← Chapters

မုန်တိုင်းလာနေပြီ

Vol. 69 Ch. 1023

မုန်တိုင်းလာနေပြီ

Vol. 69 Ch. 1023

" မဖြစ်နိုင်တာ မဟုတ်ဘူး... ဒီတိုင်း ငါတို့မှာ အခွင့်အရေး မရှိသေးတာ..."ယွမ်ဟောက် ပြောလိုက်၏။

ကျန်းဟွေ့ သူ့ကို ကြည့်လာသည်။

" မင်း ကြည့်ရတာ မနေ့တုန်းကထက် ပိုတည်ငြိမ် နေသလိုပဲ... မင်း လက်လျော့လိုက်ပြီလား...."

" မလျော့ဘူး... ငါ့မှာ အခွင့်အရေး ရှိသေးတယ်...."

ကျန်းဟွေ့နှင့် ကော်ချင်းခွန်တို့ ယွမ်ဟောက်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး " ဘယ်လိုမျိုးလဲ... မင်းအဖေက ကူစဉ်းစားပေးလိုက်ပြီတဲ့လား...."

"ဘယ်လိုဖြစ်နိုင်မှာ..."ယွမ်ဟောက် စီးကရက် တစ်လိပ် ထပ်ဆွဲ မီးညှိရင်း " မင်းတို့ကောင်တွေလည်း ငါ့မိသားစုအကြောင်း သေချာသိပါတယ်... ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ငါတို့ရဲ့ လွှမ်းမိုးမှုက မသက်ရောက်ဘူးလေ.... "

" ဒါဆို မင်း စဉ်းစားမိတဲ့ နည်းလမ်းက ဘာလဲ...မင်း လင်းရီကို သွားတိုက်ခိုက်မယ်လို့တော့ ငါ့လာ မပြောနဲ့နော်...."ကျန်း ဟွေ့ ပြောလိုက်ပြီး " ငါကြိုပြောမယ်... လင်းရီက စစ်ဆေးမှု အားလုံးမှာ နံပါတ်တစ်ကွ... သူ့ရဲ့ ခွန်အားက လုံး၀ မဆိုးဘူး... တကယ်လို့ မင်း သွားစိန်ခေါ်ရင် သူ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး... ဒါကြောင့်မို့ မင်း ငပိန်း အလုပ်တွေ ‌လျှောက်မလုပ်ဖို့ အကြံပေးလိုက်မယ်..."

ကောင်ချင်းခွန်လည်း ခေါင်းညိမ့်လိုက်သည်။ “ သူက တော်တော်လေးကို သန်မာတယ်… မင်းဘာမင်းဆို ဖြစ်မှာ မဟုတ်ဘူး…. လက်လျော့လိုက်ပါတော့ကွာ…”

နှစ်ယောက်လုံးထံ၌ ကိုယ်စီ အတွေးများ ရှိနေကြသည်။ သူတို့၏ အမြင်တွင်တော့ ယွမ်ဟောက်နှင့် လင်းရီ၏ တစ်ဦးချင်း စိန်ခေါ်ပွဲတွင် ရလဒ်မှာ သိသာ ထင်ရှားပြီးဖြစ်၏။

နှစ်ယောက် တစ်ယောက် ၊ သို့မဟုတ် သုံးယောက် တစ်ယောက် မဟုတ်သရွေ့ ထိုငနဲအား အနိုင်ယူရန် မည်သို့မျှ မဖြစ်နိုင်ချေ။

အကယ်၍ ယွမ်ဟောက်မှ သူတို့နှစ်ယောက်ကို ဤတစ်ကြိမ် ဖိတ်ခေါ်လာမည် ဆိုပါက သူတို့ သေချာပေါက် လှုပ်ရှားရပေမည်။

သုံးယောက်သား ရင်းနှီးလာသည်မှာ ငါးနှစ် ခြောက်နှစ် ရှိနေပြီး ကောင်းမွန်သည့် ပတ်သက်မှုတို့ ရှိထား၏။

သူတို့၏ လက်ရှိ ရလဒ်ပေါ် အခြေခံ၍ သူတို့အဖို့ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ရန်က ပြဿနာ လုံးဝ မရှိချေ။ အမှန်ဆို ယခုလို တစ်ပါးသူ၏ အရေးတွင် ဝင်စွက်ဖက်ရန်ပင် မလိုချေ။

သို့သော်လည်းပဲ သူတို့ချင်းက အရမ်းရင်းနှီးနေခဲ့သောကြောင့် အကယ်၍ ယွမ်ဟောက်သာ ဖိတ်ခေါ်လာမည်ဆိုပါက တစ်ဖက်သူကို မည်သို့ ငြင်းဆန်ရမည်မှန်း မသိတော့ချေ။

ထို့ကြောင့် ထိုသို့သော အကြံဉာဏ်မျိုးကို ဦးစွာ ပိတ်ပင်ထားခြင်း ဖြစ်လေသည်။

“ မပူနဲ့… ငါသူနဲ့ တစ်ယောက်ချင်း သွားစိန်ခေါ်ရလောက်တဲ့အထိ မတုံးသေးပါဘူး…”

“ မင်း အကူအညီ ရထားတာလား…”

“ အဲ့လိုပဲ ဆိုပါတော့…” ယွမ်ဟောက် ပြုံးလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ငါလည်း မနေ့ကမှ တွေ့တာ… လင်းရီ ရာဇဝတ်မှု ကျူးလွန်ထားတယ်ကွ… ပြီးတော့ အဲ့တာက အကြီးကြီးပဲ…”

ထိုစကားကြားတော့ နှစ်ယောက်လုံး စိတ်ဝင်စား သွားခဲ့ကြ၏။ “ မြန်မြန် ပြောပြစမ်းပါ… ဘာဖြစ်တာလဲတဲ့…”

“ ရှေ့ သုံးညလောက်တုန်းက… ရန်ကျင်းရဲ့ OT ဘားမှာ… မင်းတို့ အဲ့နေရာကို သိပါတယ်… အဲ့မှာ အကြီးကြီး ဖြစ်ပျက်သွားခဲ့တာ… ရန်ကျင်းရဲ့ သခင်လေး လေးယောက်တောင် အဲ့ကောင် ရိုက်နှက်တာ ခံလိုက်ရတယ်… ဒီအရေးက တကယ့် ကိစ္စကြီးပဲ… ဒါပေမယ့် ချက်ချင်း ဆိုသလို အဖိနှိပ်ခံလိုက်ရပြီး မပျံ့နှံ့သွားခဲ့ဘူး… ဒါကြောင့်မို့ လူတွေက ဒီအကြောင်း မသိကြတာ….”

“ သောက်ပဲ… အဲ့တာ အတည်ကြီးလား.. သူ တကယ်ကြီး ရန်ကျင်းရဲ့ သခင်လေး လေးယောက်လုံးကို ရိုက်နှက်လိုက်တယ်.. ဟုတ်လား… အဲ့ကောင် အသက်ရှင်ရတာ ပင်ပန်းနေလို့လားတဲ့….”

ကျန်းဟွေ့နှင့် ကော်ချင်းခွန်တို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

ဤသတင်းက သူတို့အတွက် အက်တမ်ဗုံးလောက်ကြီးကို ပြင်းအား ရှိနေသည်။ ယုံကြည်ရက်နိုင်စရာပင် မရှိချေ။

“ သူ တကယ်လုပ်ခဲ့တာ… ငါကြားတာတော့ ရန်ကျင်းရဲ့ လူငယ် သခင်လေး လေးယောက်စလုံး မေ့တဲ့သူမေ့ .. အရိုးကျိုးတဲ့သူ ကျိုးနဲ့ .. အားလုံး ဆေးရုံတက်လိုက်ရတယ် ဆိုပဲ… အဲ့ကောင် တော်တော် ကြမ်းကြမ်းကြီးကို ရိုက်ခဲ့တာ နေမှာ….”

“ ဒါကြီးကတော့ မဟုတ်သေးပါဘူးကွ…”

ကော်ချင်းခွန် ပြောလိုက်ပြီး “ တကယ်လို့ အဲ့လို ဖြစ်တယ်ဆိုရင် တခြားသူတွေကို မပြောသေးနဲ့ဦး… သခင်လေး လေးယောက်ရဲ့ မိသားစုဝင်တွေကတင် အဲ့ကောင်ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး… ဟုတ်တယ်မလား…. အဲ့လိုဆိုရင် သူဘယ်လို လုပ်ပြီး ဒီလိုမျိုး စမ်းသပ်မှုကို လာပြိုင်နေနိုင်မှာလဲ….”

“ ကော်ကြီးပြောတာ မှန်တယ်… သူ သခင်လေး လေးယောက်လုံးကို ဆိုးဆိုးရွားရွားကြီး အပြစ်ပြုခဲ့မိတာပဲ ဖြစ်ရမယ်…”

“ ငါလည်း သေချာတော့ မသိဘူး… ဒိတ်ဒိတ်ကျဲကြီး တစ်ယောက် ပေါ်လာပြီး လင်းရီကို ကာကွယ်ပေးသွားခဲ့တယ်လို့ပဲ ကြားမိတယ်… အဲ့တာကြောင့် ငနဲက ခုထိ အဆင်ပြေနေတာပေါ့…”

“ မဖြစ်နိုင်တာ… မိသားစု လေးခုက ရန်ကျင်းမှာ အထင်ကြီးဖို့ ကောင်းနေပြီးသားလေ… ဘယ်သူက သူတို့ကို ဖိနှိပ်နိုင်တဲ့ အရည်အချင်း ရှိမှာလဲ…. ပြီးတော့ မျက်မြင်သက်သေတွေလည်း အများကြီး ရှိနေတာကို… ဒါကြီးကတော့ လုံးဝ မဖြစ်နိုင်ဘူး ငါ့ကောင်….” ကျန်းဟွေ့ ပြောလိုက်သည်။

“ လုံးဝ အဖိနှိပ်ခံလိုက်ရတယ်လို့ ငါမပြောပါဘူး…. ဒီကိစ္စ သိလိုက်ရဖို့ ငါ တော်တော်လေး ဈေးပေးလိုက်ရတယ်…”

“ ငါ နားလည်ပြီ…” ကျန်းဟွေ့ ပြောလိုက်၏။

“ ဒီရက်ပိုင်း လေ့ကျင့်တာနဲ့ အလုပ်များနေတဲ့ ပြင်ပ လောကကို ခဏလေး အာရုံ မထားမိလိုက်တာ… ရန်ကျင်းက ပြောင်းလဲလုနီးပါး ဖြစ်သွားလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး….”

“ ဒါဆို မင်းပြောတဲ့ အကူအညီပေးမယ့်သူတွေကကော… အဲ့လူတွေနဲ့ ဆက်စပ်နေတာလား…” ကော် ချင်းခွန် မေးလိုက်ပြီး “ ဒီကိစ္စက အဖိနှိပ် ခံလိုက်ရပြီဆိုတော့ တည်ငြိမ်သွားပြီလို့ ပြောလို့ရပြီ မဟုတ်လား…”

“ မိသားစုထဲက လူကြီးတွေကတော့ ဒီကိစ္စကို လက်လျော့လိုက်ပြီ… ဒါပမယ့် တစ်စုံတစ်ယောက်ကတော့ ခုထိ အလျှော့မပေးသေးဘူး… သူတို့က လင်းရီကို လက်စားချေဖို့ တိတ်တိတ်လေး သတ်ဖြတ်ချင်နေကြတာ….”

“ မင်း စကား အသုံးအနှုန်းတွေက ဘာလို့ အဲ့လောက်တောင် ကြမ်းတမ်းနေတာတုန်းဟ….”

“ ဘာကြောင့်လဲဆိုတော့… ရန်ကျင်းရဲ့ ဒုတိယ မျိုးဆက် ဆက်ခံသူတွေနဲ့ ကျိုးဟိုင်ရဲ့ ဒုတိယမျိုးဆက် ဆက်ခံသူတွေကြားမှာ ဘယ်တော့မှ အစေး မကပ်ကြဘူးလေ… ပြီးတော့ ဒီကိစ္စက ကျိုးဟိုင်ထိတောင် ပျံ့နှံ့ပြီးသွားခဲ့ပြီ… ရန်ကျင်းရဲ့ လူငယ်သခင်လေးတွေက သူတို့ မျက်လုံးထဲမှာ လှောင်ရယ်စရာ ဖြစ်လာမှာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာ….

သူတို့ မျက်နှာ ပျက်လို့ မဖြစ်ဘူးလေ… ဒီတော့ သူတို့ အရှုံးပေးဦးမှာ မဟုတ်ဘူး….”

ကျန်းဟွေ့နှင့် ကော်ချင်းခွန်တို့ အချင်းချင်း ကြည့်၍ ခေါင်းညိမ့်လိုက်ကြသည်။ “ ဒါဆို ဒီကိစ္စကို ဦးဆောင်မယ့်သူက ရန်ကျင်း သခင်လေး လေးယောက်လား….”

“ မဟုတ်ဘူး… အဲ့တာ ဟန်ရန်ပင်း…”

“ သူလား….”

ကျန်းဟွေ့ သူ့ပေါင်ကို ဖြန်းကနဲ ရိုက်လိုက်ပြီး “ ငါ အခု မှတ်မိပြီ… ငါတို့ တစ်ခါ တွေ့ဖူးသေးတယ်… သူလည်း ဒီစမ်းသပ်ပွဲမှာ လာပြီး ယှဉ်ပြိုင်မယ့်သူပဲ… ကြည့်ရတာ လင်းရီ ကြောင့် မလာနိုင်လိုက်ဘူးထင်တယ်…”

“ ငါလည်း ဟန်ရန်ပင်းရဲ့ ခွန်အား အကြောင်း နည်းနည်း သိတယ်… သူ့ လယ်ဗယ်က ငါနဲ့ တန်းတူ နီးပါးပဲ… တကယ်လို့ သူသာ ဒီလာခဲ့နိုင်မယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ဖို့ ကျိန်းသေပေါက် ပြဿနာ ရှိမှာ မဟုတ်ဘူး…” ကော်ချင်းခွန် ပြောလိုက်၏။

“ ဒါကြောင့်မို့ သူ အခဲမကျေ ဖြစ်နေတာပေါ့… လင်းရီရဲ့ လုပ်ရပ်က သူ့အနာဂတ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတာကိုး….”

နှစ်ယောက်သား ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်နိုင်ခြင်းက ဘာကိုဆိုလိုလဲဆိုတာ နားလည်ပေသည်။

စမ်းသပ်ပွဲ ရလဒ်က သူတို့၏ အနာဂတ်အပေါ် အများကြီး သက်ရောက်သွားမည်ဖြစ်ပြီး ဟန်ရန်ပင်း ဒေါသဖြစ်လည်း ဖြစ်ချင်စရာပင်။

“ ဒါပေမယ့် သူ့မိသားစုက ဒီကိစ္စ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ပြီးပြီ မဟုတ်ဘူးလား… တကယ်လို့ သူက လက်လွှတ်ဖို့ ငြင်းဆန်နေဦးမယ်ဆို သူ့မိသားစုက ဘာမှ ကူညီမှာ မဟုတ်လောက်တော့ဘူး… ဟုတ်တယ်မလား…”

“ အဲ့လိုပဲ ဖြစ်မယ်…” ယွမ်ဟောက် ပြောလိုက်သည်။

“ ငါ မနေ့က ငါ့ညီမကတဆင့် တစ်ယောက်နဲ့ တွေခဲ့တယ်… သူလည်း အရိုက်ခံလိုက်ရတဲ့ လူတွေထဲက တစ်ယောက်ပဲ… သူက ဟန်ရန်ပင်းနဲ့ အတူ အလုပ်လုပ်တော့မှာ… “ ယွမ် ဟောက် ဆေးလိပ်ပြာကို ခါတောက်ရင်း ပြောလိုက်ပြီး “ ငါ မြင်မိသလောက်တော့ အဲ့ကောင်နဲ့ တိုက်ခိုက်ဖို့ တစ်စုံတစ်ယောက်ကို လျှို့ဝှက် ပြင်ဆင်ထားတဲ့ပုံပဲ… အနည်းဆုံးတော့ သူတို့က ခြေထောက်တွေ ချိုးချင်ကြမှာပဲလေ….”

“ ဒီကောင်တွေက တယ်လည်း မဆင်မခြင် နိုင်လွန်းတယ်… အဲ့ကောင်တွေနဲ့ ယှဉ်ရင် ငါတို့က ဘာမှကို မဟုတ်သေးဘူးပဲ…” ကျန်းဟွေ့ သက်ပြင်းချလိုက်သည်။

“ ဘာပဲ ဖြစ်ဖြစ် ငါတို့ရဲ့ အနာဂတ် လမ်းကြောင်းတွေက မတူညီတော့ဘူးလေ…အဲ့ကောင်တွေနဲ့ သွားယှဉ်စရာ ဘာသောက်ကြောင်းမှ မရှိဘူး…” ကော်ချင်းခွန် အသံ ထွက်လာခဲ့၏။

“ ဒါဆို မင်းက စောင့်ဖို့ စီစဉ်ထားတယ်ပေါ့…. အဲ့ကောင်တွေ လင်းရီကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီးတဲ့ အထိ စောင့်မယ်… ပြီးမှ အဲ့ဒီ အခွင့်အရေးကို အသုံးချပြီး စာရင်း ဝင်နိုင်အောင် လုပ်မယ် … အဲ့လိုလား…”

“ ဟုတ်တယ်… ဒါ ငါ့ရဲ့ တစ်ခု တည်းသော အခွင့်အရေးပဲ….” ယွမ်ဟော်က ပြောလိုက်ပြီး “ ဒါကြောင့်မို့ ငါ မျက်ခြေ မပြတ် စောင့်ကြည့်နေတာ….”

“ မင်းကတော့ ဒီလိုမျိုးနဲ့ လာကြုံရလောက်အောင် ကံကောင်းတဲ့ ကောင်ပဲကွ… “ ကျန်းဟွေ့ ရယ်မော ပြောဆိုလိုက်သည်။

“ ဘယ်တတ်နိုင်မှာ… သူကိုက တောင်းဆိုနေတာလေ… သူများကို အပြစ်လာတင်လို့ ဘယ်ရမှာလဲ…”

“ ဒါဆို ဘာစောင့်နေဦးမှာ… ဒီည သွားသောက်ပြီး အောင်ပွဲခံကြစို့… အနာဂတ်ကြရင် ငါတို့သုံးယောက် အတူ ပြန်လှုပ်ရှားနိုင်ပြီ…”

“ သွားစို့… ဒီနေ့ ငါ တိုက်မယ်….”

……….

အခြားတစ်ဖက်တွင်တော့ နောက်ဆက်တွဲ ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်သူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

ယခင်အတိုင်း ချင်ရန်လင်း ကားမောင်းလာ၍ ချိုးယွီလော့ ထွက်လာမည်ကို စောင့်ကြိုနေသည်။

“ စစ်ဆေးပွဲက ပြီးပြီမလား… ငါ မီချယ်လင်း ကြယ်သုံးပွင့် ဆိုင်မှာ ဘွတ်ကင်ပေးထားတယ်…”

ချိုးယွီလော့ ခေါင်းညိမ့်ပြီး ချင်ရန်လင်း၏ ကားထဲ ဝင်သွားလိုက်သည်။

သို့သော်လည်း ချိုးယွီလော့၏ အကြည့်များက ပြတင်းပေါက် အပြင်ဘက်သို့သာ ငေးမောရင်း လင်းရီ အကြောင်းကို အတွေးနက်နေလျက် ရှိလေသည်။

ကမ္ဘာပေါ်၌ ထိုမျှ မကောင်းဆိုးရွားဆန်သူမျိုး တည်ရှိနေသေးသည်ဆိုတာကို သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။ ထိုသူက အမှန်တကယ်ကို ဝမ်မြန်ထက်ပင် သန်မာအားကောင်း နေခဲ့၏။

သူ၏ ပါရမီနှင့် ဆိုပါက အသင်းခေါင်းဆောင် ရာထူးအဆင့်သို့ ရောက်ရှိဖို့ရာ ကြာညောင်းလိမ့်မည် မဟုတ်ချေ။ ဝမ်မြန်ပင် သူ၏ ဘက်လူ မဖြစ်နိုင်သည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

“ ယွီလော့... မင်း ကားထဲ ဝင်ကတည်းက မျက်နှာကြီး သုန်မှုန်နေတာပဲနော်… ဘာတွေ စဉ်းစားနေတာ… ဒါနဲ့ …. မင်း ဟိုကောင်ကိုကော နှင်ထုတ်လိုက်သေးလား…”

All Chapters