ထျန်းအာက ကံကြမ္မာ သားတော်ပဲ … သူ အဆင်ပြေမှာပါ
Vol. 11-16 Ch. 233
အခန်း (၂၃၃) : ထျန်းအာက ကံကြမ္မာ သားတော်ပဲ … သူ အဆင်ပြေမှာပါ
မြို့လေးအတွင်း ပို့ဆောင်ရေးစက်ဝန်း၌
ပို့ဆောင်ရေးစက်ဝန်း၌ အဖြူရောင်အလင်း တောက်ပလာကာ ပုံရိပ်များ ထွက်ပေါ်လာသည်။
ချင်ယွင်တိ၊ ချင်ကောင်း၊ ရှန်အောင်း၊ ရှောင်လင်း၊ လျိုထိုက်ယီ၊ စုန့်ဖူကွေ့၊ ကျောက်ဟောင်၊ ကွေ့ကုန်းကုန်းနှင့် ကျန်လူများက တစ်တန်းတည်း ရပ်နေကြသည်။ သူတို့အားလုံးက စိတ်ဓာတ်တက်ကြွနေပြီး အားကောင်းသည့် အငွေ့အသက်များ ထုတ်လွင့်နေကြသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ခါစနှင့် ယှဉ်လိုက်လျှင် သူတို့အင်အားမှာ တစ်ဆ၊ နှစ်ဆမက များစွာ တိုးတက်လာလေသည်။
သူတို့တိုက်ခိုက်စွမ်းရည်က သိသိသာသာ ပြောင်းလဲသွား၏။ အထူးသဖြင့် ရှန်အောင်း ဖြစ်သည်။ မူလက ထိုက်ပိုင်ချိုင့်ဝှမ်း၏ သာမန်တပည့်ရင်းတစ်ယောက်မျှ ဖြစ်ခဲ့၏။ ထိုက်ပိုင်ချိုင့်ဝှမ်းအတွင်း သူ့လိုမျိုး လူများစွာက အခြေတည်အဆင့်ကို ရောက်နေကြပြီ ဖြစ်၍ သူ့အနေနှင့် ဘာမှထူးခြားခြင်း မရှိပေ။
သို့သော်လည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအတွက် ရှန်ထျန်းနောက်လိုက်ပြီးနောက် နဂါးသွေးမြက်နှင့် ဓားနှလုံးသားသစ်သား ရရှိခဲ့သောကြောင့် သူ့အား အသစ်တဖန် ပြန်လည်မွေးဖွားလာသလို ဖြစ်သွားစေသည်။ သူ့ရုပ်ပိုင်းဆိုင်ရာ၊ ကျင့်ကြံဆင့်နှင့် ဓားတာအိုအတွက် ပါရမီတို့ကား အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်အများစုနှင့် ယှဉ်သွားနိုင်သည်။
သူ့ကို အထွတ်အမြတ်မြေ၏ တပည့်ရင်းများနှင့် ယှဉ်လျှင်ပင် ပါရမီအရ ရှုံးမည် မဟုတ်ပေ။
“ ငါတို့က ဆရာကောင်းကင် သူတော်စင်ရဲ့ နောက်လိုက်တွေပဲ။ ငါတို့တွေ တက်ကြွမှုကို ပြသရမယ်။ ဆရာကောင်းကင်ကို မျက်နှာပျက်အောင် လုပ်လို့ မဖြစ်ဘူး”
ဆိုင်ရှင်စုန့်က မငယ်တော့သော်လည်း သူ့မျက်နှာအထက်၌ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ သူက ရင်ဘတ်ကို ကော့ထားကာ ဂုဏ်ယူနေဟန် ပေါ်၏။
ဆရာကောင်းကင် နောက်လိုက်ရင် အားမကောင်းလာနိုင်ဘူးလို့ ဘယ်သူက ပြောခဲ့လို့လဲ … ငါတို့အားလုံး ဆရာကောင်းကင်နောက်လိုက်ရင်း ချီးမွမ်းရင်း အများကြီး တိုးတက်လာတာကို မမြင်ဘူးလား
ဒါပေမဲ့ ဆရာကောင်းကင်နဲ့ ယှဉ်လိုက်ရင်တော့ ငါတို့အကျိုးမြတ်က သူ့အတွက် ဘာမှမဟုတ်သေးဘူး …
ဆရာကောင်းကင်က ဒဏ္ဍာရီလာ ပြိုင်ဖက်ကင်း ထာဝရလက်နက်တောင် ရလာတာ … ဆရာကောင်းကင်ဆိုတဲ့အတိုင်း တကယ်ကို ကောင်းကင်တာအိုက မျက်နှာသာပေးထားတဲ့ ကံကြမ္မာသားတော်စစ်စစ်ပဲ …
အာ …. ဆရာကောင်းကင်ရော ဘယ်ရောက်သွားတာလဲ …
ငါတို့ရဲ့ ကြီးမြတ်လှတဲ့ ဆရာကောင်းကင်က ဘယ်မှာလဲ …
ဆိုင်ရှင်စုန့်နှင့် လျိုထိုက်ယီတို့ ပို့ဆောင်ရေးစက်ဝန်းဆီ ရောက်လာပြီးနောက် တခြားဂိုဏ်းအားလုံးရှေ့တွင် ရှန်ထျန်းအကြောင်း ချီးကျူးလိုကြသည်။ သို့သော်လည်း သူတို့ လှည့်ကြည့်လိုက်သည့်အခါ ရှန်ထျန်းကို မမြင်ရတော့ချေ။
ထိုစဉ် သူတို့အားလုံး ကြောင်အမ်းသွားကြသည်။ လီလျန်အာနှင့် ကျန်လူများလည်း ကြောင်သွားကြသည်။
ရှန်ထျန်းနှင့်အတူတူ ရှိခဲ့ကြသည့် အားလုံးက အံ့ဩကုန်ကြသည်။
သူတို့အားလုံး ပို့ဆောင်ရေး ကျောက်စိမ်းအဆောင်ကို အသက်သွင်းကာ ကမ္ဘာဦးတိုက်ပွဲနယ်မြေမှ ထွက်လာကြသည် ဖြစ်ရာ အားလုံးက ဘေးကင်းကင် ပြန်ရောက်ရက်နှင့် ရှန်ထျန်းတစ်ယောက်တည်းသာ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။
“ အစ်ကိုရှန်အတွက် ပို့ဆောင်ရေး ဦးတည်ချက် လွဲသွားတာ ထင်တယ် ” ချင်ယွင်တိက အေးအေးဆေးဆေး ပြောလိုက်သည် “ ဒီလိုအခြေအနေမျိုးက တစ်ခါတစ်လေ ဖြစ်နေကြဆိုတော့ သိပ်ဝေးဝေးတော့ ရောက်သွားမှာ မဟုတ်ပါဘူး ”
ချင်ယွင်တိက ပြောလိုက်ရင်း သူ့တပည့် အမှတ်အသားပြားကို ထုတ်ကာ ရှန်ထျန်းနှင့် ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ခဏအကြာတွင် ချင်ယွင်တိ၏ မျက်လုံးမှေးမှေးများ ပြူးကျယ်လာကာ စိုးရိမ်လာဟန်ဖြင့် “ မဟုတ်သေးဘူး။ သူတော်စင် အမှတ်အသားပြားကို ဆက်သွယ်လို့ မရဘူးဆိုတော့ ဖြစ်နိုင်ခြေတစ်ခုပဲ ကျန်တော့တယ်။ အခု သူ ရောက်နေတဲ့ နေရာက နတ်ဘုရားအသိစိတ် လွဲပြောင်းခြင်းကို တားဆီးထားတာပဲ ”
ချင်ယွင်တိက ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်တို့ ရှိရာ အဆောက်အဦးဆီ အပြေးအလွှား သွားလိုက်သည်။
“ ဘယ်လို … ထျန်းအာက ပျောက်ဆုံးသွားတာလား။ မဖြစ်တော့ဘူး … သူ အန္တရာယ်ကျရောက်နေနိုင်တယ်။ ငါ မြန်မြန်သွားရှာလိုက်မယ် ”
ချင်ယွင်တိက အကြောင်းကြားလိုက်သည်နှင့် ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်တို့က တန်းမတ်တတ်ရပ်လိုက်ကြသည်။
နှစ်ယောက်လုံးက စကားတစ်လုံးပင် မကွဲဘဲ အတူတူ ပြောလိုက်ကြသည်။
သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် နှစ်ယောက်လုံးက အချင်းချင်း တွေးနေသည့်အရာများကို သိလိုက်ကြသည်။ သို့သော်လည်း ရဲရဲနီ ကကြိုး ကောင်းကင်အသျှင်က ကျောက်စိမ်းပြားလေးကို ထုတ်ကာ “ ဂျူနီယာမောင်လေး ကျီယန် … မင်း ဒီမှာနေပြီးတော့ အားလုံးကို စီမံပေးထားပါဦး။ ကနဦးဝိညာဉ်အဆင့်နဲ့အထက် အထွတ်အထိပ်ရှင်အားလုံး မိုင်ငါးရာပတ်လည်အတွင်း ရှန်ထျန်းကို သွားရှာကြမယ်။ သူ ရှာတွေ့မှ ဖြစ်မယ် ”
“နားလည်ပါပြီ ”
ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများက ရဲရဲနီကကြိုး ကော်းကင်အသျှင်အား ပြန်မပြောရဲကြပေ။
အကြောင်းအရင်းကား ရိုးရှင်းပေသည်။ ပထမဦးစွာ ရဲရဲနီကကြိုး ကောင်းကင်အသျှင်သည် ပြိုင်ဖက်ကင်း ကောင်းကင်အသျှင်တစ်ယောက် ဖြစ်ပြီး သူမ၏ ကျင့်ကြံဆင့်မှာ ဝိညာဉ်အသွင်ပြောင်းအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေလေပြီ။
အားကောင်းသူများကို လေးစားကြသည့် ကျင့်ကြံရေးလောက၌ ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ အဆင့်အတန်းမှာ ကနဦးဝိညာဉ်အဆင့်ရှိ သာမန်အထွတ်အထိပ်ရှင်များက ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ဒုတိယအနေနှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်၏ နောက်ခံမှာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်ရှိ ထိပ်သီး အထွတ်အမြတ်မြေထဲမှ တစ်ခု ဖြစ်ကာ အားကောင်းလွန်းပေသည်။
ပို၍ ကြောက်စရာကောင်းသည်က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတွင် ပြိုင်ဖက်ကင်း အမျိုးသမီး ကျင့်ကြံသူများစွာ ရှိနေခြင်း ဖြစ်၏။
ကျင့်ကြံရေးလောက၌ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ အမျိုးသမီး တပည့်များနှင့် လက်ဆက်ခွင့်ရလျှင် ဂုဏ်ယူကြရသည့် ပါရမီရှင်များမှာ ရေတွက်လို့ပင် မရနိုင်ပေ။
လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ တပည့်များ၏ လက်ထပ်ပွဲမှတဆင့် ဆက်သွယ်ရေးကွန်ယက်က သေချာပေါက် အားအကောင်းဆုံး ဖြစ်၏။
ပြောရလျှင် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေကို ရန်သွားစခြင်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေကို ရန်သွားစတာလောက် ကြောက်စရာမကောင်းကြောင်း ဆိုကြသည်။
အကြောင်းမှာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေအနေနှင့် ထိုလူကို ကိုင်တွယ်ဖြေရှင်းစရာပင် မလိုချေ။ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ တပည့်များကို ပိုးပန်းနေကြသောလူများ၏ လုပ်ကြံမှုကို ခံရကာ ဘဝအကြောင်း မေးခွန်းထုတ်လာနိုင်သည်။ ထို့ကြောင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်၏ အမိန့်ကို ရရှိပြီးနောက် အထွတ်အထိပ်ရှင်အားလုံးက ရှန်ထျန်းအား ရှာဖွေဖို့ ထွက်လာကြသည်။ အထွတ်အထိပ်ရှင်၏ နတ်ဘုရားအသိစိတ်က မြို့လေးကို ဗဟိုချက်ထားပြီး မိုင်ရာချီ ဖြန့်ကျက်ထားကြသည်။
ထိုစဉ် ကြာဖြူကောင်းကင်အသျှင်က သူမ၏ အကြီးအကဲ အမှတ်အသားပြားကို ထုတ်ကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီ လှမ်းဆက်သွယ်လိုက်သည်။
တူ တူ တူ …
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကျင့်ကြံနေပုံပေါ်သောကြောင့် ဆက်သွယ်မှုကို တန်းမဖြေပေ။ ကြာဖြူ ကောင်းကင်အသျှင်၏ မျက်နှာမှာ စိုးရိမ်လာကာ လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီးနောက် “ ဂိုဏ်းတူအစ်ကို ဂိုဏ်းတူအစ်ကို …. ဂိုဏ်းတူတူလေးရှန်ထျန်း ပျောက်သွားပြီ။ ဒီသတင်းကို ကြားတာနဲ့ မြန်မြန် ဆက်သွယ်ပါဦး ”
ဝှီး …
အကြီးအကဲ အမှတ်အသားပြားမှ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ဆိုလိုသည်မှာ ကြာဖြူကောင်းကင်အသျှင်၏ နတ်ဘုရားအသိစိတ် အသံပို့ဆောင်မှု စကားသံကို ပို့ဆောင်ပြီးကြောင်း ဖြစ်၏။ ကြာဖြူကောင်းကင်အသျှင်က အမှတ်အသားပြားကို သိမ်းကာ ရှန်ထျန်းကို ကိုယ်တိုင် ထွက်ရှာတော့မည့်အချိန် အမှတ်အသားပြားက ပြန်လင်းလာသည်။
မိုးကြိုးနှင့် ကောင်းကင် အရှိန်အဝါ ဖုံးလွှမ်းထားသည့် ပုံရိပ်က ကြာဖြူကောင်းကင်အသျှင်ရှေ့ ပေါ်လာသည် “ ညီမလေး ထျန်းအာက ဘယ်လိုလုပ် ပျောက်သွားတာလဲ ”
မှန်ပေ၏။ ထိုသူမှာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်ပေသည်။
ဂိုဏ်းချုပ်၏ ပုံရိပ်ကို မြင်ကာ ကြာဖြူကောင်းကင်အသျှင်က ဦးညွှတ်လိုက်သည်။
“ ယွင်တိနဲ့ တခြားတပည့်တွေ ပြောစကားအရတော့ တူလေး ရှန်ထျန်းက မြို့လေးဆီ ပြန်လာဖို့ ပို့ဆောင်ရေး စက်ဝန်း လမ်းကြောင်း သွေဖယ်သွားပြီး ပျောက်ကွယ်သွားတယ်တဲ့။ ယွင်တိက ရှန်ထျန်းဆီ ဆက်သွယ်ဖို့ ကြိုးစားကြည့်ပေမဲ့ အဆင်မပြေဘူး။ နတ်ဘုရားအသိစိတ် တားဆီးထားတဲ့ နယ်မြေထဲ ရောက်နေတာ ထင်တယ် ”
ကြာဖြူ ကောင်းကင်အသျှင်က သူမဘာသာ အပြစ်တင်နေမိသည် “ ဒါတွေက ညီမ တူလေးရှန်ထျန်းအပေါ် ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့လို့ပါ။ အစ်ကို ညီမကိုသာ အပြစ်ပေးလိုက်ပါ ”
“ ထျန်းအာက ထပ်ပျောက်သွားပြီတဲ့လား ”
ဂိုဏ်းချုပ်အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားသော်လည်း သူ့အသံက တည်ငြိမ်နေဆဲ ဖြစ်၏။
သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ညီမလေး ဒီကိစ္စကို ကိုယ့်ဘာသာ အပြစ်တင်နေစရာ မလိုဘူး။ ထျန်းအာက ကံကြမ္မာသားတော်ပဲ။ မတော်တဆ ဖြစ်ရပ်က ပို့ဆောင်ရေးစက်ဝန်းကြောင့်ဆိုတော့ သိပ်အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။ ကံအပြောင်းအလဲ အခွင့်အရေးနဲ့တောင် ကြုံနေနိုင်သေးတယ်။ တစ်ခါတစ်ရံ ကံကောင်းမှုဆိုတာ မထင်မှတ်ထားတဲ့အချိန် ရောက်လာတတ်တယ်လေ ”
ကြာဖြူ ကောင်းကင်အသျှင်က အတွေးနက်သွားဟန်ဖြင့် “ အဲဆို ညီမတို့က သူ့ကို ရှာဖို့ မလိုဘူးလို့ ပြောချင်တာလား ”
ဂိုဏ်းချုပ်က ခေါင်းခါကာ “ ဘယ်ဟုတ်ပါ့မလဲ … တကယ်လို့ သူ ပျောက်သွားတာကို ငါတို့က မရှာရင် ထျန်းအာ ဘယ်လောက်တောင် စိတ်ပျက်သွားလိုက်မလဲ ။ ငါတို့တွေ သူ့ကို ရှာရုံတင် မကဘူး။ ပိုပြီး စိတ်ပူစိုးရိမ်နေတဲ့ပုံ ပေါ်လေလေ ထျန်းအာက ဂရုစိုက်ခံရတယ်လို့ ခံစားရလေလေ ဖြစ်လိမ့်မယ်။ ယွင်ဖုန်းကို အသိပေးပြီးတော့ ကမ္ဘာဦးတိုက်ပွဲနယ်မြေဝန်းကျင်က တိုင်းပြည်တွေအထိ ရှာခိုင်းလိုက်မယ်။ ငါတို့တွေ ထျန်းအာကို ငါတို့ဂိုဏ်းက နွေးထွေးတဲ့ မိသားစုတစ်ခုဆိုတာ ခံစားရအောင် လုပ်ပေးရမယ် ”
ဂိုဏ်းချုပ်၏ အသေးစိတ်သုံးသပ်ချက်ကို နားထောင်ပြီးနောက် ကြာဖြူကောင်းကင်အသျှင်က သူ့အား လေးလေးစားစား ကြည့်လိုက်ကာ “ အစ်ကိုက အရမ်းတွေးတတ်တာပဲ ”
ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ “ ဟုတ်ပြီ .. တခြားဘာမှမရှိတော့ရင် ဆက်သွယ်မှုကို ရပ်လိုက်ကြတာပေါ့ ” ဂိုဏ်းချုပ်၏ အသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ဆက်သွယ်မှု မပြီးပြတ်သွားခင် ကြာဖြူကောင်းကင်အသျှင်က ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရသည်။
ဒါက သူမ နားကြားမှားမိတာလား …
“ ဟုတ်တယ် … အစ်ကိုစကားကို နားထောင်ရမယ် ”
ကြာဖြူကောင်းကင်အသျှင်က မစိုးရိမ်တော့သော်လည်း အင်မတန် စိတ်သောကရောက်နေဟန် ပေါ်နေသည် “ အံ့ဖွယ်မိုးကောင်းကင် တပည့်အားလုံး ထျန်းအာကို သွားရှာကြရမယ် ”
ထိုစဉ် မြို့တစ်ခုလုံး ရှန်ထျန်း ပျောက်ဆုံးသွားမှုကြောင့် အလုပ်ရှုပ်သွားကြလေသည်။
…………..
ထိုစဉ် ရှန်ထျန်းက အခက်အခဲကြား ကျရောက်နေလေ၏။ သူက အားကောင်းသည့် ပုံရိပ်ယောင်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပန်းရောင်မြူခိုးကြား ကျရောက်နေသည်။
ရှန်ထျန်းက သူ့တစ်ကိုယ်လုံး ပူပြင်းလာသလို ခံစားလိုက်ရသည်။
သူ့ဆီမှ အားပြင်းပြင်း စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ သူ့အတွင်းတွင် နန်မင်လီ မီးတောက်က တောက်လောင်နေလေ၏။ သို့သော်လည်း သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ပုံရိပ်ယောင်အားလုံးကို ဖယ်ရှားပေးနိုင်သောကြောင့် မြူခိုးကြား စိတ်မလွှတ်သွားပေ။
လက်ရှိ ရှန်ထျန်း၏ မျက်ဝန်းများ ရီဝေဝေ ဖြစ်နေသည့် အကြောင်းအရင်းမှာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများကို သတိလျော့သွားစေရန် ဖြစ်၏။ သူက အခြေတည်အဆင့်နှင့် ရွှေရောင်ကိုယ်ထည်အဆင့်သာ ရှိသေးသည် မဟုတ်ပါလော။ မိစ္ဆာဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်က သူ့ထက် ပိုမြင့်ပေသည်။
ဤသို့သော အခြေအနေမျိုး၌ မိစ္ဆာဝိညာဉ်ဂိုဏ်းသားများက သူ့ကို ဖမ်းပြီး တစ်ယောက်ယောက်ကိုသာ သူ့အား စောင့်ကြည့်ဖို့ ထားခဲ့လိမ့်မည်။
ရှန်ထျန်းက လျှပ်တစ်ပြက် ထွက်ပြေးဖို့ စဉ်းစားထားလေသည်။ ဤသည်မှာ ရှန်ထျန်း စိတ်ထဲတွင် ကြံစည်ထားသည့်အရာ ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ကိစ္စတော်တော်များများက မှန်းထားသလို ဖြစ်မလာတတ်ကြချေ။
ပန်းရောင်မြူခိုးများက သူ့အား လွှမ်းခြုံထားစဉ် အနက်ဝတ်နှင့် ကြော့ကြော့မော့မော့ အမျိုးသမီးတစ်ယောက်က ရှန်ထျန်းရှေ့ ဖြည်းဖြည်းချင်း ပေါ်လာသည်။ ကြက်သီးထလုမတတ် အသံလည်း ထွက်ပေါ်လာသည်
“ ဟီးဟီး ဒီလိုရုပ်ချောချောလေး … ရုပ်ချောတဲ့ အမျိုးသားတွေရဲ့ ကျင့်ကြံဆင့်ကသာ ခမ်းခြောက်သွားအောင် စုပ်ယူပစ်ဖို့ အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ သူ့ကို တစ်ခါတည်းနဲ့တော့ အပြီးစုပ်ပစ်လို့ မဖြစ်သေးဘူး။ အကောင်းဆုံးဆေးပင်တွေနဲ့ ပျိုးထောင်ပေးပြီးတော့ သူ အားကောင်းလာမှ အရသာမြည်းစမ်းရမယ် ”
ထိုအမျိုးသမီးက ရှန်ထျန်းအနား အနမ်းပေးလိုဟန်ဖြင့် ကပ်လာသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ရီဝေဝေ ဖြစ်နေသည့် ရှန်ထျန်း၏ မျက်ဝန်းများက ရုတ်ချည်း ပြူးကျယ်သွားလေသည်။
ငွေဖြူရောင် အရည် ဖုံးလွှမ်းထားသော သူ့ညာဘက်လက်သီးဖြင့် ထိုအမျိုးသမီးအား ထိုးချလိုက်သည်။
ဝုန်း
ဤသည်မှာ အာကာပြင်ကိုပင် တွန့်ချိုးသွားစေနိုင်သည့် လက်သီးချက်မျိုး ဖြစ်၏။
“ ဘာလဲ … မင်းက အတိသုခမြူခိုး ပုံရိပ်ယောင်ထဲ ရောက်မနေဘူးလား ”
သူမက ပျာယာခတ်သွားသော်လည်း ဓမ္မလက်နက်ထုတ်ကာ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ အလယ်အလတ် ဝိညာဉ်အဆင့်လောက် ဖြစ်သည့် တုတ်ချောင်းအတိုလေးက ရှန်ထျန်း၏ လက်သီးချက်ကို မတားဆီးနိုင်သည်မှာ နှမြောစရာကောင်းလှသည်။
ဂျွတ် …
တုတ်ချောင်းတိုတစ်လျှောက် အက်ရာများ ပေါ်လာကာ ခဏတာအတွင်း တစစီ ဖြစ်သွားတော့သည်။
“သေနာလေး ငါ့ရတနာကို တကယ်ကြီး ဖျက်စီးပစ်တယ်ပေါ့လေ ”
ထိုအမျိုးသမီး၏ အသံက ချက်ချင်း စူးစူးဝါးဝါး အမုန်းတရားအပြည့်ဖြင့် ဖြစ်သွားကာ “ မင်းကို အကြိမ်တစ်ရာ မဟုတ်ဘူး အကြိမ်တစ်ထောင်လောက် စုပ်ပစ်မယ် ”
ထိုစဉ် ရှန်ထျန်း၏ စိတ်ကုန်နေသော အသံ ထွက်ပေါ်လာသည်
“ ခင်ဗျားကလား … ကျုပ်က ခင်ဗျားကို တစ်ခါတည်းနဲ့ ခြောက်ကပ်သွားအောင် စုပ်ပစ်နိုင်တယ်။ ခင်ဗျားရဲ့ ရွှေဖရုံသီးလိုမျက်နှာကြီးကို ကျုပ်အနား မတိုးလာစမ်းပါနဲ့။ ရွံ့စရာကောင်းလွန်းလို့ … ” အရှင်းဆုံးပြောရလျှင် သူက ရန်သူပိုင်နက်အတွင်း ပိတ်မိနေသောကြောင့် ရှန်ထျန်းက အားနည်းယောင်ဆောင်ကာ ချည်းကပ်ကြည့်ဖို့ ဖြစ်၏။ အကယ်၍ သူသာ ကံကောင်းလျှင် လျို့ဝှက်ချက်တချို့ ကြားသိနိုင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ကို အနမ်းပေးချင်သည့် ရွှေဖရုံသီးလို မျက်နှာမျိုးကို မခံစားနိုင်တော့ပေ။
ရှန်ထျန်းသာ အနမ်းခံလိုက်ပါက သုံးလလောက် အစားမစားနိုင်ဘဲ ဖြစ်သွားလောက်၏။
သူမက ဒီလိုသွင်ပြင်နဲ့ နှစ်ကိုယ်တူ ကျင့်စဉ် ကျင့်ကြံချင်သေးတာလား…
ရှန်ထျန်းက သူ့အင်အားအစစ်အမှန် ဖော်ထုတ်မိသွားမည်ကို မစိုးရိမ်နေတော့ပေ။ သူက ဆက်လက်၍ အယောင်မဆောင်နိုင်တော့ပေ။ သူ့ဝှက်ဖဲအားလုံး ထုတ်ပြလိုက်တော့မည်။
တည့်တိုးမပြောချင်ပေမဲ့ ဒီမှာရှိနေတဲ့ လူအားလုံးက အမှိုက်တွေပဲ …
“ ရှေးဦးအဆီအနှစ် လက်သီးချက် … လာလေရော့ ”