လေဟာနယ် ဆုတ်ဖြဲခြင်း
Vol. 009 Ch. 893
ရီဖူရှင်းက မလေ့ကျင့်သော အချိန်များတွင် စာကြည့်တိုက်၌ အချိန်ဖြုန်း ပေသည်။ စာကြည့်တိုက်တွင် သူ့အတွက် အသုံးဝင်သော ပညာရပ်များ၊ လောကဓာတ်များ၊ မှော်ပညာများ၊ အသိအမြင်များနှင့် ဆိုင်သော စာအုပ်စာပေများ ရှိပေသည်။
လိပ်ပြာလေးနှင့် အချိန်များများ ရှိတတ်သောကြောင့် ကျောင်းတော်မှ လူအတော် များများမှာ ရီဖူရှင်းကား တစ်နေ့ထက် တစ်နေ့ ပိုမို၍ မုန်းတီး လာခဲ့ကြ၏။ သို့သော်လည်း ကျောင်းတော်မှ တော်ဝင်လမ်း သားတော်များကိုပင် အနိုင်ယူထားသော ရီဖူရှင်းအား မည်သူမှ ရန်စရဲခြင်း မရှိခဲ့ကြပေ။
ယနေ့တွင် ရီဖူရှင်းက နှစ်ပေါင်းများစွာ ကြာပြီးနောက် ဆေးရည်ကန်သို့ ပြန်လည် ရောက်လာခဲ့ပြီ ဖြစ်သည်။ ဆေးရည်ကန်ကား ဆေးရည်များ စီမံထားပြီး ဖြစ်ကာ အပေါ်ယံ၌ မြူခိုးများ ထနေသည်။ ဆေးရည်ထံမှ လွင့်ပျံ့လာသော အငွေ့အသက်များအရ သည်တစ်ခေါက် ဆေးရည်များမှာ ယခင်ထက် များစွာ ပြင်းထန်သည်ကို ခံစားမိ၏။
ဆေးစမ်းသပ်မှု၏ ဒုတိယအဆင့်မှာ ပထမအဆင့်၏ ၈၁ရက်ကာလနှင့် အတူတူ ဖြစ်သည်။ သူ၏ခေါင်းထဲတွင် ပထမနေ့၌ ဆေးစမ်းသပ်ခဲ့ရသော ခံစားချက်ကို ကောင်းကောင်း မှတ်မိနေဆဲ ဖြစ်သည်။
“ဒီတစ်ခေါက် ငါ ပြင်ဆင်ထားတဲ့ ဆေးတွေက စိတ်ကို တိုက်ခိုက်စေတဲ့ ဆေးရည်တွေပဲ...” လိပ်ပြာလေးက ညင်သာစွာ ပြောသည်။ သူမက စမ်းသပ်မှုနှင့် ပတ်သက်၍ ရီဖူရှင်းကို မကြာမကြာ စနောက် ပြောဆိုသော်လည်း တကယ်တမ်း အမှန်တကယ် စမ်းသပ်ရသောအခါ မူလကကဲ့သို့ပင် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ သူမကိုယ်တိုင်က ဆေးရည်များကို စီမံရရာ ဆေးရည်က မည်မျှ ပြင်းထန်သည်ကို သူမအသိဆုံး ဖြစ်ပေသည်။
“ငါ သိပြီ... လိပ်ပြာလေး... ဒါက မင်းငါ့ကို ပြောတာ ခုနစ်ကြိမ်မြောက် ရှိပြီ...” ရီဖူရှင်းက ပြုံးလျက် ထူးမခြားနားစွာ ပြောသည်။
“ဒါဆိုလည်း စမယ်...” လိပ်ပြာလေးက ဘာမှ မပြောတော့။
ရီဖူရှင်းက ခေါင်းညိတ်ကာ သက်ပြင်းတစ်ချက် ရှိုက်လျက် အပေါ် အဝတ်အစားကို ချွတ်ကာ ဆေးကန်ထဲသို့ ဝင်လိုက်သည်။ မကြာခင် သူကား ဆေးရည်ထဲကို နစ်မြုပ်သွားတော့သည်။
ညည်းသံတစ်ချက် ကြားရသလို လိပ်ပြာလေးမှာလည်း လက်ကို တင်းတင်း ဆုပ်ထားမိသည်။ ရီဖူရှင်းကား မျက်လုံး မှိတ်ထားသည့်တိုင် သူ၏မျက်နှာပေါ်မှ အမူအရာများအရ အလွန်အမင်း နာကျင်မှုဒဏ်ကို ခံစားနေရကြောင်း သိသာစေသည်။
သူ၏ဝိညာဉ်ပင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီဟု ရီဖူရှင်းက ခံစားရသည်။ သူ့ခန္ဓာကိုယ်ကား သူမပိုင်တော့သလို ခံစားရကာ သူ့ခန္ဓာကိုယ်မှာလည်း မှန်သားပြင်လို ကြည်လင် လာခဲ့၏။ သူကား မည်သည့် အတားအဆီးကိုမှ ပြုလုပ်နိုင်စွမ်း မရှိဘဲ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ခံစားရသည်။
လိပ်ပြာလေး သတိပေးခဲ့သလိုပင် သည်စမ်းသပ်မှုကား သူ၏ ရုပ်ခန္ဓာကိုယ်အား တိုက်ခိုက်ရန် မဟုတ်ပေ။ ဆေးစမ်းသပ်မှုက သူ၏စိတ်ကို တိုက်ခိုက်ရန် ဖြစ်သည်။
သူ၏ စိတ်စွမ်းအားများမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားကာ တတိတိ ပြိုပျက်လာသည်ဟု ခံစားရသည်။ သူ၏ သက်စောင့်ဝိညာဉ်က အရောင်များ လင်းလက်သွားကာ စိတ်ဝိညာဉ် စွမ်းအားက နတ်ဘုရားလူဝံ အနေဖြင့် စုဖွဲ့လာသည်။ ကြယ်အလင်းများက ပတ်ပတ်လည်မှ လှည့်ပတ်ကြကာ သူ့အား ကာကွယ်ကြ၏။ သို့သော်လည်း အနက်ရောင် အငွေ့အသက်များက ရစ်ပတ်လာလျှင် လူဝံကြီးမှာ ပြိုပျက်ရပြီး သူ၏ စိတ်စွမ်းအားမှာလည်း အဆက်မပြတ်သော နာကျင်မှုများကို ခံစားရတော့သည်။
***
ရှန့်ထိုကျန့်နေထိုင်ရာ ဆေးဥယျာဉ် အတွင်း၌ သီးသန့်ဆောင်တစ်ခု ရှိပေသည်။ ယခုကား ရှန့်ထိုကျန့်မှာ သီးသန့်ဆောင် အတွင်းမှာ အမျိုးသမီး ရုပ်တု တစ်ခုတစ်ခု ရှေ့တွင် တိတ်တဆိတ် ရပ်ကာ လှပသော မိန်းကလေးအား ကြည့်နေသည်။
သည်နေ့ကား ရီဖူရှင်း၏ ဆေးစမ်းသပ်မှု ဒုတိယအဆင့် စတင်သောနေ့ ဖြစ်သည်။ သူက သည်စမ်းသပ်မှုအား ခံနိုင်ပါ့မလား ဟူသော မေးခွန်းမှာ အားလုံး၏ ခေါင်းထဲ၌ ရှိနေကြ၏။ သူ၏စမ်းသပ်မှုကို ခံယူသော မည်သူမဆို အဆုံးအထိ ခံနိုင်ခြင်း မရှိခဲ့ကြသော်လည်း သည်တစ်ခေါက်တွင် ရီဖူရှင်းအပေါ် သူ၏ယုံကြည်မှုက အမြင့်ဆုံး၌ ရှိပေသည်။ ထိုအရာက သူ၏မသိစိတ်မှာ လာသော ယုံကြည်မှုလည်း ဖြစ်သည်။ သည်တစ်ခေါက် စမ်းသပ်မှုသာ မအောင်မြင်ခဲ့ပါက သူ၏နည်းလမ်း အပေါ်လည်း ဆက်လက် ယုံကြည်စရာ အကြောင်း မရှိတော့သလို သူ့အနေဖြင့် နောက်ထပ်လည်း သည်စမ်းသပ်မှုများကို ဆက်လက်လုပ်ရန် စိတ်ကူးမရှိတော့ပေ။
ရှန့်ထိုကျန့်က အတန်ကြာ ထိုနေရာတွင် မလှုပ်မယှက်ရပ်နေပြီးမှ နောက်လှည့်ကာ အပြင်ဘက်ကို ထွက်လာခဲ့သည်။ စမ်းသပ်မှုက ပြီးဆုံးလောက်ပေပြီ။ သူက ခန်းမဆောင်ထဲကို ရောက်လာကာ တိတ်တဆိတ် စောင့်နေသည်။ မကြာခင် လူနှစ်ယောက် သူ့ထံသို့ လှမ်းလာသည်ကို မြင်ရ၏။
“ဆရာ...” လိပ်ပြာလေးက ပြုံးလျက် လှမ်းခေါ်သည်။ သူမက ပျော်ရွှင်နေဟန် ရ၏။ စမ်းသပ်မှုကို ပြီးမြောက်ခဲ့သော ရီဖူရှင်းကား သူမ၏ဘေးတွင် ပါလာသည်။ သို့သော်လည်း ယခု ရီဖူရှင်းကား အလွန်အမင်း အားအင် ကုန်ခန်းမှုကို ခံစားနေရ၏။ သူ၏ စိတ်စွမ်းအားများ အားလုံးမှာ ခန်းခြောက်နေပြီ ဖြစ်သည်။ သူ၏ခေါင်းတစ်ခုလုံး ကွဲမတတ် ခံစားနေရပြီး သူခံစားခဲ့ရသော နာကျင်မှုများမှာ ယခင် စမ်းသပ်မှုများထက် ပြင်းထန်ပေသည်။
ရှန့်ထိုရှန့်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်... “မင်း ဘယ်လို ခံစားရသေးလဲ...”
“သိပ်မကောင်းဘူး...” ရီဖူရှင်းက ရှန့်ထိုကျန်းကို ကြည့်ကာ မသက်မသာ ပြုံးလျက် ပြောသည်... “စီနီယာက ဘာလို့ ဒီစမ်းသပ်မှုတွေကို လုပ်နေတာလဲ ... ကျွန်တော်သိလို့ ရမလား...” သူက ရက်ပေါင်းများစွာ ဆေးဥယျာဉ်၌ နေထိုင်ပြီးနောက် ရှန့်ထိုကျန့်နှင့်လည်း အတော်အတန် ရင်းနှီးလာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူက သိလိုသည်ကို တိုက်ရိုက် မေးမြန်းသည်။ သူကား သည်စမ်းသပ်မှုများ၏ ရည်ရွယ်ချက်များအား နားမလည်ပေ။
“မင်းက ဒါတွေကို အားလုံး ကျော်ဖြတ်နိုင်ခဲ့ရင် ငါပြောပြမယ်...” ရှန့်ထိုကျန့်က ပြန်ပြောသည်။
“ကောင်းပါပြီ... ကျွန်တော် သွားအနားယူ လိုက်ဦးမယ်...” ရီဖူရှင်းက ပြောကာ ထွက်လာခဲ့သည်။ ရှန့်ထိုကျန့်က မပြောလိုမှတော့ သူကလည်း ဘာမှ မတတ်နိုင်ပေ။
ရီဖူရှင်းက ပြန်ရောက်ပြီးနောက် အနည်းငယ် လေ့ကျင့်လိုက်ကာ သူ၏စွမ်းအားများကို ပြန်လည် ဖြည့်တင်းခဲ့သည်။ ကောင်းကင်က မှောင်မည်းလာသောအခါ သူက ကု့ချင်းကို ထုတ်လျက် လေ့ကျင့်သည်။ ကု့ချင်းသံက ဆေးဥယျာဉ်ထဲတွင် လွင့်ပျံ့နေသည်။
ရီဖူရှင်းက ကု့ချင်းအတန်ကြာ တီးခတ်ပြီး နောက်ပိုင်းတွင်မှ အားအင်များ အနည်းငယ် ပြန်လည် ပြည့်ဖြိုး လာသည်ဟု ခံစားရသည်။ သူက မျက်လုံးကို မှိတ်လိုက်ကာ သူ၏စိတ်ဝိညာဉ်အား ထုတ်လွှတ် လိုက်သည်နှင့် ချက်ချင်းပင် ပတ်ဝန်းကျင်မှာ ယခင်ကထက် ပိုမိုကြည်လင် ပြတ်သားလာသည်ဟု ခံစားရသည်။ သူကား လေထုထဲမှ အနည်းငယ်မျှသော ပြောင်းလဲမှုများကိုပင် ခံစားရကာ အဝေးမှ ဆေးရနံ့များကို ကောင်းကောင်း ခံစားရ၏။
ရီဖူရှင်း၏ မျက်တောင်များ ကွေးညွတ်သွားပြီး မျက်လုံးကို နားမလည်စွာဖြင် ဖွင့်လိုက်သည်။ သူ၏စိတ်စွမ်းအားက အမှန်တကယ် အားကောင်းလာသည် မှန်သော်လည်း သူ၏ တိုးတက်လာမှုမှာ သိသာလွန်း နေသည်။ သို့သော်လည်း သူ၏စိတ်ဝိညာဉ် စွမ်းအားမှာ အလွန်ထက်ရှ ကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ခံစား သိမြင်မှုမှာလည်း အားကောင်း လာခဲ့၏။
“ဒါက တစ်ခုခုပဲ...” ရီဖူရှင်းက ရေရွတ်မိကာ ဆက်လက်၍ လေ့ကျင့်သည်။ ဤသို့ဖြင့် နောက်နေ့တွင်လည်း သူက ဆေးစမ်းသပ်မှုကို ဆက်လက် ခံယူသည်။ ထို့နောက် ဆေးဥယျာဉ်တွင် သူ၏ ဆေးစမ်းသပ်မှုမှာ အမှန်အကန် စတင်ခဲ့သည်။ နေ့စဉ် နေ့တိုင်းပင် သူက ၈၁ရက်သော ဆေးစမ်းသပ်မှုကို တစ်နေ့ချင်း ဖြတ်ကျော်ရ၏။
သူနှင့် လိပ်ပြာလေးတို့ ပတ်သက်မှု အကြောင်းကို လူအများအပြားက ပြောနေကြဆဲ ဖြစ်သည်။ သူ၏အချို့သော အချိန်များတွင် ရီဖူရှင်းက စာကြည့်တိုက်တွင် အချိန်ကုန်လေ့ ရှိသည်။ ထို့ကြောင့် သူကား အချိန်အများစုမှာ ငြိမ်သက် အေးဆေးနေသည်ဟု ပြောရပေမည်။ လိပ်ပြာလေးက ဆေးစမ်းသပ်မှုတွင် လာရောက် အဖော်ပြုပေးသည်မှလွဲ၍ ရီဖူရှင်း၏နေ့စဉ် လုပ်ငန်းဆောင်တာများမှာ ငြိမ်သက်လွန်း ပေ၏။
ရီဖူရှင်းက သူ မသိလိုက်မီတွင်ပင် ၈၁ရက်သော ဆေးစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့သည်။ ဤသို့ဖြင့် ဒုတိယအခေါက် ဆေးစမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်းက ဆေးရည်ကန်မှ ထွက်လာသည်နှင့် လိပ်ပြာလေးက ခေါင်းငုံ့ထားသည်။ သူမ၏နဖူးပေါ်ကို ဝဲကျနေသော ဆံနွယ်များမှာ ဆေးရည်ကန်မှ ငွေ့အရည်များကြောင့် ထင်၏... စိုစွတ်နေကြသည်။ သူမက ရီဖူရှင်းကို မော့ကြည့်သည်တွင် လှပသော မျက်လုံးအစုံ၌ ပျော်ရွှင်သော အငွေ့အသက်များအား မြင်တွေ့နိုင်သည်။ ထိုအခိုက်တွင် သူမကား ပိုမိုသန့်စင်ကာ နန်းထိုက် တော်ဝင်၏။
“ဒါကို ဝတ်လိုက်...” လိပ်ပြာလေးက ပြုံးလျက် အပေါ်ဝတ်ရုံကို ရီဖူရှင်းအား ဝတ်ပေးသည်။
“ငါ ကိုယ့်ဘာသာ လုပ်မယ်...” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။
“တခြား မတွေးနဲ့... ဒါကို စမ်းသပ်မှု ကျော်ဖြတ် နိုင်တဲ့အတွက် လက်ဆောင်ပေးတာလို့ မှတ်လိုက်...” သူမက အပေါ်ဝတ်ရုံအား ဝတ်ပေးရင်း ပြောသည်။ သူမ၏အပြုံးကား သန့်စင်ကာ အပြစ်ကင်း၏။ သူမ၏စိတ်ထဲတွင်လည်း ဘာမှ ထူးထူးခြားခြား မရှိပေ။
“မင်းမှာ အတွေးတချို့ ရှိတယ် ဆိုရင်တောင်မှ မင်း နောက်ကျသွားပြီ ... ဘယ်လိုပြောပြော ငါက အိမ်ထောင်သည်ပဲ...” ရီဖူရှင်းက စိတ်အေး လက်အေးဖြင့် နောက်ပြောင်သည်။ ထိုစကားက သူမအား ရှက်ရွံ့သွားစေပြီး လိပ်ပြာလေးက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကာ ပြောသည်... “နင့်ကို ငါက အသားယူနေတာလို့ ပြောတာလား...”
“ဒီလိုပဲ ဖြစ်ရမှာပေါ့...” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ လိပ်ပြာလေးက ရီဖူရှင်း၏ ခြေထောက်ကို အသာအယာ ကန်လိုက်ကာ ပြောသည်... “ငါ ဆရာ့ကို သွားပြော လိုက်ဦးမယ်...”
“ငါ မင်းနဲ့လိုက်မယ်...” ရီဖူရှင်းက သူမဘေးမှ လျှောက်လာကာ ပြောသည်။
ဆေးစမ်းသပ်မှာ ကာလနှစ်ခုမှာ ရီဖူရှင်းနှင့် လိပ်ပြာလေးတို့အား များစွာရင်းနှီး ခင်မင်စေခဲ့သည်။ စမ်းသပ်မှုကို လုပ်ဆောင်ခြင်းအပြင် သူတို့နှစ်ယောက်က တခြားသော ကိစ္စရပ်များကိုလည်း ပြောဆို ဆွေးနွေးလေ့ရှိသည်။ အချိန် ကြာလာသည်နှင့်အမျှ ရီဖူရှင်းနှင့် လိပ်ပြာလေးတို့မှာ မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ကြသည်။
“နင် အပေါ် တက်လာတဲ့အချိန်မှာ ငါဘာတွေးနေလဲ သိလား...” လိပ်ပြာလေးက ညင်သာစွာ ပြောသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ မေးသည်... “မင်းက ဘာကို စဉ်းစားနေတာလဲ...”
“အသက်ရှင်ခဲ့တယ်...” လိပ်ပြာလေးက ထပ်ပြောသည်... “ငါက နင်နဲ့အတူ အသက်ဘေး တစ်ခုကို ကျော်ဖြတ်ခဲ့သလိုပဲ...”
“ဒါက ဒီလောက်တောင် ကြောက်စရာ ကောင်းလို့လား...” ရီဖူရှင်းက ပခုံးတွန့်ကာ ပြောသည်။ သို့သော်လည်း သည်တစ်ခေါက် စမ်းသပ်မှုမှာ ပိုမိုကြောက်စရာ ကောင်းပေသည်။
“အင်း...” လိပ်ပြာလေး ခေါင်းညိတ်သည်။ သူမက ခေါင်းငုံ့ထားကာ သိပ်ပျော်ရွှင်ဟန် မရတော့ပေ။ ရီဖူရှင်းက မည်သို့ ကျော်ဖြတ် ကျော်ဖြတ်ခဲ့သည်ကို သူမ ကောင်းကောင်း သိပေသည်။
“ဒါ အဆင်ပြေတယ် ... ငါ့မှာ နောက်တစ်ဆင့်ပဲ ကျန်တော့တယ်...” ရီဖူရှင်းက ပြောသည်။
လိပ်ပြာလေးက ခေါင်းမော့ကာ အဝေးကို ကြည့်သည်။ ရီဖူရှင်းက ဆေးစမ်းသပ်မှု နှစ်ကြိမ်ကို ကျော်ဖြတ်ပြီး သွားကာ နောက်ဆုံး တစ်ကြိမ်ကိုလည်း ကျော်ဖြတ်နိုင်မည်ဟု သူမ ယုံကြည်သည်။
သူတို့နှစ်ယောက် ရှန့်ထိုကျန့်၏ အဆောင်သို့ ရောက်လာသောအခါ အဝေးမှ လွင့်ပျံ့လာသော အသံတစ်သံကို ကြားရသည်... “ငါသိတယ်... မင်းက ကွန်းရှီအဆင့်သို့ ရောက်တဲ့အခါ ငါ့ဆီ ပြန်လာခဲ့...”
ရီဖူရှင်းက သွားနေရာမှ ရပ်လိုက်ကာ ရှန့်ထိုကျန့်ဘက်သို့ ဦးညွှတ်လိုက်ပြီး နောက်လှည့် ထွက်လာခဲ့သည်။
“နင် ဘယ်ကို သွားနေတာလဲ...” လိပ်ပြာလေးက နောက်လှည့်ကာ မေးသည်။
“ငါ့နေရာကိုလေ...” ရီဖူရှင်းက ဖြေသည်။
“အင်း...” သူမက ရီဖူရှင်း၏အဖြေကို နားမလည်ပေ။
“စိတ်အေးအေးထား ... ငါက နှုတ်မဆက်ဘဲတော့ ထွက်မသွားပါဘူး...” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ထွက်လာခဲ့သည်။
ဆေးစမ်းသပ်မှု ပြီးသွားသော်လည်း ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်မှ ချက်ချင်း ထွက်မသွားသေးပေ။ သူက ကျောင်းတော်တွင် ဆက်လက် လေ့ကျင့်နေခဲ့သည်။ ဆေးစမ်းသပ်မှု ကာလ၌ သူပိုမို သိမြင်နားလည် လာခဲ့သည်များ ရှိကာ လက်တွေ့ ကျင့်ကြံရန် လိုအပ်သေးပေသည်။
နောက်တစ်လ ကြာမြင့်သွားကာ ရီဖူရှင်းအား ဆေးဥယျာဉ်ထဲတွင် တင်ပျဉ်ခွေထိုင်၍ တွေ့နိုင်ပေသည်။ သူ၏ စိတ်စွမ်းအားက ပတ်ဝန်းကျင်ကို ဖြန့်ကြက်ထား၏။ လေပြင်းများ တိုက်ခတ်ကာ သူ့အနီးတွင် ငွေအမှုန် လေစီးကြောင်းများ စီးဆင်းနေကြသည်။ ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်မှာ သစ်ကိုင်း လှုပ်ခတ်သံများကို ကြားရပြီး သူ့စိတ်စွမ်းအင်များမှာ သဘာဝနှင့် ပိုမိုလွယ်ကူစွာ ပေါင်းစပ် နိုင်ခဲ့သည်။
သူ၏စိတ်ဝိညာဉ် ကပ်ညိနေသော လေဟာနယ်ထဲတွင် အရာအားလုံးက ကြည်လင် ပြတ်သွားစွာ ခံစားသိမြင်နေခဲ့ကာ သူ၏ အတွေးတစ်ချက်က အားလုံးကို ထိန်းချုပ် နိုင်ခဲ့သည်။ မမြင်ရသော လောကဓာတ်က စီးဆင်းသွားလျှင် ခြံဝင်း အတွင်းမှ ကျောက်ခဲများ လေထဲ မြောက်တက် လာခဲ့ကြသည်။ လေထဲတွင် အသေးငယ်ဆုံးသော အမှုန်အမွှားများပင် မြင့်တက် လာပေသည်။
ရီဖူရှင်း၏ ဆန္ဒတွင် မမြင်ရသော လောကဓာတ်က လေဟာနယ်အား ရိုက်ခတ် သွားသည်။ ထိုအခိုက်တွင် အရာအားလုံးမှာ လှုပ်ရှားခြင်း ကင်းမဲ့သည်။ လေလည်း မတိုက်ခတ်တော့သလို ကျောက်တုံးများနှင့် အမှုန်အမွှားများမှာလည်း ရပ်တန့် သွားတော့သည်။
“ကွဲစမ်း...” ရီဖူရှင်းက အမိန့်ပေးသည်။ လေထဲတွင် ရပ်တန့်နေကြသော ကျောက်တုံး ကျောက်ခဲများမှာ ချက်ချင်းပင် ကြေပျက် သွားကြသည်။ အရာအားလုံးမှာ ပျက်စီးသွားရပြီး ကြောက်မက်ဖွယ် စွမ်းအားက လေဟာနယ် တစ်ခုလုံးကို လွှမ်းမိုး သွားတော့သည်။ ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်တွင် သူ၏မျက်လုံးက လေဟာနယ်ကို ဆုတ်ဖြဲ ခွဲခြမ်းနိုင်စွမ်း ရှိနေဟန်ရသည်။
အသံမထွက်ဘဲ လူတစ်ယောက် ရီဖူရှင်းအနီးတွင် ပေါ်လာသည်။ သူကား ကျန်ကျောင်း ဖြစ်သည်။ သည်နှစ်ကာလ အတွင်း၌ တော်ဝင်ကျဲ နန်းတော်နှင့် ကျောက်ပြည်ထောင်တို့ အကြား တိုက်ပွဲ မရှိသော်လည်း တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်သည့်အလျောက် ရီဖူရှင်းကား တစ်ယောက်တည်း သွားလာခြင်းတော့ မပြုပေ။ သူ့အနီးတွင် ကျန်ကျောင်းမှာ အမြဲတမ်း လိုက်ပါ နေခဲ့သည်။
လေထဲမှ စွမ်းအားကို ခံစားမိသည်တွင် ကျန်ကျောင်း၏ အမူအရာက လေးနက် သွားသည်။ သူက ရီဖူရှင်းကို ကြည့်ကာ မေးသည်... “လေဟာနယ်ဆုတ်ဖြဲခြင်း...” ကျန်ကျောင်းမှာလည်း လေဟာနယ်ဓာတ်ကို အထူးပြု လေ့ကျင့်သူဖြစ်သည်။
ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်။ လေဟာနယ် ဆုတ်ဖြဲခြင်းကား လောဟာနယ်ဓာတ်၏ ပညာရပ်တစ်မျိုး ဖြစ်သည်။ သူက လေဟာနယ် အေးခဲခြင်းကို နားလည်ခဲ့ကာ ယခု ကျောင်းတော်၌ လေဟာနယ် ဆုတ်ဖြဲခြင်းအား နားလည်ခဲ့၏။ ယခု သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ယခုကားသူက လောကဓာတ်နှစ်ခုကို ပေါင်းစပ်၍ပင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
သုံးနှစ်ခန့် လေ့ကျင့်ပြီးနောက် ရီဖူရှင်းကား အလယ်အလတ် မိုရှီအဆင့်သို့ ရောက်လာခဲ့သည်။ ၈၁ရက်သော ဆေးစမ်းသပ်မှုက သူ့စိတ်စွမ်အားသာ မဟုတ်ဘဲ သိမြင်ခံစားမှုကိုလည်း ပိုမိုအားကောင်း စေခဲ့၏။ ယခု သူကား အဆင့်နိမ့် ကွန်းရှီများနှင့်ပင် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
***