နွေးထွေးစွာ ကြိုဆိုမှာပါ
Vol. 11-16 Ch. 231
အခန်း (၂၃၁) : နွေးထွေးစွာ ကြိုဆိုမှာပါ
ကမ္ဘာဦးတိုက်ပွဲနယ်မြေ၌ တောင်တန်းကြား ထူးထူးခြားခြား ဆောက်လုပ်ထားသော ဂူကြီးတစ်လုံး ရှိနေသည်။ ဂူအဝင်ဝက သိပ်မကျယ်သော်လည်း မီတာအတော်အတန် ဝင်ပြီးနောက် ဂူက ရုတ်ချည်း ကျယ်ပြန့်လာသည်။ ဧရာမ မြေအောက်နန်းတော်ကြီးက ဂူအတွင်း တည်ရှိနေလေ၏။
ဤမြေအောက်နန်းတော်က အလွန်ကြီးမားပြီး ကျောက်စိမ်းဖြူလိုမျိုး ဖြူဖွေးနေသည့် သီးသန့်ကျောက်တုံးများဖြင့် ထွင်းထုကာ တည်ဆောက်ထားသည်။ ကြည့်ရသည်မှာ အင်မတန် ခမ်းနားလှ၏။
နန်းတော်အရှေ့ဘက်တွင် ဧရာမ ငွေဖြူရောင် ဝံပုလွေ ၁၈ ကောင် ဝပ်နေပြီး အားလုံးမှ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်ထားသည်။
နန်းတော် ပင်မတံခါးအပေါ်ဘက်၌ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး စာလုံးများကို ရွှေဖြင့် ရေးသားထားသည်။
“ လက်နက်ထောင်ချီ နန်းတော် ”
ဝုန်း
နန်းတော်ပင်မတံခါးကြီးက ဝုန်းခနဲ ပွင့်သွားသည်။ လူသားအဖွဲ့နှင့် ငှက်ငါးကောင်တို့ ထွက်လာကြ၏။ ဤသည်မှာ ရှန်ထျန်းတို့ အဖွဲ့ဖြစ်ပေသည်။ သူတို့က လက်နက်ထောင်ချီ နန်းတော်ထဲ၌ လေ့ကျင့်မှု ပြီးဆုံးလာခဲ့လေပြီ။
ရှန်ထျန်းက ချင်ယွင်တိ ခေါင်းပေါ်မှ ရွှေရောင်နီးနီး ရောင်ဝါစက်ဝန်းကို ကြည့်ကာ စိတ်လိုလက်ရ ပြုံးလိုက်မိသည်။
မှန်ပေသည်။ လက်နက်ထောင်ချီ နန်းတော်မှာ ချင်ယွင်တိ၏ ခေါင်းပေါ်တွင် တွေ့ခဲ့ရသော ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်၏။
ရှေးခေတ်အချိန်အခါက ဤနန်းတော်ကို လက်နက်ထောင်ချီ သူတော်စင်အရှင်က အပတ်တကုတ် ကြိုးပမ်းကာ ဆောက်လုပ်ခဲ့သည်။ ထိုအရာက အသင့်တော်ဆုံး ဆက်ခံသူကို ရွေးချယ်နိုင်ရန်နှင့် စမ်းသပ်ရန် ဖန်တီးထားခြင်း ဖြစ်၏။
လက်နက်ထောင်ချီ သူတော်စင်အရှင်က တိုက်ရည်ခိုက်ရည် စံနမူနာတင်လောက်သည့်အထိ မဟုတ်သော်လည်း လက်မှုအတတ်ပညာရပ်၌ တစ်ဖက်ကမ်းကျွမ်းကျင်ပေသည်။ အထူးသဖြင့် သူက ရန်သူများကို တိုက်ခိုက်ရန် အားကောင်းသည့် ရုပ်သေးရုပ်များကို ဖန်တီးရာ၌ ကျွမ်းကျင်လွန်းလှသည်။
ဒဏ္ဍာရီထဲတွင် လက်နက်ထောင်ချီ သူတော်စင်အရှင် စွမ်းအားအထွတ်အထိပ် ရောက်နေစဉ်က ဝိညာဉ်အသွင်ပြောင်း ငွေနဂါး ရုပ်သေးရုပ် ၁၈ ရုပ်ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုကြသည်။ သူတို့က တခြားသူတော်စင်အရှင်ကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း သူတော်စင်အဆင့် ကျင့်ကြံသူပင် မသေဘဲ အသက်ရှင်ကျန်လိမ့်မည်ဟု အာမခံချက် မရှိပေ။ အဆုံးသတ်၌ လက်နက်ထောင်ချီ သူတော်စင်အရှင်သည် သူ့ရန်သူများ လုပ်ကြံမှုအောက်တွင် သေဆုံးသွားခဲ့ပြီး သူ့အမွေအနှစ်ကို ချန်ထားရစ်ခဲ့သည်။
ရှန်ထျန်းက ဤနန်းတော်ကို ချင်ယွင်တိ၏ ခေါင်းပေါ်မှ မြင်လိုက်ရခြင်း ဖြစ်၏။ ရလဒ်အနေနှင့် သူက တစ်ဖွဲ့လုံးကို ခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးမှုအားလုံး ကျော်ဖြတ်ခဲ့သည်။
ဘာကြောင့် လွယ်နေတာလဲလို့ မမေးပါနဲ့ … အကြောင်းက ရှင်းရှင်းလေး ဖြစ်၏။ ရှန်ထျန်းက ချင်ယွင်တိ ခေါင်းပေါ်မှ ဇာတ်ကွက်ကို မြင်တွေ့ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
မူလဇာတ်ကြောင်း၌ ချင်ယွင်တိက ထိုအရုပ်များ၏ အားနည်းချက်ကို ရှာမတွေ့ခင်အထိ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။ သို့သော် ရှန်ထျန်းက ချက်ကောင်းကို ချက်ချင်း ထုရိုက်နိုင်လိုက်သောကြောင့် အားလုံးက တအံ့ဩ ဖြစ်သွားကြသည်။ အထူးသဖြင့် ချင်ယွင်တိ ဖြစ်၏။ သူက ရှန်ထျန်းအား မျက်လုံးတလက်လက်ဖြင့် ငေးကြည့်နေသည်။
သူက စီနီယာအစ်ကိုရှန်စစ်စစ် ဖြစ်၏။ ချီသန့်စင်ခြင်းနှင့် ကိုယ်ထည်မာ ကျင့်ကြံခြင်းတို့တွင် ပြိုင်ဖက်ကင်း ဖြစ်ရုံသာမက အရုပ်များအပေါ်တွင်လည်း နက်နက်နဲနဲ နားလည်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။
သူ မလုပ်နိုင်သည့်အရာ မရှိပေ။ သူက တပည့်အားလုံး၏ စံပြပုဂ္ဂိုလ်သာ ဖြစ်၏။
ငါတို့ရဲ့ လမ်းပြအလင်းရောင်လေး …
“ ယွင်တိ … မင်းရဲ့နတ်ဘုရားအသိစိတ်က သာမန်လူတွေထက် အားပိုကောင်းတယ်။ မင်းက ယင်ယန် နတ်ဆိုးဖောက်ထွင်းသေနတ်အများကြီးကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်တယ်။ ဒီလက်နက်ထောင်ချီ ကျမ်းရဲ့ အဓိကဆိုလိုရင်းက အရာအများကြီးကို တစ်ခါတည်းနဲ့ ဘယ်လို ထိန်းချုပ်နိုင်တာလဲ ဆိုတာပဲ။ မင်းအတွက် အရမ်းသင့်တော်တယ်။ မင်း အခုကစပြီး သေချာလေ့လာသင့်တယ် ”
ရှန်ထျန်းက ပြုံးရင်း ချင်ယွင်တိကို အကြံပေးလိုက်သည်။
မူလက ချင်ယွင်တိသည် စစ်ဆေးမှုကို အောင်မြင်ခဲ့သော်လည်း အချိန်အကြာကြီး ယူခဲ့ရသောကြောင့် ရမှတ်ကောင်းကောင်း မရခဲ့ပေ။ ရလဒ်အနေနှင့် ချင်ယွင်တိက လက်နက်ထောင်ချီ ကျမ်းလွှာလေးခုအနက် ပထမနှစ်ခုသာ ရရှိခဲ့သည်။ သူက ပြည့်ပြည့်စုံစုံ မရလိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက အဖြစ်အပျက်ကို ကြိုသိပြီးသား ဖြစ်ကာ ချင်ယွင်တိထက်လည်း အားကောင်းနေသောကြောင့် စစ်ဆေးမှုအားလုံးကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့သည်။
ထို့ကြောင့် သူက ကျမ်းတစ်ခုလုံးကို အလွယ်တကူ ရခဲ့ပြီး လက်နက်ထောင်ချီ သူတော်စင်၏ ရွေးချယ်ခံ ဆက်ခံသူတစ်ဦး ဖြစ်လာခဲ့သည်။
ယခု ရှန်ထျန်းက အမှတ်အသားပြား တစ်ခု ကိုင်ဆောင်ထားသည်။ ဤသည်မှာ လက်နက်ထောင်ချီ နန်းတော်မှ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုသည့် အမှတ်အသားပြား ဖြစ်ပေသည်။
သူ့တွင် ဤအမှ်တ်အသားပြား ရှိနေသရွေ့ နန်းတော်အတွင်း လက်နက်အားလုံးကို အသုံးပြုနိုင်လိမ့်မည်။ ဤသည်မှာ အံ့ဖွယ်လက်နက်လောက် အဖိုးတန်လှသည်။ ရှန်ထျန်းက သူ့အကျိုးမြတ်အတွက် အလွန်ကျေနပ်နေမိသည်။ သူ့အား ပိုပျော်ရွှင်စေသည်က သူ့ကံကြမ္မာသည်လည်း တဖန် ပြန်လည်တိုးမြင့်လာပြီ ဖြစ်၏။
လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီးနောက် လက်နက်ထောင်ချီ နန်းတော်ကြီးကို အမှတ်အသားပြားအတွင်း ထည့်သိမ်းလိုက်ကာ ငွေဖြူရောင် ဝံပုလွေ ၁၈ ကောင်ကိုလည်း သူ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်လိုက်သည်။
“ ညီလေးယွင်တိ … ဒီဝံပုလွေအရုပ် ၁၈ ကောင်လုံးက ရွှေအမြုတေအဆင့်တွေချည်းပဲ။ တကယ်လို့ မင်း သူတို့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင် အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေအဆင့်ဇယားထဲက ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်။ ငါတို့ထဲမှာ မင်းတစ်ယောက်တည်းကပဲ ဒီဝံပုလွေတွေကို ထိန်းချုပ်နိုင်တဲ့ နတ်ဘုရားအသိစိတ်မျိုး ရှိတာ … ဒီနေ့ မင်းကို ဒီဝံပုလွေ ၁၈ ကောင်ကို ပေးမယ်။ ငါတို့ကို အမွေအနှစ်လက်ဆင့်ကမ်းခဲ့တဲ့လူရဲ့ နာမည်ကို မကျစေနဲ့ ”
ချင်ယွင်တိက ရှန်ထျန်း၏ လေးလေးနက်နက် အပြုံးကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားမိသွားသည်။
ထိုဝံပုလွေ ၁၈ ကောင်က ရွှေအမြုတေအဆင့် ဖြစ်သော်လည်း သူတို့ကို ထုဆစ်ထားသည့် ပစ္စည်းများက အလွန်ဈေးကြီးလှပေသည်။ အကယ်၍ သူသာ ဤဝံပုလွေ ၁၈ ကောင်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင် ငွေရောင်ဝံပုလွေ အမဲလိုက်ခြင်း အစီအရင်ကို ဖွဲ့စည်းနိုင်လိမ့်မည်။ ထိုအခါ သူ့တိုက်ခိုက်စွမ်းရည်မှာ သိသိသာသာ တိုးတက်သွားပေမည်။
သာမန်ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူပင် ဝံပုလွေ ၁၈ ကောင် ပူးပေါင်းတိုက်ခိုက်မှု၌ တစစီ ဖြစ်သွားနိုင်သည်။
အကယ်၍ သူသာ ဤဝံပုလွေအုပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပါက ချင်ယွင်တိ၏ တိုက်ခိုက်အားသည် အဆများစွာ ခုန်တက်သွားလိမ့်မည်။
“ ဂိုဏ်းတူအစ်ကိုရှန် ကျေးဇူးပါ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ”
ရှန်ထျန်းက ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်သည်။
“ ပြီးတော့ ယွင်တိ … တိုးတက်မှု ရပ်တန့်နေတာမျိုး မဖြစ်စေချင်ဘူး။ မင်းက ဖောက်ခွဲရေးအဆောင်တွေ၊ ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်တွေနဲ့ ဒီလိုအရုပ်တွေအပေါ် အရမ်းစိတ်ဝင်စားတယ်။ ဒါပေမဲ့ ဒါတင် မကသေးဘူးနော် ”
ချင်ယွင်တိက အတွေးနက်သွားသည့်အလား ငြိမ်ကျသွားသည်။ သို့သော် ပုံရိပ်ကားရှေ့ သူ့မြင်ကွင်းကို တစ်စုံတစ်ခုကို လာပိတ်ဆို့ထားကြောင်း ခံစားနေရ၏။
သူ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ရှန်ထျန်းထံ နတ်ဘုရားတစ်ပါးအလား ကိုးကွယ်ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်ကာ “ ဂိုဏ်းတူအစ်ကိုကပဲ သင်ပြပေးပါဦး ”
ရှန်ထျန်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် “ ဒါက ရိုးရိုးလေးပါ။ မင်း စိတ်ဝင်စားတယ်ဆိုရင် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်လိုမျိုး လက်နက်တွေကို အရုပ်တွေမှာ တပ်ပြီးတော့ သူတို့စွမ်းရည် တိုးမြင့်ပေးနိုင်တယ်။ မင်းအနေနဲ့ မမျှော်လင့်ထားတဲ့ ရလဒ်တောင် ရလာနိုင်တယ် ”
ချင်ယွင်တိက ခဏ စဉ်းစားလိုက်သည်။
အစ်ကိုရှန်က ဖောက်ခွဲရေးပညာရပ်ကို သုံးပြီး ဒီအရုပ်တွေအတွက် နောက်ထပ်တစ်ဆင့် မြင့်ပေးနိုင်တယ်လို့ ပြောတာလား
သူ့မျက်ဝန်းများ တောက်ပလာလေ၏။
ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။
ဟူး …
ငါးရက်တာကုန်ဆုံးသွားပြီးနောက် သူ့အပေါင်းအပါများ ခေါင်းပေါ်ရှိ ကံအပြောင်းအလဲ အခွင့်အရေးအားလုံးကို ရှင်းပြီးသွားလေပြီ။
ထိုစဉ် ရှန်ထျန်း ခေါင်းပေါ်ရှိ ရောင်ဝါက အစိမ်းတစ်ဝက် အနီတစ်ဝက် ဖြစ်နေရာမှာ အနီများများနှင့် အစိမ်းပြောက်လေးသာ ကျန်ရှိတော့သည်။ သို့သော် ရှန်ထျန်းက စိတ်မအေးသေးပေ။ သူ့ကံကြမ္မာ လျော့ကျသွားသေးသော်လည်း မည်သည့် ကံဆိုးမှုမှ မကြုံတွေ့ရသေးပေ။
မြူခိုးလွင်ပြင်တုန်းက ရှန်ထျန်းသည် သာလွန်ကိုယ်ထည်အဆင့်ကို ချိုးဖောက်တက်လှမ်းခဲ့ပြီး ကံကြမ္မာလျော့ကျသွားသောကြောင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရကာ မြူခိုးတောင်ကြားထဲ ရောက်သွားခဲ့ရသည်။
ကျောက်ဟောင်၏ ဆရာသာ အချိန်မီ သေဆုံးမသွားဘဲ ရှန်ထျန်း၏ ကံကြမ္မာတိုးမပေးနိုင်ခဲ့လျှင် သူ့အနေနှင့် ပျောက်ကွယ်သွားလောက်လေပြီ။
ဒါပေမဲ့ ဒီတစ်ခေါက် ဘာလို့ ဘာမှမတွေ့ရသေးတာလဲ … ငါ အဆင့်တက်ပြီးတော့ ကံကြမ္မာ လျော့ကျသွားပြီးပြီလေ …
ငါက အရမ်းသတိထားနေမိလို့လား … ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် အန္တရာယ်ဆိုတာ မတွေ့ရလေ ကောင်းလေပဲ
ထိုစဉ် ရှန်ထျန်း၏ ပို့ဆောင်ရေး ကျောက်စိမ်းအဆောင်မှ နွေးလာကာ လွှင့်မျှောလာသည်။
အားလုံး၏ အမူအယာတို့က တောင့်တင်းသွားကြ၏။ အကြောင်းမှာ ထိုအရာက ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အချိန်ပြည့်သွားကြောင်း ဆိုလိုနေခြင်း ဖြစ်၏။
အတွင်းပိုင်း ရောက်ရှိနေသော စွမ်းအားကြီးသတ္တဝါဆန်းများ ပြန်လည် ထွက်လာတော့မည်။ ကနဦးဝိညာဉ်အဆင့်နှင့်အောက် ထိုဝိညာဉ်မဲ့ သတ္တဝါဆန်းများက ဘေးမကင်းနိုင်ပေ။
အားလုံးက သူတို့ပို့ဆောင်ရေး ကျောက်စိမ်းအဆောင်များကို ထုတ်ကာ ပြန်ဖို့ ပြင်လိုက်ကြသည်။
“ အခု ပြန်ကြရတော့မယ် ” ရှန်ထျန်းက သူ့ကျောက်စိမ်းအဆောင်ထဲ စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်သည်။ ထို့နောက် ခုံမုန့်၊ ကျင်းယုနှင့် ကျန်လူများအား ကြည့်လိုက်သည်။
“ တကယ်လို့ နောင်ကျ အခွင့်အရေးရလို့ လာချင်တယ်ဆိုရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကနေ ဧည့်သည်တော်တွေအနေနဲ့ ကြိုဆိုနေပါ့မယ် ”
ခုံမုန့်က ရှန်ထျန်းအား တမ်းတမ်းတတ ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ “ ရှင်လည်း ကျွန်မတို့ဆီ အချိန်မရွေး လာလည်လို့ ရပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပါ့မယ် ”
ကျင်းယုက အနည်းငယ် မျက်နှာပူလာမိသည်။ သူတို့သာ တိုက်ပွဲဖြစ်မည်ဆိုလျှင် ထပ်မတွေ့ရသည်က ပိုကောင်းပေမည်။
သူက ကျောက်စိမ်းအဆောင်ထဲ စွမ်းအားထည့်သွင်းလိုက်ပြီးနောက် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုက သူ့အား ဆွဲခေါ်သွားကြောင်း ခံစားမိလိုက်သည်။
အာကာပြင်နှင့် အချိန် ပြောင်းလဲသွားသည့်အလား … သူ့ရှေ့တွင် တောက်တောက်ပပ အလင်းတန်း တစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် အဆုံးသတ်သွားလေပြီ။
ရှန်ထျန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း တစ်ခုပြီး တစ်ခု ဖြစ်ပျက်ခဲ့ကာ စိတ်လှုပ်ရှားစရာကောင်းခဲ့သော်လည်း အကျိုးမြတ် အမြောက်အများ ရရှိခဲ့သည်။
သူသာ ဘေးကင်းကင်းနှင့် ပြန်နိုင်သရွေ့ ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အောင်နိုင်သူ ဖြစ်ပေတော့မည်။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့် …
ပို့ဆောင်ရေး ပြီးဆုံးသွားသည်နှင့် ရှန်ထျန်း မျက်နှာရှိ အပြုံးတို့မှာ ပျောက်ကွယ်သွားရသည်။
ဒါက ကမ္ဘာဦးတိုက်ပွဲနယ်မြေ အပြင်ဘက်က မြို့လေးလည်း မဟုတ်ပါ့လား …