အဆုံးမဲ့ပင်လယ်
Vol. 009 Ch. 894
နောက်တစ်နေ့ နံနက်တွင် ရီဖူရှင်းက လိပ်ပြာလေးကို သွားတွေ့ပြီး နှုတ်ဆက် စကားပြောသည်။
လိပ်ပြာလေးက ရီဖူရှင်းကို မော့ကြည့်ကာ ပြုံးလျက်ပြောသည်...
“ဒီလိုနေ့ရက် ရောက်လာမယ်ဆိုတာ ငါသိထားတယ်.. တကယ်တမ်း ရောက်လာတော့လည်း ငါက နှုတ်ဆက်ဖို့ ခက်ခဲနေတုန်းပဲ ... ကြည့်ရတာ ငါက ဒီကာလတစ်ခုကို နေသားကျနေပြီ ထင်တယ်... နောက်တစ်ခေါက် တွေ့ဖို့ ဘယ်လောက်ကြာဦးမလဲ ငါမသိဘူး”
“ငါလည်း အတူတူပါပဲ ... နောက်ပိုင်း အခွင့်အရေး ကြုံလာခဲ့ရင် မြေရိုင်းပြည်နယ်သို့ လာခဲ့ပါ” ရီဖူရှင်းက ပြန်ပြောသည်။
“အင်း...” လိပ်ပြာလေးက ခေါင်းညိတ်သည်။
”နင်က မြေရိုင်းပြည်နယ်ကို တိုက်ရိုက် ပြန်တော့မလို့လား”
“မဟုတ်ဘူး... ငါက လောကကြီးကို နည်းနည်း လျှောက်ကြည့်ဦးမယ် ... သူတို့ပြန်လာတော့မှ ငါလည်း ပြန်ဖြစ်မယ်”
သူရည်ညွန်းသူများမှာ ရှားရှင်းယွန်နှင့် ထွက်သွားသူများ ဖြစ်ကြသည်။ သိမ်းငှက်လေးမှာ နန်းတော်တွင်ဖြစ်ရာ သူတို့ပြန်လာသည်နှင့် ရီဖူရှင်း သိပေမည်။
“နင် ဘယ်ကို သွားချင်တာလဲ” လိပ်ပြာလေးက ပြောသည်။
“ပင်လယ်ပြည်နယ်က အဆုံးမဲ့ပင်လယ်” ရီဖူရှင်းက ပြောသည်။
လိပ်ပြာလေးက အံ့အားသင့်သွားသည် ”အရမ်းဝေးတာပဲ”
ပြည်နယ်ကိုးခုတွင် လေ့ကျင့်စရာ နေရာများစွာ ရှိပေသည်။ နွေဦးပြည်နယ် တစ်ခုတည်းပင် လွန်စွာ ကျယ်ပြော လွန်းပေ၏။ ချီပြည်နယ်၊ တိမ်တိုက်ပြည်နယ်နှင့် စစ်ဘုရင်နယ်မြေတို့မှာ နွေဦးပြည်နယ်ကို ဝန်းရံထားကြပြီး သူတို့အားလုံးမှာ အင်အား ကြီးမားကြပေသည်။ ပင်လယ်ပြည်နယ်သို့ ရောက်ရန် ရီဖူရှင်းက အရှေ့ဘက် ပြည်နယ်ကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ ထိုနေရာကား မြေရိုင်း ပြည်နယ်သို့ ထက်ပင် ပိုဝေးပေသည်။ ရီဖူရှင်းက ပင်လယ်ပြည်နယ်အား အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို သူမ နားမလည်ပေ။
“ငါက ချီပြည်နယ်နဲ့ ဖုန်းပြည်နယ်ကိုလည်း သွားကြည့်ဦးမယ် ... ငါက လမ်းတစ်လျှောက်မှာ လေ့ကျင့်နိုင်တယ် .. ဒီခရီးတစ်ခုလုံးက ငါ့အတွက် စမ်းသပ်မှုပဲ.. ငါမရောက်ဖူးတဲ့ နေရာတွေ အများကြီးပဲ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
”နောက်ပိုင်း ငါက ပင်လယ်ပြည်နယ်ကနေ မြေရိုင်းပြည်နယ်သို့ ပြန်သွားနိုင်တယ်”
ရီဖူရှင်းပြောသည်ကို လိပ်ပြာလေး နားလည်ပေသည်။ ရီဖူရှင်းက မြေရိုင်းပြည်နယ်သို့ မပြန်ခင် ပြည်နယ်ကိုးခုကို တစ်ပတ် ပတ်ဦးမည်ဖြစ်သည်။ ရီဖူရှင်းကား သည်သုံးနှစ်တာ ကာလ၌ တံခါးပိတ် လေ့ကျင့်နေခဲ့၏။ ယခု ဆေးစမ်းသပ်မှု အပြီးတွင် သူက လောကကြီး၏ အတွေ့အကြုံများကို ရှာဖွေရန် လိုအပ်လာပေသည်။
“ပင်လယ်ပြည်နယ်က ပြည်နယ်ကိုးခုထဲမှာ အကြီးဆုံးလို့ ငါကြားတယ် ... သူတို့က အဆုံးမဲ့ ပင်လယ်မှာ တည်ရှိတယ် ... ပြီးတော့ နယ်နိမိတ် အပိုင်းအခြားလည်း မရှိဘူး ... အခွင့်အရေးရရင် ငါလည်း သွားချင်တာပေါ့” လိပ်ပြာလေးက ပြုံးလျက်ပြောသည်။
”နင်က ငါ့အတွက် အရင်ဆုံး သွားလေ့လာကြည့်လိုက်ပေါ့”
“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကောင်းမွန်တဲ့ ခရီးလမ်းဖြစ်ပါစေ.. ” လိပ်ပြာလေးက ပြုံးလျက်ပြောသည်။
“ရှန့်ထိုကျန့်ကို ငါ့အတွက် နှုတ်ဆက်ပေးပါ ... ငါက သူ့ကို မနှောင့်ယှက်ချင်တော့ဘူး.. ”
“အင်း”
“ငါသွားပြီ”
ထို့နောက် ရီဖူရှင်းက ထိုနေရာမှ ထွက်လာခဲ့သည်။ လိပ်ပြာလေးကား ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ အတွေးများစွာ ခေါင်းထဲကို ဝင်လာနေသည်။ အဆုံးမဲ့ပင်လယ်က သူ၏မြင့်မားသော ဖြစ်တည်မှုအား ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ တစ်နေ့တွင် ရီဖူရှင်းက ပြည်နယ်ကိုးခု၏ အမြင့်ဆုံး၌ ရပ်နိုင်မည်ဟု သူမ ယုံကြည်သည်။
ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများအား အသိမပေးတော့ဘဲ ထွက်သွားခဲ့သည်။ သူနှင့် ကျန်ကျောင်းတို့၏ ထက်မြက်သော မြန်နှုန်းကြောင့် သူတို့ထွက်သွားသည်ကိုလည်း မည်သူမှ မမြင်လိုက်ကြပေ။
နောက်ရက် အနည်းငယ် ကြာသောအခါမှ ရီဖူရှင်း ထွက်သွားပြီ ဖြစ်ကြောင်း ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများနှင့် ပြည်နယ်ကိုးခု မြို့တော်မှ လူများသိခဲ့ကြသည်။ သည်ကာလအတွင်း ထိုလူများမှာ ရီဖူရှင်းနှင့် ပတ်သက်၍ မကောင်းပြောဆို နေခဲ့ကြသော်လည်း သူထွက်သွားပြီး နောက်ပိုင်းတွင် ကျောင်းတော်က အနည်းငယ် ခြောက်ကပ် သွားသလို ခံစားကြရ၏။
နောက်ပိုင်းတွင် ရီဖူရှင်းအား နွေဦးပြည်နယ်၏ တောင်ဘက်တွင် မြင်တွေ့ခဲ့ကြသည်ဟု လူအများက ပြောဆိုကြသည်။ ကျောက်ပြည်ထောင် ဘုရင်က ရီဖူရှင်း ထွက်သွားသည်ကို သိပြီးနောက် သူ့အား လုပ်ကြံသတ်ဖြတ်ရန် လူများ စေလွှတ်ခဲ့သည်ဟုလည်း ပြောကြသည်။ သို့သော်လည်း ထိုလူများမှာ ရီဖူရှင်းအား ခြေရာခံမိခြင်း မရှိခဲ့ကြပေ။
ထို့နောက်တွင် ရီဖူရှင်းအား ချီပြည်နယ်၌ တွေ့သည်ဟု ပြောဆိုကြသည်။ သူက ယွီအိမ်တော် ထိန်းချုပ်နယ်မြေတွင် ရှိသော စားတော်ဆက် တစ်ခု၌ ဂီတသံစဥ် တစ်ပုဒ်အား တီးခတ်ကာ မိန်းကလေး များစွာအား စိတ်ဝင်စားစေခဲ့သည်ဟု ဆိုကြသည်။ ထို့နောက် သူက ထိုနေရာမှ ပျောက်ကွယ် သွားကာ တစေမြို့၌ ပြန်ပေါ်လာခဲ့၏။ သို့သော်လည်း ထိုသတင်းများမှာ မှန်သည် မှားသည် မည်သူမှ မပြောနိုင်ကြပေ။
ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၁၆ ခုနှစ်တွင်ဖြစ်သည်။ အဆုံးမဲ့ပင်လယ်၌ မရေမတွက်နိုင်သော ကျွန်းစုလေးများ တည်ရှိ၏။ အချို့သော ကျွန်းစုများမှာ လူသူကင်းမဲ့ပြီး အချို့သော ကျွန်းစုများမှာ လူများ စည်ကားလွန်းရကား ရေတွက်၍ပင် မရပေ။ သို့သော်လည်း ထိုကျွန်းစုမှာ မည်မျှ ကြီးမားသည် ဆိုသော်လည်း သူတို့ကား အဆုံးမဲ့ပင်လယ်၏ အစိတ်အပိုင်း တစ်ခုသာဖြစ်ပေသည်။
ကြည်လင်သော ကောင်းကင်က မိုးပြာရောင်ခြယ်သ ထားပေသည်။ ထိုအဖြစ်က လူအများအား စိတ်နှလုံး ရှင်းသန့်စေပြီး အဆုံးမဲ့ပင်လယ်အား ကမ္ဘာမြေ၏ တော်ဝင်မြေ ဖြစ်စေသည်။ အမှန်တကယ်ကား အဆုံးမဲ့ပင်လယ်မှာ တော်ဝင်မြေ မဟုတ်ပေ။ အမှန်တကယ်အားဖြင့် ပြည်နယ်ကိုးခုတွင် သည်နေရာသာ အရိုင်းအဆန်ဆုံးသော နေရာဖြစ်၏။ အကြောင်းပြချက်ကား သည်နေရာတွင် မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများနှင့် သားရဲများ ကျက်စားကြပြီး အတော်များများမှာ အုပ်စုဖွဲ့ကာ အင်အား ကြီးမားသောကြောင့် ဖြစ်၏။
အဆုံးမဲ့ပင်လယ်၌ လူသားတန်ခိုးရှင်များက ပင်လယ် သားရဲများအား လိုက်လံ သတ်ဖြတ်ကြသလို ပင်လယ်သားရဲများကလည်း လူသားများကို လိုက်လံသတ်ဖြတ် စားသောက်ကြသည်။ ထို့ကြောင့် လှပသာယာသော အဆုံးမဲ့ ပင်လယ်မှာ မခန့်မှန်းနိုင်သော အန္တရယ်များဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်တွင်လည်း ဤသို့သော အန္တရာယ်ဖြင့် ရောပြွမ်းနေသော ပတ်ဝန်းကျင် အနေအထားက တန်ခိုးရှင်များကို ပိုမိုတိုးတက်မှု မြန်ဆန်စေပေသည်။
ယခု အဆုံးမဲ့ပင်လယ်၏ တစ်နေရာတွင် ကောင်းကင်ပြာအစား နက်မှောင်သော မုန်တိုင်းကသာ အစားထိုး ထားသည်။ ကြီးမားသော လှိုင်းလေများ ရိုက်ခတ်နေပြီး လေမုန်တိုင်းကြောင့် ဖြစ်တည်လာသော ရေဝဲကြီးများနှင့် လေဆင်နှာမောင်းကြီးများမှာ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။ မုန်တိုင်းနက်ကြီး၏ ဗဟိုချက်မ နေရာ၌လာသော နဂါးအော်သံ တစ်ချက် တစ်ချက်ကိုလည်း ကြက်သီးထဖွယ် ကြားနိုင်ပေသည်။
အနက်ရောင် မုန်တိုင်းထဲတွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်ရသည်။ သည်နေရာတွင် မီတာ ၁၀၀ ခန့်ရှည်လျှားသော နဂါးကြီးနက်ကြီး တစ်ကောင်က လေထဲတွင် လှည့်ပတ်နေကာ သူ၏မျက်လုံးများက ရုန့်ရန်းကြမ်းတမ်းသော အခိုးအငွေ့များ ပြင်းထန်စွာ ထွက်ပေါ်နေ၏။ သူကား သူ၏ရှေ့မှ လူသားတန်ခိုးရှင် တစ်ပါးကို ဒေါသတကြီး ကြည့်နေသည်။ မုန်တိုင်းထဲတွင် လူသားကား သေးငယ်ကာ အရေးမပါသယောင် ထင်ရသည်။ သို့သော်လည်း သူ၏နှုတ်ခမ်းတွင် ခိုတွဲနေသော အပြုံးတစ်ခုက သူ့ရှေ့မှ နဂါးကို သိပ်ဂရုစိုက်ဟန် မရကြောင်း ထင်ရှားနေသည်။
ထိုလူသားကား ပင်လယ်ပြည်နယ်သို့ လာရောက် လေ့ကျင့်သော ရီဖူရှင်းဖြစ်သည်။ သူက အဆုံးမဲ့ပင်လယ်၌ များစွာသော တိုက်ခိုက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လက်ရင်သားရဲမှာ အသန်မာဆုံး ဖြစ်သည်။ သည်နဂါးနက်ကား ကွန်းရှီအဆင့်သို့ ရောက်လုနီးပါးဖြစ်၏။
နဂါးနက်က အော်ဟစ်လျက် ပါးစပ်ကြီးကို ဟပ်ကာ ရီဖူရှင်းထံကို မှုတ်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ် အနက်ရောင် မီးတောက်များ ရီဖူရှင်းထံကို လာရောက် လောင်ကျွမ်းကြသည်။ အနက်ရောင် မီးတောက်များမှာ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားများ ပါဝင်ပေသည်။
ရီဖူရှင်းကား ဘာမှ ခံစားရဟန်မရပေ။ အနက်ရောင် မီးတောက်များ အကြားတွင် သူကား တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နေသည်။
“ဂါး” နဂါးကြီးက အလွန်အမင်း အရှက်ရမှုကို ခံစားရသည်။ သူ၏မီတာပေါင်း များစွာ ရှည်လျားသော ခန္ဓာကိုယ်အား လှုပ်ရှားကာ အမြီးဖြင့် ရီဖူရှင်းကို ရိုက်နှက်သည်။ ရီဖူရှင်း ခန္ဓာကိုယ်အား ကြယ်တာရာ အလင်းများ လာရောက်ရစ်ပတ်ကြပြီး သူ့အား ကာကွယ်သည်။
ဘုန်း... ကြီးမားသော ရိုက်နှက်သံ တစ်ချက် မြည်လာသည်။ အလင်း အရံအတားက ပျက်စီးသွားသလို နဂါးကြီးမှာလည်း နောက်ကို ပြန်ကန်သွားသည်။
ရီဖူရှင်းက နဂါးနက်ကြီးအား ထူးမခြားနားစွာ ကြည့်သည်။
”မင်းက ငါ့ကို တိုက်ခိုက်ချင်ရင် တွန့်ဆုတ်မနေနဲ့”
“ဂါး” နောက်ထပ် ကျယ်လောင်သော အော်မြည်သံနှင့်အတူ နဂါးကြီး၏ လက်သည်းများက ရီဖူရှင်းထံကို ပစ်လွင့်လာသည်။ လူသားကောင်လေးက သူ့အား စီတော်အဖြစ် သဘောထားလိုသည်။ သည်အရာက ခွင့်လွှတ်၍ မရပေ။
“မိုက်မဲတဲ့ အကောင်” ရီဖူရှင်းက ထူးမခြားနားစွာ ပြောကာ ရှေ့ကို တက်လာသည်။ လျှပ်တစ်ပြက်တွင် ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ် တစ်ခုပေါ်လာ၏။ ရီဖူရှင်းက လက်ကို ဆန့်တန်းလိုက်သည်တွင် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များ လက်ဝါးတွင် လာရောက် စုစည်းကြ၏။
သူက ရှေ့ကို တက်လာသည်နှင့် သူက ဧရာမနဂါးနက်ကြီးထံသို့ လျှပ်စီးကြောင်းအလား တိုးဝင်လာခဲ့၏။ နဂါးကြီး၏ လက်သည်းများက ရီဖူရှင်းထက် ကြီးမားကာ သူ့အား အပိုင်းအပိုင်းအစစ ဖြစ်စေလိုသောဟန်ဖြင့် ကျဆင်းလာခဲ့၏။ အဆုံးမဲ့သော စီးကြောင်းများက ရီဖူရှင်း၏လက်တွင် လာရောက် စီးဆင်းစုစည်း လာကြသည်တွင် နဂါးကြီး၏ လည်သည်းထံသို့ ရီဖူရှင်းက ထိုးနှက်လိုက်သည်။ သည်အတိုင်းကြည့်လျှင် သစ်ပင်အား ပုရွက်ဆိတ် တစ်ကောင်က ကိုက်ခဲနေသည့်ပုံဟန် ဖြစ်သည်။
သို့သော်လည်း နာကျင်စွာ အော်ဟစ်သံမှာ အနက်ရောင် မုန်တိုင်းအထဲမှ ထွက်ပေါ်လာခဲ့၏။ နဂါးကြီး၏ လက်သည်းများမှာ သွေးခြင်းခြင်းနီရဲနေသည်။ သို့သော်လည်း သူက ဘာမှ ခံစားရဟန်မရှိပေ။ သူက ပါးစပ်ကြီးအား ဟကာ ရီဖူရှင်းထံသို့ လှမ်းဟပ်သည်။ သူက တစ်ကြိမ်တည်းဖြင့် ရီဖူရှင်းအား ဝါးမျိုလိုဟန်ရသည်။
ရီဖူရှင်းက ရှောင်တိမ်းခြင်း မပြုပေ။ သို့သော်လည်း သူ၏အနီးမှ ကြယ်အလင်းများမှာ အမှန်တကယ် ကြယ်တာရာများအဖြစ် ပြောင်းလဲသွားပြီး ပါးစပ်ကြီး ရောက်လာသောအခါ အလင်းအရံအတားကိုသာ ထိရိုက်မိတော့သည်။
“မင်းက အားနည်းလွန်းတယ်” ရီဖူရှင်းက ပြောသည်။ သူက တစ်ဖန် လက်သီးဖြင့် ထိုးလိုက်သည်တွင် နဂါးကြီး၏သွားများ ကျွတ်ထွက်သွားတော့၏။ အလွန်နာကျင်စွာ အော်ဟစ်သံကြောင့် မုန်တိုင်းမှာ ပိုမိုရုန့်ရန်းသွားသည်။
ဘုန်း.. ဘုန်း.. ဘုန်း... အဆက်မပြတ် ရိုက်နှက်သံများ ထွက်လာကာ နဂါးကြီး၏သွားများ အဆက်မပြတ် ကျွတ်ထွက် သွားကြတော့သည်။
“ကျုပ် အရှုံးပေးတယ်” နဂါးကြီးထံမှ လူသား၏အသံ ထွက်ပေါ်လာသည်။ ရီဖူရှင်းက ပျံသန်းသွားကာ နဂါးကြီး၏ ခေါင်းပေါ်သို့ တက်ရောက်သွားသည်။
“ငါ့ကို အနီးက ကျွန်းတစ်ခုသို့ခေါ်သွား” ရီဖူရှင်းက အမိန့်ပေးသည်။ နဂါးနက်ကြီးက ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။
ရီဖူရှင်းက လေ့ကျင့်ခြင်းအပြင် တခြားသော ရည်ရွယ်ချက် တစ်ခုလည်း ရှိသေးပေသည်။ သူက တော်ဝင်ရတနာ အဆင့်၃တွင်ရှိသော အချိန်နှင့် လေဟာနယ် လှံအား ရှာဖွေလိုသည်။
ရှီဟွာတောင်ရှန့်ထို၏ လွန်ခဲ့သော သုံးနှစ်က မွေးနေ့တွင် သူက ကြီးမားသော အန္တရာယ်ကို ခံစားမိသည်။ ကျောက်ပြည်ထောင် ဘုရင်ကား လက်ရှိတွင် သူ၏ရန်သူဖြစ်သော်လည်း အနာဂတ်တွင် သူက ရှီဟွာတောင်၊ ကျိရှမ်းကမ်းပါးနှင့် ယွီပြည်နယ်တို့ကိုပင် ရင်ဆိုင်ရနိုင်သည်။
ရှန့်ထိုကျိကလည်း သူ့အား မုန်တီးသော သဘောထားများအား ပြသခဲ့ရာ ရီဖူရှင်းက အားလုံးကို တွက်ချက်စဥ်းစားရန် လိုအပ်ပေသည်။
ကြိုတင်ပြင်ဆင်ခြင်းက ဘာမှ မမှားပေ။ ထိပ်သီးတန်ခိုးရှင်များ အပြင် မိမိတို့တွင် တော်ဝင် ရတနာများလည်း လိုအပ်ပေသည်။ တော်ဝင်ရတနာ အများစုမှာ ပိုင်ရှင်များ ရှိကြပေသည်။ သို့သော်လည်း တော်ဝင်ရတနာ အဆင့် ၃ တွင်ရှိသော အချိန်နှင့်လေဟာနယ် လှံတစ်ခုတည်းသာ ပိုင်ရှင်မရှိသေးပေ။ သူက ရှာမတွေ့လျင်လည်း ဤခရီးကို အတွေ့အကြုံ ရသည်ဟု သတ်မှတ်၍ ရပေသည်။
***