← Chapters

ကိုယ်ခန္ဓာကို တာဝန်အနေနှင့်

Vol. 5 Ch. 61

ကိုယ်ခန္ဓာကို တာဝန်အနေနှင့်

Vol. 5 Ch. 61

အခန်း (၆၁)  :  ကိုယ်ခန္ဓာကို တာဝန်အနေနှင့်

ဝူယဲ့နှင့် ရှစ်ဟိုင်တို့ကြားမှ ကွာခြားချက်နှင့် ရုန်းကန်မှုကို နားလည်နိုင်စေရန် အစီအရင် အလုပ်လုပ်ပုံနှင့် အစီအရင် သို့မဟုတ် အဆောင်လက်ဖွဲ့လိုအရာမျိုးတွင် ပါရမီအရ မည်သို့ခွဲခြားထားကြောင်း အရင်ဆုံး နားလည်ထားသင့်သည်။

အစီအရင်က ဘေးပတ်ဝန်းကျင်ရှိ တောင်တန်း၊ မြစ် သို့မဟုတ် ဖုန်းရွှေတို့ကို အသုံးချကာ မိုးမြေစွမ်းအားကို ငှားယူလိုက်ခြင်း ဖြစ်သည်။ ကျင့်ကြံရေး အစောပိုင်းအဆင့်၌ အစီအရင်ဆရာသခင်များက အစီအရင်အလံများနှင့် မူလရင်းမြစ် ကျောက်တုံးများကို စွမ်းအားအဖြစ် အသုံးပြုဖို့ လိုအပ်ပေသည်။ သို့သော်လည်း  သူတို့ ပိုအားကောင်းလာသည်နှင့် ပြင်ပအကူအညီများကို ဖြည်းဖြည်းချင်း ပစ်ပယ်လာနိုင်ပြီး သူတို့ကျင့်ကြံဆင့်ဖြင့် ချက်ချင်း ခင်းကျင်းလာနိုင်ကြသည်။

ပါရမီနှင့် ပတ်သက်လာလျှင် အစီအရင်ဆရာသခင်များက ပတ်ဝန်းကျင်တစ်လျှောက် စစ်ဆေးနိုင်သည့် တွက်ချက်ရေးစွမ်းရည်ကောင်း ပိုင်ဆိုင်ထားဖို့ လိုအပ်သည်။ ထို့နောက် သူတို့က အစီအရင် ပြုလုပ်ဖို့ အံ့ဖွယ်သင်္ကေတများ ရေးထွင်းနိုင်ဖို့ရာ အားကောင်းပြီး အာရုံခံကောင်းသည့် ဝိညာဉ် လိုအပ်လေသည်။

ဝမ်ဝေ့လက်ထဲမှ စာအုပ်အရ ရှစ်ဟိုင်သည် သင်္ကေတများ အာရုံခံနိုင်စွမ်း မြင့်မားပြီး ထိုအရာများကို အလွယ်တကူ မှတ်မိသလို နားလည်နိုင်သည်။ ထို့အပြင် သူ့ကို မည်သည့် သင်္ကေတကိုမဆို ရေးထွင်းနိုင်ခွင့်ပြုထားသည့် အားကောင်းသော ဝိညာဉ်လည်း ပိုင်ဆိုင်ထားသည်။

ဝမ်ဝေ့က စာရွက်ကို လှန်ကာ ဆက်ဖတ်လိုက်သည်။

“ဟိုကောင်စုတ် ရှစ်ဟိုင်ဆီမှာ ကောင်းကင်ဘုံ သွေဖွယ်လောက်တဲ့ ပါရမီမျိုး ရှိနေတော့ ဆရာက ငါ့ကို သူနဲ့ အမြဲတမ်း နှိုင်းယှဉ်ပြီး သူ့ကို ချီးကျူးလေ့ရှိတယ်။ အဲဒီအချိန်တုန်းက ငါ နည်းနည်းအားကျမိပေမဲ့ သူက သွေးသောက်ညီအစ်ကိုဆိုတော့ သူ့အတွက် ပျော်မိတယ်။ ငါတို့က တစ်ရွာတည်းသား အိမ်နီးချင်းအဖြစ် ကြီးပြင်းလာပြီး တစ်ဂိုဏ်းတည်းသားအထိ ဖြစ်လာကြတာပဲလေ။

ငါ့ဝိညာဉ်စွမ်းအား လစ်ဟာနေတာကလွဲရင် သင်္ကေတတွေ၊ အတွေးအမြင်တွေနဲ့ နားလည်မှုအပေါ် မှာ သူ့ထက် မနိမ့်ကျဘူး။ အဲဒါကြောင့် ငါ အစီအရင်လေ့လာတာကို လက်မလျော့ခဲ့ဘူး။ ငါ့ဝိညာဉ်စွမ်းအား နည်းနေတဲ့ ပြစ်ချက်ကို ဖာထေးပေးနိုင်မဲ့ နည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ အမြဲယုံကြည်ထားတယ်။

တကယ်လည်း အောင်မြင်ခဲ့တယ်။ တစ်ရက် ငါ သင်္ကေတတွေကို ဝိညာဉ်နဲ့ ဘာလို့ရေးထွင်းနေရမှာလဲလို့ တွေးမိသွားတယ်။ ငါ့ခန္ဓာကိုယ်ကို ဝိညာဉ်အစား သုံးလို့ မရဘူးလားပေါ့  ”

ထိုအထိဖတ်လိုက်ပြီးနောက် လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ဝေ့တို့ သုံးယောက်လုံး အံ့ဩသွားကြသည်။ ဝူယဲ့ ရေးသားထားသည်သာ အမှန်ဖြစ်နေလျှင် ဒီလူက အစီအရင်တာအိုကို လုံးလုံးလျားလျား ပြောင်းလဲပစ်ဖို့ ကြံစည်ခဲ့လေသည်။ အတွေးတစ်ခုတည်းဖြင့် အစီအရင်တာအိုကို လေ့ကျင့်သည့် ကျင့်ကြံသူများအတွက် ခေတ်သစ်ကို ဆောင်ကျဉ်းနိုင်ဖို့ လုံလောက်နေလေပြီ။

ဝမ်ဝေ့တစ်ယောက်တည်းသာ အပြောင်းအလဲ သိပ်မဖြစ်လိုက်ခြင်း ဖြစ်၏။ ကူးပြောင်းလာသူတစ်ယောက်အနေနှင့် သူက အတိတ်တုန်းက ဝတ္ထုများစွာ ဖတ်ခဲ့ဖူးလေသည်။ ဦးနှောက်တွင် အပေါက်ပါနေသူများ သို့မဟုတ် အတိတ်ဘဝတုန်းက စာရေးဆရာများနှင့် ယှဉ်လိုက်လျှင် ဝူယဲ့၏ အတွေးက ဘာမှမဟုတ်သေးပေ။

တကယ်တော့ ဝမ်ဝေ့က သူ့ကို လေးစားမိသေး၏။ အသင်္ချေအင်ပါယာအလွှာတွင် နှစ်သန်းချီ သမိုင်းကြောင်း ရှိခဲ့ပြီး လူအဖွဲ့အစည်းက ဆိုးရွားလာခဲ့သည်။ ဒီကမ္ဘာရှိ လူများ၏ အတွေးအခေါ်က တစ်သတ်မတ်တည်း ဖြစ်နေ၏။

ရှေးလူကြီးများကို‌ လေးစားဖို့၊ ဘိုးဘေးများကို အတုယူဖို့ စသည့် အတွေးအခေါ်များက သူတို့၏ တွေးခေါ်နှုန်းကို ကန့်သတ်ထားလေသည်။ တစ်ယောက်ယောက်က ဘိုးဘေး စကားအတိုင်း မဟုတ်သည့် တစ်ခုခု ပြောလိုက်သရွေ့ သူတို့ဆီ ကိစ္စနှစ်ခု ဖြစ်လာနိုင်ခြေရှိသည်။

ပထမတစ်ခုက သူတို့ကို ဒိဌိဟု စွပ်စွဲကာ ဖျက်ဆီးခံရမည်။ သို့မဟုတ် သူတို့ကို ကမ္ဘာကြီးအား စည်ပင်ကြွယ်ဝလာအောင် လုပ်ပေးမည့် ပြိုင်ဖက်ကင်း ပါရမီရှင်များအဖြစ် ယူဆကြလိမ့်မည်။ ပထမတစ်ခုက ဖြစ်နိုင်ခြေအများဆုံး ဖြစ်၏။ ဤကမ္ဘာ၌ မဟာဧကရာဇ်များကို ကြည်ညိုလေးစားကြသည့် နောက်ထပ် အကြောင်းအရင်း ရှိသေးလေသည်။ အကြောင်းမှာ မဟာဧကရာဇ်များက အရင်လူများနှင့် ပတ်သက်ပြီး အတွေးများ၊ ယုံကြည်မှုများကို သဘောတူသည် သို့မဟုတ် ဆန့်ကျင်ကြောင်း ဆုံးဖြတ်လိုက်သည့်အခါ  မည်သူကမှ သူတို့ကို မေးခွန်းမထုတ်ရဲကြ၍ ဖြစ်သည်။

တကယ်တော့ မဟာဧကရာဇ်တိုင်းတွင် အသင်္ချေအင်ပါယာအလွှာတစ်ခုလုံးအတွက် ဦးဆောင်လမ်းပြသူဖြစ်လာဖို့ စွမ်းရည်ရှိကြသည်။ အများစုကလည်း လုပ်နိုင်ခဲ့ကြ၏။

အခြားလူများ စိတ်တည်ငြိမ်သွားအောင်အထိ စောင့်လိုက်ပြီးနောက် ဝမ်ဝေ့က ဆက်ပြောပြလိုက်သည်။ တကယ်တော့ ဒီအခြေအနေကို အပျော်ဆုံးလူက ဝူမင်သာ ဖြစ်၏။

သူ့ဝူမိသားစုက တောင်ပိုင်း မီးငှက်ကုန်းမြေမှ မိသားစုငယ်လေး ဖြစ်ပြီး ကျင့်ကြံဆင့်အမြင့်ဆုံးမှာ လေဟာနယ်ဖြိုခွဲခြင်းအဆင့်နယ်ပယ်သာ ဖြစ်သည်။ အကယ်၍ သူသာ ဒီစာစောင်ကို မိသားစုဆီ ပြန်ယူသွားနိုင်ခဲ့လျှင် သူတို့အနေနှင့် ဒီအရာကို ဘာသာပြန်ဖို့အတွက် နှစ်များစွာ အချိန်ယူရပေဦးမည်။

သို့သော် ယခု သူက စာအုပ်ပါ အကြောင်းအရာများကို သိနိုင်လေပြီ။ သူ့လက်ရှိ သေခြင်းရှင်ခြင်းကို မသိရသေးသော်လည်း ထိုလူများက သူ့ကို ချက်ချင်းမသတ်ပစ်သည့်အတွက် မျှော်လင့်ချက်အရိပ်အယောင်တော့ မြင်နေရသည်။

“ ဆရာနဲ့ ဂိုဏ်းတူညီလေးတချို့ရဲ့ လျို့ဝှက်အကူအညီနဲ့ ငါ့ခန္ဓာကိုယ်‌ပေါ် သင်္ကေတရေးထွင်းပြီး အစီအရင် ရေးဆွဲတဲ့အခါ ဝိညာဉ်စွမ်းအား အစား အစားထိုးသုံးနိုင်အောင် မိုးမြေနဲ့ တစ်သားတည်းဖြစ်နိုင်မဲ့ နည်းလမ်းကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တယ်။

အဲဒီနည်းလမ်းက ငါ့ဝိညာဉ်စွမ်းအား နည်းပါးမှုကို ကာပေးနိုင်ရုံတင်မကဘူး။ သင်္ကေတနဲ့ ငါ့ကြားက ဆက်သွယ်ရေးကိုလည်း တိုးမြင့်လာစေတယ်။ ငါ မိုးမြေနဲ့ ပေါင်းစပ်သွားတဲ့အခါ သင်္ကေတတွေနဲ့ လုပ်ထားတဲ့ ကမ္ဘာတစ်ခုထဲ ရောက်သွားတယ်။ မြေဆီလွှာကနေ မြေကြီအထိ၊ သစ်ပင်ကနေ တောအုပ်အထိ၊ တိုက်ခတ်နေတဲ့ လေကရော အရာအားလုံး သင်္ကေတတွေနဲ့ ပြုလုပ်ထားတယ်။ တကယ်ကို မှော်ဆန်လွန်းတယ်။

ဒါပေမဲ့ ငါ့ပျော်ရွင်မှုက သိပ်ကြာကြာမခံလိုက်ဘူး။ ရှစ်ဟိုင်က ငါ့ကို လျို့ဝှက်နယ်မြေတစ်ခုဆီ ခေါ်သွားပြီးတော့ ငါ့လေ့လာရေးကို အထောက်အကူဖြစ်မဲ့ဟာ တွေ့တယ်လို့ ပြောလာတယ်။ အဲဒီနောက် သူက ငါ့ကို သစ္စာဖောက်ခဲ့တယ်။ သူက အစီအရင် လျို့ဝှက်ခင်းကျင်းထားပြီးတော့ ငါ့ခန္ဓာနဲ့ ဝိညာဉ်ကို ပျက်သုန်းသွားအောင် ဖျက်ဆီးဖို့ လှည့်စားခဲ့တယ် ”

လေးယောက်လုံးက မျက်နှာအထက် တအံ့တဩအမူအရာများ ပေါ်လာကြသည်။ သူတို့က ဧကရာဇ်ဟိုင်ယွမ်သည် ဝူယဲ့အား တစ်ခုခု ဆိုးဆိုးရွားရွား လုပ်ခဲ့ကြောင်း သိထားသော်လည်း အမှန်အတိုင်းသိရသည့်အခါ အံ့ဩတုန်လှုပ်မိဆဲ ဖြစ်သည်။

ဤကမ္ဘာ၌ မဟာဧကရာဇ်များကို သစ္စာဖောက်မှုအစရှိသည့် ပုံဆိုးပန်းဆိုး စိတ်ခံစားချက်များအပါအဝင် လောကီရေးရာအားလုံး၏ အထက်တွင် ရှိနေသော အထွတ်အထိပ်တည်ရှိမှုအဖြစ် သတ်မှတ်ခံရသည်။ သို့သော် ယခု အစီအရင်ဘိုးဘေးဟု နာမည်ကျော် မဟာဧကရာဇ်တစ်ယောက်၏ မကောင်းသည့်ဘက်အခြမ်း သိလိုက်ရသည့်အခါ အမှန်တကယ် တုန်လှုပ်စရာ ဖြစ်၏။

ဝမ်ဝေ့က သက်ပြင်းချကာ  “ အဆုံးတော့ မဟာဧကရာဇ်ကလည်း လူသားပါပဲ။ စိတ်ခံစားချက် ခုနှစ်မျိုးနဲ့ စိတ်ဆန္ဒ ခြောက်ပါးကနေ မလွတ်မြောက်နိုင်ဘူး ”

ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က မဟာဧကရာဇ်အားလုံးအပေါ် လေးစားမှုအနည်းငယ် ပျောက်ကွယ်သွားသည်။ အဆုံးတော့ မဟာဧကရာဇ်က တစ်သက်မှာတစ်ခါ အခွင့်အရေးရရှိသည့် တချို့လူများအတွက် ကျင့်ကြံဆင့်တစ်ခုမျှသာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ဒီထက်မပိုသလို ဒီထက် မလျော့နည်းပေ။

အခြားသုံးယောက်က ဝမ်ဝေ့ထံ ရုတ်ချည်း အပြောင်းအလဲကို ခံစားမိလိုက်သော်လည်း ထိုအပြောင်းအလဲက ဘယ်ကဖြစ်လာလဲ မပြောတတ်ပေ။ ထို့ကြောင့် သူတို့က ဆက်သာနားထောင်နေလိုက်ကြသည်။

“ ငါ တစ်ခုခုမှားနေတာကို အရင်ကတည်းက သတိထားမိသင့်တာ။ ငါ ဆရာနဲ့ အတူတူ နည်းလမ်းအသစ်ကို ဖန်တီးကတည်းက ရှစ်ဟိုင်က ပိုမိုအေးစက်ပြီး အလှမ်းကွာလာတယ်။ ငါက သူ့ကို ဂိုဏ်းဆက်ခံသူအနေနဲ့ ဖိအားများနေတယ်ပဲ အောက်မေ့ခဲ့တာ … အခု ပြန်တွေးကြည့်တော့ ငါ့အတွေးမှားနေခဲ့တာပဲ။

သူ အဲဒီအစီအရင် အသက်မသွင်းခင် ငါ့ကို ဘာလို့ သစ္စာဖောက်တာလဲလို့ မေးလိုက်တယ်။ သူက သူ့ဆရာက ငါ့ကို အစီအရင်တာအိုရဲ့ ခေတ်သစ်ကို ဆောင်ကျဉ်းပေးလာတဲ့ ပါရမီရှင်ဆိုပြီး ဆက်တိုက်ချီးကျူးနေတာကို မကြိုက်ဘူးတဲ့။ သူက အစီအရင်ဘိုးဘေး ဖြစ်လာမဲ့အကြောင်းနဲ့ သူ့တာအိုက လမ်းမှန်တာအိုအဖြစ် အသိအမှတ်ပြုခံရပြီးတော့ ငါ့တာအိုကိုတော့ ဒိဌိအဖြစ် သတ်မှတ်ကြလိမ့်မယ်တဲ့။

ငါ့အတွက် ကံကောင်းတာက ငါ အသစ်ဖန်တီးထားတဲ့ အစီအရင်သင်္ကေတခန္ဓာက ငါ့ကို အစီအရင်အတွက် ပါရမီထောက်ပံ့ပေးရုံတင် မကဘူး။ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်စေပြီးတော့ ငါ သေချင်ယောင်ဆောင်ဖို့အတွက် အသက်ကယ်နည်းကို ပေးခဲ့တယ်။

ငါ ရှစ်ဟိုင်ရဲ့ အစီအရင်ထဲမှာ အသက်ရှင်ခဲ့ပေမဲ့ ငါ ကြာကြာအသက်မရှည်နိုင်ဘူးလို့ ခံစားမိလာတယ်။  ငါ သေရမှာ မကြောက်ဘူး။ ငါ့အမွေအနှစ်တွေ ပျောက်ဆုံးပြီး ဖျက်ဆီးခံလိုက်ရမှာပဲ စိုးမိတာ။ ရှစ်ဟိုင်က မဟာဧကရာဇ် ဖြစ်လာဖို့များတယ်။ အဲလိုဆိုရင် ငါ့မျိုးဆက်ကို တွေ့အောင်ရှာပြီး ငါ့တာအိုကို လက်ဆင့်ကမ်းနိုင်မဲ့ နည်းလမ်းကို ရှာရမယ်။ အဲဒါမှ ငါ့ကို ကျော်လွန်သွားမှာ … ”

ထိုအထိဖတ်လိုက်ပြီးနောက် ဝမ်ဝေ့က ကျန်အကြောင်းအရာများက အစီအရင်သင်္တေကခန္ဓာ ကျင့်ကြံပုံနည်းလမ်းအကြောင်း ပါဝင်ကြောင်း သတိထားမိလိုက်သည်။

ဝမ်ဝေ့စိတ်ထဲ ရုတ်ချည်း အတွေးတစ်ခု ပေါ်လာသည်။ ထိုနည်းစနစ်၏ စွမ်းရည်တစ်ခုက ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများ ရေးထွင်းထားရင်း မိုးမြေနှင့် တစ်သားတည်း ဖြစ်လာဖို့ ဖြစ်သည်။ အကယ်၍ သူသာ သင်္ကေတများကို ပြောင်းလဲနိုင်လျှင် သူ့တမူထူးရုပ်ခန္ဓာတွင် လိုအပ်နေသည့် စည်းမျဉ်းအပိုင်းအစနှင့် တစ်သားတည်းဖြစ်လာစေလိမ့်မည်။

ထိုသို့လုပ်ခြင်းက သူ့အတွက် တမူထူးရုပ်ခန္ဓာ ရလာနိုင်ခြေ မြင့်မားလာစေသည်။ ဤနည်းလမ်းက သူ့အတွက် ကွက်တိ ဖြစ်နေ၏။ သူ့ချီကံကောင်းမှု နဂါးက  သစ်ရွက်ကြွေမြို့အတွင်း ဝူမင်ကို မြင်သည့်အခါ ထူးထူးဆန်းဆန်း ပြုမူနေသည်မှာ မထူးဆန်းတော့ပေ။

လီကျွင်းက ရုတ်ချည်း မေးလိုက်သည်  “ မဟာဧကရာဇ်တစ်ယောက်ရဲ့ ညစ်ပတ်တဲ့ နောက်ခံဇာတ်ကြောင်းကို သိသွားတာဆိုတော့ ကျွန်တော်တို့ အန္တရာယ်များလောက်လား။ ဧကရာဇ်ဟိုင်ယွမ်က ပြဿနာလာရှာရင် ဘယ်လိုလုပ်မလဲ ”

ဝမ်ဝေ့က သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

“အဲဒီအကြောင်း စိုးရိမ်နေဖို့ မလိုဘူး။ ဧကရာဇ်ဟိုင်ယွမ်က အခုဘယ်လိုဖြစ်နေပြီလဲဆိုတာ ဘယ်သူသိမှာလဲ။ ပြီးတော့ ငါတို့တာအိုအခွင့်အလမ်းဂိုဏ်းမှာ သူ့ထက် ပိုအားကောင်းတဲ့ ဧကရာဇ်တွေ ရှိတယ်”

“လီကျွင်း ခပ်တုံးတုံး မေးခွန်းတွေ မမေးစမ်းပါနဲ့ဟယ်” ယန်းလီလင်းက ဝင်ပြောလိုက်သည်။ ထို့နောက် သူမက ဝမ်ဝေ့ကို ကြည့်ကာ မေးလိုက်သည်  “အစ်ကိုကြီးဝမ်ဝေ့ အခု ကျွန်မတို့ ဝူမင်ကို ဘယ်လိုလုပ်ကြမလဲ”

ထိုသို့ပြောပြီးနောက် သုံးယောက်လုံးက ကြိုးချည်ခံထားရပြီး သူ့အပေါ် ဘယ်လိုကံကြမ္မာမျိုး ရောက်လာမလဲ စိုးရိမ်နေသည့် ဝူမင်ကို ကြည့်လိုက်သည်။

All Chapters