← Chapters

စိတ်ဝိညာဉ်ခရီးလမ်း အဆုံးသတ်

Vol. 5 Ch. 62

စိတ်ဝိညာဉ်ခရီးလမ်း အဆုံးသတ်

Vol. 5 Ch. 62

အခန်း (၆၂)  :  စိတ်ဝိညာဉ်ခရီးလမ်း အဆုံးသတ်

အစကတည်းက ဝမ်ဝေ့သည် ဝူမင်ကို သတ်ဖို့ မကြံထားပေ။ သူက သူ့ရည်မှန်းချက်ပြည့်ဖို့ ဘာမဆိုလုပ်နိုင်သူ ဖြစ်သော်လည်း ကျေးဇူးတရားကို သိရှိပြီး သေမျိုးတစ်ယောက်၏ အခြေခံသဘောတရား ရှိနေသေးသည်။

ထို့အပြင် ဝမ်ဝေ့က ကံကြမ္မာကို မည်သို့ပြန်ပေးဆပ်ရမည်ကို သိသည့်လူ ဖြစ်၏။ အစီအရင်သင်္ကေတခန္ဓာက သူ့အနာဂတ်အစီအစဉ်အတွက် အကူအညီကြီး ဖြစ်လာလိမ့်မည်။ သူက ဝူမင်၏ အကူအညီမပါရှိဘဲ ထိုအရာကို ရရှိနိုင်မည် မဟုတ်ပေ။

ခဏကြာ စဉ်းစားနေပြီးနောက် ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းအဆောင်နှစ်ရွက်ကို ထုတ်ယူလိုက်သည်။ ပထမအဆောင်စာရွက်တွင် ဝူယဲ့ ချန်ထားခဲ့သည့် စာအုပ်တစ်အုပ်လုံးကို ကူးလိုက်သည်။

ထို့နောက် ဒုတိယအပိုင်းကိုတော့ သူက အစီအရင်သင်္ကေတ ခန္ဓာအကြောင်း ဖတ်ပြီး အတွေးတချို့ ရေးမှတ်ထားလိုက်သည်။ သူက ဝူမင်အား အတိတ်ဘဝတုန်းမှ ဖတ်ထားဖူးသည့် အတွေးတချို့ပါ ရေးချပေးလိုက်သည်။

ဥပမာအားဖြင့် ပါရမီတိုးမြင့်အောင် သင်္ကေတကို အသုံးပြုမည့်အစား ခန္ဓာကိုယ်ပေါ် အစီအရင်ရေးဆွဲကာ ကိုယ့်ဘာသာ အစီအရင်အဖြစ် သတ်မှတ်လိုက်ဖို့ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ဧကရာဇ်အစီအရင်အဟောင်းကို ခန္ဓာကိုယ်ထဲ၌ ဖြည်းဖြည်းချင်း တည်ဆောက်ယူနိုင်လျှင် မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားအနည်းငယ်ကို အသုံးပြုနိုင်လာလိမ့်မည်။

ထိုအတွေးက ဆေးပညာ၊ အဆောင်လက်ဖွဲ့နှင့် လက်နက်သန့်စင်ခြင်းတို့တွင်လည်း အတူတူ ဖြစ်၏။ ခန္ဓာကိုယ်ကို ဆေးလုံးအဖြစ်၊ အဆောင်လက်ဖွဲ့အဖြစ် သို့မဟုတ် လက်နက်အဖြစ် အောင်အောင်မြင်မြင် မွမ်းမံနိုင်လေသည်။

နောက်အတွေးတစ်ခုမှာ ခန္ဓာကိုယ်တစ်ခုလုံးကို သင်္ကေတအဖြစ် အစားထိုးဖို့ ကြိုးစားကြည့်ရန် ဖြစ်သည်။

အရေပြား၊ သွေး၊ ကြွက်သား အစရှိသဖြင့် …

ဝမ်ဝေ့က ခန္ဓာကိုယ်တိုင်းမှ ဆဲလ်များကို သင်္ကေတများဖြင့် အစားထိုးမည့်အတွေးကို ပြောချင်သော်လည်း ဝူမင်အား ဆဲလ် ဆိုသည့် အဓိပ္ပါယ်ကို ဘယ်လိုရှင်းပြရမှန်း မသိ၍ မပြောလိုက်တော့ပေ။

ထိုအရာများလုပ်ဆောင်ပြီးနောက် ဝမ်ဝေ့က မူလစာအုပ်နှင့် အဆောင်အား ဝူမင်ဆီ ပြန်ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်  “ ငါ မင်းကို ဒီစာအုပ် ပြန်ပေးမယ်။ ဒီအဆောင်က မင်း မိသားစု အမွေအနှစ်ကို တွေ့လာလို့ ငါ ဆုချတာ ”

ဝမ်ဝေ့ဆီမှ စာအုပ်နှင့် အဆောင်ကို လက်ခံပြီးနောက် ဝူမင်က အနည်းငယ် အံ့ဩနေမိသည်။ သူက ဒီလူများသည် သူ့ကို ဒုက္ခမပေးဘဲ ဆုချီးမြင့်လာလိမ့်မည်ဟု မထင်ထားမိပေ။

ဝူမင်က အဆောင်ပေါ်ရှိ အကြောင်းအရာကို ခက်ခက်ခဲခဲ အာရုံစိုက်ဖတ်လိုက်ပြီးနောက် ဝမ်ဝေ့အား အံ့ဩတကြီး ကြည့်လာသည်။

“ဒီလိုတန်ဖိုးကြီး ပစ္စည်းကို ဘာလို့ ကျွန်တော်ဆီ ပေးတာလဲ ” ဝူမင်က မေးလိုက်သည်။

“အစီအရင်သင်္ကေတခန္ဓာက ငါ့အတွက် အရေးကြီးတယ်။ အဲကြောင့် မင်းကို ပြန်ပေးဆပ်တဲ့ သဘောပဲ”

“ဒါပေမဲ့ သခင်လေးဝမ်ဝေ့အနေနဲ့ ကျွန်တော်ကို ပစ္စည်းနည်းနည်း ဒါမှမဟုတ် ပြန်မပေးချင်လည်း သတ်ပစ်လိုက်ရုံပဲ မဟုတ်ဘူးလား ”

“မင်းက အများကြီးတွေးလွန်းနေပြီ။ မင်းနဲ့ မင်း မိသားစုက ဒါကို သဘောပေါက်ပြီး အမှန်ဖြစ်အောင် လုပ်နိုင်မလား မလုပ်နိုင်မလားဆိုတာ မသိရသေးဘူးလေ ”

လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံးလည်း ဝူမင် အပြုအမူကြောင့် နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့က သူတို့အစ်ကိုကြီး ဝမ်ဝေ့သည် ဝူမင်အား အင်မတန် အဖိုးတန်သည့်အရာ ပေးလိုက်၍သာ ဒီလိုတုံ့ပြန်တာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြသည်။

ဝူမင်ကတော့ အတူတူ မတွေးပေ။ အဆောင်ထဲရှိ ထင်မြင်ချက်များက သူ့ဘိုးဘေးစာအုပ်ထက်ပင် တန်ဖိုးရှိလေသည်။ ဝူယဲ့ ဘယ်လိုဖြစ်သွားသည်ကို ကြည့်ပါလေ။ အနာဂတ် ဧကရာဇ်တစ်ပါးက သူ့အတွေးကောင်းအတွက် သတ်ပစ်ဖို့ လိုလားခဲ့သည် မဟုတ်ပါလော။ ဤအဆောင်ထဲတွင် ကောင်းကင်ဘုံ သေဖွယ်နေသည့် ထင်မြင်ချက်များစွာ ရှိနေသည်။

ဝူမင်က ဆက်မပြောတော့ပေ။ သူက ဒူးထောက်ချကာ ဝမ်ဝေ့အား သုံးကြိမ်တိုင်တိုင် ကန်တော့လိုက်သည်။

ဝမ်ဝေ့က တကယ်တော့ ကိစ္စကြီး လုပ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင် သတိမမူမိသေးပေ။ သူ ကြုံရာကျပန်း ပေးလိုက်သည့် ထင်မြင်ချက်များက လူရိုင်းစစ်သည်တော်များအဖြစ် လူသိများသည့် အတတ်ပညာအသစ်တစ်ခုကို မွေးထုတ်ပေးလိုက်၏။

သင်္ကေတကို ခန္ဓာကိုယ်အပေါ် အသုံးပြုဖို့ အတွေးက ဆေးပညာ၊ အဆောင်လက်ဖွဲ့နှင့် လက်နက်သန့်စင်ခြင်းတို့အတွက်လည်း ဂုဏ်ကြီးဖွယ် ခေတ်ကို ဖန်တီးပေးလာလိမ့်မည်။ ပထမဆုံး လူရိုင်းစစ်သည်တော်က တာအိုကို သက်သေပြကာ ခေတ်ကာလ၏ အထွတ်အထိပ်သို့ ရောက်သွားလိမ့်မည်။ ထိုဧကရာဇ်က ဝူမိသားစုမှ ဖြစ်ကာ ဝူမင်ကိုယ်တိုင်၏ တိုက်ရိုက်မျိုးဆက် ဖြစ်ပေသည်။

…………….....

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်ခုခုကို စဉ်းစားမိသွားပြီး ဝူမင်အား သတိပေးလိုက်သည်  “ မင်း ဒီနေရာကနေ ထွက်သွားတဲ့အခါ ဂရုစိုက်တာ ကောင်းလိမ့်မယ်။ ငါ မှတ်မိတာသာ မှန်ရင် ဧကရာဇ်ဟိုင်ယွမ်က တောင်ပိုင်းမီးငှက်ကုန်းမြေမှာ မူလရင်းမြစ် သင်္ကေတနန်းတော်ကို ဖန်တီးထားတာ … အဲဒီနန်းတော်က ကျင့်ကြံသူမြောက်များစွာရဲ့ အစီအရင်မူလရင်းမြစ်ပဲ။ သူတို့ဆီမှာ ဧကရာဇ်ဟိုင်ယွမ်အပါအဝင် ဧကရာဇ်နှစ်ယောက်ပဲ ရှိပေမဲ့ မူလရင်းမြစ် သင်္ကေတနန်းတော်ရဲ့ အဆင့်အတန်းက ကမ္ဘာတစ်ဝှမ်းမှာ နေရာယူထားတယ်။

မင်းဘိုးဘေးရဲ့ စာအုပ်အရ သူ့ဆရာနဲ့ တပည့်တချို့က အစီအရင်သင်္ကေတခန္ဓာကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သိကြမှာပဲ။ ဒါပေမဲ့ အဲဒီနည်းလမ်းက ကျင့်ကြံရေးလောကထဲ ထွက်ပေါ်မလာခဲ့ဘူး။ အဲဒါကြောင့် ဧကရာဇ်ဟိုင်ယွမ်က ဒီနည်းလမ်း ပေါ်ထွက်မလာဖို့ ဘယ်လောက်အထိ လုပ်ထားတယ်ဆိုတာ သိနိုင်တယ်။ ”

ထိုအရာကိုကြားပြီး ဝူမင်၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားပြီး ချွေးစီးများထွက်လာသည်။ သူ့မိသားစုက တောင်ပိုင်းကုန်းမြေ၌ အဆင့်နိမ့် မိသားစုငယ်လေးသာ ဖြစ်၏။ သူတို့က မြို့ထဲတွင် အေးအေးဆေးဆေး နေနိုင်ခြင်းမှာ သူတို့နှင့် လိုက်ယှဉ်ပြိုင်နေသည့် တခြားအင်အားကြီး အင်အားစုများ မရှိ၍ ဖြစ်သည်။

အကယ်၍ သူတို့သာ မူလရင်းမြစ် သင်္ကေတနန်းတော်လိုမျိုး အင်အားကြီး အင်အားစုကို ရန်စမိလျှင် သူတို့အနေနှင့် ပြန်တိုက်ဖို့ အခွင့်အရေးပင် မရဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရနိုင်သည်။

“အဲဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ” ဝူမင်က အားကိုးတကြီး မေးလိုက်သည်။ အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းခါလိုက်ကြ၏။

ယန်းလီလင်းက အကြံပေးလိုက်သည်  “ အစီအရင်ကို အားထားတဲ့ ဧကရာဇ်မျိုးဆက်တစ်ခုထဲ ဝင်နိုင်ရင် အကောင်းဆုံးပဲ။ အဲဒါဆိုရင် သူတို့က နင့်းကို ကာကွယ်ပေးရုံတင် မကဘူး။ နင်း ကြီးထွားလာဖို့ အရင်းအမြစ်တွေကိုလည်း ထောက်ပံ့ပေးလိမ့်မယ်”

“ဒါပေမဲ့ သင်္ကေတအစီအရင်ခန္ဓာအကြောင်း ထုတ်မပြောတာ အကောင်းဆုံးပဲ ” လီကျွင်းက ထပ်ပြောလိုက်သည်  “ ဒါမှမဟုတ် မင်း ကျင့်ကြံဆင့် တစ်ခုရောက်တဲ့အထိ စောင့်ပြီးမှ ဂိုဏ်းကို ရွေးပေါ့ ”

တကယ်တော့ သူတို့က သူ့အား တာအိုအခွင့်အလမ်းဂိုဏ်းဆီ ဖိတ်ခေါ်နိုင်လေသည်။ သို့သော်  သူတို့ဂိုဏ်းတွင် ထိုနယ်ပယ်၌ ကျွမ်းကျင်ပညာရှင်များစွာ ရှိနေသော်လည်း ဂိုဏ်းက အစီအရင်ပေါ် အဓိကထားခြင်း မဟုတ်ပေ။ ထို့အပြင် ဝမ်ဝေ့က ဝူမင် ထွက်ပေါ်လာမှုသည် တောင်ပိုင်းကုန်းမြေပေါ် ရေကို လှုပ်ခတ်လိုက်သလို ဖြစ်မည်ဟု ယုံကြည်ထားသည်။

ဝမ်ဝေ့က တောင်ပိုင်းကုန်းမြေတွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ယခု မျိုးဆက်ကို ကောင်းကောင်း လေ့ကျင့်မပေးနိုင်လောက်အောင် သမာသမတ်လမ်းစဉ်နဲ့ အစီအရင်သင်္ကေတခန္ဓာ လမ်းစဉ်ကြား  တိုက်ပွဲ ဖြစ်လာဖို့အထိ မျှော်လင့်ထားသည်။

ဒီနည်းလမ်း၏ ဆိုးကျိုးအရ သူတို့သည် တိုက်ပွဲဆက်တိုက် ဖြစ်ပြီး တကယ့် ပါရမီရှင်အစစ်အမှန် မွေးထုတ်ပေးလာနိုင်သည့် ဖြစ်နိုင်ခြေလည်း ရှိလေသည်။ ဒီလိုသာဖြစ်လာခဲ့လျှင် ဝမ်ဝေ့က လက်ခံလိုက်ရုံသာ ဖြစ်၏။ သူက စိန်ခေါ်မှုကို မကြောက်ပေ။

လိုအပ်သမျှ အကုန်ပြောပြီးနောက် ဝူမင်က အဖွဲ့ဆီမှ ထွက်လာလိုက်သည်။ ထိုစဉ် သုံးယောက်သား စိတ်ဝိညာဉ်ခရီးလမ်း အဆုံးသတ်မည့် အချိန်ကို စောင့်ဆိုင်းနေလိုက်ကြ၏။

အားလုံးက သူတို့ရောက်လာသည့် ရည်ရွယ်ချက် ပြည့်သွားကြသည်။ ဝမ်ဝေ့၏ ရည်ရွယ်ချက်က သူ့ကိုယ်သူ လေ့ကျင့်ဖို့နှင့် ကျီစုန့်၏ ရုပ်ခန္ဓာအကြောင်း လေ့လာရန် ဖြစ်သည်။ လီကျွင်း၏ ရည်ရွယ်ချက်က  သူ့တိုက်ခိုက်စွမ်းရည်နှင့် ဦးဆောင်စွမ်းရည်ကိုပါ လေ့ကျင့်ရန် ဖြစ်ပြီး ကံကောင်းမှု ရယူရန် ဖြစ်သည်။ သူ့ချီနဂါးက နောက်ဆုံးတော့ အနီမှ ခရမ်းရင့်သို့ ပြောင်းသွားခဲ့လေပြီ။ သူ ဒီလိုဖြစ်လာဖို့ လူ ဘယ်လောက်သတ်ခဲ့သလဲဆိုတာ ကောင်းကင်ဘုံသာ သိလိမ့်မည်။

ယန်းလီလင်းအတွက်မူ သူမ ရည်ရွယ်ချက် အစစ်အမှန်ကို သူမတစ်ယာက်တည်းသာ သိလိမ့်မည်။

သုံးယောက်သား ထွက်ရမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် နှလုံးသားစည်းချက်ဂိုဏ်းမှ နတ်ဆိုးကျင့်ကြံသူ တုံပေါ်လည်း လက်ရှိ အခက်အခဲကြား ကျရောက်နေသည်။

သူက ထွက်ပြေးနေရသည်။ သူ့လက်တစ်ဖက်က ပြတ်နေပြီး ကျန်လက်တစ်ဖက်တွင် ဖြတ်ရာများစွာ ရှိနေသည်။ သူ့အဝတ်အစားများလည်း စုတ်ပြဲနေလေ၏။ သူ့ဆံပင်များက ရှုပ်ပွကာ သူ့အသားရေလည်း ဖြူဖျော့နေသည်။ ပို၍အရေးကြီးသည်က တစ်ယောက်ယောက်က နောက်ယောင်ခံကာ သူ့အား အမဲလိုက်နေသည်။

“ကျန့်ဝူရွှမ်း ငါ့နောက် ဘာလို့ဆက်လိုက်နေတာလဲ။ ငါ မင်းကို ရန်မစမိပါဘူး ” တုံပေါ်က အော်ပြောလိုက်သည်။

“ မင်း ငါ့အစ်ကိုကြီးကို သတ်ပြီး သူ့နှလုံးကို မစားလိုက်သင့်ဘူး ” အားပြင်းပြင်း အသံဖြင့် ပြောလာသည်။

တုံပေါ်နောက်လိုက်နေသူမှာ ဓားကိုင်ထားသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက် ဖြစ်၏။ သူ့ကို ကြည့်ရုံဖြင့် ထက်ရှသည့် ဓားအငွေ့အသက်တို့ကို ခံစားနိုင်လေသည်။ သူက ၁.၇ မီတာ မြင့်မားပြီး ဓားမျက်ခုံးမျိုး ပိုင်ဆိုင်ထားသည်။

သူက အရမ်းကြီး ရုပ်ချောမနေသော်လည်း ဘာမှဆို ထိုးဖောက်မြင်နိုင်သည့် အကြည့်မျိုး ပိုင်ဆိုင်ထားလေသည်။ ကျန့်ဝူရွှမ်းက မသွေးရသည့် ဓားတစ်လက်လို ဖြစ်ပေသည်။

ထိုစကားအဆုံးတွင် ကျန့်ဝူရွှမ်းက သူ့ဓားအား တုံပေါ် နှလုံးသားကို ချိန်ရွယ်ထိုးချပြီး သတ်ဖို့ ကြိုးစားလိုက်သည်။ ကံဆိုးသည်က သူ မအောင်မြင်လိုက်ပေ။

သူ့ဓားက တုံပေါ်၏ နှလုံးသားကို ထိုးဖောက်သွားပြီးနောက် အမည်မသိ စွမ်းအားတစ်ခု ဖြစ်လာကာ ဓားကို ဆက်မဝင်လာနိုင်အောင် ကာဆီးထားလေသည်။ ထို့နောက် တုံပေါ်ခန္ဓာကိုယ်မှ အာကာပြင် မတည်ငြိမ်မှုများ ထွက်ပေါ်လာပြီး သူ့အား တခြားနေရာဆီ ခေါ်ဆောင်သွားတော့သည်။

သူက ထွက်မသွားခင် အော်ပြောခဲ့သေး၏  “ကျန့်ဝူရွှမ်း စောင့်နေလိုက် …ငါ့ နှလုံးသားစည်းချက်ဂိုဏ်းက အလွှာနိမ့်မှာရှိနေတဲ့ မင်းနဲ့ မင်းမိသားစုကို လိုက်ရှာပြီး ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး သတ်ပစ်မယ် ”

သိပ်မကြာခင် တုံပေါ်က အရှေ့ပိုင်း ပိုင်နက်မှ အလယ်ပိုင်းကို ဖြတ်ကာ အနောက်ပိုင်းဆီ ရောက်သွားလေသည်။ ထို့နောက် သူက မြေအောက်ထဲ ရောက်သွားကာ သူ့ဘာသာ ကုသသည့် ဖြစ်စဉ်အတွင်း ဝင်ရောက်သွား၏။

ထိုစဉ် ကျန့်ဝူရွှမ်းက တုံပေါ်၏ နောက်ဆုံးစကားကို တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဒီလူ၏ အဆင့်အတန်းသည် အသက်ကယ်နည်းလမ်း တိတ်တဆိတ် ထည့်သွင်းထားလောက်အောင် မြင့်မားနေလိမ့်မည်ဟု မထင်ထားမိပေ။

ဒီစစ်ဆေးမှုကို မလာခင် သူ့မိသားစုက သူ့အား အလွှာမြင့်ရှိ ဧကရာဇ်မျိုးဆက်မှ လူများကို ရန်မစမိဖို့ သတိပေးခဲ့သည်။ သို့သော်လည်း သူက သူ့သွေးသောက်ညီအစ်ကို နှလုံးသား မရှိတော့ဘဲ သွေးအိုင်ထဲ လဲနေသည်ကို မြင်လိုက်ရသည့်အခါ ဒေါသထွက်လာခဲ့သည်။

ကျန့်ဝူရွှမ်းက ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း စဉ်းစားနေသည်။ ထို့နောက် သူက အများကြီးတွေးမိနေကြောင်း သတိထားလိုက်၏။ သူသာ စိတ်ဝိညာဉ်ခရီးလမ်းတွင် ပထမ ဖြစ်လာပြီး ဧကရာဇ်မျိုးဆက် ဂိုဏ်းထဲ ဝင်ရောက်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။

ဤသည်မှာ သူ့နဂိုအကြံအစည် ဖြစ်၏။ သူ့ပါရမီဖြင့် အောင်မြင်နိုင်ခြေ မြင့်မားလေသည်။ ထိုအခါ နှလုံးသားစည်းချက်ဂိုဏ်းလည်း ပြဿနာ မဟုတ်တော့ပေ။ သူ့မိသားစုပင် အလွှာမြင့်ဆီ လာရောက်နေထိုင်ခွင့် ရလာနိုင်သည်။

ထိုအရာအားလုံးကို တွေးလိုက်ပြီးနောက် ကျန့်ဝူရွှမ်းက စတင်၍ ကြမ်းကြမ်းတမ်းတမ်း အမဲလိုက်တော့သည်။ အရှေ့ပိုင်း ပိုင်နက်ဆီ ကြောက်ရွံ့မှု ဆောင်ကျဉ်းလာလေသည်။

သိပ်မကြာခင် လေးလတာ ကုန်ဆုံးသွားပြီး စိတ်ဝိညာဉ်ခရီးလမ်း အဆုံးသတ်သွားတော့သည်။ ဝမ်ဝေ့နှင့် တခြားအသက်ရှင်ကျန်သူအားလုံးက စစ်ဆေးမှု ပြင်ပသို့ ရောက်လာကြသည်။

All Chapters