ရိုင်းတချို့ပဲ ရှိတာပါကွာ။ ငါ ကြောက်ရမဲ့ဟာ မရှိဘူး ”

ထို့နောက် ယဲ့ချန်းခန်က အင်္ကျီလက်ဖျားကို ခါလိုက်သည်နှင့် ရှန်ထျန်း၏ ညာဖက် လက်ညိုးမှ သွေးတစ်စက် ထွက်လာသည်။ ထိုအရာက သူတို့ကြား လေဟာနယ်အတွင်း ပေါင်းစပ်သွားလေသည်။

နောက်အခိုက်အတန့်လေး၌ သူတို့ဝန်းကျင်ရှိ အာကာပြင်မှာ စတင် တုန်ခါလာသည်။

ခရမ်းရောင်အလင်းတန်းများက ရှန်ထျန်း ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် စွမ်းအင်ဗဟိုချက်ထဲ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

သွေးနီရောင် ကောင်းကင်ကြီးနှင့် မြေကြီးတို့က ရှန်ထျန်း ရှေ့မှောက် ပြန်ပေါ်လာသည်။ လက်မအတော်အတန် မြင့်မားသော ခရမ်းရောင် မျှော်နန်းဆောင်လည်း ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်အတွင်း လှည့်ပတ်နေ၏။

“ စီနီယာ ခဏနေပါဦး …  နတ်မိမယ်ခုံမုန့်၊ လျန်အာ၊ ကွေ့ကုန်းကုန်းနဲ့ ကျန်တဲ့လူတွေက အထဲမှာ ရှိနေတုန်းလေ ”

ရှန်ထျန်းက မဲ့ရွဲ့သွားလေသည်။ သူ့အပေါင်းအပါများ ထွက်မလာသေးဘဲ မျှော်နန်းဆောင်သည် သူ့ဗိုက်ထဲ ရောက်နေလေပြီ။

သူက သူ့ဗိုက်ထဲမှ သူတို့အားလုံးကို ခံစားမိနေ၏။

အတော်ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ …

ယဲ့ချန်းခန်၏ ပုံရိပ်က  ရှန်ထျန်းဘေးနား ပေါ်လာသည်။ သူ့မျက်ဝန်းများက စိတ်သက်သာရာရနေဟန် ပေါ်၏

“ စိတ်မပူပါနဲ့ … သူတို့ အခုထွက်မလာနိုင်သေးဘူးဆိုတော့ မင်းဗိုက်ကြီး ပေါက်မထွက်သွားပါဘူး။ အမှောင်ယင်စွမ်းအားဆီ မြန်မြန်သွားရအောင် … မဟာလမင်းအဆီအနှစ်နဲ့ ပတ်သတ်နေတာဆိုတော့ ပစ္စည်းကောင်းလေးပဲ။

ဒါနဲ့ မင်းလည်း မင်းအတွက်မင်း သိမ်းထားဦး။ တကယ်လို့ မင်းဘေးနားမှာ နတ်ဆိုးမလေးတွေ ဒါမှမဟုတ် တစ္ဆေမလေးတွေရှိရင် သူတို့ကို ကျွေးလို့ရတယ်။ သူမတို့ ကြိုက်သွားလိမ့်မယ်  ”

ရှန်ထျန်း နဖူးမှ ချွေးများစို့လာလေသည်။

ဒီလူအိုကြီးက ထူးထူးဆန်းဆန်း အကြိုက်ရှိတာပဲ….

ထားလိုက်ပါတော့  … သူက ကျိုးအာအတွက် အမှောင်ယင်စွမ်းအားတချို့ သိမ်းထားပေးဖို့ စဉ်းစားထားလေသည်။ သူက ထိုကောင်မလေးကို သိလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၍ ပစ္စည်းကောင်းလေးတချို့ လက်ဆောင်ပေးရမည့်အချိန် ကျရောက်လာလေပြီ။

………….....

ရှန်ထျန်းက ဝမ်းဗိုက်ထဲတွင် စစ်နတ်ဘုရား မျှော်နန်းဆောင် ရှိထားသောကြောင့် တိုက်ပွဲနယ်မြေတွင် အကြောက်အလန့် မရှိပေ။ သူ စိတ်မကျေနပ်ပါက သတ်ပစ်လိုက်ရုံ ဖြစ်၏။ တိုက်ပွဲနယ်မြေမှ မိစ္ဆာဝိညာဉ်များ ထွက်လာလျှင်ပင် သူ့အနေနှင့် မျှော်နန်းဆောင် ထုတ်လိုက်ရုံသာ ဖြစ်၏။

လူအိုကြီးက သူ့ဆီတွင် ထိုမျှော်နန်းဆောင်ကို သုံး၍ တစ်ယောက်ယောက်ကို သတ်ဖို့ အခွင့်အရေးသုံးကြိမ် ရှိကြောင်း ပြောထားလေသည်။ ထာဝရအရှင်ကိုပင် သတ်ပစ်နိုင်လေသည်။

သူက ထိန်းသိမ်းထားဖို့ ပိုက်ဆံများစွာ သုံးရမည်ဖြစ်၍ သေချာအသုံးချရပေမည်။

သို့သော် ရှန်ထျန်းက ရောင်ဝါ ပြောင်းသွားပြီ ဖြစ်ကာ မည်သည့်ဝိညာဉ်မဲ့ သတ္တဝါဆန်းများနှင့် မတွေ့ကြုံရသေးပေ။

သူက ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း မိုင်ရာချီ သွားလာခဲ့ကာ နယ်စပ်မှ မိုင် ၁၈၀၀ အဝေးသို့ ရောက်နေလေပြီ။ ဤနယ်မြေကို ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အတွင်းဆုံးအပိုင်းဟု ယူဆနိုင်၏။ မြေကြီးပင် အနီရင့်ရောင် ဖြစ်နေပြီး ကောင်းကင်ယံတွင် သွေးတိမ်များ မျှောလွင့်နေကြ၏။

အရိုးခြောက်များ၊‌ သွေးနတ်ဆိုများ အပါအဝင် ဤနေရာ၌ ကြုံတွေ့ရသော နတ်ဆိုးများမှာ ရွှေအမြုတေအဆင့် ဖြစ်ကြသည်။ တချို့မှာ အခြေတည်အဆင့်သာ ရှိသေး၏။

“ ဒီမိစ္ဆာဝိညာဉ် ဂိုဏ်းသားတွေက ပြဿနာရှာရဲတယ်ပေါ့လေ။ သူတို့က သေရမှာ မကြောက်ကြဘူးပဲ ”

ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်များအရ ရှန်ထျန်းသည် အမှောင်ယင်တောင်ကြားအား မကြာခင် ရှာတွေ့သွားလေသည်။

ဟုတ်ပေ၏။ သူက ဟေးယွမ်ခေါင်းပေါ်ရှိ ကံအပြောင်းအလဲ အခွင့်အရေးကြောင့် ရောက်လာခြင်း ဖြစ်၏။

ထိုပုံရိပ်အတွင်း ရှန်ထျန်းက ဟေးယွမ်သည် အမှောင်ယင်စွမ်းအား ဖုံးလွှမ်းနေသော လွင်ပြင်တစ်ခုအတွင်း ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ ထိုလွင်ပြင်အလယ်၌ အခမ်းအနားစင်မြင့်တစ်ခု ရှိနေပေမည်။ ဟေးယွမ်က တပည့်များစွာကို ယစ်ပူဇော်ရန် ပြန်ပေးဆွဲထားခဲ့သည်။

ထိုယစ်ပူဇော်ခြင်း အခမ်းအနားမှတဆင့် သူက လွန်ခဲ့သော နှစ်တစ်ထောင်မှ မိစ္ဆာဝိညာဉ်သခင်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး မိစ္ဆာဝိညာဉ်သခင်နှင့် အောင်အောင်မြင်မြင် သဘောတူညီချက် ရယူကာ သူ့စွမ်းအား တိုးမြင့်လာစေခဲ့သည်။

………....

ထိုစဉ် ထိုလွင်ပြင်အလယ်ပိုင်း၌ အမှောင်ယင်စွမ်းအားများ ခြုံလွမ်းသွားလေပြီ။ အခမ်းအနားစင်မြင့်အောက်တွင် အနီရင့်ရင့်စွမ်းအားအလုံးကြီးက လွင့်မျှောနေလေ၏။ ထိုအနီရင့်ရင့် စွမ်းအားလုံးကြီးထဲ၌ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ဝေဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။

“ ဟားဟား ဂိုဏ်းချုပ်ရေ  လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်စက်ဝန်းပြားနဲ့ ငါ့ကို ပိတ်လှောင်နိုင်ခဲ့တော့ရော ဘာဖြစ်လဲ။ နောက်ဆုံးကျ ငါ့တပည့်တွေက ငါ့ကို အရင်ဆုံးရှာတွေ့သွားခဲ့တာပဲ …. မင်းက ဒီအစီအရင်အတွက် အသက်ကို စတေးပစ်ခဲ့ပေမဲ့ အခုတော့ အလကားပဲကွ …

စောင်ကြည့်နေလိုက်စမ်းပါ။ နောက်ရက်အနည်းငယ်ကျရင် နှစ်သုံးထောင်တိုင်း ကျရောက်တဲ့ ကောင်းကင်နတ်ဆိုးရက်မြတ် ရောက်လာတော့မယ်။ အဲဒီအခါကျ မင်းရဲ့ ပြန်လည်ဝင်စားခြင်း စက်ဝန်းပြားရဲ့ စွမ်းအားလည်း အနိမ့်ဆုံး ဖြစ်သွားလိမ့်မယ်။  အဲဒီနေ့ကျရင် ငါ ပြန်လွတ်လပ်ပြီပဲ … ငါ့ဆီကနေ ယူသွားတဲ့ အမှောင်ယင်စွမ်းအားအားလုံးကို ပြန်ယူပြမယ်။

မင်း စောင့်ကြည့်နေလိုက် … နှစ်တစ်သောင်းကုန်သွားပြီ။ နတ်ဘုရားလောက ဘုံတံခါးဝလည်း ပိတ်သွားပြီးပြီ။ ဒီမှာ ဘယ်ထာဝရအရှင်မှ မပေါ်လာနိုင်တော့ဘူး။ ငါ ပြန်ကောင်းလာတာနဲ့ မင်းရဲ့ အထွတ်အမြတ်မြေနဲ့ မျိုးဆက်အားလုံးကို ရှာပြီးတော့ ….  ”

မိစ္ဆာဝိညာဉ် သခင်က သူ့ဘာသာ ရေရွတ်နေစဉ် ရုတ်ချည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး တစ္ဆေပုံရိပ်လည်း တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။

လူသားတစ်ယောက်ပဲ …

လူသားက လွင်ပြင်ထဲ ကျုးကျော်လာတယ် …

မိစ္ဆာဝိညာဉ် သခင်၏ စိတ်နှလုံးသားထဲ အာရုံတစ်ခု ရလာသည်။

ဤလွင်ပြင်ကို သီးသန့်အစီအရင်တစ်ခုဖြင့် ပိတ်ဆို့ထားလေရာ ဝိညာဉ်မဲ့ တည်ရှိမှုများ မဝင်ရောက်လာနိုင်ပေ။ သို့သော် မကြိုဆိုသော တည်ရှိမှုတစ်ခုက ကျူးကျော်ဝင်လာကြောင်း ခံစားမိလိုက်သည်။ ရိုးရိုးတန်းတန်း ဝင်ရောက်လာခြင်း မကပေ။

မိစ္ဆာဝိညာဉ် သခင်က လွင်ပြင်ထဲရှိ သူ့အမှောင်ယင်စွမ်းအားများ အလျှင်အမြန် လျော့ပါးသွားကြောင်း ခံစားမိလိုက်၏။

ရုတ်ချည်းဆိုသလို မသက်မသာ ဖြစ်လာမိလေသည်။

သူခိုးတစ်ကောင် အိမ်ထဲ ဝင်လာလေပြီ။

All Chapters