ကမ်းပါးမြို့
Vol. 009 Ch. 895
ကမ်းပါးမြို့ကား အဆုံးမဲ့ပင်လယ်၏ အရှေ့ဘက်နယ်တွင် တည်ရှိကာ မိုင်၁၀၀၀ အတွင်း အင်အား အကြီးဆုံးသော မြို့လည်း ဖြစ်သည်။ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များမှာ ရှီအဆင့်၌ ရှိကြပေသည်။
ကမ်းပါးမြို့ကား လေပြင်းများ အစဉ်အမြဲ ပြင်းထန်စွာ တိုက်ခတ် နေတတ်သည်။ ယခု ကမ်းခြေတွင် တန်ခိုးရှင် တစ်စုက ပင်လယ်ကို ထွက်ကာ သားရဲများအား သွားရောက် အမဲလိုက်ရန် ကြံစည် နေကြသည်။ ကမ်းပါးမြို့မှ တန်ခိုးရှင်များ အတွက်မူကား သည်အလေ့အထက ပုံမှန်ဖြစ်ပေသည်။ သူတို့က သားရဲများအား အမဲမလိုက်ပါက သားရဲများမှာ အုပ်စုလိုက် မြို့ကို လာရောက် တိုက်ခိုက် တတ်ပေသည်။ ထို့အပြင် အားကောင်းသော တန်ခိုးရှင်များမှာ သူတို့၏ခန္ဓာကိုယ်၌ ရတနာများ ရှိနေတတ်ပေသည်။
ကမ်းခြေကို ကြီးမားသော လှိုင်းလုံးကြီးတစ်ခု လာရောက် ရိုက်ခတ်ကာ လူအများအား နောက်ဆုတ် စေသည်။ လှိုင်းလုံးများမှာ နောက်မှ ဆင့်ကဲလိုက်ပါ လာကြပြီး သူတို့အား တဝုန်းဝုန်း ရိုက်ခတ်လာ၏။ အခြေအနေက ထူးဆန်းသည်ကို အားလုံးက ခံစားမိကြသည်။
“မြန်မြန် လာကြ...” တစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်သည်။ တစ်ယောက်က လှမ်းကြည့်လိုက်လျှင် အဝေးမှ ပျံသန်းလာသော ဧရာမ သားရဲကြီးအား မြင်သည်။
“သားရဲ တစ်ကောင် လာတယ် ... တိုက်ခိုက်ဖို့ ပြင်ဆင်ကြ…”
“အစောင့်တွေကို မြန်မြန်သွားပြော...” အော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကမ်းပါးမြို့တွင် သားရဲများ ကျူးကျော် တိုက်ခိုက်ခြင်းအား ကာကွယ်ရန် အထူးအစောင့် စစ်သည်များအား ဖွဲ့စည်းထားသည်။ လေထဲတွင် တန်ခိုးရှင်များ ပေါ်လာကာ တိုက်ခိုက်ရေး ဝင်္ကပါအား ပြင်ဆင်ကြ၏။
“အဲဒါ နဂါးတစ်ကောင်ပဲ...” အဝေးမှ သားရဲပုံစံအား ရှင်းလင်းစွာ မြင်လာရလျှင် လူအများအပြားက ထိတ်လန့်စွာ ရေရွတ်မိကြသည်။ နဂါးကား မီတာ၁၀၀ခန့် ရှည်လျားကာ ဘုရင်အဆင့် သားရဲ ဖြစ်ပေသည်။
နဂါးနက်ကြီးက ရေလှိုင်းများကို ဖြစ်ပေါ်စေကာ ကမ်းခြေကို ပြင်းထန်စွာ ရိုက်ခတ်စေသည်။ တန်ခိုး အဆင့်နိမ့်သူများမှာ နောက်ကို ထိတ်လန့်တကြား ဆုတ်ခွာ ကြရသည်။
“နဂါးကြီး အပေါ်မှာ လူတစ်ယောက် ပါတယ်...” နိုဘယ်တန်ခိုးရှင် တစ်ယောက်က ပြောသည်။ ထိုစကားကို ကြားလျှင် အားလုံးမှာ ထိတ်လန့် သွားကြသည်။ နဂါးကြီးပေါ်တွင် အဖြူရောင်ဝတ် လူတစ်ယောက်အား သူတို့ မြင်တွေ့ကြရ၏။ လေပြင်းများ ရိုက်ခတ်နေသည့်တိုင် ထိုလူကား နဂါးကြီးပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည်။
တစ်စုံတစ်ယောက်က နဂါးနက်ကြီး တစ်ကောင်ကို စီးနင်းကာ ကမ်းခြေသို့ ရောက်လာသည်။ မြင်ကွင်းကား ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
“စိတ်ပူစရာ မလိုဘူး... သူက သားရဲမုဆိုး တစ်ယောက် ဖြစ်နိုင်တယ်...” လူလတ်ပိုင်းအရွယ် တန်ခိုးရှင် တစ်ယောက်က ပြောသည်။ အားလုံးက စိတ်အေး သွားကြ၏။ သားရဲက တိုက်ခိုက်မည့်ဟန် မရှိပေ။
မကြာခင် နဂါးကြီးက ကမ်းခြေသို့ ရောက်လာသည်။ လူအများအပြားမှာ နဂါးကြီးကို ကြည့်ပြီး ကြီးစွာ ထိတ်လန့် နေကြသည်။
“ဒါက ဘုရင်အဆင့် နဂါးပဲ...” တစ်ယောက်က ခန့်မှန်းသည်။ ဤသို့ဆိုလျှင် နဂါးပေါ်တွင် လိုက်ပါလာသော လူငယ်၏အဆင့်က မည်မျှအထိ မြင့်မားသနည်း။
“သူက အရမ်း ချောတာပဲ...” မိန်းကလေး တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။ သူ၏ အဝတ်အစားများက ဆွတ်ဆွတ် ဖြူနေကာ သူ၏ဆံပင်များမှာ နက်မှောင်နေ၏။ သူက နဂါးကြီး၏ ခေါင်းထက်တွင် ဝင့်ကြွားစွာ ရပ်နေခြင်းက လူအများအား ရင်သပ်ရှုမော ဖြစ်စေ၏။
ရီဖူရှင်းက အနီးမှ လူများကို ကြည့်သည်။ သူက ပင်လယ်ပြည်နယ်နှင့် ပတ်သက်၍ ယေဘုယျအားဖြင့် သိနားလည်သော်လည်း အမှန်တကယ်အားဖြင့် အဆုံးမဲ့ ပင်လယ်မှာ ကြီးမားလွန်းရာ သူမသိသော ကျွန်းငယ်လေး များစွာလည်း ရှိသေးပေသည်။ ထို့ကြောင့် သူက နဂါးကြီးအား ဦးဆောင်စေကာ အနီးမှ ကျွန်းတစ်ခုသို့ လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် အဆင့်မြင့် နိုဘယ်တစ်ယောက်က ရှေ့ကို တက်လာကာ ဦးညွှတ်လျက် ပြောသည်... “ကျုပ်က ကမ်းပါးမြို့ကပါ... ခင်ဗျားက ဘယ်ကလဲ...” တစ်ဖက်လူ၏ တန်ခိုးအဆင့်ကို သူက မမြင်ရသော်လည်း နဂါးကြီးမှာ ရှီအဆင့်၌ ရှိသည်ဟု သူခံစားရသည်။ ဆိုလိုသည်က လူငယ်မှာလည်း ရှီတန်ခိုးရှင် တစ်ယောက် ဖြစ်ရမည်။
“ကမ်းပါးမြို့...” ရီဖူရှင်းက တီးတိုး ရေရွတ်သည်။ သူက လူကြီးအား ကြည့်ကာ ပြောသည်... “ကျုပ်နာမည် ရီဟွန် ... ကျုပ်က ကမ်းပါးမြို့က မဟုတ်ဘူး ... နယ်ခြားလာ ဒီကို လာလေ့ကျင့်တာ...” သူက နာမည် အစစ်အမှန်ကို မပြောပေ။ မည်သို့ဆိုစေ ရီဖူရှင်း၏ နာမည်ကား အလွန် ကျော်ကြားကာ ပြည်နယ်ကိုးခု၌ လူအများစုမှာ သူ့နာမည်ကို သိကြပေသည်။ သူ့အား မှတ်မိသွားပါက ကျောက်ပြည်ထောင် ဘုရင်၏ အာရုံစိုက်မှုကို ရရှိ သွားနိုင်ပေသည်။
လျူယွန်က ခေါင်းညိတ်သည်။ အဆုံးမဲ့ပင်လယ်၌ ဤသို့သော အခြေအနေမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
“အဖေ... နဂါးကြီးက အဆင့်မြင့်သားရဲ ဘုရင် မဟုတ်ဘူးလား...” လူငယ် တစ်ယောက်နှင့် မိန်းမပျို တစ်ယောက်တို့ လှမ်းလာကြသည်။ သူတို့ကား အသက် ၁၈နှစ် အရွယ်ခန့် ရှိကြ၏။ သူတို့က နဂါးကြီးအပေါ်မှ ရီဖူရှင်းကို ကြည့်ကာ အထင်ကြီး လေးစားသော အမူအရာများအား မြင်ကြသည်။
နဂါးနက်ကြီး၏ မျက်လုံးများက လူငယ်ထံကို ရောက်လာသည်။ သားရဲဘုရင် တစ်ကောင်တဲ့လား။ ကျုပ်က ကွန်းရှီအဆင့်သို့ ရောက်ခါနီးပြီ။ ငါ့ဒေါသက ဒီကမ်းပါးမြို့ကို မီးဟုန်းဟုန်း တောက်စေနိုင်တယ်...။ ဒါပေမဲ့ ဒီကြောက်စရာ လူသားနဲ့ ငါ တွေ့ခဲ့ရတယ်...။
“မင်းတို့က ဆရာရီကို မေးရမယ်...” လျူယွန်က ရီဖူရှင်းအား လက်ညှိုးထိုးကာ ပြောသည်။
“စီနီယာ ... ခင်ဗျားက အရမ်း မိုက်တာပဲ ... ကျုပ်ကို သင်ပေးပါလား...” လူငယ်က ရီဖူရှင်းကို လေးစားအားကျစွာ ပြောသည်။
“လျူချိန် ... နင်က တော်တော် မသိတတ်တာပဲ...” ဘေးမှ မိန်းကလေးက နှာခေါင်းရှုံ့သည်။ ထို့နောက် သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည်... “အစ်ကိုရီ ... သူက အသုံးမဝင်ဘူး ... ကျွန်မကို တပည့်အဖြစ် လက်ခံပါလား...”
“ဘယ်သူက အသုံးမကျတာလဲ...” လူငယ်က ဒေါသတကြီး ပြောသည်။
“မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ထား...” လျူယွန်က ကြိမ်းမောင်း လိုက်သည်။ သူတို့နှစ်ယောက်မှာ သူတို့ရှေ့မှ လူငယ်က ရှီတန်ခိုးရှင် ဖြစ်သည်ကို သိနားလည်ဟန် မရပေ။
“ကျုပ် သားနဲ့သမီးက နည်းနည်း ခေါင်းမာပြီးတော့ မိုက်မဲပါတယ် ... သူတို့ကို စိတ်မဆိုးပါနဲ့...” လျူယွန်က ရီဖူရှင်းကို ပြောသည်။
“ပြဿနာ မရှိဘူး...” ရီဖူရှင်းက သူတို့နှစ်ယောက်အား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။
“လျူချိန် ... လျူရန် ...” သူက ခေါ်သည်။
“ဟုတ်ကဲ့ ...” သူတို့ ခေါင်းညိတ်ကြသည်။
“ကျုပ်က မင်းတို့ကို တပည့်အနေနဲ့ လက်မခံဘူး ... ဒါပေမဲ့ ကျုပ်က ကမ်းပါးမြို့မှာ နည်းနည်း ကြာကြာ နေဦးမယ် ... ကျုပ်ဒီမှာ ရှိနေတုန်း မင်းတို့ကို နည်းနည်း သင်ပေးလို့ရတယ်...” ရီဖူရှင်းက ပြောသည်။ လျူယွန်ကား နိုဘယ်အဆင့် အမြင့်ဆုံးသို့ လေ့ကျင့်ထားကာ သည်ကျွန်းစုနှင့် ပတ်သက်၍ ကောင်းကောင်း သိနားလည်ဟန် ရသည်။ သူကား အချိန်နှင့် လေဟာနယ်လှံ၏ သတင်း အချက်အလက်ကို စုဆောင်း လိုပေသည်။
သူတို့နှစ်ယောက်မှာ အံ့အားသင့်သွားပြီးမှ စိတ်လှုပ်ရှား ပျော်ရွှင်လာဟန် ရ၏။
“ကျေးဇူးပါ ... ဆရာ...” သူတို့ နှစ်ယောက်လုံးက ဦးညွှတ်ကြသည်။
“မင်းတို့က ငါ့တပည့် မဟုတ်ဘူး ... အစ်ကိုရီလို့ပဲ ခေါ်ပါ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“တစ်ရက် ဆရာဖြစ်ရင် တစ်ဘဝလုံး အဖေပါပဲ...” လျူချိန်က ပြုံးလျက် ပြောသည်။
“အာ ... ကျုပ်က အနားယူဖို့ မဖိတ်ခေါ်ရသေးဘူး...” လျူယွန်က ငြင်းဆန်ရန် သေချာပေါက် စိတ်ကူးမရှိပေ။ ရှီတန်ခိုးရှင် တစ်ပါးက သူ၏သားသမီးများကို သင်ပေးခြင်းမှာ သူကိုယ်တိုင် လိုလားသော အရာဖြစ်ပေသည်။
ရီဖူရှင်းက အောက်ကို ဆင်းသက်လာကာ နဂါးနက်ကြီးအား အေးစက်စွာ ပြောသည်... “သွားတော့...”
နဂါးကြီးက ရီဖူရှင်းအား ကြီးမားသော မျက်လုံးနက်ကြီးများဖြင့် ကြည့်ကာ အဝေးကို ပျံသန်းထွက်ခွာ သွားတော့သည်။
သူ၏အနီးမှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မှက်တက် နေကြသည်။ ရီဖူရှင်းကား သားရဲဘုရင်အဆင့် နဂါးကြီးအား သည်အတိုင်း လွှတ်လိုက်သည်။ လျူယွန်ကလည်း ရီဖူရှင်းကို ကြည့်ကာ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်ပြီးမှ မပြောတော့ပေ။
“အစ်ကိုရီ ... ခင်ဗျားက ဒီလောက် အားကောင်းတဲ့ နဂါးကြီးကို လွှတ်လိုက်တာလား...” လျူချိန်က စိတ်ပျက် လက်ပျက် ပြောသည်... “ဒီနဂါးက အဆင့်မြင့်သားရဲ ဘုရင်တစ်ကောင်ပဲ...”
“ဒါပေါ့..” ရီဖူရှင်းက ခေါင်းညိတ်သည်။ သို့သော်လည်း ရီဖူရှင်းကား နဂါးနက်ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ သူ၏ရည်ရွယ်ချက်သာ ကမ်းပါးမြို့၌ မပြည့်မီပါက နဂါးနက်ကြီးအား ခေါ်ကာ နောက်တစ်နေရာသို့ သွားမည် ဖြစ်သည်။
“နင်က တော်တော် စကားများတာပဲ ... လျူချိန်.. အစ်ကိုရီက အဝေးက လာရတော့ ပင်ပန်းနေမှာပဲ ... ကျွန်မတို့အိမ်ကို လိုက်ပြီးတော့ အနားယူပါ ... ကျွန်မက အစ်ကိုရီအတွက် ဟင်း ကောင်းကောင်း ချက်ပေးပါ့မယ်...”
“နင်က ဘာချက်တတ်လို့လဲ...”
“ဒါဆို နင် ဘာမှ မစားနဲ့...” သူတို့နှစ်ယောက်က အပြန်အလှန် ရန်ထောင် နေကြသည်။ ရီဖူရှင်း ပြုံးမိ၏။ ငယ်ရွယ်သူတို့၏ စိတ်ကား လွတ်လပ်ပေသည်။
သူတို့အုပ်စုက ရှေ့ကို လှမ်းသွားရင်းပင် လျူယွန်က ရီဖူရှင်းကို မေးသည်... “ဆရာရီ... ခင်ဗျားမှာ ဒီခရီးအတွက် ဘာအစီအစဉ် ရှိလဲ...” ရှီတန်ခိုးရှင် တစ်ယောက်က သူ၏ သားသမီးများကို သင်ကြားပေးမည်ကို လိုလားသော်လည်း တစ်ဖက်တွင် သူက ရီဖူရှင်းနှင့် ပတ်သက်၍ ဘာမှ မသိပေ။
“ကျုပ်က အချိန်နဲ့ လေဟာနယ်လှံရှိတဲ့ အကြွင်းအကျန်နယ်ကို သွားဖို့ စီစဉ်ထားတယ်... ဒါကြောင့် ကမ်းပါးမြို့တော်မှာ သတင်း အချက်အလက်တွေ စုစည်းမလို့ ... ဒါနဲ့ပတ်သက်ပြီး ခင်ဗျားမှာ သတင်းတွေ ရှိလား...” ရီဖူရှင်းက လျူယွန်ကို မေးသည်။
ရီဖူရှင်း၏ စကားကို ကြားလျှင် လျူယွန်မှာ စိတ်အေး သွားရသည်။ သူက ပြောသည်... “ဒီလိုဆိုရင်လည်း ခင်ဗျားလာတာ မှန်သွားပြီ ... ကမ်းပါးမြို့တော်မှာ သတင်းတွေရှိတယ် ... လျူမိသားစုက မြို့မှာ ထိပ်သီး အင်အားစု တစ်ခုပဲ ... ကျုပ်တို့က မိသားစုခွဲတစ်ခု ဆိုပေမဲ့ တိုက်ရိုက် မျိုးဆက်နှစ်ယောက် ပင်လယ်နန်းတော် ကိုယ်တိုင်က အသိအမှတ် ပြုထားတဲ့ စွမ်းအားမြင့် ပုဂ္ဂိုလ်နှစ်ယောက် ရှိတယ် ... ပြောကြတာကတော့ သူတို့က အပျက်အစီးနယ်ကို လေ့လာရေးခရီး ထွက်မယ်... အဲဒီနေရာက အချိန်နဲ့ လေဟာနယ်လှံရှိတဲ့ နေရာပဲ...”
ရီဖူရှင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ကြည့်ရသည်မှာ သူ၏ ကံကလည်း အတော် ကောင်းပေသည်။ သူ့အတွက် အချိန် သိပ်မကုန်တော့ပေ။
“ကံမကောင်းတာက ခင်ဗျားက သူတို့နဲ့ အတူသွားဖို့ သိပ်မလွယ်ဘူး ထင်တယ်...” လျူယွန်က မျက်မှောင်ကြုတ် လိုက်ကာ တစ်စုံတစ်ခုကို တွေးတောဟန်ဖြင့် ပြောသည်... “ကျုပ်က ခင်ဗျားကို သူတို့ဆီ ထောက်ခံပေးလို့ ရမလား သွားကြည့် လိုက်မယ်...” မည်သို့ဆိုစေ သူကား လျူမိသားစုခွဲ၏ မိသားစုဝင် တစ်ယောက်မျှသာ ဖြစ်သည်။ သူ့တွင် ထိုမျှ အခွင့်အာဏာ မရှိပေ။ အထူးသဖြင့် ထိုမျှ နာမည် ကျော်ကြားသော ပုဂ္ဂိုလ် နှစ်ယောက်ထံတွင် သူကား မည်သို့မှ အရေးမပါပေ။
“အဖေက လျူရှီနဲ့ လျူစီရွှမ်ကို ပြောတာလား ...” လျူယန်က မေးသည်။
“အင်း...” လျူယွန်က ခေါင်းညိတ်သည်။ လျူရန်က ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထိုနှစ်ယောက်မှာ လက်ရှိ သုံးဆယ်ဝန်းကျင်မျှခန့်သာ ရှိသေးသော်လည်း သူတို့ကား ရှီအဆင့်သို့ တက်လှမ်းပြီး ဖြစ်သည်။ အထူးသဖြင့် လျူစီရွှမ်ကား အလယ်အလတ် ရှီအဆင့်၌ ဖြစ်ကာ ကမ်းပါးမြို့တော်၌ ဒဏ္ဍာရီသဖွယ် ဖြစ်နေပြီဖြစ်သည်။ သူမ၏အဖေ ပြောသည်မှာ ပင်လယ်ပြည်နယ် တစ်ခုတည်းတွင်ပင် သူ၏ တန်ခိုးကျင့်ကြံမှု အမြန်နှုန်းအား လိုက်မီသူ အလွန်တရာ ရှားပါးပေသည်။
ပင်လယ်ပြည်နယ်က ခြွင်းချက်ထားကာ သူတို့အား တော်ဝင်မြေ၌ လေ့ကျင့်စေလိုသည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း သူကသာ ထိုနာမည်ကျော် ပါရမီရှင် နှစ်ယောက်နှင့် လမ်း၌တွေ့ပါက သူ့အား တစ်ချက်မျှပင် ကြည့်မည် မဟုတ်ပေ။ သည်လူငယ်ကသာ သူတို့နှင့် အတူတူ ခရီးထွက်လိုသည် ဆိုပါက ထိုမျှ လွယ်ကူမည် မဟုတ်ပေ။
ရီဖူရှင်းက နဂါးစီးနင်းကာ သူတို့အား ထိတ်လန့် စေသော်လည်း လျူရှီနှင့် လျူစီရွှမ်တို့မှာ ကမ်းပါးမြို့တော်၏ နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သို့သော်လည်း သူတို့ရှေ့မှ လူမှာ ပြည်နယ်ကိုးခုကို လျှမ်းလျှမ်းတောက် နာမည်ကျော်သူ ဖြစ်ကြောင်း သူတို့ မသိကြပေ။
လျူယွန်က ရီဖူရှင်းအား လိပ်ညာခဲ့ခြင်း မရှိပေ။ လျူကလန်ကား ကမ်းပါးမြို့တွင် အင်အားအကြီးဆုံး ကလန်ဖြစ်သည်။ သူတို့က မြို့လယ်တွင် တည်ရှိကာ သူတို့၏ အိမ်တော်မှာ နန်းတော်တမျှ ကြီးကျယ် ခမ်းနားလှ၏။ ယခု လူအများအပြားမှာ ခန်းမကြီး တစ်ခု၏ အပြင်ဘက်တွင် စောင့်ဆိုင်း နေကြသည်။ သူတို့၏ မိသားစု ခေါင်းဆောင်က မိသားစုခွဲများ အားလုံးကို ခေါ်ယူကာ ကိစ္စရပ်များအား ဆွေးနွေး တိုင်ပင်လိုနေသည်။
“ကျုပ် သတင်း ရခဲ့တာကတော့ ပင်လယ်နန်းတော် တစ်ခုတည်း အကြွင်းအကျန် နယ်မြေကို သွားမှာ မဟုတ်ဘူး.. တခြား တော်ဝင်မြေနှစ်ခု ဖြစ်တဲ့ နတ်ဘုရားကမ်းပါးနဲ့ မြောက်ဘက် ချောက်နက်တို့ကလည်း ပါမယ် ကြားတယ်...” လျူကလန် ခေါင်းဆောင်က ပြောသည်။ ချက်ချင်းပင် လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။
ပင်လယ်ပြည်နယ်၏ တော်ဝင်မြေသုံးခုက အတူတူ ခရီးထွက်ကြမည်။ ဤသို့ဆိုလျှင် ထိုတော်ဝင်မြေများက ယခုတွင် အချိန်နှင့် လေဟာနယ်လှံကို အမှန်တကယ် ရယူရန် စိတ်အားထက်သန် နေကြဟန် ရသည်။
နှစ်ပေါင်းများစွာ သူတို့ အောင်မြင်ခဲ့ခြင်း မရှိခဲ့ကြသလို ယခု တစ်ကြိမ်လည်း သူတို့မှာ ရတနာလှံကို ရယူရန် ခက်ခဲပေဦးမည်။
“ကျုပ်က အသေးစိတ်ကို မသိဘူး ... ဒါပေမဲ့ ဒါက တော်ဝင်မြေတွေရဲ့ လေ့လာရေးခရီးပဲ... နောက်တစ်လနေရင် ပင်လယ် နန်းတော်က လူတွေ ကမ်းပါးမြို့ကို လာကြလိမ့်မယ် ... အဲဒီအချိန်ကျရင် လျူရှီနဲ့ လျူစီရွှမ်တို့လည်း ပင်လယ် နန်းတော်မှာ သွားရောက် လေ့ကျင့် ကြလိမ့်မယ် ... ဒီနေ့ မင်းတို့ကို ခေါ်တာက သူတို့နဲ့အတူ အတော်ဆုံး ဆိုတဲ့လူတွေကို စေလွှတ်ဖို့ပဲ...”
***