← Chapters

စံထားလောက်သည့် အဖြေ

Vol. 69 Ch. 1022

စံထားလောက်သည့် အဖြေ

Vol. 69 Ch. 1022

" ဟမ်... ရှင်းပြဖို့ လိုသေးလို့လား...."

ထောက်ချိန် ခေါင်းညိမ့်လိုက်ပြီး " လူအများစုရဲ့ အမြင်မှာ ဒီမေးခွန်းနှစ်ခုရဲ့ အဖြေက နှစ်ပုံ တစ်ပုံ ဖြစ်နေတာလေ... "

" ခင်များ စောနက မပြောခဲ့ဖူးဘူးလား... ဒါက ကျိုးကြောင်း ဆက်စပ် တွေးခေါ်မှုကို စစ်ဆေးတဲ့ စမ်းသပ်မှု၊ ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ရောက်ဖို့ ဖြေရမယ့် စာမေးပွဲ... တကယ်လို့ လူအများစုက မှန်အောင် ဖြေနိုင်နေမယ် ဆိုမှတော့ ကျိုးကြောင်း ဆက်စပ်ပြီး ဘာမှ တွေးနေစရာတောင် လိုမှာ မဟုတ်တော့ဘူး... ဒီစမ်းသပ်မှုက အရမ်း ကလေးဆန်လွန်းတယ်..."လင်းရီ ပြောလိုက်၏။

" ဒါကြောင့် ... တကယ်လို့ မင်းက အဖြေကို မသိဘူးဆိုရင်တောင်မှ နှစ်ပုံတစ်ပုံလို့ မရေးသင့်ဘူး..."

လျိုဟုန်နှင့် ချောင်ကျားတုတို့ စိတ်ကျေနပ်စွာဖြင့် ကိုယ်စီ ခေါင်းညိမ့်လိုက်ကြသည်။

အကယ်၍ သူ၏ အအဖြေက မှားယွင်းနေခဲ့လျှင်ပင် ယခု ကောက်နှုတ်ချက် အပေါ် မူတည်၍ သူ၏ အလိုက်သင့် တွေးခေါ်နိုင်စွမ်းမှာ လူအတော် များများထက် သာလွန်နေသည်ဟု အဓိပ္ပာယ်ရပေသည်။

လင်းရီ၏ အဖြေက အခြားသူများကို သတိပြုမိသွားစေခဲ့သည်။

သူတို့ အဖြေရေးတုန်းက တကယ်ကြီး သတိလက်လွတ် ဖြစ်သွားခဲ့ကြတာပဲ....

ထောက်ချိန် ခေါင်းညိမ့်လိုက်၏။ သူ၏ အတွေးသည်လည်း လျိုဟုန် ချောင်ကျားတုတို့နှင့် အတူတူပင်။

" ဒါဆို မင်း ပထမ မေးခွန်းကို အရင် ရှင်းပြရင်ကော ... ဇီ၀ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒုတိယ ကလေးက ယောက်ျားလေး မိန်းကလေး ဖြစ်နိုင်ချေ အလားအလာက အတူတူပဲ... မင်းက ဘာလို့ သုံးပုံ တစ်ပုံဆိုပြီး ပြောတာ.... "

" ဘာကြောင့်လဲဆိုတော့ အခြေအနေက ပေးထားပြီးပြီလေ... ဒုတိယ ကလေးတစ်ယောက်နဲ့ ကျပန်း စုံတွဲ အယောက်တစ်ရာ ၊ ပုံစံ အရဆိုရင် စုံတွဲ ၂၅ ယောက်က ယောက်ျားလေး နှစ်ယောက်ရှိမယ်... ၂၅ ယောက်က မိန်းကလေး နှစ်ယောက် ရှိမယ်... ၂၅ ယောက်က အစ်ကိုတစ်ယောက် ညီမ တစ်ယောက် ရှိမယ်... ပြီးတော့ ကျန်တဲ့ ၂၅ ယောက်က အစ်မ တစ်ယောက် မောင်လေးတစ်ယောက် ရှိမယ်...."

" မေးခွန်းအတိုင်းဆိုရင် သူတို့မှာ ယောက်ျားလေး တစ်ယောက်က ရှိနေပြီးသား... ဒီတော့ မိန်းကလေး နှစ်ယောက်ရှိတဲ့ စုံတွဲတွေကို ဖယ်လိုက်... ကျန်တဲ့ ကလေးတစ်ယောက် ယောက်ျားလေး ဖြစ်နိုင်ချေက သုံးပုံ တစ်ပုံ ဖြစ်သွားပြီ မဟုတ်ဘူးလား...."

လင်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်သည့် ၃၅ ယောက်သည်လည်း စတင် တွေးတောကြတော့သည်။

လူတစ်ချို့က လျင်မြန်စွာဖြင့် သဘောပေါက်သွားကြသော်လည်း ဒုန်းဝေးသည့် လူတစ်ချို့ကတော့ ခေါင်းခြောက်အောင် စဉ်းစားနေကြဆဲ ဖြစ်ကာ ဘာဖြစ်နေလဲဆိုတာ အဖြေရှာ မရ ဖြစ်နေလေသည်။

သို့သော်လည်းပဲ လင်းရီက ရှင်းပြပြီးသည့်တိုင် သူတို့က နားမလည်သေးဘူးဆိုတော့ ဤသည်က သူတို့၏ ဉာဏ်ရည်နှင့် ပတ်သက်၍ ပြဿနာ ရှိနေကြောင်း ညွှန်ပြရာလည်း ရောက်လေသည်။ ထို့ကြောင့် နားလည် သဘောပေါက်ဟန်သာ ဆောင်လိုက်ကြတော့၏။

" ဒီတွက်ချက်တဲ့ နည်းလမ်းက အဆင်ပြေပါတယ်..." ထောက်ချိန် ပြောလိုက်ပြီး " ဒုတိယ မေးခွန်း အတွက်ကကော... "

" အဲ့တာက ပိုပြီးတောင် ရိုးရှင်းသေးတယ်..."လင်းရီ ပြောလိုက်ပြီး " စုစုပေါင်း တံခါး သုံးချပ် .. ဟုတ်လား... အဲ့ သုံးချပ်ထဲ တစ်ချပ်ရဲ့ နောက်မှာ ကားရှိတယ်... ကျန်တဲ့ နှစ်ချပ်ရဲ့ နောက်မှာ ဆိတ်ရှိတယ်... ဒီတော့ ကားကို တွေ့နိုင်မယ့် အလားအလာက သုံးပုံ တစ်ပုံ၊ ဆိတ်ကို တွေ့နိုင်မယ့် အလားအလာက သုံးပုံ နှစ်ပုံ..."

၎င်းကိုကြားတော့ လူတိုင်း ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။ ဤသည်က ပြဿနာ မရှိသည်ကို သူတို့ အားလုံး နားလည်ပေသည်။

" ဒါဆို မင်းက ဆိတ်ရှိနေတဲ့ တံခါးတစ်ချပ်ကို ဖွင့်လိုက်မယ်...ကျန်တဲ့ တံခါး နှစ်ချပ်ထဲ တစ်ချပ်မှာပဲ ဆိတ်က ရှိနေ‌တော့မှာ.....ဒါပေမယ့် အလားအလာက ကိန်းသေ.. ဒီတော့ အဖြေက သုံးပုံ နှစ်ပုံ... ဒါကြောင့်မို့ တံခါး သုံးချပ် ဖွင့်ပြီး ကားကို ရှာတွေ့နိုင်ချေက သုံးပုံ နှစ်ပုံလို့ ပြောတာ..."

" ကောင်းတယ်..."

လျိုဟုန် ချီးမွမ်းလိုက်ပြီး " ကျိုးကြောင်းသင့်တယ်...သက်သေ ခိုင်မာတယ်... မဆိုးဘူး.."

ဤသည်ကို ကြားပြီးနောက် ပါ၀င်သူများသာ သတိပြုမိလာရုံမက ချိုးယွီလော့ပင် လင်းရီကို အမြင်သစ်နှင့် ရှုမြင်လာသည်။

ဒီကောင့်ခေါင်းက ဘာတွေ စားပြီး ကြီးလာခဲ့တာလဲ...

သူ့အတွေးတွေက တကယ်ပဲ ရိုးရှင်းနေတယ်ပေါ့....

ထိုအခိုက်အတန့်တွင် လျိုဟုန် လူတိုင်းရှေ့ ရောက်လာပြီး " အခု... စစ်ဆေးမှု ပြီးဆုံးသွားပြီ... ဒီအတောအတွင်း မင်းတို့ရဲ့ အလုံးစုံ ရလဒ်နှင့် အသက်ပေါ် မူတည်ပြီး ငါတို့ဘက်က ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ရောက်နိုင်မယ့် လူ ၁၂ ယောက်ကို ရွေးထုတ်ပေးသွားမယ်.. ကြိုးစားပေးခဲ့ကြတဲ့ အတွက် ကျေးဇူးပါပဲ... မင်းတို့အခု လူစုခွဲလို့ရပြီ..."

" မေးခွင့်ပြုပါ ခေါင်းဆောင် .... ကျုပ်တို့ရဲ့ တိုက်ရည် ခိုက်ရည် ဘယ်လိုရှိလဲကော မစမ်းသပ်တော့ဘူးလားခင်ဗျ...."ယွမ်ဟောက် မေးမြန်းလိုက်၏။

သူ၏ ယခင် ရလဒ်များပေါ် မူတည်ပြီး တွက်ချက်ကြည့်ရသလောက်တော့ သူ၏ အဆင့်မှာ ၁၃ တွင် ရှိနေလေသည်။

သူ့အဖို့ လူ ၁၂ ယောက် စာရင်းတွင် ၀င်ဖို့ မဖြစ်နိုင်ချေ။ထို့ကြောင့် ဤအချင်းအရာအား လက်ခံရန် ၀န်လေးနေခဲ့၏။

" အင်း... တကယ်တော့ ငါတို့လည်း အစတုန်းက ဒီစစ်ဆေးမှုကို ထည့်သွင်းဖို့ ပြင်ဆင်ထားသေးတယ်... ဒါပေမယ့် ပြန်ဖျက်သိမ်းလိုက်ပြီ "လျိုဟုန် ပြောလိုက်၏။

" ဘာကြောင့်လဲဆိုတော့ မင်းတို့ရဲ့ အခြေအနေကို ကောင်းကောင်းကြီး နားလည်နေလို့ပဲ... မင်းတို့ရဲ့ စံနှုန်းက တူညီလုနီးပါးပဲ... ဒီတော့ စစ်ဆေးနေလို့လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး... ဒီ သုံးရက် စစ်ဆေးမှုက မင်းတို့ရဲ့ အနာဂတ် ဖွံ့ဖြိုးမှုနဲ့ အလားအလာတွေ ဘယ်လောက်ရှိလဲဆိုတာ သိနိုင်တာထက်တောင် ပိုတယ်... ဒါကြောင့်မို့ ဖျက်သိမ်းလိုက်ရတာပဲ..."

လျိုဟုန်၏ အဖြေက ယွမ်ဟောက်ကို ဆွံ့အသွားစေပြီး သူ၏ နောက်ဆုံးသော မျှော်လင့်ချက်လေးကို အစိပ်စိပ် အမြွှာမြွှာ ဖြစ်သွားစေခဲ့သည်။

စိတ်ပျက်လက်ပျက် အမူအရာဖြင့်သာ ဆက်လက် ရပ်နေပြီး စိတ်ထဲတွင်လည်း မခံမရပ်နိုင် ဖြစ်နေခဲ့တော့၏။

" မေးစရာ မရှိတော့ဘူးဆိုရင် တန်းဖြုတ်လို့ရပြီ..."

ပြောပြီးနောက် လျိုဟုန် လင်းရီကို ကြည့်လိုက်ပြီး " ငါနဲ့လိုက်ခဲ့..."

လင်းရီ ခေါင်းညိမ့်၍ လျိုဟုန်နှင့် ကျန်သူများနှင့်အတူ ရုံးခန်းထဲသို့ လိုက်လာလေသည်။

လေ့ကျင့်ရေး ကွင်းပြင်နဲ့ ယှဉ်လျှင် ဤနေရာရှိ လေထုက အများကြီး ပိုသက်တောင့်သက်သာ ဖြစ်နေသည်။

လျိုဟုန် ပြုံးလျက် " ထင်ထားတဲ့အတိုင်း မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး... ကဏ္ဍအားလုံးမှာ မင်းရဲ့ အဆင့်က ပထမပဲ... အခုကစပြီး မင်းက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက် ဖြစ်သွားပြီ..."

" အနာဂတ်အတွက် အစီအစဉ်တွေကျတော့ကော..."လင်းရီ မေးမြန်းလိုက်ပြီး " လေ့ကျင့်ရေး မစ်ရှင်တွေ .. ဒါမှမဟုတ် တစ်ခုခုပေါ့..."

" တကယ်လို့ မစ်ရှင်ရှိရင် ငါတို့ မင်းကို သုံးရက် ကြိုတင် အသိပေးမယ်... မစ်ရှင် လက်ခံပြီးရင် ပြင်ဆင်ဖို့ ဒီမှာပဲ လာစုရမယ်..."လျိုဟုန် ပြောလိုက်၏။

" နားလည်ပါပြီ... "

ကျုံးဝေ့တပ်ဖွဲ့၏ စီစဉ်ပေးမှုကို လင်းရီ အင်မတန် နှစ်ထောင်းအားရ ဖြစ်လျက်ရှိသည်။ မစ်ရှင်ရှိပါက လူစုပြီး မစ်ရှင် မရှိက လူခွဲနေမည်။ အရာအားလုံးက သူ့အကြိုက် ဖြစ်နေတော့၏။

" မင်း အခု သိချင်တာရှိရင် ငါ့ကို မေးလို့ရတယ်..."

လျိုဟုန် လင်းရီကို အမှန်တကယ်လည်း အသိအမှတ်ပြုသည်။ လင်းရီ၏ အနာဂတ်က အကန့်အသတ်မဲ့လိမ့်မည်လို့လည်း သူ့စိတ်ထဲ အာရုံရနေလေသည်။

ကျုံးဝေ့တပ်ဖွဲ့၏ အနာဂတ်က သူနှင့် ၀မ်မြန်တို့၏ လက်ထဲတွင်သာ ရှိနေလိမ့်မည်။

" မရှိဘူး.. အကုန် အဆင်ပြေတယ်.... "

" အင်း... အိုး စကားမစပ် ငါမင်းကို ကြို အသိပေးချင်တာ ရှိတယ်..."လျိုဟုန် ပြောလိုက်ပြီး

" အခုကစပြီး မင်းက အသင်း ၂ ရဲ့ အဖွဲ့သားပဲ... အချိန်ကျလာရင် အသင်းသား အသစ်တွေ ရှိလာလိမ့်မယ်... မင်း သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံတော်ကို အကျိုးပြုဖို့ တိုက်ပွဲရမှတ်တွေ ပိုရအောင် ကြိုးစားရမယ်.... "

" ဟမ်... အသင်း ၂ ...ဟုတ်လား..."

လင်းရီ ခေါင်းတစ်ချက် ငဲ့၍ ချိုးယွီလော့ကို ကြည့်လိုက်ကာ " ကျုပ်က သူနဲ့ တစ်အုပ်စုတည်းပေါ့...."

" မှန်တယ်... သူမက အသင်း ၂ ရဲ့ ခေါင်းဆောင်... သူ့ရဲ့ အရည်အချင်းနဲ့ စံနှုန်းတွေကလည်း မဆိုးပါဘူး... ဗဟို ကာကွယ်ရေး တပ်မှာ ဆိုရင်တောင် ထိပ်တန်း စာရင်း၀င်နိုင်တယ်..."

" အသင်း ပြောင်းလို့ မရဘူးလား... ကျုပ် စိတ်ထဲ သူ့စိတ်ကျန်းမာရေးက သိပ်မကောင်းဘူးထင်တယ်...."

" ဘယ်သူ့ကို စိတ်ဝေဒနာရှင်လို့ လာခေါ်နေတာလဲ.... "

" တော်လောက်ပြီ...."လျိုဟုန် ကျယ်လောင်စွာ ဆိုလိုက်၏။

" မင်းက လူကြီး ဖြစ်နေပြီ... ဒါပေမယ့် နည်းနည်းလေးမှ စိတ်မရှည်ဘူး... မင်းလည်း လင်းရီရဲ့ အခြေအနေကို သိရဲ့သားနဲ့... သူသာ အသင်း ၂ ထဲမှာရှိရင် အနာဂတ်ကျ ကျိန်းသေပေါက် အဓိက အင်အားစု ဖြစ်လာမှာ သေချာတယ်... ၀မ်းမြောက် ၀မ်းသာနဲ့ လက်ခံလိုက်စမ်းပါ... မင်း နင်ချဲ့ကို သွားမေးကြည့်လိုက်... သူ ငါနဲ့ မိတ်ဆွေဖြစ်လာတာ ကြာပြီ ဒီလို အခွင့်အရေးမျိုး ပေးဖူးလားလို့... ဘာပဲဖြစ်ဖြစ် ဒီကိစ္စ အတည်ဖြစ်ပြီ...ပြန်သွားတော့..."

လျိုဟုန်မှ ပြောလာခဲ့ပြီး ဖြစ်သဖြင့် ချိုးယွီလော့လည်း အခြားဘာမှ မပြောနိုင်တော့ချေ။

သူမ လင်းရီကို အရမ်း မကြိုက်သော်လည်း သူ၏ အဆင့်က အင်မတန် မြင့်ကြောင်းကိုတော့ ၀န်ခံရပေမည်။ အသင်း ၂ သို့ ၀င်ရောက်လာခြင်းက သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ကြီးစွာ တိုးတက်စေမည် ဖြစ်၏။

ယခုလို ရေရှည်ကို စဉ်းစားကြည့်ပြီးနောက် ချိုးယွီလော့ မငြင်းဆန်တော့ချေ။

သူမ မောင်လေး အရိုက်နှက် ခံလိုက်ရသည်နှင့် စပ်လျဉ်း၍ကတော့ သူမ တတ်နိုင်တာ ဘာမျှ မရှိတော့ချေ။

လျိုဟုန်၏ ရုံးခန်းထဲမှ ထွက်လာရင်း လင်းရီ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ စမ်းသပ်စစ်ဆေးမှုမှာ ပြီးဆုံးသွားပြီး ဖြစ်သော်လည်း သူ မပြန်နိုင်သေးချေ။

မနက်ဖြန်ခါ၌ Semiconductor ထိပ်သီး အစည်းအဝေးက ရှိနေသေးပြန်သည်။ သူ ရန်ကျင်းတွင် တစ်ရက်နေပြီး တက်ရောက်ရမည် ဖြစ်၏။

တစ်ချိန်တည်းတွင် စမ်းသပ်စစ်ဆေးမှု ပြီးနောက် ကျန်းဟွေ့ ၊ ကော်ချင်းခွန်နှင့် ယွမ်ဟောက်တို့ အတူတကွ စုစည်းပြီး ကားထဲ ဆေးလိပ် သောက်နေကြသည်။

" ဟောက်ဇီ... မင်းအဖို့ ကြည့်ရတာ မျှော်လင့်ချက် သိပ်ရှိမယ့်ပုံ မပေါ်ပါဘူးကွာ..."ကော်ချင်းခွန် ပြောလိုက်ပြီး "သူ့ရဲ့ ပထမနေ့ စမ်းသပ်မှု ရလဒ် ဘယ်လောက်ရှိလဲ ငါမသိဘူး.. ဒါပေမယ့် မဆိုးရွားမှာတော့ သေချာတယ်... ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ဖို့ သေချာပေါက် ပြဿနာ ရှိမှာ မဟုတ်လောက်ဘူး... မင်းတော့ ဒုက္ခရောက်ပြီ..... “

All Chapters