Semiconductor နယ်ပယ်ရဲ့ အနာဂတ်က သူတို့လက်ထဲမှာ မဟုတ်ဘူး...
Vol. 69 Ch. 1028
လင်းရီ၏ ကန်ချက်ကြောင့် လီစစ်ချန် မူးဝေသွားခဲ့သည်။ သူ အချိန်အတော်ကြာ ကြိုးစားရုန်းကန်၍ မတ်တပ်ရပ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။
သူ၏ စကေဘာကို ပြန်ယူရင်း လင်းရီ သွေးများကို ပုဝါတစ်ထည်ဖြင့် သုတ်ပစ်လိုက်၏။ ထို့နောက် ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။
သူ လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားပြီး လီစစ်ချန်အား မမှိတ်မသုန် စိုက်ကြည့်နေသည်။
" အဟွတ် အဟွတ် အဟွတ်.... "
လီစစ်ချန် ကြမ်းပြင်မှ ကုန်းထ၍ သုံးလေးကြိမ်ခန့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။ သွေးတစ်လုတ်ခန့် အန်ထုတ်လိုက်ခါမှ နေသာထိုင်သာ ရှိလာတော့သည်။
" မင်းဘာလို့ ရဲကို ဖုန်းမဆက်လဲ... သူတို့ငါ့ကို ဖမ်းမှာပေါ့...."
လီစစ်ချန် သူ ရှုံးနိမ့်သွားခဲ့ပြီမှန်း သူ့ကိုယ်သူ သိသည်။ သို့သော် သူဆိုသည်က သေရမည်ကို ကြောက်ရွံ့တတ်သူ မဟုတ်။ သို့သော် ကျင့်၀တ်ကို ဖောက်ဖျက်၍ သူ ဟန်ရန်ပင်းကို သစ္စာမဖောက်ချင်ပေ။
ထို့ပြင် သူ ဟန်ရန်ပင်း၏ အထောက်အထားကိုလည်း သိရှိထားပြီး အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပါက ငနဲသားမှာ သူ့ကို ကျိန်းသေပေါက် လိုက်ရှာမည် ဖြစ်သည်။
" မင်းထင်နေတာ ငါက မင်းကို မြင်နေတာတောင် ဘာမှ မလုပ်နိုင်တဲ့ သာမန်လူလို့များမင်း ထင်နေတာလား...."
လီစစ်ချန် ဘာမျှမပြော။ သူ လင်းရီကိုသာ သတိထားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး တစ်ဖက်သူ ဘာလုပ်ချင်နေလဲဆိုတာ မသိနိုင် ဖြစ်နေခဲ့သည်။
" မင်း.. ငါ့ကားထဲမှာ ထိုင်နေတဲ့ အမျိုးသမီးကိုလည်း မြင်ပြီးလောက်ရောပေါ့... သူက ကျိုးဟိုင်ရဲ့ လက်ထောက် မြို့တော်၀န်... ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလိုရာထူးမျိုး ရထားတယ်ဆိုတော့ ဟွာရှမှာ သူတို့မိသားစု ဘယ်လောက် အာဏာရှိလိုက်မလဲ မင်း တွေးကြည့်လို့ရတယ်.... "
လင်းရီ၏ လေသံက တည်တည်ငြိမ်ငြိမ်နှင့် ဘာမဟုတ်သည့် ကိစ္စရပ်တစ်ခုကို ပြောနေသကဲ့သို့ ရှိလှသည်။
" ဒါ့အပြင် ... ငါ့မှာလည်း ကုမ္ပဏီတစ်ချို့ ရှိတယ်... ငါ့ရဲ့ အသားတင် ကြွယ်၀မှုက ယွမ် ၂၀၀ ဘီလီယမ်လောက် အထိရှိတယ်.... ဒါပေမယ့် ငါလည်း ငါ့အဆက်အသွယ်တွေသုံးပြီး လူသတ်ဖူးတယ်....မင်းကို သတ်လိုက်ရင်တောင် ကလေးလေး တစ်ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဦးမှာပဲ..."
လင်းရီ နားထဲသို့ လက်သန်းထည့်၍ ကုတ်နေပြီး သူ၏ စိတ်ခံစားချက်တို့က တည်ငြိမ်နေသည်။
" ဒီတော့ မင်းမှာ ငါပြောတဲ့အတိုင်း လိုက်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး..."
လီစစ်ချန် လင်းရီကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလိုက်၏။
သူ့ရှေ့ရှိ လူက အရည်အချင်းနှင့် ရဲရင့်မှုအပြင် ကြီးကျယ်ခမ်းနားသည့် ကျောထောက်နောက်ခံလည်း ရှိနေလိမ့်ဦးမည်လို့ မျှော်လင့်မထားခဲ့ချေ။
သို့သော် မကြာမီ သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ချေပြီ။
အင်းလေ.. တကယ်လို့ သာမန်လူသာဆိုရင် နယ်ခံကျားကို ခေါင်း ဘယ်သွားပုတ်ရဲမှာလဲ...
" ဟန်ရန်ပင်း... သူ ငါ့ကို ဒီလာခဲ့ခိုင်းတာ...."
............
နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာ မနိုးသေးမီ လျန်ရူရွှယ် ဝီချက်မှတစ်ဆင့် ဗွီဒီယိုကော ခေါ်လာခဲ့သည်။
" ခြောက်နာရီတောင် ထိုးတော့မယ်... နင်က ခုထိ အိပ်ရာ မထရသေးဘူးပေါ့... ဟုတ်လား...."
" ကြည့်လေ... ခု ငါက အိပ်ရာထနေတဲ့ ပုံစံ ပေါက်နေလို့လား..."လင်းရီ သူ၏ ကြက်အမောက်လို ဖြစ်နေသည့် ဆံပင်ကို ကုတ်ရင်း " ကတုံးဆံတောက်ကေ သွားညှပ်ဦးမှပါကွာ... ဒါမှ ကြည့်လို့ မိုက်သွားမှာ...."
" ငါ့ -င်ကြီးကို ညှပ်... ဒီ ဆံပင်ပုံစံနဲ့လည်း ကြည့်လို့ကောင်းနေတာကိုပဲ... ကိုယ့်သဘောနဲ့ကိုယ် လျှောက်မညှပ်နဲ့ ကြားလား....."
လျန်ရူရွှယ် ပြောလိုက်ပြီး " မြန်မြန် ထပြီး လုပ်တော့... ရန်ကျင်းရဲ့ ယာဉ်ကြောက သိပ်ကောင်းလှတာ မဟုတ်ဘူး... ငါ့အမေကို နင်လာကြိုပေးရဦးမှာနော်...."
" အေးပါ အေးပါ... ငါ အခု ထနေပါပြီဟ..."
သူ ရှန်းရှုရီနှင့် အတူတက်ရောက်ရမည် ဖြစ်ရာ လင်းရီ ဂရုမစိုက် မလုပ်ရဲပေ။ သူ အလျင်အမြန် ပြင်ဆင်၍ လျန်ရူရွှယ် အိမ်သို့ မောင်းထွက်လာလေသည်။
ရှန်းရှုရီက လျန်ရူရွှယ် တမြန်မနေ့တုန်းက ၀တ်ဆင်ပုံနှင့် ဆင်တူစွာ ၀တ်စားဆင်ယင်ထားသည်။
သို့သော်လည်း ရင့်ကျက်ပြီး ဆွဲဆောင်နိုင်သည့် ဟန်အမူအရာ ပိုင်းတွင်တော့ လျန်ရူရွှယ်က အဘယ်၌ ယှဉ်ပြိုင်နိုင်လိမ့်မည်နည်း။
ရှစ်နာရီ လေးဆယ်တွင် သူတို့ နှစ်ယောက် "ဖုန်းဟော်" ဟုခေါ်သည့် ဟိုတယ်သို့ ရောက်ရှိလာခဲ့၏။
အနည်းငယ် မေးမြန်းစုံစမ်းကြည့်ပြီးနောက် ဤဟိုတယ်က အစိုးရပိုင် ဖြစ်နေကြောင်းကို လင်းရီ သိရှိသွားခဲ့သည်။
ရှန်းရှုရီ၏ ဟွာရန် အုပ်စုနှင့် ၀မ်တုံးချင်၏ ဟွာယင်း အုပ်စုတို့မှာ အစည်းအဝေး ကျင်းပရန် ရှိသည့်အခါတိုင်း ဤနေရာကိုသာ ရွေးချယ်လေ့ ရှိပေသည်။
ထို့ကြောင့် ဤသို့သော ဟိုတယ်မျိုးက စီးပွားမဖြစ်မှာကို စိုးရိမ်ကြောင့်ကြနေရန် မလိုအပ်ချေ။
ဟိုတယ်၏ ၀င်ပေါက်၀တွင် ကောဇော အနီရောင်ကြီး ခင်းထားပြီး Semiconductor နယ်ပယ်ရှိ ဒိတ်ဒိတ်ကျဲကြီးများအားလုံး ယခုနေရာ၌ လာရောက်စုဝေးနေခဲ့ကြသည်။
မျှော်လင့်ထားသည့် အတိုင်းပင်။ ရှန်းရှုရီ၏ ရောက်ရှိလာမှုက လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာလေသည်။
ပထမ တစ်ချက်အနေဖြင့် သူမ၏ ကိုယ်ပိုင် အရည်အချင်းနှင့် နိုင်ငံတွင်း ဟွာရန် အုပ်စု၏ ငွေကြေးအနေအထားတို့ကြောင့် ဖြစ်သည်။
နောက်တစ်ချက်ကတော့ လျန်မိသားစုမှာ ရန်ကျင်းတွင် အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ရှန်းရှုရီ မည်သည့်နေရာသို့ သွားသွား အမြင့်မားဆုံးသော အလေးပေးမှုဖြင့် ကြိုဆို ဆက်ဆံခံရခြင်း ဖြစ်၏။
နှိုင်းယှဉ်ရလျှင် လင်းရီကတော့ ထိုသို့ ခမ်းနားကြီးကျယ်သည့် ကြိုဆိုပုံမျိုးဖြင့် ကြိုဆိုခြင်း မခံရချေ။
ဤသည်ကလည်း ..... လီတိုဂရပ်ဖီ ပရောဂျက်က လျို့ဝှက်စွာဖြင့် တိုးတက် လုပ်ဆောင်နေခဲ့သောကြောင့်သာဖြစ်၏။
သူနှင့် နီးစပ်သူ လူတချို့မှလွဲ၍ မည်သူကမျှ ထိုအကြောင်း မသိရှိကြချေ။ သူ့လက်ထဲ၌ ချစ်ပ် ၂.၀ နည်းပညာကို လက်ကိုင် ရှိထားသော်လည်း နယ်ပယ်၏ အာရုံစိုက်ရာ ဖြစ်မလာသေးချေ။
အကြောင်းမူကား Intel သည်လည်း အဆိုပါ နည်းပညာကို ပိုင်ဆိုင်ထားပြီး သူ၏ ကုမ္ပဏီ လုံရှင်းက လက်ဝါးကြီးအုပ် မကြီးစိုးနိုင်သေးချေ။ ထို့ကြောင့် အာရုံစူးစိုက်မှုတို့၏ အလယ်ဗဟို ဖြစ်လာရန်မှာ မည်သို့မျှ မဖြစ်နိုင်သေးပေ။
သို့သော်လည်း လင်းရီအကြောင်း သိရှိနေသူ လူတော်တော်များများကလည်း ရှိနေသေးသည်။
မည်သူကမျှ ဟွာရှ၏ စီးပွားရေး လောက၌ မြင့်တက်စဲ ကြယ်တစ်ပွင့်ဖြစ်သည့် လင်းရီကို နိမ့်ချ၍ မကြည့်ဝံ့ကြချေ။
တစ်နှစ်ဆိုသည့် အချိန် အနည်းငယ်အတွင်း ထိုသူက ကြွယ်၀မှု အများအပြားကို စုဆောင်းနိုင်ခဲ့သည်။ ထိုသို့ စွမ်းဆောင်နိုင်မှုမျိုးက စိတ်ကူး၍ပင် မရနိုင်ပေ။
အထူးသဖြင့် ရှယ်ရာများ အပြိုင်အဆိုင် ရောင်းချယှဉ်ပြိုင်သည့် တိုက်ပွဲတွင်လည်း ဧရာမ အောင်မြင်မှုကြီး ရရှိခဲ့၏။ ထို စစ်ဆင်ရေးမှတစ်ဆင့် ယွမ်ဘီလီယမ် တစ်ရာခန့် အကျိုးအမြတ် ရရှိသွားသည်လို့လည်း ကောလဟာလ တချို့ ရှိခဲ့လေသည်။ လူအများအပြား၏ မျက်လုံးထဲတွင် ဤသည်က အံ့ဖွယ်သရဲကြီး ဖြစ်နေခဲ့တော့၏။
လင်းရီနှင့် ရှန်းရှုရီတို့ ပွဲကျင်းပသည့် နေရာသို့ အတူရောက်လာခဲ့ကြသည်။ ပွဲတက်ရောက်လာသူ အများအပြားကလည်း ရောက်လာ၍ သူတို့နှစ်ယောက်ကို နှုတ်ဦး ကြိုဆိုမှု ပြုကြ၏။
လူတချို့ကတော့ ရှန်းရှုရီအတွက် ရောက်လာခဲ့ကြပြီး သူတို့ရှေ့ရှိ ဟွာရှ၏ အရင်းရှင် ဘုရင်မတစ်ပါးဖြင့် သိကျွမ်းချင်နေခဲ့ကြသည်။ အကယ်၍ သူမနှင့်သာ အတူတကွ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေး တစ်ရပ် ရရှိခဲ့မယ် ဆိုပါက သူတို့၏ ဘ၀တွင် ဧရာမ အောင်မြင်မှုဟူသည့် မီးပွားလေးများ စတင် တောက်လောင်လာပေမည်။
ရှန်းရှုရီကလည်း တစ်ဦးတစ်ယောက်ကိုမျှ ငြင်းပယ်ခြင်း မပြု။ မည်သူပဲ ရောက်လာလာ မျက်မှာသာပေး၍ ခေတ္တ စကားပြောခဲ့သည်။
အခြားတစ်ဖက်တွင်တော့ မလိုလားအပ်သည့် လူမှုဆက်ဆံ ထိတွေ့မှုများကို ရှောင်ကြဉ်နိုင်ရန် လင်းရီ ဖုန်းထုတ်၍ ဂိမ်းကစားနေပြီး သူနှင့် မိတ်ဆက်ချင်နေသည့် လူတော်တော်များများကို တိတ်တဆိတ် လှည့်ပြန်သွားစေခဲ့၏။
" ဒီနေ့ ရောက်နေကြတဲ့ လူတိုင်းက semiconductor နယ်ပယ်ကချည်းပဲလေ... နင် သူတို့နဲ့ စကားမပြောတော့ဘူးလား...."
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး " ပြောလည်း ထူးမယ် မထင်ပါဘူး...."
" ဘာလို့ အဲ့သလို ပြောရတာလဲ...."
အစမှ အဆုံးထိတိုင်အောင် လင်းရီမှာ ထူးခြားသည့် လူတစ်ယောက်ဟု ရှန်းရှုရီ အမြဲ ခံစားနေရသည်။
သူပြောသည့် အရာတစ်ချို့ကို သူမ အထူးပင် စိတ်၀င်စားမိလေသည်။
လင်းရီ ပြန်တွေးကြည့်လိုက်ပြီး " ဟွာရှ Semiconductor နယ်ပယ်ရဲ့ အနာဂတ်က ဒီလူတွေ လက်ထဲမှာ မဟုတ်ဘူး ထင်လို့ပဲ..."
" အမ်... ဘာကြောင့် အဲ့လိုပြောနိုင်ရတာလဲ...."
" ဘာကြောင့်လဲဆိုတော့ ဒီလူတွေက အကျိုးအမြတ်ကိုပဲ ကြည့်ကြတာ... အနာဂတ်ကို မကြည့်ကြဘူး... သူတို့က ရေခဲတောင်ရဲ့ ထိပ်ဖျားလေးနဲ့တောင် ထိတွေ့နိုင်မှာ မဟုတ်ဘူး...."
" နင်အဲ့လို ပြောလိုက်တာ အရမ်း တစ်ဖက်သတ် ဆန်လွန်းတယ်လို့ မထင်ဘူးလား...."
လင်းရီ ရယ်မောလိုက်ပြီး " အန်တီရှန်း... ကျွန်တော်က တစ်နေ့ အန်တီရဲ့ သားမက်လောင်း ဖြစ်လာမယ့်သူ... အန်တီရဲ့ အရည်အချင်းနဲ့ ကျွန်တော် မြင်နိုင်တာထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်.... "
ရှန်းရှုရီ မပြုံးခင် စက္ကန့်အနည်းငယ် ကြာအောင် ကြက်သေသေသွားခဲ့သည်။
သို့သော်လည်း ရင်ထဲတွင်တော့ လင်းရီပြောသည့် စကားကို ကြိတ်၍ ထောက်ခံနေခဲ့လေသည်။
အနှစ် ၂၀ ကျော်ကြာ စဉ်ဆက်မပြတ် တိုးတက်ပြီးသည့်နောက် ဟွာရှ၏ စီးပွားရေး အခြေအနေသည်လည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။
လူတိုင်းက သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ရင်း တစ်ချိန်တည်းတွင် ကြွယ်၀မှုကို ဆက်လက်ချဲ့ထွင်နိုင်မည့် နည်းလမ်းအား ဖွေရှာနေကြလေသည်။
သို့သော်လည်း မပြောင်းလဲသည့် တစ်ခုတည်းသောအရာက.... သူတို့၏ အုတ်မြစ်ကို အဓိက ဦးစားပေး ကာကွယ်နေခြင်းပင်။
မရေရာသည့် ကိစ္စရပ်များနှင့် ကြုံတွေ့လာပါက မျက်ကန်းလုပ်ဆောင်မှုမျိုး မလုပ်ဝံ့ကြ၊ မစွန့်စားဝံ့ကြချေ။ သူမ၏ ဟွာရန်အုပ်စုသည်လည်း အလားတူပင်။
Semiconductor နယ်ပယ်သည်လည်း ထူးမခြားနားပင် ရှိနေခဲ့၏။
သက်ဆိုင်ရာ ဌာနများ၏ စာရင်းအင်းများအရ အတိတ် ဆယ်နှစ်တွင် ဟွာရှ semiconductor နယ်ပယ်ရှိ ထိပ်တန်း ကုမ္ပဏီ ဆယ်ခုက သုတေသနနှင့် ဖွံ့ဖြိုးမှု ဆက်စပ်နယ်ပယ်များတွင် စုစုပေါင်း ယွမ် တစ်ဘီလီယမ် ရင်းနှီးမြုပ်နှံခဲ့သည်ဟု ဆိုထား၏။
ထိုစဉ် ယူအက်စ်ရှိ နံပါတ်တစ် ကုမ္ပဏီကတော့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ကျော် ရင်းနှီးမြုပ်နှံနေသည်။ ဤသည်က နှစ်နိုင်ငံကြား ခြားနားမှုပင်။
ဤကိစ္စနှင့် ပတ်သက်၍ ရှန်းရှုရီတွင်လည်း သူမ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် လှုပ်ရှားမှုတို့ ရှိပေသည်။
သူမ လက်ရှိ Semiconductor နယ်ပယ်၏ အခြေအနေကို ရှေးကတည်းက ကြိုမြင်ထားပြီး အင်အားကြီး နိုင်ငံများကြား အနာဂတ် စစ်ပွဲမှာ နည်းပညာ အပေါ် အဓိက အာရုံစိုက်လိမ့်မည်ဟု သူမ ခန့်မှန်းထား၏။
ထိုအခါ semiconductor နယ်ပယ်က အရေးကြီးဆုံး အခန်း ကဏ္ဍများထဲမှ တစ်ရပ် ဖြစ်လာချေမည်။
တစ်ချိန်တည်းတွင် လင်းရီက အနှီ တုန်လှုပ်ဖွယ်ရာ တိုက်ပွဲများ၏ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာစေရန်လည်း သူမ မျှော်လင့်ထားခဲ့၏။
လက်ရှိ အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်ကြည့်ရသလောက်တော့ သူမ မှန်ကန်သည့်ဘက်၌ လောင်းကြေးထပ်နိုင်ခဲ့သည်ဟု ရှန်းရှုရီ ခံစားလိုက်ရသည်။