← Chapters

ဓားရေးစံအိမ်

Vol. 5 Ch. 63

ဓားရေးစံအိမ်

Vol. 5 Ch. 63

အခန်း (၆၃)  : ဓားရေးစံအိမ်

စိတ်ဝိညာဉ်ခရီးလမ်း အပြီးတွင် ဝမ်ဝေ့က စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ယခင်နှစ်အတွင်း သူက တစ်ချိန်လုံး သတိနိုးကြားနေခဲ့ရသည်။ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို ကာကွယ်ဖို့ အိပ်သည့်အခါ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ခဲ့ပေ။ လီကျွင်းတို့ ရောက်လာသည့်အခါ၌ပင် သူက သတိလုံးလုံး မလျော့ချလိုက်ပေ။

သိပ်မကြာခင် ဝမ်ဝေ့၊ ယန်းလီလင်း၊ လီကျွင်းနှင့် သူ့အဖွဲ့သားတို့က တာအိုအခွင့်အလမ်းဂိုဏ်းသားများ စောင့်ဆိုင်းနေရာဆီ ရောက်လာကြသည်။

မဟာအကြီးအကဲဝမ်ဖူက သူတို့အား လာနှုတ်ဆက်၏။ သူက ဝမ်ဝေ့၏ ရှုပ်ပွနေသော ဆံပင်ကို ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကို သတိပြုမိလိုက်သည်။

သူက ခပ်ယဲ့ယဲ့ အပြုံးလေးဖြင့် ပြောလိုက်သည် “ သခင်လေး ဘေးကင်းကင်း ပြန်ရောက်လာတာ ကောင်းတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော်က သခင်လေးရဲ့ လက်ရှိအခြေအနေ မြင်သွားရင် စိတ်ကောင်းမှာ မဟုတ်ဘူး ”

ဝမ်ဝေ့လည်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူ့အမေ၏ ကာကွယ်လွန်းတတ်သည့် သဘာဝကို သိထားလေသည်။ သူမဘာသာဆိုလျှင် သူ့ကို ဂိုဏ်းအပြင်တစ်လှမ်းမှ ထွက်ခွင့်မပေးဘဲ ဂိုဏ်းထဲမှာသာ နေခိုင်းလိမ့်မည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် ဝမ်ဖူက လီကျွင်းနှင့် ယန်းလီလင်းတို့အား ကြည့်လိုက်သည်။ သူက သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို သတိပြုမိသော်လည်း ဘာမှမပြောတော့ပေ။ ပို၍ အရေးကြီးသည်မှာ သူ ဂရုအစိုက်ဆုံးက လီကျွင်းတစ်ယောက် ချီကံကောင်းမှု တိုးမြင့်လာခြင်း ဖြစ်၏။

သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် ဝမ်ဖူက ကံကောင်းမှုလိုမျိုး အရာများကို မြင်တွေ့ရဖို့ နည်းလမ်းရှိလေသည်။ ထိုစွမ်းရည်က ဝမ်ဝေ့လောက် အသေးစိတ်မကျသော်လည်း မြင်ရသေး၏။

လီကျွင်းအဖွဲ့ကိုတော့ ဘာမှမပြောတော့ပေ။ ဝမ်ဖူက အဖွဲ့အား စကားပြောနေစဉ် ဝမ်ကျူနှင့် အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်တို့လည်း ရောက်လာကာ စကားဝိုင်းထဲ ဝင်ပါလာကြသည်။

ထို့နောက် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မလှမ်းမကမ်းတွင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေသည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခါ ဝမ်ဝေ့က နတ်ဆိုးကျင့်ကြံသူနှင့် သူ့နောက်လိုက်များသည် တစ်ယောက်ယောက်ကို ဝိုင်းထားကြောင်း သတိထားမိလိုက်သည်။

“ အကြီးအကဲ အဲဒီလူပဲ။ သူက ကျွန်တော်ကို သတ်မလိုအထိ လုပ်ခဲ့တာ” တုံပေါ်က အနီရောင်အသားရေ၊ မျက်လုံးနီနီရှိသော လူအိုကြီးတစ်ယောက်အား ပြောလိုက်သည်။

မျက်လုံးနီနီ လူအိုကြီးက ဓားမျက်ခုံးနှင့် လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည် “ကောင်လေး …မင်းက ကျန့်ဝူရွှမ်းလား။ မင်းလိုမျိုး အဆင့်နိမ့်သူက ဂိုဏ်းခေါင်းဆောင်သားကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ။ ငါတို့နှလုံးသားစည်းချက်ဂိုဏ်းကို အလွယ်လေး အနိုင်ကျင့်လို့ရမယ် ထင်နေလား ”

ကျန့်ဝူရွှမ်း၏ မျက်နှာထားက ပျက်ယွင်းသွားလေသည်။ သူက တစ်ခုခု လုပ်ချင်သော်လည်း အင်အားမဲ့နေသည်။ သူက တချို့အင်အားစုများက သူ့ဘက်မှ ရပ်တည်ပေးမလားဟု မျှော်လင့်ချက်ဖြင့် လိုက်ကြည့်လိုက်သည်။ သို့သော် မည်သူမှ မရှိပေ။ သူတို့က စိတ်ဝင်စားစရာ ပြပွဲကောင်းတစ်ခုကို ကြည့်နေသလိုမျိုး ရပ်နေကြ၏။

ကျန့်ဝူရွှမ်းက အံ့ကြိတ်ပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူ့မျက်လုံးများက နီရဲလာကာ အသက်ရှုသံလည်း ပြင်းလာသည်။ တကယ်တော့ ကျန့်ဝူရွှမ်းက သေရမှာ မကြောက်ပေ။ ဓားသမားတစ်ယောက်အနေနှင့် သေခြင်းတရားက ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ သို့သော်လည်း သူ့မိသားစုပါ ဆွဲသွင်းခံရပြီး ဖျက်ဆီးခံရမည်ကို စိုးရိမ်မိသည်။

ကျန့်ဝူရွှမ်းက မျှော်လင့်ချက် ပျောက်ဆုံးတော့မည့်အချိန် အားလုံး၏ အပေါ်ဘက် လေဟာနယ်ထဲမှ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ဝတ်ရုံဖြူနှင့် ရုပ်ချောချော အမျိုးသားတစ်ဦး ထွက်လာသည်။ သူ့ဘေးတွင် ကြာပန်းသဏ္ဍာန် ထွင်းထားသည့် ဓားလှလှတစ်လက်ကို ချိတ်ဆွဲထားသည်။ ဖဲကြိုးဖြင့် အသာချည်နှောင်ထားသော သူ့ဆံပင်ရှည်ရှည်များကး လေနှင့်အတူ လွှင့်မျှောနေသည်။ သူ့ပုံစံက မျက်စိပသာဓ ဖြစ်လှသည်။

သူ ပေါ်လာသည်နှင့် မြေပေါ်ရှိ လူအားလုံးကို လိုက်ကြည့်လိုက်သည်။ သူ့အကြည့်တို့က ဝိညာဉ်နှင့် စိတ်နှလုံးသားအထိ ထိုးဖောက်နိုင်ပြီး ပထမဦးဆုံးအကြိမ် ပြိုင်ဖက်ကင်း ဓားကောင်းတစ်လက် ဓားအိမ်ထဲမှ ထွက်လာသလိုမျိုး ဖြစ်သည်။

ထို့နောက် သူက ဝမ်ဝေ့အပေါ် အကြည့်ခဏရပ်သွားပြီးနောက် ကျန့်ဝူရွှမ်းဆီ အကြည့်ရောက်သွားသည်။ သူက ပြောလိုက်၏  “ ကြည့်ရတာ ငါ့ခံစားချက်က မင်းဆီကနေ အစပြုလာတာပဲ”

ထို့နောက် သူက အံ့ဖွယ်အသိစိတ်ဖြင့် ကျန့်ဝူရွှမ်း၏ ခန္ဓာကို စစ်ဆေးလိုက်သည်။ သူ့အကြည့်များက ပိုမိုတောက်ပလာ၏။

“မွေးရာပါ ဓားအရိုးလား။ ကောင်းတယ် ကောင်းတယ်။ ကောင်လေး … မင်းနာမည် ဘယ်သူလဲ ”

“စီနီယာ … ကျွန်တော့်နာမည်က ကျန့်ဝူရွှမ်းပါ ”

“ကျန့်မျိုးရိုးလား။ ငါနဲ့ အတူတူပဲ။ ကြည့်ရတာ ငါတို့က တွေ့ဆုံဖို့ ကံပါသားပြီးသားပဲ။ ကောင်လေး ငါ့တိုက်ရိုက်တပည့် ဖြစ်ချင်လား”

ကျန့်ဝူရွှမ်းက ချက်ချင်း လက်ခံလိုက်ချင်သော်လည်း သူ့လက်ရှိအနေအထားကို ထည့်စဉ်းစားလိုက်ရသည်။ သူ့ကိစ္စထဲ တစ်ယောက်ယောက် ဆွဲသွင်းပြီး မထိခိုက်စေလိုပေ။ ထို့ကြောင့် သူက တုံ့ဆိုင်းနေလေ၏။

ဝတ်ရုံဖြူ ဓားသမားက ကျန့်ဝူရွှမ်း၏ တုံ့ဆိုင်းနေမှုကို သတိထားမိလေသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အခြေအနေတစ်ခုလုံး စူးစမ်းလိုက်သည်။

ထို့နောက် သူက မျက်လုံးနီနီ လူအိုကြီးကို ကြည့်ကာ  “ ကျန့်ဝူရွှမ်းက အခု ငါ့ဓားရေးစံအိမ်ကပဲ။ လူအိုကြီးတုံအာ ခင်ဗျားရဲ့ ရုပ်ဆိုးဆိုးမျက်နှာကို နှလုံးသားစည်းချက်ဂိုဏ်းဆီ ပြန်ယူသွားလိုက်တော့ ”

ဂိုဏ်းအကြီးအကဲ တုံအာ၏ အမူအရာက ပိုရုပ်ဆိုးလာသည်။ ထို့ကြောင့် သူက အော်ပြောလိုက်သည်  “ သောက်ကျန့်ယီ … မင်းတို့ ဓားရေးစံအိမ်က ဧကရာဇ်ခြောက်ယောက်ရှိတယ်ဆိုပြီး ငါတို့နှလုံးသားစည်းချက်ဂိုဏ်းက ကြောက်မယ်များ ထင်မနေနဲ့။ ဒီကောင်လေးက ဂိုဏ်းခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသားကို ထိခိုက်အောင် လုပ်ခဲ့တာ။ သူ ဒီနေ့ သေကို သေရမယ် ”

ထိုအရာကို ကြားပြီး ကျန့်ဝူရွှမ်းက အံ့ဩသွားလေသည်။ သူ့ကို တပည့်အဖြစ် လက်ခံလိုသူက အင်အားကြီး ဧကရာဇ်မျိုးဆက်မှ ဖြစ်နေမည်မှန်း မထင်ထားပေ။

ဒီနေ့တော့ သူ ဘေးကင်းလောက်လေပြီ။

ကျန့်ယီက တုံအာကို ကြည့်ရင်း ခေါင်းခါလိုက်သည်  “မင်းတို့ နတ်ဆိုးကျင့်ကြံသူတွေက ခွေးရူးလိုပဲ။ မင်းတို့ မယှဉ်နိုင်မှန်း သိနေရင်တောင် မြင်မြင်သမျှ လိုက်ကိုက်ချင်နေကြတာ … ကောင်းပြီလေ။ ဒါကို ငါတို့လက်သီးနဲ့ ဖြေရှင်းကြတာပေါ့”

ထို့သို့ပြောပြီးနောက် နှစ်ယောက်သား ချက်ချင်း ပျောက်ကွယ်သွားကြပြီး လေထဲ စတင်တိုက်ခိုက်ကြသည်။

ထိုစဉ် လီကျွင်းက ထိုနှစ်ယောက် တိုက်ခိုက်တော့မည်ကို ကြားပြီး စိတ်လှုပ်ရှားလာ၏။ သူက ပြောလိုက်သည်  “ ငါတို့ သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မှာမလား”

ဝမ်ဝေ့နှင့် ယန်းလီလင်းက သူ့ဦးနှောက်တွင် ပြဿနာရှိနေသည်လားဟု ကြည့်လိုက်ကြသည်။ လီကျွင်းက အကြောင်းအရင်းကို ချက်ချင်းသိသွားလေသည်။

နှစ်ယောက်လုံးက လေထုမှ ထွက်သွားလုမတတ် ဟိုးအပေါ်ဘက်တွင် တိုက်ခိုက်နေကြခြင်း ဖြစ်ရာ သူတို့လို သေမျိုးများအတွက် ကောင်းကောင်းမြင်ရမည် မဟုတ်ပေ။ ထို့အပြင် သူတို့တိုက်ပွဲမှ အားလှိုင်းများက ဒီနေရာရှိ လူအများစုကို သတ်ပစ်ဖို့ လုံလောက်ပေသည်။

လီကျွင်းက စိတ်ဓာတ်ကျသွားပြီး မေးလိုက်သည်  “မွေးရာပါ ဓားအရိုးဆိုတာ ဘာကြီးလဲ”

ဝမ်ဝေ့က ရှင်းပြလိုက်သည်  “မွေးရာပါ ဓားအရိုးဆိုတာက တစ်ယောက်ယောက်က ဓားတာအိုကို ကျင့်ကြံဖို့ ပါရမီထူးနဲ့ မွေးဖွားလာတာကို ပြောတာ။ အဲဒီပါရမီက အဆင့် ၁၅ သီးသန့်ဓားနှလုံးသားရုပ်ခန္ဓာနဲ့ ယှဉ်လို့ရတယ်။ ပြောရရင် အဲထက်တောင် ပိုသာနေနိုင်တယ် ”

ဝမ်ဝေ့နှင့် သူ့အဖွဲ့သားများက အပျင်းပြေထိုင်စကားပြောနေစဉ် အားလုံးက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ အစိုးရိမ်ဆုံးလူများမှာ ကျန့်ဝူရွှမ်းနှင့် တုံပေါ်တို့ ဖြစ်ကြသည်။ သူတို့ကံတရားက တိုက်ပွဲရလဒ်အပေါ် မူတည်နေသည် မဟုတ်ပါလော။

လူအများစုက တိုက်ပွဲကို အတော်လေးကြာမြင့်လိမ့်မည်ဟု ထင်ထားကြသော်လည်း မှားယွင်းသွားခဲ့သည်။ တိုက်ပွဲက မိနစ်ပိုင်းလေးသာ ကြာမြင့်လိုက်ပြီး အားလုံးက စွမ်းအားကြီး ဓားဆန္ဒကို ခံစားလိုက်မိကြပြီး သူတို့ဘက် မီးတောက်နေသည့် ဥက္ကာပျံတစ်လုံး ကြွေကျလာသည်ကို မြင်လိုက်ရသည်။

လူအများစု မတုံ့ပြန်နိုင်ခင် အသံကျယ်ကြီးက အားလုံးကို ခြုံလွှမ်းသွားလေသည်။ ထို့နောက် မြေကြီးပါ လှုပ်ခါလာသည်။ ဥက္ကာပျံကြီးက သစ်ရွက်ကြွေမြို့နှင့် မနီးမဝေးတွင် ကျရောက်သွားသည်။

ကျဆင်းရာနေရာ၌ မှိုသဏ္ဍာန် ဖုန်တိမ်တိုက်ကြီး ထွက်ပေါ်လာသည်။ သက်ရောက်အားက နေရာအနှံ့ ပျံ့နှံ့သွားပြီး လမ်းကြောင်းရှိ တောင်၊ မြစ်နှင့် တောအုပ်များကို ဖျက်ဆီးပစ်လိုက်သည်။ တိရစ္ဆာန်များစွာလည်း သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွားကြသည်။

လှိုင်းလုံးကြီးတစ်ခုက စိတ်ဝိညာဉ်ခရီးလမ်း ပါဝင်ယှဉ်ပြိုင်သူများရှိရာဆီ ဦးတည်လာသည်။ အကယ်၍ ထိုလှိုင်းသာ သစ်ရွက်ကြွေမြို့ဆီ ရောက်လာလျှင် ပါဝင်ယှဉ်ပြိုင်သူများကို မဆိုထားနှင့် မြို့တစ်မြို့လုံးပင် ချက်ချင်း အမှုန့်ဖြစ်သွားနိုင်သည်။

သို့သော် အစစ်အမှန်အုပ်ချုပ်သူ ယန်းချန် ရှိနေလေရာ ဒီလိုမျိုး ဖြစ်မလာနိုင်ပေ။ တာအိုကာကွယ်သူတစ်ယောက်အနေနှင့် သူက သူ့သခင်လေးကို တိုက်ပွဲ၏ တန်ပြန်အားကြောင့် အဘယ်ကြောင့် သေခိုင်းရမည်နည်း။ ထို့ကြောင့် သူက လက်အသာဝေ့လိုက်သည့်အခါ လှိုင်းလုံးများက ပျောက်ကွယ်သွားသည်။

လှိုင်းလုံးလည်း မရှိတော့သလို အင်အားကြီး စွမ်းအားလည်း မရှိတော့ဘဲ အရာအားလုံးက သာမန်ပြန်ဖြစ်သွားလေသည်။ တကယ်တော့ မြို့ဘက် ဦးတည်နေသည့် လှိုင်းလုံးပဲ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အကုန်လုံး ပျောက်ကွယ်သွားခြင်း ဖြစ်၏။

ဤသည်မှာ အထွတ်အထိပ်နယ်ပယ်အဆင့်၏ စွမ်းအား ဖြစ်ပေသည်။ သူတော်စင်နယ်ပယ်အဆင့်နှင့် နှိုင်းယှဉ်လိုက်လျှင် ကွာခြားချက်က ပုရွက်ဆိတ်နှင့် စကြဝဠာလောက် ဖြစ်နေသည်။ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများက တာအိုနှင့် အနီးကပ်ဆုံး ဖြစ်ကြသည်။

အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က လက်ဝေ့လိုက်ပြီးနောက် ဖုန်တိမ်တိုက်လည်း ငြိမ်ကျသွားသည်။ အလယ်၌ ဂိုဏ်းအကြီးအကဲတုံအာက သွေးအန်လျက်ရှိသည်။ သူ့အဝတ်အစားများက ပိုင်းဖြတ်ရာများနှင့် ပြည့်နေ၏။ သူ့အရေပြားနှင့် သွေးကို ခွဲခြားကြည့်ဖို့ ခက်လှသည်။

သူက ရုန်းကန်ထလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ အဆောင်ကို ထုတ်လိုက်သည်။ သူ့ကျင့်ကြံဆင့်ဖြင့် အသက်သွင်းလိုက်ပြီးနောက် သူနှင့် တုံပေါ်တို့က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူနှင့်အတူ ‌ရောက်လာသည့်သူများကိုတော့ သူ့အနေနှင့် သူတို့၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။

သူ ထွက်သွားပြီးနောက် အသက်ရှိုက်စာအနည်းငယ်အကြာတွင် ကျန့်ယီ ပေါ်လာသည်။

“ ထွက်ပြေးတာကျ မြန်သားပဲ ” ကျန့်ယီက ရေရွတ်လိုက်သည်။ ထို့နောက် သူက တာအိုအခွင့်အလမ်းဂိုဏ်းဆီ သွားကာ လက်နှစ်ဖက်ယှက်ပြီး ဦးညွှတ်လိုက်သည်  “ အစစ်အမှန်အုပ်ချုပ်သူက ဝင်ပါပြီး ကျုပ်တပည့်လေးကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါ့သခင်လေးကို ကာကွယ်ဖို့ လုပ်လိုက်ရုံပဲ ”

“ဘယ်လိုဖြစ်ဖြစ်ပါ ကျုပ်တို့ဘက်က ကျေးဇူးတင်သင့်ပါတယ်” ထိုသို့ပြောပြီးနောက် ကျန့်ယီက ဝမ်ဝေ့ကို ကြည့်လိုက်သည်။

ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဝိညာဉ်လဲ … ဒီကောင်လေးက မရိုးရှင်းဘူးပဲ

“သခင်လေးဝမ်ဝေ့ရဲ့ အဖေကို ကျုပ်တို့ တိုက်ပွဲက မပြီးဆုံးသေးဘူးလို့ ပြောလိုက်ပါ။ ကျုပ် ဒါမှမဟုတ် ကျုပ်တပည့်က အဲဒီနှစ်က အရှက်ရမှုကို ပြန်တုံ့ပြန်ပေးပါ့လိမ့်မယ် ”

ထိုသို့ပြောနေစဉ် ဝမ်ဝေ့က ကျန့်ယီ၏ မျက်လုံးမှ ရှက်ရွံ့မှုနှင့် ဝမ်းနည်းသည့် အရိပ်အယောင်ကို ဖမ်းဆုပ်မိလိုက်သည်။ ဝမ်ဝေ့က အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်  “ စီနီယာကျန့်ယီ … ကျွန်တော် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ပြောလိုက်ပါ့မယ် ”

ကျန့်ယီက ခေါင်းညိတ်လိုက်ပြီးနောက် ကျန့်ဝူရွှမ်းကို သူ့စွမ်းအားဖြင့် ရစ်ပတ်ကာ လေဟာနယ် အက်ကြောင်းကို ခွဲပြီး ဓားရေးစံအိမ်ရှိရာဆီ အရှေ့ပိုင်း နဂါးပြာကုန်းမြေသို့ ထွက်ခွာသွားတော့သည်။

All Chapters