ဒီလူက တကယ်ကြီး ထာဝရအရှင်လား
Vol. 11-16 Ch. 227
အခန်း (၂၂၇) : ဒီလူက တကယ်ကြီး ထာဝရအရှင်လား
လွင်ပြင်ထဲရှိ အမှောင်ယင်စွမ်းအားက မိစ္ဆာဝိညာဉ် သခင်၏ အဆီအနှစ်စွမ်းအားများမှ ဖြစ်တည်လာခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ပြင်ပမှ ကျင့်ကြံရေးလောကထဲ ဝင်ရောက်လာခဲ့သည်။ သူက ထာဝရတပိုင်း ကျင့်ကြံဆင့် ရှိကာ နယ်မြေငါးခုမှ အပြစ်ကင်းသူများစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ အတိဒုက္ခလွန် ဖြတ်ကျော်ပြီးသော ကျင့်ကြံသူများပင် သူ့ပြိုင်ဖက် မဟုတ်ခဲ့ချေ။
အဆုံးသတ်၌ ပြန်လည်ဝင်စားခြင်း အထွတ်အမြတ်မြေမှ ဂိုဏ်းချုပ်အိုကြီးက သူ့အသက်ကို စတေးကာ ထာဝရတပိုင်း ပစ္စည်းဖြစ်သည့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဖြင့် ထိုဝိညာဉ်ကို ပိတ်လှောင်ထားခဲ့သည်။ ဤနှစ်တစ်လျှောက်လုံး ထိုစက်ဝန်းပြားက မိစ္ဆာဝိညာဉ်သခင်၏ စွမ်းအားနှင့် အမှောင်ယင်စွမ်းအား ထုတ်လုပ်မှုကို သန့်စင်ပေးနေခဲ့သည်။
ထိုစွမ်းအားက သူ့ဘာသာ ပျောက်ကွယ်သွားသင့်ပေသည်။ သို့သော်လည်း မိစ္ဆာဝိညာဉ် ဂိုဏ်းသားတစ်ယောက်က ဤနေရာကို လွန်ခဲ့သော နှစ်သုံးထောင်ခန့်က ရှာတွေ့သွားခဲ့၏။
သူက အခြားသော ယုံကြည်ကိုးကွယ်သူများအား စုစည်းကာ အမှောင်ယင်စွမ်းအားကို စုစည်းနိုင်ဖို့ အစီအရင်တစ်ခု ခင်းကျင်းပေးခဲ့သည်။ သူတို့က ဆန်းကြယ်ညာရပ်ဖြင့် မိစ္ဆာဝိညာဉ်သခင်ကို လွှတ်ပေးဖို့အတွက် နှစ်သုံးထောင်စောင့်ခဲ့ရသည်။ ထိုအရာက မိစ္ဆာဝိညာဉ်သခင်အား အမြန်အဆန် ပြန်ကောင်းလာစေလိမ့်မည်။
သို့သော်လည်း မိစ္ဆာဝိညာဉ်သခင်က တစ်ယောက်ယောက်က အမှောင်ယင်စွမ်းအားများကို ခိုးယူနေကြောင်း သတိထားမိလိုက်၏။
သူက အလွန်ဒေါသထွက်လာသည်။
နှစ်သုံးထောင် ရှိသွားလေပြီ။
ငါ ဒီနှစ်သုံးထောင်အတွင်းမှာ ဘယ်လိုရှင်သန်ခဲ့ရတယ်ဆိုတာကို သိရဲ့လား ….
ငါ့ဆီက ဆုံးရှုံးသွားတဲ့ အမှောင်စွမ်းအား အားလုံးကို ပြန်စုစည်းပြီး စက်ဝန်းပြားကနေ လွတ်မြောက်ဖို့ နီးစပ်နေမှ အခု ငါ့ဆီကနေ ပြန်လာခိုးယူနေတာလား …
သေနာကောင် မင်း ပြန်ပေးဆပ်ရမယ်
မိစ္ဆာဝိညာဉ်သခင်က သူ့ဘာသာ စက်ဝန်းပြား၏ အထိန်းအချုပ်ကို လွန်ဆန်ဖို့ အတင်းကျပ်ကြိုးစားလိုက်ပြီး အမှောင်ယင်စွမ်းအားကို သုံးကာ တိုက်ခိုက်မှု ပြုလုပ်လိုက်သည်။
အမှောင်ယင် လွင်ပြင်၌ အမှောင်ယင်စွမ်းအားကြောင့် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ ဖြစ်ပေါ်လာသောကြောင့် ရုတ်ချည်းဆိုသလို ဗြောင်းဆန်သွားလေသည်။
နောက်အခိုက်အတန့်လေး၌ လွင်ပြင်အတွင်း မကောင်းဆိုးဝါများ အပြည့် ဖြစ်သွားတော့သည်။
“ အဲအကောင်တွေက အရမ်းအားကောင်းတယ်။ စီနီယာ ကိုင်တွယ်နိုင်ရဲ့လား ”
ရှန်ထျန်းက အလွန်စိုးရိမ်နေမိသော်လည်း ယဲ့ချန်းခန်ကတော့ အေးဆေးနေသည်။ ခရမ်းရောင် စစ်နတ်ဘုရားမျှော်နန်းဆောင်က ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်မှ ထွက်လာကာ နတ်အလင်းတန်း ထွက်ပေါ်လာသည်။
“ စိတ်အေးအေးထား … အဲဒီကောင်က စက်ဝန်းပြားထဲ အပိတ်ခံထားရတာ။ ငါတို့ကို ကောင်းကောင်းတိုက်နိုင်စွမ်း မရှိဘူး။ ဒီမကောင်းဆိုးဝါးတွေက ကြောက်ဖို့ကောင်းပေမဲ့ အမှောင်ယင်စွမ်းအားနဲ့ပဲ ဖွဲ့စည်းထားတာဆိုတော့ တိုက်ခိုက်စွမ်း မရှိဘူး ”
ယဲ့ချန်းခန်က ပြုံးကာ ဆက်ပြောလိုက်သည် “ ဒီနေရာမှာ အမှောင်ယင်စွမ်းအားတွေ အများကြီးရှိတယ်ဆိုတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်တော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ပြီပေါ့ ”
ထို့နောက် သူက လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်လည်း နတ်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
ယဲ့ချန်းခန် ဝန်းကျင် ခရမ်းရောင် အလင်းပြောက်လေးများက ကြယ်တာရာမြေပုံသဖွယ် ဖြစ်လာသည်။ ထိုမြေပုံက ခွန်သဏ္ဌာန် ပြောင်းလဲသွားပြီးနောက် ယဲ့ချန်းခန် နောက်ကျောဘက်တွင် ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာသည်။
“ ငါ့ဆီမှာ ဝိညာဉ်အပိုင်းအစ နည်းနည်းပဲ ရှိတော့ စွမ်းအားက တော်တော်အားနည်းသွားပြီ။ ဒါပေမဲ့ ဒီအမှောင်ယင် စွမ်းအားပမာဏလောက်တော့ ကိုင်တွယ်နိုင်ပါသေးတယ် ”
သူ့စကားအဆုံးတွင် စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့် ခွန်သဏ္ဌာန်တို့ ပေါင်းစပ်သွားကာ ခွန်က ရုပ်လုံးပေါ်လာခဲ့သည်။ ခွန်က လွင်ပြင်ရှိ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို စုပ်ယူပစ်လိုက်သည်။ သူတို့က အမှောင်ယင်စွမ်းအားအဖြစ် ပြန်ပြောင်းသွားပြီး ဧရာမငါးကြီးထဲ စုပ်ယူခံလိုက်ရသည်။
“ သေစမ်း … ဒီဟာကနေ ထွက်လာပြီး မျှမျှတတ တိုက်မယ်။ ငါ ဒီစက်ဝန်းပြားထဲ အပိတ်ခံထားရတုန်း ငါ့အဆီအနှစ်စွမ်းအားတွေ ခိုးယူတာ မျှတတယ် ထင်နေလား။ ”
လွင်ပြင်အလယ်ပိုင်းမှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ယဲ့ချန်းခန်က သရော်ကာ “ မင်းက မိစ္ဆာဝိညာဉ်တစ်ကောင်အတွက် လေကြီးနေတာပဲ။ ခမ်းခြောက်သွားအောင် စုပ်ပစ်လိုက်ဦးမယ် ”
သူ့အမိန့်ဖြင့် ခွန်က ပိုမို စုပ်ယူတော့သည်။
အမှောင်ယင် စွမ်းအားအားလုံးက ငါးပါးစပ်ထဲ ရောက်ကုန်ကြသည်။
လွင်ပြင်၏ မြင်နိုင်စွမ်းက ပုံမှန်ပြန်ဖြစ်သွားကာ မိုင်တော်တော်ဝေးဝေးမှ အပင်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“ သွားပြီ … အကုန်ပါသွားပြီ ”
မြေအောက်မှ စိတ်ပျက်လက်ပျက်အသံ ထွက်ပေါ်လာသည်။ မိစ္ဆာဝိညာဉ်သခင်က ဒေါသကြောင့် တုန်တုန်ရီရီ ဖြစ်နေသည်။
ငါ့တပည့်တွေက ဘယ်ရောက်ကုန်တာလဲ … ငါ့ယုံကြည်ကိုးကွယ်သူတွေကရော ဘယ်မှာလဲ …
ငါ့ကို အသက်ပြန်သွင်းမယ်ဆိုပြီး ကတိပေးထားပြီးတော့ အခု သူတို့ ဘယ်ရောက်နေလို့ ဒီလူက ဝင်လာနိင်ရတာလဲ …
မိစ္ဆာဝိညာဉ်သခင်က စက်ဝန်းပြား ထိန်းချုပ်မှုအောက်တွင် အမှောင်ယင်စွမ်းအားဖြင့် ပုံရိပ်ယောင်မျှသာ ဖန်တီးနိုင်သော်လည်း သူတော်စင်အဆင့်အောက်ရှိ ကျင့်ကြံသူအများစုကို ကြောက်လန့်ထွက်ပြေးသွားစေဖို့ လုံလောက်ပေသည်။
သူတော်စင်အဆင့် ကျင့်ကြံသူများအတွက်မူ နတ်ဆိုးများကြောင့် နောက်ဆုတ်သွားကြလိမ့်မည်။ သူတို့က အလွန်ကြောက်ဖို့ ကောင်းသည် မဟုတ်ပါလော။ သို့သော်လည်း ဤလူက ပုံရိပ်ယောင်များကို လုံးလုံးမကြောက်ပေ။
သူက မိစ္ဆာဝိညာဉ်သခင်၏ ရည်ရွယ်ချက်ကို ထိုးဖောက်မြင်သည့်အလား အမှောင်ယင် စွမ်းအား အကုန်စုပ်ယူသွားခဲ့သေးသည်။
မိစ္ဆာဝိညာဉ်သခင်အနေနှင့် ပြန်လည် ချေပနိုင်မည့် နည်းလမ်း မရှိပေ။ သူ့အနေနှင့် စက်ဝန်းပြားထဲ စောင့်နေရုံသာ တတ်နိုင်၏။
ရှက်ဖို့ကောင်းလိုက်တာ …
ငါသာ ကောင်းကောင်း သိထားခဲ့ရင် ဒီကမ္ဘာကို လာခဲ့မှာ မဟုတ်ဘူး …
အခုမှတော့ နောင်တရနေလို့ အသုံးမဝင်တော့ပေ။ မိစ္ဆာဝိညာဉ်သခင်က ကံတရားကို ရင်ဆိုင်ရတော့မည်။
ရှန်ထျန်းက လက်ထဲတွင် မျှော်နန်းဆောင်ကို ကိုင်ဆောင်ရင်း ယဲ့ချန်းချန်နှင့်အတူ လွင်ပြင်အလယ်ပိုင်းသို့ လျှောက်လှမ်းလာလိုက်သည်။
သူတို့ရှေ့တွင် ကြီးကျယ်ခမ်းနားသော စင်မြင့်တစ်ခု ပေါ်လာလေ၏။
ထိုစင်မြင့်ကို အဖြူရောင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားနှင့် ကိုက်ညီသော သင်္ကေတအမြောက်အများ ပါရှိနေသေးသည်။
စင်မြင့်အလယ်တည့်တည့်၌ ကျောက်စားပွဲတစ်လုံး ရှိနေပြီး စားပွဲထိပ်တွင် ငွေဖြူရောင် စက်ဝန်းပြား တစ်ခု ပေါလောပေါ်နေသည်။
ရှန်ထျန်းက ထိုစက်ဝန်းပြားကို မြင်လိုက်သည်နှင့် ရယူချင်သည့် စိတ်ဆန္ဒတို့ ပြင်းထန်လာသည်။
ယဲ့ချန်းခန်က ရှန်ထျန်းကို လေ့လာလိုက်ပြီးနောက်
“ ဟားဟား မင်းက ဒါကို လိုချင်တာလား။ ဒါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်စက်ဝန်းပြားရဲ့ ပုံတူ ဖြစ်လောက်တယ်။ ဖန်တီးသူက ကျင့်ကြံဆင့်နိမ့်ပေမဲ့ ပြန်လည်ဝင်စားခြင်း သန့်စင်မြေကြီးကနေ လုပ်ထားတာဆိုတော့ အဖိုးတန်တဲ့အရာပဲ ”
ရှန်ထျန်းက ခဏတာ ကြောင်အမ်းသွားပြီး “ ပြန်လည်ဝင်စားခြင်း သန့်စင်မြေတဲ့လား … ဆန်းကြယ်မြေအဆင့်စာရင်းမှာ အဆင့်သုံးချိတ်တဲ့ဟာလား ”
သူတို့ဆိုင်ရာဆိုင်ရာ အဆင့်ဇယား၌ ထိပ်ဆုံးသုံးဆင့်ဝင် ထူးခြားအံ့ဖွယ်ပစ္စည်းအားလုံးက အင်မတန် ရှားပါးသည်ဟု ယူဆရပေမည်။
ပြောရလျှင် ဤပြန်လည်ဝင်စားခြင်း သန့်စင်မြေကို ကမ္ဘာပေါ်ရှိ အရာအားလုံး၏ မူလဇစ်မြစ်ဟု မှတ်ယူနိုင်သည်။
ထိုသို့မျိုးပစ္စည်းက မည်သူမှ ခြေမချဖူးသည့် ပြန်လည်ဝင်စားခြင်း နယ်မြေ၌သာ ထွက်ပေါ်လေ့ရှိသည်ဟု ပြောထားကြသည်။ ကမ္ဘာပေါ်ရှိ တခြားအရာတစ်ခုကို ပြန်လည်သတ်မှတ်ပေးနိုင်ပြီး အခြေခံအကျဆုံး အခြေအနေသို့ ပြန်ပြောင်းပေးနိုင်သည်။
ထို့ကြောင့် ပြန်လည်ဝင်စားခြင်း သန့်စင်မြေ ပိုင်ဆိုင်သူများက အမျိုးမျိုးသော ကျိန်စာများ၊ အဆိပ်များကို လျစ်လျူရှုထားနိုင်ပြီး ငရဲမီးကိုပင် သန့်စင်ပေးနိုင်သည်။
ပြောရလျှင် ကျင့်ကြံရေး အခြေခံအုတ်မြစ်ရှိ အပြစ်အနာအဆာများနှင့် တာအိုဒဏ်ရာများကိုပင် ကုသပေးနိုင်သည်။ ပြန်လည်ဝင်စားခြင်း သန့်စင်မြေဖြင့် ဒုတိယအခွင့်အရေး အမြဲတမ်း ရှိလာနိုင်သည်။ သို့သော်လည်း မည်သူကမှ အကျိုးအာနိသင်ကို အတည်မပြုဖူးကြပေ။
ပြန်လည်ဝင်စားခြင်း သန့်စင်မြေဖြင့် ပြုလုပ်ထားသော ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက အမှန်တကယ် အားကောင်းလှပေမည်။ ထာဝရတပိုင်းအဆင့် တည်ရှိမှုကို အချိန်အကြာကြီး ပိတ်လှောင်ထားနိုင်သည် မဟုတ်ပါလော။
မိစ္ဆာဝိညာဉ်ဂိုဏ်းက တည်နေရာကို သိရှိပြီးနောက်ပင် သူတို့က မိစ္ဆာဝိညာဉ်သခင်ကို လွှတ်ပေးဖို့ရာအတွက် နောက်ထပ် နှစ်သုံးထောင်ထပ်စောင့်ခဲ့ရသည်။ ထို့ကြောင့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားသည် အခြားသော ထာဝရတပိုင်း ပစ္စည်းများကြား အားအကောင်းဆုံး ဖြစ်သည်မှာ မလွဲဧကန်ပင်။
“ မင်း လိုချင်လား … မင်း လိုချင်ရင် လိုချင်တယ်ပြောလိုက်။ မင်းစိတ်ကို ငါ မဖတ်တတ်ဘူး ”
ယဲ့ချန်းခန်က ပြုံးကာ ဆက်ပြောလိုက်သည် “ အဲဒီပစ္စည်းက အလွယ်တကူတော့ ဖိနှိပ်လို့ရမှာ မဟုတ်ဘူး ”
ရှန်ထျန်းက ထိုလူအိုကြီး၏ အပြုအမူကို ကြည့်ကာ မဲ့ရွဲ့လိုက်မိသည်။
ဒီလူက တကယ်ကြီး ထာဝရအရှင်လား …