ငါ ဘယ်သူ့ကိုမှ လက်မလွှတ်နိုင်ဘူး
Vol. 69 Ch. 1025
“ အလှလေးလျန်က ငါ့အတွက် ဘောင်းဘီ လိပ်ပေးတယ်ဆိုတော့ ဒီက ရှက်တောင် ရှက်သွားပြီ…”
လင်းရီ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ နင်သာ အဲ့လောက် မျက်နှာပါးနေရင် လူရှေ့သူရှေ့ ဘာလို့ ဝက်ကို နို့ဘူးတိုက်နေလဲ… ငါဖြင့် နင့်အစား ရှက်လွန်းလို့….” “ ဒီနှစ်ခုကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာတုန်းဟ…. နှစ်ခုက မတူတဲ့ ကိစ္စတွေလေ….”
နင်နဲ့ စကားကောင်း ပြောလို့ကို မရဘူး…”
လင်းရီ၏ ဘောင်းဘီကို သေချာ သပ်ရပ်အောင် ပြုလုပ်ပေးပြီးနောက် လျန်ရူရွှယ် မတ်တပ်ပြန်ရပ်လိုက်၏။
“ ငါတော့ တော်တော်လေး ကြည့်လို့ကောင်းတယ် ထင်တာပဲ…. မှန်ထဲ ကြည့်ကြည့်လိုက်… ဟုတ်တယ်နော်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါလည်း အဲ့လို ထင်တယ်…. မင်း အမြင်က မဆိုးဘူးပဲ….”
“ ဒါပေါ့… ဘယ်သူ ရွေးပေးတာမို့လို့….”
လျန်ရူရွှယ်မှာ အနည်းငယ် ဘဝင်မြင့်နေပြီး သူမ၏ အတွေးများကိုလည်း ဖုံးကွယ်ခြင်း အလျင်း မရှိချေ။
“ ဒီမှာစောင့်နေ… ငါ ပိုက်ဆံ သွားချေလိုက်ဦးမယ်…”
လင်းရီကတော့ နေရာ၌သာ ရပ်နေပြီး ပိုက်ဆံ ပေးမည့် ရည်ရွယ်ချက် လုံးဝမရှိချေ။
လျန်ရူရွှယ်၏ ကြွယ်ဝမှုဖြင့် ဆိုပါက ဤငွေ ပမာဏလောက်လေးမှာ ဘာမျှ မဆိုသာချေ။
သူမ အဝတ်စား ဝယ်ပြီးတဲ့ အချိန်လည်း ရောက်ရော ကောင်းကင်မှာ မှောင်ရီပျိုးနေပြီး ဖြစ်၏။
လျန်ရူရွှယ် လင်းရီကို မထင်မရှား ဆိုင်လေး တစ်ခုအတွင်းသို့ ဆွဲသွင်းသွားလိုက်၏။ သူတို့ အထဲမဝင်ခင် မွှေးပျံ့သည့် အသားရနံ့များကို ရှူရှိုက်မိလိုက်လေသည်။
“ ဟော့ပေါ့လား…..”
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်သည်။ “ ရန်ကျင်း ဟော့ပေါ့က ကျိုးဟိုင်နဲ့ မတူဘူး… ပတ်ဝန်းကျင်က သိပ်မကောင်းဘူးဆိုပေမယ့် အရသာကတော့ တကယ်ကို ရှိလွန်းတယ်… နင် မြည်းစမ်းကြည့်ဖို့ ခေါ်သွားပေးမယ်လေ….”
“ အင်း... ဒီရာသီဥတုနဲ့ဆို ဟော့ပေါ့က လုံးဝ လိုက်ဖက်တယ်…”
နှစ်ယောက်သား ဆိုင်ထဲသို့ အတူတကွ ဝင်ရောက်လိုက်ကြ၏။
ထိုအချင်းအရာပြီးနောက် ချက်ချင်းဆိုသလိုပဲ… တိုရိုတာ အယ်ဖရတ် ကားတစ်စီး ဆိုင်ရှေ့သို့ ထိုးရပ်လာသည်။ သို့သော်လည်း မည်သူကမျှ ကားထဲ ထွက်မလာခဲ့ချေ။ ကား၏ သွင်ပြင်က ခမ်းနား၏။ သို့သော်လည်း အထဲ ရှိနေကြသည့် လူအပေါင်းကတော့ သနားစရာ သွင်ပြင်လေးများ ဖြစ်နေခဲ့ကြသည်။
နှစ်ယောက်မှာ ဆေး ပလာစတာများ ၊ ကျောက်ပတ်တီးများ စီးထားကြပြီး အပြင်း စားဝေဒနာ ရရှိပြီးနောက် ပြန်သက်သာစပြုနေသည့် လူနာများနှင့်ပင် ဆင်တူနေခဲ့ကြသေးသည်။
ထိုအနက် တစ်ယောက်မှာတော့ ဟန်ရန်ပင်းဖြစ်၏။
“ ညီကိုဟန်… မင်းဘယ်လို နေလဲ… မင်းက ငါတို့ထဲ ဒဏ်ရာ အပြင်းဆုံး လူနော်… မင်း ဂရုစိုက်မှရမှာ….”
ပြောလိုက်သူကတော့ နောက်ခုံတွင် ထိုင်နေသည့်လူ တစ်ယောက်ဖြစ်သည်။ သူ့ နာမည်က ကျောက်ကျိန်းယွီ။ သူသည်လည်း OT ဘား ရန်ပွဲ၌ ပါဝင်သူ တစ်ဦး ဖြစ်လေသည်။
သို့သော်လည်း သူ၏ အခြေအနေကတော့ ကောင်းကောင်းမွန်မွန် ရှိနေသေး၏။ သူရရှိလိုက်သည့် ဒဏ်ရာက သိပ်ပြီး ပြင်းထန်နေခြင်း မရှိခဲ့ချေ။
သူတို့နှစ်ယောက်အပြင် အခြားလူ နှစ်ယောက်လည်း ကားထဲ ရှိနေကြလေသည်။ အားလုံးက လင်းရီကို ယနေ့ညတွင် အတူတကွ တိုက်ခိုက်ကြမည့် သူများ ဖြစ်၏။
သို့သော်လည်း ကားထဲရှိနေသည်မှာ လေးယောက်တည်းသာမဟုတ်။ ဟန်ရန်ပင်း၏ ဘေးတွင် အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ဦး ထိုင်နေခဲ့၏။
ထိုလူ၏ အမည်ကတော့ လီစစ်ချန်။ သူ၏ ကိုယ်ထည်မှာ ပိန်ပါးပြီး ပြူးကျယ်သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလေသည်။ မေးရိုးကြီးများမှာလည်း သိသိသာသာ ထင်ရှားနေပြီး မေးတွင်လည်း မုတ်ဆိတ်ကျင်စွယ်တို့ ကျိုးတို့ကျဲတဲ ပေါက်ရောက်နေသည်။ တော်ဝင်ဆန်သည့် ဟန်ရန်ပင်းနှင့် နှိုင်းယှဉ်ပါက ထိုသူသည် အခြား ကမ္ဘာမှ ရောက်ရှိလားသူ တစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။
“ ညီကို ချန်… ငါ့ဘက်ကတော့ အသေးစိတ်ပြောပြီးသွားပြီ…. ငါ မင်းကို ကိုင်တွယ်စေချင်တဲ့ သူကတော့ ခုလေးတင် ဆိုင်ထဲ ဝင်သွားတဲ့ကောင်ပဲ…” ဟန်ရန်ပင်း ပြောလိုက်၏။
“ ဒါပေမယ့် မင်း သေချာ မှတ်ထားရမှာက သူ့ဘေးက အမျိုးသမီးကိုတော့ လုံးဝ သွားထိလို့ မရဘူးဆိုတာပဲ… တကယ်လို့ သူတို့ နှစ်ယောက် အတူရှိနေတယ်ဆိုရင် အဲ့ကောင်ကို ခဏ လွှတ်ထားလိုက်…. သူ တစ်ယောက်တည်း မဖြစ်မချင်း မတိုက်ခိုက်သေးနဲ့ဦး…”
ဟန်ရန်ပင်းမှာ လျန်ရူရွှယ်၏ အထောက်အထားနှင့် ပတ်သက်၍ အလွန်အမင်း သတိထားလျက်ရှိသည်။
လျန်မိသားစုမှာ နဂိုကတည်းကပင် တန်ခိုးထွားနေခဲ့ပြီး ရှန်းရှုရီ၏ ပံ့ပိုးပေးမှုကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက လျန်မိသားစု၏ ခွန်အားမှာ ရန်ကျင်း၌ မည်သူမျှ လျှစ်လျူမရှုထားနိုင်လောက်သည့် အနေအထားသို့ အလိုအလျောက် ရောက်ရှိနေတော့၏။
လင်းရီကို ကိုင်တွယ်ရင်း လျန်ရူရွှယ်ကို မတော်တဆ ထိခိုက်မှု ဖြစ်သွားစေသည်ထက် သူ ဘာမျှ မလုပ်ပဲ နေပစ်လိုက်ပေမည်။
ထို့ပြင် ဟန်ရန်ပင်း အဘယ်ကြောင့် လီစစ်ချန်အား အကူအညီတောင်းလဲ ဆိုသည်နှင့် ပတ်သက်၍ အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။
လီစစ်ချန်သည်က လူသတ်မှု အများအပြားကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ၏ နည်းလမ်းများက ပြောင်မြောက်လွန်းလှကာ မကြာခဏ ဆိုသလို တခြားသူများအပေါ်သို့ ပုံချလေ့ရှိ၏။
ရဲအရာရှိများက သူ့ကို ဖမ်းဆီးချင်ပါသော်လည်း သက်သေ သက်ကာရက မလုံမလောက် ဖြစ်နေသောကြောင့် ရလဒ် အနေဖြင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အပြင်ဘဝ၌ ကောင်းကောင်းမွန်မွန် အသက်ရှင် နေနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ်၌ ဟန်ရန်ပင်း တစ်စုံတစ်ယောက်အား ငှားရမ်းခိုင်းပြီး လင်းရီကို ဒုက္ခိတ ဖြစ်အောင် ပြုလုပ်စေချင်သည်။
“ ပြဿနာ မရှိဘူး… မင်း ငွေတော့ တစ်ခါတည်း ယူလာခဲ့တယ်မလား…” လီစစ်ချန် ပြောလိုက်ပြီး “ ကြားလူကနေ ငါ ကြေးဘယ်လောက်ယူလဲ မင်းသိပြီးရောပေါ့… ခြေထောက်တစ်ချောင်းကို ယွမ် ငါးသိန်း… ကိစ္စပြီးရင် ငါ့ဆီ ငွေနဲ့ အတူ လာယူလှည့်…”
“ နောက်ပြီး ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိသေးတယ်… တကယ်လို့ အခြေအနေက ထင်သလို ဖြစ်မလာဘူးဆိုရင် ငါ့ဖို့ ထွက်ပေါက် တစ်ခု ဖန်တီးပေးထားဖို့လည်း လိုမယ်…” လီစစ်ချန် အသံကို နိမ့်ပြီး ပြောလိုက်သည်။
“ အဲ့တာလည်း ပြဿနာ မရှိဘူး… ဟန်မိသားစုရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် အသာလေး လုပ်ပေးလိုက်လို့ရတယ်…”
“ ကောင်းပြီ…”
ဟန်ရန်ပင်း ပြတင်းပေါက်ဘက်ကို မေးငေါ့ပြလိုက်ပြီး “ မင်း အဲ့ နစ်ရှန် အနက်ရောင်ကို မြင်တယ်မလား… အဲ့ကားက ငါ့သူငယ်ချင်းရဲ့ကားပဲ… တကယ်လို့ မင်း အဆင်သင့်ဖြစ်ပြီဆိုရင် အဲ့ကားကို မောင်းသွားလိုက်… “
လီစစ်ချန် အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး ဘလက်ဘောက်ကို ယူ၍ ကားထဲမှ ထွက်ခွာသွားတော့သည်။
မိနစ် အနည်းငယ် အတွင်း နစ်ရှန် ကားပိုင်ဆိုင်ရှင်မှာ တိုရိုတာ အဲဖရတ်ဆီသို့ ပြန်လာခဲ့၏။
“ ညီကို ပင်း… မင်း စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီးသွားပြီလား…. ဘာပြဿနာမှတော့ မရှိဘူး မလား…”
“ လီစစ်ချန်က ငါတို့ကောင်တွေနဲ့ မတူဘူး… သူက တကယ်ကြီး လူသတ်ဖူးတယ်… သူကိုယ်တိုင် လင်းရီကို ကိုင်တွယ်မှာဆိုတော့ ဘာမှ မမှားယွင်းနိုင်လောက်ပါဘူး….”ဟန်ရန်ပင်း ပြောလိုက်ပြီး “ အေး… တစ်ခု စိုးရိမ်ရမှာ အဲ့ လျန်ရူရွှယ်က အမြဲတမ်း လင်းရီ ဘေးနား ရှိနေမှာလား ဆိုတာပဲ… ဒါကြီးက နည်းနည်းတော့ ဒုက္ခများတယ်…. သူတို့ ဘယ်အချိန်မှ လူခွဲကြမလဲ ငါလည်း မပြောတတ်ဘူး…”
“ ပုံစံကြည့်ရတာတော့ သူတို့ ဒီည ဟိုတယ် သွားကြမယ်နဲ့ တူတယ်… လှုပ်ရှားဖို့ အခွင့်အရေး ရှိပါ့မလား ပြောဖို့ ခက်တယ်….”
“ သူတို့ ဟိုတယ်သွားကြလည်း ငါတို့ တတ်နိုင်တာ မရှိဘူး… အေးဆေးပေါ့… အခွင့်အရေး ရှိလာမှာပါ….”
တစ်ချိန်တည်းတွင် လင်းရီနှင့် လျန်ရူရွှယ်တို့၏ အော်ဒါများကလည်း စားပွဲပေါ်သို့ ရောက်ရှိနေပြီး စားသုံးဖို့ အသင့်ဖြစ်နေလေပြီ။
အငွေ့တထောင်းထောင်းနှင့် ဟော့ပေါ့က အနည်းငယ် အေးစက်စက် ရှိသည့် ရာသီဥတုထဲ နွေးထွေးမှု တချို့ ရှိသွားစေခဲ့သည်။
လျန်ရူရွှယ်မှာ ကြွယ်ဝသည့် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ကျီချင်းရန်ကဲ့သို့ ယဉ်ကျေး သိမ်မွေ့မနေချေ။
တစ်ခါတလေဆို လီချူးဟန်နှင့် ဝမ်ရင်းတို့ထက်ပင် ဆိုးရွားနေသေး၏။ ဤသည်က တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ အမျိုးကောင်းသမီးတို့၏ ကွာခြားမှုပင်။
လျန်ရူရွှယ်၏ ကိုယ်ပေါ်မှ ရဲတင်းပြီး ကျော့ရှင်းသည့် အလှတရားကို ရှုစားနိုင်သည်။
ဤသည်က ကျီချင်းရန်နှင့် အခြားသူများထံ၌ မြင်ရခဲသည့် အရာမျိုးပင်။
မတူညီသည့် အရသာက ကွဲပြားသည့် အတွေ့အကြုံကို ရရှိစေသည်။ အသစ်အဆန်းကို မွေ့လျော်သည့် ပုထုဇဉ် ဖြစ်သူ လင်းရီအဖို့ ငြင်းရက်စရာ မရှိပေ။
“ အသားတွေချည်း နှိုက်မနေနဲ့လေ… ဒီရဲ့ တိုဖူးအေးနဲ့ အသီးအရွက် သနပ်ချဉ်တွေကိုလည်း စားကြည့်ဦးဟဲ့… ရန်ကျင်းဘက်မှာဆို ဒီရာသီဥတုမျိုးနဲ့ ဝက်သားနဲ့တောင် လဲမစားနိုင်တဲ့ အရသာတွေနော်…”
လင်းရီ ယခင်က တိုဖူးအေး မြည်းကြည့်ခဲ့ဖူးသော်လည်း ချက်ပြုတ်ထားသည့် သနပ်ချဉ်ကို မြည်းစမ်းကြည့်သည်မှာတော့ ပထမဦးဆုံး အကြိမ်ပင်။
သူ စားကြည့်ပြီးနောက် တော်တော်လေး အရသာရှိနေကြောင်း ခံစားမိသွားခဲ့၏။ နည်းနည်းလေးလည်း ဆီရွှမ်းပေသည်။
“ မင်းရော မနက်ဖြန် ထိပ်သီး အစည်းအဝေးပွဲ သွားဦးမှာလား…” လင်းရီ စားသောက်နေစဉ် မေးမြန်းလိုက်၏။
“ ငါ သွားဖို့ကျ မသင့်ဘူးလေ… နင်ပဲ အမေနဲ့ သွားတော့….”
“ ဘာ မသင့်လျော်စရာ ရှိလို့…”
“ မနက်ဖြန် အစည်းအဝေး လာတက်မယ့် လူတွေ အကုန်လုံးက နယ်ပယ်ထဲမှာ ဒိတ်ဒိတ်ကျဲကြီးတွေ… လူ တော်တော်များများကလည်း ငါဘယ်သူလဲဆိုတာ သိကြတယ်… ငါတို့ နှစ်ယောက် အတူ သွားလို့ မသင့်လျော်ဘူး… ကောလဟာလတွေဆိုတာ အရမ်း ကြောက်ဖို့ကောင်းတယ်… တော်နေကြာ ငါတို့ကို မိသားစု ဖြစ်နေပါတယ်ဆိုပြီး သတင်းတွေ ထွက်လာမှဖြင့်…..” “ အဲ့တော့ကော ဘာဖြစ်တုန်း… အနှေးနဲ့ အမြန် မိသားစုတွေ ဖြစ်မှာပဲ မဟုတ်ဘူးလား…”
လျန်ရူရွှယ် သိုးသား အနည်းငယ် ကောက်ညှပ်လိုက်ပြီး ဟော့ပေါ့အိုးထဲ စိမ်ထားလိုက်သည်။ ထို့နောက် ဆော့တို့လိုက်ပြီး “ ငါ နင့် အရှုပ်ထုပ်တွေကို မမြင်ချင်ယောင် ဆောင်ထားပေးလို့ရတယ်… ဒါပေမယ့် နင် ဥက္ကဌ ကျီကို လက်လျော့နိုင်မှာလား…”
ထိုစကားပြောနေစဉ် သူမ အမူအရာမှာ မည်သို့မျှ မဖြစ်ဟန် ရှိနေသော်လည်း သူတို့ နှစ်ယောက်အဖို့ ဤသည်က ဧရာမ ပြဿနာကြီးပင်။
လင်းရီ သူ ရင်ကို ရင်ဆိုင်ရမည့် ပြဿနာလည်း ဖြစ်ပေသည်။
ထိုသို့ ဖြစ်လာမည်ကို ရှောင်လွှဲလို့လည်း မရပေ။
“ မဖြစ်နိုင်ဘူး…”
လင်းရီ ချီတုံချတုံ ဖြစ်နေခြင်း မရှိဘဲ ပြန်ဖြေဆိုလိုက်သည်။
လျန်ရူရွှယ်၏ စားသောက်ပုံမှာ ဖြည်းဖြည်းချင်း နှေးကွေးသွားခဲ့၏။ သူမ ပါးစပ်အပြည့် သေချာလေး ဝါးနေပြီး သိုးသား အနည်းငယ်ကို ဟော့ပေါ့အိုးထဲ ပြန်စိမ်ထားလိုက်သည်။ ကြေးနီသံအိုးထဲရှိ ရေမှာ ပွက်ပွက်ဆူနေသည်။ သို့သော် သူမ ရင်ဘက်ကတော့ ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့၏။
လောကတွင် ပြောင်းလဲမရနိုင်သည့် အရာတချို့ ရှိသည်။ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်အတွက် သူမ၏ ပျော်ရွှင်မှုအား ပေးဆပ်လိုက်ရ၏။
“ နင်က လက်မလျော့နိုင်ဘူး ဆိုမှတော့ ကောင်းကောင်းစား…. မနက်ဖြန် မနက် စောစောထပြီး ငါ့အမေကို သွားကြိုပေး… နောက်မကျစေနဲ့..”
လင်းရီ တူကောက်ယူလိုက်ပြီး ကြေးနီ ဟော့ပေါ့အိုးထဲ လှန်လော ရှာကြည့်လိုက်သည်။ ထို့နောက် လျန်ရူရွှယ် ထည့်ထားသည့် သိုးသားအားလုံးကို ကောက်ညှပ်လိုက်ပြီး ဆော့ထဲ သုံးလေးကြိမ်ခန့် နှစ်၍ ပါးစပ်ထဲ အကုန် ပစ်ထည့်လိုက်၏။
“ ငါ သူ့ကိုလည်း လက်မလျော့နိုင်ဘူး… ပြီးတော့… မင်းကိုလည်း လက်လွှတ်မှာ မဟုတ်ဘူး…. အဲ့တာက ငါ့စကားပဲ… ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှာ မဟုတ်ဘူး….”