နတ်ဘုရား ရွှေရောင်ကိုယ်ထည် ကိုးဆင့်မြောက် သန့်စင်ခြင်းအဆင့်
Vol. 11-16 Ch. 230
အခန်း (၂၃၀) : နတ်ဘုရား ရွှေရောင်ကိုယ်ထည် ကိုးဆင့်မြောက် သန့်စင်ခြင်းအဆင့်
အားလုံးက ကြည့်နေစဉ် ရှန်ထျန်းက ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်လိုက်သည်။ လက်ရှိ ရှန်ထျန်းက စွမ်းအားများ ပြည့်ဝနေသလို ခံစားနေရသည်။
ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုး၏ စွမ်းအားအရင်းအမြစ်က သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်နေကာ သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနေသည်။
ကိုယ်ထည်မာအဆင့်အတွင်း ကြွက်သား၊ အရိုးနှင့် သွေးများကို လေ့ကျင့်ပေးရသည်။ ထိုမှစ၍ အားကောင်းသော ချီအငွေ့အသက်တို့ ဖြစ်ပေါ်လာရသည်။
သာလွန်ကိုယ်ထည်အဆင့်အတွက်မူ သာမန်နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများက သူတို့ချီအငွေ့အသက်ဖြင့် အတွင်းအင်္ဂါများကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းများလောက်အထိ သန်မာလာစေဖို့ သန့်စင်ကြရသည်။
ရှန်ထျန်း၏ အတွင်းအင်္ဂါ သန့်စင်ရေးနည်းလမ်းမှာ တခြားကျင့်ကြံသူများနှင့် လုံးဝ မတူပေ။ သူက ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုး၏ စွမ်းအားကို သုံးကာ တိုက်ရိုက်သန့်စင်လိုက်ပြီး အမြင့်ဆုံးအခြေအနေသို့ အားမြင့်လိုက်ခြင်း ဖြစ်၏။
ရလဒ်အနေနှင့် ရှန်ထျန်း၏ အတွင်းအင်္ဂါများက ပုံမှန်ကျင့်ကြံသူများထက် များစွာ အားပိုကောင်းလေသည်။ သာလွန်ကိုယ်ထည်အဆင့်အထက်တွင် ရွှေရောင်ကိုယ်ထည်အဆင့် ရှိပြီး ချီသန့်စင်ခြင်း ကျင့်ကြံသူများ၏ ရွှေအမြုတေအဆင့်နှင့်အတူတူ ဖြစ်၏။
ထိုအဆင့်အတွက် အဓိကအချက်မှာ ဓာတ်ငါးပါးအဖြစ် ပြောင်းလဲနိုင်ရန် အတွင်းအင်္ဂါများမှ စွမ်းအားများကို ထုတ်ကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော စွမ်းအားများက သာမန်ချီစွမ်းအားထက် များစွာ ပိုအားကောင်းနေလိမ့်မည်။ ထိုအရာကို နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများ၏ နတ်ဘုရားစွမ်းအားဟု သတ်မှတ်ခံရကာ အလွန်အမင်း အားကောင်းပေသည်။
ထိုနတ်ဘုရားစွမ်းအားဖြင့် ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအားများကို သန့်စင်ကာ နတ်ဘုရား ရွှေရောင်ကိုယ်ထည် ဖွဲ့စည်းနိုင်သည်။ နတ်ဘုရား ရွှေရောင်ကိုယ်ထည်က ရွှေအမြုတေနှင့် ဆင်တူ၏။ အဆင့်ငယ်ကိုးဆင့် ပြန်ခွဲထားသည်။ ကောလဟာလများအရ နတ်ဘုရား ရွှေရောင်ကိုယ်ထည်ကို ဖွဲ့စည်းနိုင်လျှင် ကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာသည် နောက်ပိုင်း နတ်ဘုရားများနှင့် ဆင်တူလာလိမ့်မည်ဟု ပြောစမှတ်ရှိသည်။
အားအနည်းဆုံးနှင့် ပျော့ညံ့ဆုံး နတ်ဘုရားများသာ ဖြစ်၏။
ထိုသို့ဆိုလျှင်ပင် အဆင့်တူအတွင်း ရွှေအမြုတေစွမ်းအားဖြင့် သန့်စင်ထားသည့် လက်နက်အများစု၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလာလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်က သူတို့လက်နက် ဖြစ်လာပေမည်။
အကယ်၍ ကျင့်ကြံသူတစ်ယောက်က ကိုးဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်အထိ ရောက်ရှိခဲ့လျှင် သူတို့ခန္ဓာကိုယ်က အစောပိုင်း နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
ကိုးဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သည်လည်း ဒဏ္ဍာရီလာတစ်ခုမျှသာ ဖြစ်၏။ ထိုအကြောင်းကို ရှေးဟောင်းစာအုပ်များ၌သာ နမူနာအနေနှင့် ရှာကြည့်နိုင်သည်။ သို့သော်လည်း ကိုးဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ပိုင်ဆိုင်ထားဖူးသည့် လူအကြောင်း မှတ်တမ်းကို ရှာတွေ့ဖို့ရာ မဖြစ်နိုင်တော့ပေ။
အားအကောင်းဆုံး နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများပင် ကိုးဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း တပိုင်းအဆင့်သာ ရောက်ရှိခဲ့ကြသည်။
သို့သော် ခုနှစ်ဆင့်မြောက် သို့မဟုတ် ရှစ်ဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်တို့ ရောက်လျှင်ပင် သူတို့က အားကောင်းသော တိုက်ပွဲစွမ်းရည် ပိုင်ဆိုင်ထားကြပြီး လျော့တွက်၍ မရပေ။
ကောလဟာလများအရ လွန်ခဲ့သောနှစ်တစ်သောင်းခန့်က ရှစ်ဆင့်မြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ရောက်ရှိထားသော နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူတစ်ဦးသည် ဒေါသထွက်ကာ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို စိန်ခေါ်ခဲ့သည်။ အဆုံးသတ်၌ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူက သူ့သံမဏိလက်သီးချက်ဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုအားလုံးကို ချိုးဖျက်နိုင်ခဲ့သည်။ အကွက်တစ်ရာအတွင်း ထိုကျင့်ကြံသူက ရွှေအမြုတေ ကျင့်ကြံသူကို ရွှေအမြုတေ ကွဲအက်သွားသည့်အထိ တိုက်ခိုက်နိုင်ခဲ့သည်။
သူက အနိုင်မခံ အရှုံးမပေးသော စစ်သည်တော်၏ ရပ်တည်မှုကို ထုတ်ဖော်ခဲ့သည်။
……….
ရွှေအမြုတေအဆင့်ရှိ ချီသန့်စင်ခြင်း ကျင့်ကြံသူများက သူတို့ကံကြမ္မာ၏ သခင်ဟု ကြွေးကြော်လေ့ ရှိကြသည်။ ဤသည်မှာ သာမန်ကျင့်ကြံသူများအတွက် အရေးပါဆုံးအဆင့်ဟု ယူဆနိုင်ပေသည်။
ထိုစဉ် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများအတွက် ရွှေရောင်ကိုယ်ထည်အဆင့်သည်လည်း အတူတူ ဖြစ်၏။ ထိုအဆင့်ကို ရောက်ရှိပြီးပါက အတွင်းရော အပြင်ပါ သန်မာအောင် လေ့ကျင့်လို့ ရလေပြီ။ အဖိုးတန်ဆုံး အတွင်းအင်္ဂါများပင် အင်မတန် သန်မာလာပြီး အားနည်းချက် ရှိတော့မည် မဟုတ်ပေ။ ထိုသို့သော ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းနှင့် တက်ကြွမှုက လက်ဖျားခါလောက်ပေသည်။
ဤသည်မှာ သာမာန်ကျင့်ကြံသူများအတွက် နတ်ဘုရား ကိုယ်ထည် ဖြစ်လာစေဖို့အတွက် ဖြတ်ကျော်ရမည့် လမ်းစဉ် ဖြစ်၏။
ရှန်ထျန်းက သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားလိုက်ပြီးနောက် ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
သူ့လက်ညိုးဖျားတွင် အဖြူရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အဝါရောင် အလင်းတို့ လှည့်ပတ်နေလေ၏။
အရောင်ငါးရောင်က ဖြည်းဖြည်းချင်း ရွှေရောင်အဖြစ် ပေါင်းစပ်သွားကာ နက်နဲကျယ်ပြန့်သော အရှိန်အဝါတို့ ထုတ်လွှင့်နေသည်။
ဤသည်မှာ စွမ်းအားအမျှင်လေးမျှ ဖြစ်သော်လည်း ကျန်လူများက မအံ့ဩဘဲ မနေနိုင်ကြပေ။
နတ်ဘုရားစွမ်းအားပဲ
ဒါက တကယ်ကြီး နတ်ဘုရားစွမ်းအားပဲ
ထို့အပြင် ရှန်ထျန်း၏ နတ်ဘုရားစွမ်းအားက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုအရာက ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုး၏ စွမ်းအားကို လွှမ်းခြုုံထားသောကြောင့် အရည်အသွေးမှာ ထိပ်တန်း ဖြစ်၏။ ပြောရလျှင် “ ဓာတ်နှော နတ်ဘုရားစွမ်းအား”ဟု ခေါ်ဆိုနိုင်သည်။
ဟုတ်တယ် … စကြဝဠာကြီးထဲကနေ အရာအားလုံးရဲ့ စွမ်းအားကို ရောနှောထားတာမျိုး …
“ အစ်ကိုရှန်က ပိုအားကောင်းလာပြီ။ သူ့ခန္ဓာကိုယ်ကလည်း အခု တကယ်အားကောင်းလာပြီ ”
ခုံမုန့်၏ မျက်ဝန်းများက တလက်လက် ဖြစ်နေပြီး အရောင်အသွေး စုံလင်လှသည့် ဝတ်ရုံမှာလည်း ဝေ့ဝဲနေသည်။ သူမက သွေးနီရောင်နေရောင်အောက်တွင် အတော်လေး တက်ကြွနေဟန်ပေါ်သည်။
တိုက်ပွဲနယ်မြေသို့ ခရီးစဉ်ကား သူမအတွက် အလွန်အဖိုးတန်လှသည်။ သက်တံအံ့ဖွယ်အလင်းတန်း ယပ်တောင်ကို ရှာတွေ့သွားခြင်းက အပိုဆု တစ်ခု ဖြစ်၏။ ပို၍ အရေးကြီးသည်မှာ သူမဘာသာ တိုးတက်လာအောင် လုပ်ဖို့အတွက် တွန်းအား ရလိုက်ခြင်း ဖြစ်သည်။ ယခင်ပြိုင်ဖက်ကင်း အခြေအနေလိုမျိုး သတ်မှတ်ထား၍ မရတော့ပေ။ အခုကစ၍ သူမအနေနှင့် ရှန်ထျန်းအား တွန်းအား ရည်ရွယ်ချက်အဖြစ် ထားကာ သူနှင့် အမီလိုက်နိုင်ရန် ကြိုးစားရမည်။
သူမသာ ဒေါင်းမျိုးနွယ်ဆီ ပြန်ပြီး ဒေါင်းဘိုးဘေးကို ကောင်းကောင်းမွန်မွန် မြှပ်နှံ့ပေးရမည့် အချက်နှင့် လူသားတွဲဖက် လက်ခံထားသည့်အကြောင်း ရှင်းပြရမည့်အချက်တို့ကြောင့်သာ မဟုတ်လျှင် ခုံမုန့်အနေနှင့် ရှန်ထျန်းဘေးနားသာ နေချင်မိသည်။
သူက ရှန်ထျန်းနှင့် လေ့ကျင့်ခြင်းက တစ်ယောက်တည်း လေ့ကျင့်ခြင်းထက် ပို၍ စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိသည်။
ကံအပြောင်းအလဲ အခွင့်အရေးများကို ရှာတွေ့ဖို့ ပိုလွယ်ကူရုံသာမက ရှန်ထျန်းက သူမဘာသာ တိုးတက်လာအောင် လုပ်ဖို့အတွက် ဆက်တိုက် တွန်းအားပေးနိုင်သည်။
ပို၍ အရေးကြီးသည်မှာ ရှန်ထျန်းက သူမဘေးနားတွင် တစ်ချိန်လုံး ရှိနေပေမည်။
မျက်စိအစာကျွေးစရာလေး …
ရှန်ထျန်းက လူအုပ်ကြီး၏ အကြည့်ကို သတိမထားမိပေ။ အကြောင်းမှာ သူ့အနေနှင့် ပို၍ အရေးကြီးသည့်အရာကို လေ့လာသုံးသပ်ရန် ရှိနေသောကြောင့် ဖြစ်၏။
ရှန်ထျန်းက ကြေးမုံကို ထုတ်ကာ သူ့ခေါင်းပေါ်မှ ပုံရိပ်ကို သေချာလေ့လာကြည့်လိုက်သည်။
ဟုတ်တယ် … ရှန်ထျန်းက ခေါင်းပေါ်မှ ရောင်ဝါကို ကြည့်နေခြင်း ဖြစ်၏။
ကမ္ဘာဦးတိုက်ပွဲနယ်မြေသို့ မဝင်ခင် ရှန်ထျန်း၏ ရောင်ဝါမှာ အနီရောနေသည့် အစိမ်းရောင် ဖြစ်၏။
ချင်ကောင်းအား နဂါးသွေးမြက် ရရှိရန် ကူညီပေးပြီး ခုံမုန့်အား သက်တံအံ့ဖွယ်အလင်းတန်း ယပ်တောင်နှင့် သက်တံအံ့ဖွယ်အလင်းတန်း စွမ်းအားအရင်းမြစ်ကို ပြန်လည် ရရှိအောင် လုပ်ပေးခဲ့ကာ ကျောက်ဟောင်နှင့် ခုံမုန့်တို့အား စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ ဦးဆောင်သွားခဲ့သေးသည်။ ထို့အပြင် ကျင်းယုထံ သူတို့ရွှေတောင်ပံ လင်းယုန်မျိုးနွယ်၏ ဘိုးဘေး ခန္ဓာကိုယ်ကိုလည်း ပြန်ပေးလိုက်ပြီးလေပြီ။
ချင်ကောင်း၊ ခုံမုန့်၊ ကျောက်ဟောင်နှင့် ကျင်းယုတို့၏ ကံကြမ္မာတို့က သိသိသာသာ တိုးတက်သွားလေပြီ။
ရှန်အောင်း၊ စုန့်ဖူကွေ့၊ လျှိုထိုက်ယီနှင့် ကွေ့ကုန်းကုန်းတို့၏ ကံကြမ္မာသည်လည်း တိုးတက်လာကြ၏။
ထိုစဉ် ရှန်ထျန်း၏ ကံကြမ္မာက ပို၍ တိုးမြင့်လာသည်။ ယခုအခါ အနီအများစု ဖြစ်နေပြီး အစိမ်းအနည်းသာ ကျန်ရှိတော့သည်။ ကြည့်ရတာ ပိုကောင်းသွားလေပြီ။
သို့သော် ထိုအခိုက်အတန့်၌ ရှန်ထျန်း၏ မီးစာကျမ်းက နောက်တစ်ဖန် အဆင့်တက်သွားပြန်သည်။
သူ့ရောင်ပြန်ပုံရိပ်ကို ကြည့်ကာ သူ့ခေါင်းပေါ်ရှိ အနီရောင်အလင်းပျောက်များက တဖြည်းဖြည်း လျော့ကျသွားပြီး အနီတစ်ဝက် အစိမ်းတစ်ဝက် ဖြစ်သွားကြောင်း မြင်လိုက်ရကာ ရှန်ထျန်း၏ စိတ်နှလုံးသားမှာ ဆုံးရှုံးမှုကြောင့် နာကျင်လာရသည်။
ဟူး …
ဒီမီးစာကျမ်းက အမှန်တကယ် အားကောင်းသော်လည်း ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေလေသည်။
သူ့အနေနှင့် ပိုက်ဆံအမြောက်အများ သုံးနိုင်မှသာ …
သို့သော် သူ အဆင့်တက်သွားသည့်အချိန်တိုင်း သူ့ကံကြမ္မာ ပမာဏတော်တော်များများကို ယူဆောင်သွားခဲ့သည်။
ကံကြမ္မာ တိုးတက်အောင် လုပ်ဖို့ လွယ်တယ်များ ထင်နေကြလား …
ယခင် အဖြစ်အပျက်အရ အခုချိန် ဤတိုက်ပွဲနယ်မြေထဲ လျှောက်မသွားသင့်တော့ပေ။
ရှန်ထျန်းက သတိကြီးကြီး ထားလိုက်သည်။
တွေးကြည့်ပါဦး …
ချင်ကောင်း ကံကြမ္မာ ကျဆင်းသွားစဉ်က စိတ်ဝိညာဉ်ဆေးပင်လေးကြောင့် အချည်ခံရပြီး သေမလောက် အရိုက်ခံထားရ၏။ ဖန်ချန်းအလှည့်တုန်းကလည်း သူ့စွမ်းအင်ဗဟိုချက် ပြိုကွဲသွားပြီးတော့ ကိုးဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း အဆင့်ကို ကျရှုံးခဲ့ပြန်သည်။ ချန်ကျုံးထျန်းအလှည့်ကျပြန်တော့ စစ်ရထားလုံးပျံက အံ့ဖွယ်မိုးကောင်းကင် ကာကွယ်ရေး အစီအရင်နှင့် ဝင်တိုက်မိခဲ့သည်။ ကျင်းယုကျ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုး ဖမ်းဆီးခံခဲ့ရသည်။
ဒါတွေအားလုံးက တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး …
ထိုအတွေးဖြင့် ရှန်ထျန်းက သူ့အပေါင်းအပါများ၏ ဦးခေါင်းအထက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အကယ်၍ သူသာ ချင့်ချိန်နိုင်ရင် သူ့ကံကြမ္မာကျဆင်းသွားပြီးတဲ့နောက် ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ဆက်နေပြီး မစွန့်စားသင့်တော့ဘူး …
ဒါပေမဲ့ သူ့အပေါင်းအပါများ၏ ဦးခေါင်းအထက်ရှိ ကံအပြောင်းအလဲ အခွင့်အရေးများက ယခု သိပ်မကောင်းတော့သော်လည်း တစ်ခုမှမရှိခြင်းထက်တော့ ပိုကောင်းပေသည်။
ကံအပြောင်းအလဲ အခွင့်အရေးတိုင်းကို ထည့်တွက်ထားရမယ် …
အရှင်းဆုံးပြောရလျှင် ရှန်ထျန်းက ယခု ထွက်မသွားနိုင်သေးပေ။
နောက်ဆုတ်ရမည်လား ဒါမှမဟုတ် စတေးရမည်လား …
အမှန်အတိုင်းပြောရလျှင် ရှန်ထျန်းက ဝေခွဲမရနိုင် ဖြစ်နေမိသည်။