ကျွန်တော် လက်ဝါးကြီးအုပ် ကြီးစိုးချင်တယ်
Vol. 69 Ch. 1029
" သားမက်လောင်း ..."သို့မဟုတ် " ယောက္ခမလောင်း " စသည့် ထိုကဲ့သို့သော စကားလုံးများကို ရှန်းရှုရီ ဂရုစိုက်မနေခဲ့ချေ။
ထိုအစား သူမ ယခုလို မေးမြန်းလိုက်၏။
" ဒါဆို Semiconductor နယ်ပယ်ရဲ့ အနာဂတ်ကို ဘယ်သူက ထိန်းချုပ်နိုင်မယ်လို့ နင်ထင်လဲ..."
" လူငယ် မျိုးဆက်တွေပဲပေါ့... သံသယ ရှိနေစရာ မလိုဘူး... အဲ့တာက လူငယ်မျိုးဆက်တွေရဲ့ လက်ထဲမှာပဲ...."
" နင့်ရဲ့ ဒီယုံကြည်မှုက ဘယ်ကနေ လာခဲ့တာ...."
လင်းရီ ခေါင်းညိမ့်၍ ရှန်းရှုရီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" ဒါရိုက်တာရှန်း(ရှန်းထျန်းကျိုး) ဟွာရှကို ပြန်လာတာ ဆယ်လရှိသွားပြီ... ကျွန်တော် ဖိုတိုလီတိုဂရပ်ဖီ စက်အပေါ် ဘယ်လောက်သုံးထားလဲ အန်တီ မှန်းကြည့်ကြည့်...."
" ဘယ်လောက်လဲ ..."
" ၅၈.၃ ဘီလီယမ်... တစ်နေ့ကို ယွမ် သန်း ၂၀၀ နီးပါးလောက် သွားကျတယ်... ဒါ အထက်ကြီးပိုင်းတွေဆီက ထောက်ပံ့မှု တစ်ပြားတစ်ချပ်လေးတောင် မပါဘူးနော်...."လင်းရီ ပြုံးလိုက်ပြီး " ခု ရှိနေကြတဲ့ လူတွေထဲ ဘယ်သူ ကျွန်တော့်လိုမျိုး သုံးဖြုန်းရဲလဲ... သုံးဖြုန်းဖို့ ပိုက်ဆံရှိပါ့မလားတောင် မပြောတတ်ဘူး..."
၅၈.၃ ဘီလီယမ်ဟူသော ပမာဏကို ကြားတော့ ရှန်းရှုရီ အင်မတန် ရှော့ခ်ရသွားခဲ့သည်။
ထိုမျှ ကြီးမားသည့် ငွေပမာဏကို ရင်းနှီးမြုပ်နှံထားလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် အရေးကြီးဆုံးက ဆယ်လတာ ရင်းနှီးမြုပ်နှံမှု၏ ပမာဏ တစ်ခုတည်းသာ ရှိသေးလေသည်။
အနာဂတ်တွင် ပိုက်ဆံ မည်မျှကို လင်းရီ ထပ်မံမီးရှို့ဦးမလဲ သူမ မစဉ်းစားတတ်ချေ။
" ဖိုတိုလီတိုဂရပ်ဖီစက် ပရောဂျက်ကို လူတွေ သိအောင် ကြေညာလိုက်တာနဲ့ နင့်အတွက် ၅၈.၃ ဘီလီယမ်ဆိုတဲ့ ပမာဏကို သေချာပေါက် ပြန်ယူလာခဲ့ပေးမှာပဲလေ.. ဆယ်ဆ ပြန်ယူလာပေးတာမျိုးတောင် ဖြစ်နိုင်သေးတယ်...."
" အဲ့လောက်သာ အမြတ်ကြီးမယ်ဆိုရင် ဒီလူတွေ အကုန်လုံး ခွေးရူးတွေလို ပြေးလုပ်နေကြရောပေါ့... ကျွန်တော် လုပ်ဖို့တောင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး " အခု ကျွန်တော် လုပ်နေတယ်ဆိုတာက ကိုယ်ပိုင် အကျိုးစီးပွားအတွက် မပါဘူး... လူပြိန်းနားလည်အောင် ပြောရရင် စိတ်ဇောထက်သန်မှု တစ်ခုတည်းနဲ့ လုပ်တဲ့ ပရောဂျက်လို့ ပြောလို့ရတယ်... "
ပြောရင်းဖြင့် လင်းရီ မနေနိုင်တော့ပဲ ရယ်မောလိုက်ကာ " အန်တီရှန်း... တကယ်လို့ ကျွန်တော့်ဆီမှာသာ လီတိုဂရပ်ဖီစက် ပရောဂျက်ကို မလုပ်ခင် အဲ့လို စိတ်ဓာတ်မျိုး ရှိနေလို့ကတော့ အလုပ်ရှုပ်ခံနေမှာတောင် မဟုတ်ဘူး... အကျိုးအမြတ်ကို ထပ်ခါတလဲလဲ ရိတ်သိမ်းနေတာက ပိုပြီး သက်တောင့်သက်သာ မရှိဘူးလား....တစ်သုတ်ပြီး တစ်သုတ်... တွေးကြည့်ရုံနဲ့တင် ရင်ဖိုစရာပဲ.."
" ဒီတော့ Semiconductor နယ်ပယ်ရဲ့ အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်လို့ နင်ထင်နေတယ်ပေါ့..."
" အန်တီပြောတာ ဟုတ်တယ်... အရင်းရှင်တွေ ငွေရေးကြေးရေး ပြောနေချိန်မှာ သူတို့ သုံးနှုန်းကြတဲ့ 'ကြက်သွန်မြိတ်' လေးတွေက ဝါသနာအကြောင်း ပြောတယ်... ဒါပေမယ့် တစ်နေ့ ဒီ 'ကြက်သွန်မြိတ်'လေးတွေ ပိုက်ဆံ ရှိလာတဲ့ အခါကျ ဝါသနာကလည်း အကောင်အထည် ပေါ်လာမှာပဲ.... "
" အဲ့ဒီတော့ နင်က ဘာလဲလုပ်မှာ..."
လင်းရီ ပြုံးပြီး လက်လေးချောင်း ထောင်လိုက်ကာ " ခု အချိန်ထိ semiconductorနယ်ပယ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီ အခု ၄၀ ကျော်မှာ ကျွန်တော် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားတယ်... အများစုက အရှုံးပေါ်နေတယ် ဆိုပေမယ့်ပေါ့... ဒါပေမယ့် ကျွန်တော် ယုံကြည်တယ်... ဖိုတိုလီတိုဂရပ်ဖီစက်ရဲ့ ချိတ်ဆက်မှုနဲ့ ဒီ ကုမ္ပဏီ ၄၀ ကျော်ထဲ တစ်၀က်လောက်ကတော့ မကြာခင် အခိုင်အမာ ရပ်တည် လာနိုင်မှာ သေချာတယ်... ပြီးရင် အနည်းဆုံး ဆယ်နှစ်အတွင်း semiconductor နယ်ပယ်ရဲ့ အနာဂတ်က ကျွန်တော့်လက်ထဲ ကျရောက်လာလိမ့်မယ်... ဒါပေါ့.. တကယ်လို့ အာဏာစက်တွေကသာ ကျွန်တော့်ကို အမှုန့်ကြိတ်ချင်နေတယ်ဆိုရင်တော့ ကျွန်တော်လည်း ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ပါ့မလဲ... ဘော့စ်မားလိုပေါ့.. ရှေ့ရက်တွေတုန်းက ကြီးကြီးမားမားတွေ လုပ်ပြနေပြီး နောက်ကျတော့ စည်းကမ်းထိန်းသိမ်းရေး ဌာနရဲ့ ဖိနှိပ်မှုကို ချက်ချင်း ခံလိုက်ရတယ်လေ... "
ရှန်းရှုရီ တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။
လင်းရီ၏ မဟာဗျူဟာကျ အမြင်က ရူးသွပ်လွန်းနေခြင်းမဟုတ်ပဲ သူမကိုယ်တိုင်ကသာ မသိလိုက်ပါပဲနှင့် ထောင်ချောက်ထဲ ကျရောက်သွားခဲ့ခြင်းပင်။
ဟွာရှသည်က ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး သာမန်လူတို့၏ စိတ်ဆန္ဒကို အဓိက အာရုံစိုက်လေသည်။
လင်းရီက ကုမ္ပဏီ အမြောက်အများတွင် ရင်းနှီးမြုပ်နှံထားပြီး သူ၏ မဟာဗျူဟာ ကျမှုအပြင် လက်အောက်ငယ်သားများ၏ ပံ့ပိုးမှုဖြင့် ဆိုပါက ဟွာရှ Semiconductor နယ်ပယ်၏ အသက်သွေးကြောမှာ လင်းရီ လက်၀ယ်တွင်းသို့ ရောက်လာနိုင်ချေ များသည်။
သို့သော်လည်း လက်ဝါးကြီး အုပ်ခြင်းဆိုသည်က ဟွာရှ၌ တားမြစ်ထားသည့် အရာဖြစ်၏။ ထိုအရာကို သိနေသည့်တိုင်အောင် သောက်ကလေး လင်းရီက သူမအား အမှန်တကယ်ကို ဤကိစ္စထဲ ဆွဲထည့်လာလေသည်။
ဟွာရန် အုပ်စုသည်က အစိုးရ နောက်ခံနှင့် ကုမ္ပဏီတစ်ခုဖြစ်၏။
အကယ်၍ လင်းရီသာ ထိန်းချုပ်လိုက်မည်ဆိုပါက လူအများအပြားမှာ လက်ဝါးကြီး အုပ်မှုဖြင့် တရားဆွဲဆိုကြလိမ့်မည်။ သို့သော်လည်း အကယ်၍ သူမ လက်ထဲတွင် ဆိုပါက ဤကိစ္စမှာ ပြားပြား၀ပ်သွားပေမည်။
ထို့ကြောင့် လင်းရီသာ သေလမ်းမရှာသရွေ့ သူ၏ အနာဂတ်မှာ ချောချောမွေ့မွေ့ ရှိနေပေလိမ့်မည်။
အကယ်၍ သူက အချမ်းသာဆုံး ပုဂ္ဂိုလ် မဖြစ်ချင်လျှင်ပင် ထိုသရဖူက သူ၏ ဦးခေါင်းထက် ဆိုက်မြိုက်စွာ ရောက်ရှိလာဦးမည် ဖြစ်၏။
" ငါ မှန်းကြည့်မယ်.. အနာဂတ်ကျ နင် လင်းယွင်အုပ်စုကို စာရင်း၀င် တဲ့အခါ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို နင် လက်ခံမှာ မဟုတ်ဘူးမလား..."
" အန်တီရှန်းက ဉာဏ်ကောင်းတယ်... ကျွန်တော် ဟွာရန်အုပ်စုအတွက် ရှယ်ယာ ၃၀ ရာခိုင်နှုန်း စီစဉ်ထားပေး ပြီးသွားပြီ... ကျွန်တော် တစ်ပြားမှ မယူပါဘူး(အလကားပေါ့)..."
လင်းရီ၏ စကားလုံးများက ရှန်းရှုရီ၏ အတွေးများအား အတည်ပြုပေးရာ ရောက်သွားခဲ့သည်။
သူ ဟွာရန် အုပ်စုကို အဆိုပါ ရှယ်ယာများ ပေးလာခြင်းက ကာကွယ်ပေးမည့် ထီးတစ်လက်အား အလိုရှိသောကြောင့်ပင်။
ထိုအချိန်ကျ မည်သူကမျှ သူ့ကို ထိဝံ့ကြလိမ့်မည် မသုတ်တော့ချေ။
" ၃၀ ရာခိုင်နှုန်းလောက်ကတော့ ဖြစ်မှာ မဟုတ်ဘူး... ၅၁ ရာခိုင်နှုန်းကမှ ပိုပြီး သင့်လျော်သလိုပဲနော်...."
လင်းရီ ပခုံးတွန့်လိုက်ပြီး " ဂရုမစိုက်ဘူး... မတူကွဲပြားတဲ့ အခွင့်အရေးတွေ ရနေသရွေ့ အဆင်ပြေတယ်... ကုမ္ပဏီမှာ ကျွန်တော်က နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်တော့ ရှိရမယ်..."
( တချို့ ကုမ္ပဏီတွေကျ ရှယ်ယာ ရာခိုင်နှုန်းနဲ့ မဆုံးဖြတ်ပဲ မဲပေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ကျတယ်လေ... စီအီးအိုက နှစ်မဲ ၊ ဘုတ်တင် ရှယ်ယာ ပိုင်ရှင်တွေက တစ်ယောက်ကို တစ်မဲ - စကားချပ် )
" နင်က တကယ် ထက်မြက်သားပဲ..."
" ခုလို ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ အန်တီရှန်း...."
ရှန်းရှုရီ ရင်ထဲ သက်ပြင်းချလိုက်မိ၏။
လင်းရီ၏ ဉာဏ်ရည်က လင်းကျင်ကျန့်ထက်ပင် အပုံကြီး သာနေလေသည်။
ထို အရူးမလေး ၊ ရှောင်မီကတော့ သေချာပေါက် ထိုကောင်စုတ်အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
" နင် ခဏနေ စင်ပေါ်ရောက်တဲ့အခါကျ သွားပြီး စကားနည်းနည်းလောက် ပြောလိုက်...ဘယ်သူပြောနိုင်မှာ... semiconductor နယ်ပယ်ကို လှုံ့ဆော်ရင် လှုံ့ဆော်နိုင်မှာပေါ့... "
" သူတို့ကို အသိဉာဏ်ပွင့်သွားအောင် မလုပ်ပေးချင်ပါဘူး..."လင်းရီ ပြောလိုက်ပြီး " ကျွန်တော် ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီ လေးဆယ်ကျော်ကတင် ကျွန်တော့်ကို အချိန်အတိုင်းအတာ တစ်ခုထိ လှုံ့ဆော်ပေးဖို့ လုံလောက်နေပြီးသားပဲလေ... တခြားသူတွေကို ကျွန်တော့်ရဲ့ လက်ဝါးကြီးအုပ် ကြီးစိုးမယ့် လမ်းကြောင်းမှာ ခလုတ်ကန်သင်း ဖြစ်လာခွင့် ဘယ်ပေးနိုင်မှာ..."
" အဲ့တာ ဟုတ်တယ်... လီတိုဂရပ်ဖီ ပရောဂျက်က သိပ် အရေးကြီးတာ... နင် ဘယ်သူ ဘယ်ဝါဆိုတာ အစောကြီး ထုတ်မပြသင့်ဘူး... နှိမ့်နှိမ့်ချချလေး နေတာ ပိုကောင်းတယ်...."ရှန်းရှုရီ သူမကုတ်ကို ချွတ်ရင်း ပြောလိုက်သည်။ လင်းရီလည်း အလိုက်တသိဖြင့် ကုတ်အင်္ကျီကို ယူပေးကာ နောက်ရှိ ထိုင်ခုံပေါ် တင်ထားပေးလိုက်လေသည်။
" စကားမစပ် ဒါရိုက်တာရှန်းက ဘာပြောလိုက်သေးတုန်း... နောက်ထပ် အပ်ဒိတ်က ဘယ်တော့လဲတဲ့..."
" သုံးလေးလလောက်တော့ ကြာဦးမယ် ထင်တယ်... ခုက အရေးကြီးတဲ့ အကျပ်အတည်းတွေလည်း မရှိတော့ဘူး... ဒါပေမယ့် ဒီအဆင့်မှာတော့ ကျွန်တော်တို့က ပလတ်ဖောင်း ပါဝါလယ်ဗယ် ကိုပဲ လိုက်မှီနိုင်ဦးမယ်... အပြည့်အ၀ ဖြတ်ကျော်ဖို့ဆို နှစ်နှစ်ကနေ သုံးနှစ်လောက်အထိ ကြာနိုင်တယ်...."
" ပလတ်ဖောင်းပါဝါ လယ်ဗယ်ကို လိုက်မီနိုင်တာကတင် လုံလောက်နေပြီ... အနည်းဆုံးတော့ သူများတွေလို နောက်ကောက်ကျမနေတော့ဘူးပေါ့... ဒါပေမယ့် ငါသိချင်မိတာ နင် ကမ္ဘာ့ ရောင်း၀ယ်ဖောက်ကားခွင့်ကို ဘယ်လိုလုပ်ပြီး ရရှိခဲ့တာ...Intel နဲ့ Cymer ရဲ့ ရှယ်ယာတွေကြောင့် ဆိုရင်တောင် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး... "ရှန်းရှုရီ ပြောလိုက်၏။
လင်းရီ ရှန်းရှုရီ နားအနား တိုးကပ်၍ မိနစ် အနည်းငယ် ကြာအောင် တိုးတိုးတွတ်တွတ် ပြောလိုက်သည်။
အစကတော့ ရှန်းရှုရီ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် လင်းရီ၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် သူမ၏ အမူအရာမှာ မျှော်လင့်မထားသည့်ဟန်ဖြင့် အံ့အားသင့်နေသည့် အမူအရာ ဖြစ်လာခဲ့လေသည်။
" ကောင်လေး... နင်က တကယ့်ကို မြင်းရိုင်းလေးပဲ... နင် ဒီလောက်တောင် များတဲ့ အကြံအစည်တွေ ဘယ်ကနေ ရလာခဲ့တာ..." " လူရဲ့ စိတ်ကသာ အတွေးမမှားသေးသရွေ့ အခက်အခဲတွေထက် ဖြေရှင်းချက်တွေဆိုတာ အမြဲတမ်း ရှိနေစဲပဲလေ..."
ရှန်းရှုရီ ပြုံးသွားပြီး လင်းရီ၏ ကြံရည်ဉာဏ်ရည် ထက်မြိမှုကို သဘောကျသွားခဲ့သည်။
အကယ်၍ ယခုအတိုင်း ဆက်လက်နေမည်ဆိုပါက ဟွာရှတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ကြံစည် ဝံ့လိမ့်မည် မဟုတ်တော့ချေ။ ထို့ပြင် သူက ကျုံးဝေ့တပ်ဖွဲ့သို့လည်း ၀င်ရောက်ထားသေးသည်။ အောင်မြင်မှု ကြီးကြီးမားမား ရရှိရန်အတွက် ကိုက်တံ(စံပေတံ)တစ်ချောင်း အသင့်ရှိထားသည်ဟုပင် ကောက်ချက်ချ၍ ရလေသည်။
အကယ်၍ စည်းကျော်သည့် တစ်စုံတစ်ရာ ပြုလုပ်ခဲ့လျှင်ပင် အသေဆိုးနှင့် သေမည်တော့ မဟုတ်တော့ချေ။
သို့သော်လည်း လက်ရှိ အခြေအနေပေါ် ကြည့်ရသလောက်ကတော့ အရာအားလုံးမှာ ကောင်းမွန်သည့် ဦးတည်ရာဘက်သို့ တိုးတက်နေပေသည်။
နှစ်ယောက် စကားပြောနေစဉ်တွင် ပွဲကျင်းပရာ နေရာရှိ လူအုပ်သည်လည်း တဖြည်းဖြည်း များပြားလာခဲ့၏။
ဒိတ်ဒိတ်ကျဲကြီးများအားလုံး ရောက်ရှိနေခဲ့ကြသည်။
လင်းရီ ခုံတန်းများတွင် ထိုင်နေကြသူများဘက် တစ်ချက်လှည့်ကြည့်လိုက်၏။ သူတို့ အကုန်လုံးမှာ မျက်နှာ အမူအရာ ကင်းမဲ့နေပြီး သန်မာသည့် အရှိန်အဝါတို့ လွှတ်ထုတ်နေခဲ့ကြသည်။
ထိုသူတို့၏ အဆင့်အတန်းက ရှန်းရှုရီနှင့် လျန်မိသားစု၏ အဆင့်အတန်းနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်ဟု လင်းရီ ခံစားနေရ၏။
" ဒီလို အခြေအနေမျိုးမှာ တောင်ကြည့်မြောက်ကြည့် လျှောက်ကြည့်မနေနဲ့... သင့်တင့်တဲ့ အပြုအမူကို ထိန်းသိမ်းထား...."ရှန်းရှုရီ ပြောလိုက်သည်။
သို့နှင့် လင်းရီလည်း မထိုင်ချင် ထိုင်ချင်နှင့် ထိုင်ချလိုက်ရတော့၏။
" ဒီလူတွေက အန်တီရှန်းနဲ့ သွင်ပြင်ချင်းပဲ ယှဉ်လိုက်ရင်တောင် ဟိုးဆယ်မိုင်လောက်မှာ ပြတ်ကျန်နေခဲ့ပါပြီဗျာ... သူတို့ ရုပ်တွေကိုလည်း ကြည့်စမ်းပါဦး... သောကရောက်နေတဲ့ မျက်နှာထားကြီးတွေနဲ့..."သူ ရေရွတ်လိုက်၏။
" နင့်အန်တီက အသက်ငါးဆယ်တောင် ရှိနေပြီ... လာပြီး မြှောက်ပင့်မနေစမ်းနဲ့...."
" ကျွန်တော် မြှောက်ပြော ပြောနေတာ မဟုတ်ဘူး... "လင်းရီ ပြောလိုက်ပြီး " တကယ်... ဒီရှေ့တန်းမှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်... အကုန်လုံးက သူတို့ မိသားစု၀င်တွေ သေထားတဲ့ ရုပ်နဲ့... တကယ်လို့ မသိရင် ခုလေးတင် သင်္ချိုင်းက ပြန်လာခဲ့ကြသလားတောင် အောက်မေ့ရတယ်... "
" တကယ်လို့ သင်္ချိုင်းက ပြန်လာတယ်ဆိုရင်တောင် နင့် သင်္ချိုင်းကပဲ ဖြစ်လိမ့်မယ်... "
" ဟမ်.... ဘာလို့...."
ရှန်းရှုရီ ဘေးဘီကို တစ်ချက်ကြည့်လိုက်ရင်း " ငါတို့နှစ်ယောက်ကို ဖယ်ထားလိုက်ရင် ပထမတန်းမှာ ထိုင်ခုံ ၂၁ နေရာ ရှိတယ်... အဲ့ဒီထဲက ထိုင်ခုံ ၁၅ လုံးကို မိသားစုကြီးတွေက ယူထားကြတာ... ပြီးတော့ သူတို့ထဲက ၁၃ ယောက်မှာ သားတွေ ရှိတယ်... အဲ့ကလေးတွေကိုလည်း နင်ပဲ ရိုက်နှက်ခဲ့တာလေ... သူတို့ ပျော်နေကြလိမ့်မယ်လို့ နင်ထင်လား...."