← Chapters

ညီတော်(၁၃) က ပိုကောင်းနေသေးတယ်

Vol. 11-16 Ch. 229

ညီတော်(၁၃) က ပိုကောင်းနေသေးတယ်

Vol. 11-16 Ch. 229

အခန်း (၂၂၉)  :  ညီတော်(၁၃) က ပိုကောင်းနေသေးတယ်

ကျင်းယုက လူသားမဟုတ်သော်လည်း လူအုပ်ကြားတွင် စိတ်အလှုပ်ရှားဆုံးသူ ဖြစ်နေသည်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ မဝင်ခင် ကျင်းယုက ရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ ပါရမီရှင် ဖြစ်ရာ ခုံမုန့်မှလွဲ၍ တောင်ပိုင်းနယ်မြေ နတ်ဆိုးများအပေါ် အထင်သေးခဲ့သည်။ သူ့အဆင့်တူအတွင်း ပြိုင်ဖက်အနည်းငယ်သာ ရှိပြီး အားလုံးနီးပါးကို လွှမ်းမိုးထားနိုင်သည်။

သို့သော် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ရောက်ပြီးနောက် ကျင်းယုက စိတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။

အရင်ဦးစွာ သူက ချင်ယွင်တိ၏ ထူးထူးဆန်းဆန်း သေနတ်များကြောင့် ချောင်ပိတ်ခံခဲ့သည်။ ထို့နောက် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုး၏ ဖမ်းဆီးမှုကို ခံရကာ သူ့ရန်သူတော်ကြီး၏ ကယ်တင်ပေးမှုကို ခံခဲ့ရပြန်သည်။ ဤသည်မှာ အရှက်ရဖွယ် အဖြစ်အပျက် ဖြစ်၏။

ထို့နောက် နောက်ဆုံးတွင် သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ကံအပြောင်းအလဲ အခွင့်အရေးကောင်း ကြုံခဲ့ကာ လင်းယုန်မျိုးနွယ်၏ ပျောက်ဆုံးနေသော အမွေအနှစ်ကျင့်စဉ် ဖြစ်သည့် လင်းယုန် နဂါးဖမ်း ပညာရပ်ကို ရခဲ့သည်။

သို့သော် သူက ကြီးကြီးမားမား ခံစားလိုက်ရပြန်သည်။

ခုံမုန့်က ကြယ်ငါးပွင့် ပါရမီရှင်နီးပါး ဖြစ်ကာ စစ်နတ်ဘုရားအဆင့်ဇယားတွင် ပါဝင်သွားခဲ့လေပြီ။ ထိုစဉ် သူက ကြယ်သုံးပွင့် ပါရမီရှင်အဆင့်သာ ကျန်ရှိနေဆဲ ဖြစ်ကာ ပြိုင်ပွဲများကို မကိုင်တွယ်နိုင်ခဲ့ပေ။

ကျင်းယုက သူ့ကံကြမ္မာသည် များစွာမှေးမှိန်သွားကြောင်း သံသယရှိမိ၏။ မဟုတ်လျှင် သူ့ဓာတ်သဘာဝနှင့် ရန်သူဖြစ်နေသည့် ပါရမီရှင်ဖြစ်နေသည့် လူများနှင့် အဘယ်ကြောင့် အမြဲတွေ့မည်နည်း။

ပထမဆုံးမှာ လေးသည်တော် မျိုးနွယ်၏ ယန်ဆယ် ဖြစ်ကာ ကျင်းယု၏ ခန္ဓာကိုယ်၌ အပေါက်များစွာ ဖြစ်စ်သည့်အထိ အပစ်ခံခဲ့ရသည်။

ဒုတိယမှာ ကျင်းယုနှင့် အမြန်နှုန်းရော တိုက်ခိုက်စွမ်းရည်ပါ တူသည့် ဇာမဏီမျိုးနွယ် ဖြစ်ကာ ဓာတ်ငါးပါး ကျင့်စဉ်က ကျင်းယုထက် အပြည့်အဝ သာလွန်နေပေသည်။

တတိယပြိုင်ဖက်၏ သဘာဝက ကျင်းယုကို မဖိနှိပ်ထားနိုင်သော်လည်း သူ့အနေနှင့် လုံးဝ မကိုင်တွယ်နိုင်ခဲ့သေးပေ။

အကြောင်းမှာ တစ်ဖက်လူက ခွန်မျိုးနွယ်မှ မျိုးဆက် ဖြစ်နေလေ၏။ သူ့ “ရေအနှောင်အဖွဲ့” က ကျင်းယုအား အမြန်နှုန်းအပြည့် မထုတ်ဖော်နိုင်အောင် တားဆီးထားပြီး “ ရေလွှင့်ပြယ်ခြင်း”က ကျင်းယု၏ တိုက်ခိုက်မှုများကို ချေဖျက်ပစ်နိုင်သည်။ အဆုံးသတ်၌ ကျင်းယု၏ ခန္ဓာကိုယ် စုတ်ပြတ်သတ်သွားသည့်အထိ တိုက်ခိုက်ခံရပြီး အရှုံးပေးရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။

သူက ပြိုင်ပွဲတစ်ခုစီအတွက် ငွေစိုက်ထုတ်ခဲ့သော်လည်း အဆုံးသတ်၌ အားလုံးဆုံးရှုံးခဲ့ရသည်။

တိုက်ပွဲဆက်တိုက် တိုက်နေရင်း သူ့အနိုင်ရခြေမှာ မြင့်တက်လာကြောင်း ခံစားခဲ့ရသော်လည်း အဆုံး၌မူ အရာအားလုံးက ကျရှုံးသွားစမြဲ ဖြစ်၏။

နောက်ဆုံးတွင် ကျင်းယုက သစ်သားဓာတ် ပါရမီရှင်နှင့် တွေ့ဆုံခဲ့သည်။ ကြည့်ရသည်မှာ သူ့အနိုင်ရနိုင်ခြေ အခွင့်အရေး ပြန်ရောက်လာပုံပေါ်၏။

အဆုံးသတ်၌ ကျင်းယုက ခက်ထန်ကြမ်းတမ်းသော တိုက်ခိုက်မှုကို ထုတ်တော့မည့်ဆဲဆဲတွင် တိုက်ပွဲမှ ဆွဲထုတ်ခံလိုက်ရသည်။

သေစမ်း … ငါ နိုင်တော့မှာလေ … ဘာလို့ ဆွဲထုတ်လာတာတုန်း

ကျင်းယုက ပေါက်ကွဲလုမတတ် ဒေါသထွက်နေသည်။

ဒါက …

ပြိုင်ပွဲဆယ်ပွဲဆက် ရှုံးခဲ့သော သူရဲကောင်းက နောက်ဆုံးတွင် အဆင့်နိမ့် ပြိုင်ဖက်နှင့် တွေ့ခဲ့ရသလိုမျိုး … သူက တစ်ဖက်လူ၏ ခေါင်းကို ဖြတ်နိုင်တော့မည့်အချိန် ဝိုင်ဖိုင်လိုင်း ကျသွားခဲ့သလိုမျိုး ဖြစ်နေသည်။

ကျင်းယု ခန္ဓာကိုယ်ရှိ ငှက်မွေးများက ထောင်မတ်နေလေ၏။

သူသာ စစ်နတ်ဘုရား မျှော်နန်းဆောင်၏ စိတ်ဝိညာဉ်ကို အနိုင်မယူနိုင်မှန်း သိနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဒေါကန်မိပေဦးမည်။

“ ဘာလို့လဲ … စစ်နတ်ဘုရား မျှော်နန်းဆောင် စိတ်ဝိညာဉ် … ကျုပ် တိုက်ပွဲမပြီးခင် ဘာလို့ ထုတ်လိုက်ရတာလဲ ”

ကျင်းယုက ဒေါသကို ချိုးနှိမ်ထားပြီး ရှန်ထျန်းဘေးတွင် ရှိနေသော ခရမ်းရောင် စစ်နတ်ဘုရား မျှော်နန်းဆောင်လေးကို ကြည့်ကာ မေးလိုက်သည်။

ကျင်းယုက ယဲ့ချန်းခန်၏ ပုံရိပ်ကို မမြင်နိုင်သောကြောင့် ရင်းနှီးဖော်ရွေသော အမျိုးသမီးအသံဆီ ယဉ်ယဉ်ကျေးကျေး ပြုမူနေဆဲ ဖြစ်၏။

“ ရွှေလင်းယုန်လေး … အဲကိစ္စအတွက် အားနာပါတယ်။ ငါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်လို့လေ … အဲကြောင့် ပြိုင်ပွဲအားလုံး ရပ်တန့်လိုက်ရတာပါ။ အရင်တိုက်ပွဲအတွက် ကျခဲ့တဲ့ အခကြေးငွေအားလုံးကို မျှော်နန်းဆောင်က ပြန်ပေးပါ့မယ်။

အဲဒါတင်မကသေးဘူး။ မင်းတို့ရဲ့ စာရင်းထဲကို နှစ်ဆ လွဲပေးလိုက်ပါ့မယ်နော် ” ညင်သာနူးညံ့သည့် အမျိုးသမီး၏ အသံကို နားထောင်ရင်း ကျင်းယု မျက်နှာပေါ်မှ ဒေါသများ ကွာကျသွားလေသည်။

“အရင်တိုက်ပွဲအတွက် သုံးခဲ့တဲ့ စစ်နတ်ဘုရား အမှတ်တွေကို နှစ်ဆပြန်ပေးမှာလား ” ကျင်းယုက ခေါင်းညိတ်လိုက်သည်။

ဒီမျှော်နန်းဆောင်က အရမ်းကို ရက်ရောတာပဲ … ငါ့ပိုက်ဆံတွေကို လိမ်နေတာ မဟုတ်ဘူးပဲ

ခဏနေပါဦး … မျှော်နန်းဆောင်က ဘာပြောလိုက်တာလဲ …

ရှန်ထျန်းကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်ပြီတဲ့လား … ငါ့ရဲ့  ငယ်ရွယ်မှုတွေတော့ ပြီးဆုံးသွားပြီ

အဲဆို အခုကစပြီး ငါ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ချင်ရင် ဒီလူဆီကနေ ခွင့်တောင်းနေရမှာပေါ့

ကျင်းယုက ထိုအတွေးဖြင့် အံ့ကြိတ်လိုက်မိသည်။ သူက မဟာရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ ပါရမီရှင် ဖြစ်သော်လည်း ဤကောင်စုတ်လေးထံ တောင်းဆိုရမည်တဲ့လား …

မျှော်နန်းဆောင် စိတ်ဝိညာဉ် … မျှော်နန်းဆောင်ထဲက အားအကောင်းဆုံးကို အနိုင်ယူပြီးတော့ ကြယ်ခုနှစ်ပွင့် ပါရမီရှင် ဖြစ်လာမှသာ ပိုင်ရှင်ဖြစ်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား

ရှန်ထျန်းကို ဆယ်ရက်လောက်နဲ့ ဘာလို့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်တာလဲ … ဒီမျှော်နန်းဆောင်ထဲမှာ နောက်ကွယ်က အဖြစ်အပျက်တွေ ရှိနေသေးတာလား …

ဘာလို့များ မတရားရတာလဲ ….

ကျင်းယုက စိတ်ဆိုးနေသော်လည်း သူ့အတွေးများကိုတော့ ထုတ်မပြောပေ။ အကြောင်းမှာ သူတို့ကို ထုတ်ပြော၍ မဖြစ်ကြောင်း သိထား၍ ဖြစ်သည်။

ဒါက နတ်ဘုရားလောကက မျှော်နန်းဆောင်လေ … ဘာလို့ မတရားဘဲ နေမှာလဲ …

ထို့အပြင် ရှန်ထျန်း၏ တိုက်ပွဲသရုပ်ပြမှုကို မြင်ပြီးနောက် သူက နတ်မိမယ်ခုံမုန့်ထက်ပင် ပို၍ အားကောင်းနေသေးသည်။ သို့သော်လည်း ကျင်းယုအနေနှင့် သူ ဤမျှလောက် အားကောင်းနေကြောင်း ယုံကြည်ဖို့ ခက်ခဲနေရုံမျှ ဖြစ်၏။

ရှန်ထျန်း၏ တောက်ပနေသော ရွှေရောင်ကိုယ်ထည်ကို ကြည့်ကာ သူ့ခန္ဓာကိုယ်အစစ်အမှန်ကို လေ့ကျင့်ပြီးကြောင်း သိသာလှသည်။

ကျင်းယုက သူ ရွှေအမြုတေအဆင့် ရောက်ပြီးနောက် ထပ်မံတိုက်ခိုက်ရန် စိန်ခေါ်မည့်အကြောင်းကို တွေးမိကာ ခေါင်းပင်ကျိန်းလာမိသည်။

ငါ့အတွက် ထွက်ပြေးဖို့ အချိန်ရှိသေးပါ့မလား … ဒါပေမဲ့ ငါရဲ့ မျှော်နန်းဆောင် စာရင်းထဲက ကျန်တဲ့အမှတ်တွေကို မသုံးရသေးဘူးလေ …

မည်သို့ပင်ဆိုစေကာမူ စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်၍ လက်ကျန်အမှတ်များကို အသုံးပြုဖို့ ရှန်ထျန်းဆီသာ သွားရှာရပေမည်။

သူ့ကို သွားရှာတဲ့အခါ ရှန်ထျန်းက ငါ့စိန်ခေါ်မှုကို မှတ်မိသွားရင် ငါ ဘယ်လိုလုပ်ရမလဲ …

ကျင်းယုက တွေးရင်း စိတ်ဖိစီးလာသည်။ သူက နှစ်ပိုင်းပြတ်သွားသလို ခံစားနေရ၏။

ကံကောင်းစွာဖြင့် သူက ဆယ်ရက်တာအတွင်း အဆင့်တူ ပါရမီရှင်များနှင့် မရပ်မနား ပြိုင်ခဲ့သောကြောင့် ကျင်းယုက ပို၍  ကြံ့ကြံ့ခိုင်နိုင်လာခဲ့သည်။

တစ်ချိန်တည်းတွင် ကျင်းယုက နိဗာနတော်ဝင်ရေစင် အာနိသင်များကို စုပ်ယူထားသောကြောင့် အကောင်းဆုံး အခြေအနေ ဖြစ်နေသည်။ သူ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့လည်း သိသိသာသာ မြင့်တက်သွားသည်။ ကျင်းယုက ချန်ကျုံးထျန်း၏ ခြေရာအတိုင်းလိုက်ကာ ချီဖောက်ပြန်မှု ဖြစ်သွားနိုင်သည်။

ထိုစဉ် ရှန်ထျန်းက သူ့ရွှေရောင်အလင်းများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူ့ရွှေရောင်ကိုယ်ထည်က ယခုအခါ ပုံမှန်ပြန်ဖြစ်သွားသော်လည်း အသားရောင်မှာ ယခင်ထက် ချောမွတ်လာကာ ဖြူလာသည်။

တစ်ချိန်တည်းတွင် သူ့ကြွက်သားများက ပိုမို ပေါ်လွင်လာပြီး နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများလို ဝက်ဝံနှင့်တူသည့် ကြွက်သားများ မဟုတ်ဘဲ ကျစ်လျစ်သွားသော ကြွက်သားများ ဖြစ်၏။

အဝတ်အစားနှင့်ဆိုလျှင် ပိန်ပါးဟန်ပေါ်သော်လည်း ချွတ်လိုက်သည့်အခါမှ ကြွက်သားပေါ်လာခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက ယခင်ထက် ပိုမို ချောမောခန့်ညားလာလေသည်။ သူ့ဆံပင်ရှည်ရှည်က မင်နက်ရောင်သဖွယ် ဖြာကျနေပြီး သူ့အကြည့်တို့ကလည်း နားလည်ရခက်ကာ ပိုမို နက်နဲလာသည်။

သူက တိမ်ကြားမှ ကြယ်တစ်လုံးသဖွယ် ဖြစ်နေပြီး ပဟေဠိဆန်ကာ စွဲဆောင်မှုရှိလှသည်။ သူ့ကြောင့် မူးယစ်မသွားသည့်လူ မရှိပေ။

သူတို့က တစ်ဖအေတည်းမှ မွေးခဲ့သော်လည်း သူ့ညီတော်က ဘာလို့ ပိုပိုချောလာရတာလဲ …

ရှန်အောင်းက ရှန်ထျန်းကို ကြည့်ကာ မနေနိုင်ဘဲ တွေးလိုက်မိပြီး အားကျနေမိသည်။

သူတို့က ညီအစ်ကိုတွေ ဖြစ်ကြသော်လည်း ရုပ်ရည်နှင့် ပါရမီတို့ကား ကွဲပြားနေသောကြောင့် အားကျမနာလို ဖြစ်နေမိသည်။

ရှန်ထျန်းလိုမျိုး ထူးချွန်ပြောင်မြောက်လှသည့် ပါရမီရှင်နှင့် သိကျွမ်းခွင့်ရ၍လည်း ကံကောင်းကြောင်း ခံစားနေမိသည်။ ထိုလူက သူ့ညီတော်လေးပဲ မဟုတ်ပါလော။

သူ့မာန်မာနကို ဘေးဖယ်ထားလိုက်ပြီးနောက် ရှန်အောင်းက သူ့ညီတော် သွားသမျှနေရာတိုင်း နောက်မှ တကောက်ကောက်လိုက်ချင်မိသည်။ သူ့အနာဂတ်မှာ အတိုင်းအဆမရှိပေ။

ကမ္ဘာဦးတိုက်ပွဲနယ်မြေစစ်ဆေးမှုကိုသာ နမူနာအနေနှင့် ကြည့်ပါလေ။ ဤတစ်လတာအတွင်း သူ ရရှိခဲ့သည့် ကံအပြောင်းအလဲ အခွင့်အရေးများက မည်မျှတောင် များပြားနေပြီလဲ။

အကယ်၍ သူသာ ရှန်ထျန်းနောက် လိုက်မလာခဲ့လျှင် နှစ်တစ်ရာအချိန်ပေးလျှင်ပင် ဤမျှလောက် ကံအပြောင်းအလဲ အခွင့်အရေးမျိုးနှင့် ကြုံတွေ့နိုင်မည် မဟုတ်ပေ။

ထို့အပြင် နဂါးသွေးမြက်၊ ဓားနှလုံးသား သစ်သီးနှင့် အခြားသောပစ္စည်းများက အဖိုးတန်ရတနာများဖြစ်ကာ အထွတ်အထိပ်အဆင့် ဆေးပင်များလည်း ဖြစ်ကြသည်။ လောက၌ ပိုက်ဆံဖြင့်ပင် ဝယ်မရနိုင်သော ရတနာများလည်း ပါဝင်သေးသည်။

ချန်းဟယ်ဓားအသျှင်လက်အောက်၌ ငရဲတမျှ လေ့ကျင့်မှုကို ခံယူမည့်အစား သူ့ညီတော်(၁၃) နောက် လိုက်ရတာ ပိုကောင်းနေသေးသည်။

All Chapters