← Chapters

ငါ့ အကောင်လေးကို မင်းဆီ လွှတ်ပေးလိုက်မှာနော်

Vol. 69 Ch. 1032

ငါ့ အကောင်လေးကို မင်းဆီ လွှတ်ပေးလိုက်မှာနော်

Vol. 69 Ch. 1032

" ဘာပြောလိုက်တယ်... သူတို့ နင့်ကို သတ်ဖို့ ကြိုးစားကြတယ် ဟုတ်လား...."

ရှန်းရှုရီ သူမ၏ တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့လေသည်။ အကယ်၍ ထိုကိစ္စသာ အမှန်စင်စစ် ဖြစ်မည်ဆိုပါက ဤအရေးမှာ အတော်လေး ပြင်းထန်သွားပြီဖြစ်သည်။

လင်းရီ ခေါင်းညိမ့်လိုက်သည်။ " သူတို့ မနေ့ညက လုပ်ကြံဖို့ လူလွှတ်ခဲ့ကြတာ... "

လင်းရီ၏ စကားလုံးတို့က ဟန်ကျင်းလေ့နှင့် အခြားသူများကို ထိတ်လန့်သွားစေသည်။ ယခုလို ဖြစ်လာလိမ့်မည်လို့ သူတို့ တစ်ကြိမ် တစ်ခါမျှပင် မတွေးတောခဲ့ဖူးကြချေ။

" လင်းရီ.... မင်း ငါတို့ကို စွပ်စွဲနေတာတွေ တော်လိုက်တော့..."

ဟန်ကျင်းလေ့နှင့် ကျန်သူများက ဤနေရာသို့ ရောက်လာကြသည်မှာ လင်းရီထံမှ အကျိုးအမြတ် ရရှိရန် ဖြစ်၏။ အဘယ်အကြောင်းကြောင့် လင်းရီကို တိုက်ခိုက်ရမည်နည်း။

ကိုင်တွယ်ရန် မလွယ်ကူသည့် လျန်မိသားစုကို မဆိုထားနှင့် လင်းကျင်ကျန့်၏ နာမည်ဂုဏ်သတင်းနှင့်ပင် မည်သူကမျှ လင်းရီကို ထိပါးဝံ့ကြလိမ့်မည် မဟုတ်ပေ။

" ကျုပ်ကို သောက်ရမ်း အားယားနေတယ်လို့များ ထင်နေတာလား...."

လင်းရီ ဖုန်းထုတ်လိုက်ပြီး ဗွီဒိုယို တစ်ပုဒ်ကို ဖွင့်ပြလိုက်သည်။

သူတို့ကို ပထမဦးဆုံး ဆီးကြိုလာသည်ကတော့ သေနတ်တစ်လက်နှင့် လီစစ်ချန်ဖြစ်၏။

ဗွီဒီယိုထဲတွင် လီစစ်ချန်က သူ၏ ဒဏ်ရာရနေသည့် လက်ကို ဆုပ်ကိုင်ထားရင်း ကြမ်းပြင်တွင် ထိုင်၍ အရာအားလုံးကို ရှင်းပြနေလေသည်။

" ဒီထဲက ဗွီဒီယိုအပြင် သူပြောတာတွေ အကုန်လုံးက အမှန်တွေပါလို့ အာမခံတဲ့ စာတစ်စောင်တောင် ရေးထားသေးတယ်... ဒီတော့ ခင်များတို့ ဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို သံသယ ဖြစ်နေစရာ မလိုဘူး... အဲ့ကောင်က သေနတ်ကြီး ယူလာတာနော်... ရေသေနတ်ပါလို့တော့ ကျုပ်ကို ဖင်ပိတ်လာမငြင်းနဲ့...."

ရှန်းရှုရီ လင်းရီကို နားလည်သဘောပေါက်သွားသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ထိုအခါမှ လင်းရီ အဘယ်ကြောင့် လျန်မိသားစုနှင့် ခြေရာချင်း တိုင်းနိုင်သူ ရှိလားဟု မေးမြန်းရခြင်း ရည်ရွယ်ချက်၏ အနက်ကို နားလည်သဘောပေါက်သွားခဲ့လေသည်။

သူ့လက်ထဲရှိ ဗွီဒီယိုကတင် ဤလူများနှင့် သူတို့၏ မိသားစု အသီးသီးကို သေစေနိုင်လောက်သည့် ထိုးချက်တို့ ဖြစ်ပေါ်စေနိုင်သည်။

အထူးသဖြင့်တော့ ဟန်မိသားစုအတွက် ပို၍ မှန်ကန်ပေလိမ့်မည်။ သူတို့၏ အာဏာက လျန်မိသားစုကို ခြေရာချင်း တိုင်းနိုင်လောက်သည်အထိ ကြီးထွားလာပြီး စတင်၍ပင် ဖိနှိပ်စ ပြုလာနေသည်။

အကယ်၍ ဤဗွီဒိယိုသာ ထုတ်ဖော်ခံလိုက်ရမည် ဆိုပါက ဟန်မိသားစု သေလု မြောပါး ဖြစ်မသွားခဲ့လျှင်ပင် ဒုက္ခိတတော့ ဖြစ်သွားပေလိမ့်မည်။

ရှန်းရှုရီ ပြုံး၍ ဘေးသို့ တိတ်တဆိတ် ဆုတ်ခွာနေလိုက်သည်။

ကျန်သည်ကိုတော့ လင်းရီ တစ်ယောက်တည်း ကိုင်တွယ်နိုင်သည့် စွမ်းရည်ရှိလေသည်။

စီးပွားရေးလောက၌ သို့မဟုတ် ဩဇာလွှမ်းမိုးမှုခြင်း ယှဉ်ပြိုင်ရာ၌ဖြစ်စေ သူက အကုန်လုံးနှင့် ထိပ်တိုက်ရင်ဆိုင် အနိုင်ယူနိုင်သည်။

သင်၏ အကျိုးစီးပွားကို မထိခိုက်သေးသရွေ့ လင်းရီ ရပ်နားရန် နေရာကျယ်ကျယ် ချထားပေးသည်က ပိုကောင်း၏။

" ဒီ သောက်ကောင်စုတ်လေးတွေကတော့..."ဟန်ကျင်းလေ့ မနေနိုင်ပဲ လူအများ ရှေ့ကျိန်ဆဲလိုက်မိ၏။ ထိုသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှ ဒေါသထွက်နေသလဲဆိုတာ သိသာထင်ရှားနေသည်။

" အခြေအနေတွေက ဒီလိုတွေ ဖြစ်လာနေပြီဆိုမှတော့ ကျုပ် အပိုစကား မပြာတော့ဘူး...."လင်းရီ ပြောလိုက်ပြီး " ခင်များတို့ ကျုပ်ကို ဆက်ပြီး တိုက်ခိုက်လို့ရတယ်... ကျုပ်ကလည်း လက်ခံတယ်... ဒါပေမယ့် ကျုပ်ကလည်း ဒီ ဗွီဒီယိုကို ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြလိုက်မယ်... သူတို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ ကျုပ်လည်း မသိဘူး... ကံကောင်းပါစေ..."

မ‌နီးမဝေးတွင် ရပ်နေသည့် ရှန်းရှုရီမှာ လင်းရီကို ကြည့်ရင်း ယခုလိုတွေးလိုက်၏။

" သူက ဗွီဒီယို ရိုက်ထားပြီး ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီကိုလည်း တင်ပြဦးမယ်... သူ မလုပ်ဝံ့တာ တကယ်ကို ဘာမှ မရှိဘူးပဲ..."

" အန်တီရှန်း .. သွားကြစို့.. ကျွန်တော် ဗိုက်နည်းနည်း ဆာနေပြီ...."

လင်းရီ ခရီးသည် တံခါးဖွင့်၍ ရှန်းရှုရီကို ၀င်ထိုင်ရန် လက်ဟန်ပြုလိုက်သည်။

" အင်း.... "

နှစ်ယောက် ကားထဲ ၀င်သွားသည်ကို မြင်တော့မှ ဟန်ကျင်းလေ့ နှင့် ကျန်သူများအားလုံး တုန်လှုပ်နေရာမှ အသိပြန်ကပ်လာကြလေသည်။

" လင်း ... တူလေးလင်း... တစ်မိနစ်လောက်ပဲ... ငါတို့ သေချာလေး စကားပြောကြရအောင်လေနော်...."

ထိုအခိုက်အတန့်တွင် ဟန်ကျင်းလေ့ သူ့ ဂုဏ်သိက္ခာကိုပင် သတိမရတော့ပဲ လင်းရီ၏ မှန်ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်၍ နောက်မှလိုက်ပါရင်း မသွားရန် တားဆီးနေတော့သည်။

" ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး... ခင်များ ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ စဉ်းစားထားလိုက်..."

" မရီး... နင်လည်း ဒီတိုင်းပဲ ရပ်ကြည့်မနေနဲ့ဦးလေ... ပြောကူပေးပါဦးကွာ.. ဒီကိစ္စ တစ်ခုခု နားလည်မှု လွဲသွားတာ နေမှာပါ... ငါ အဲ့ ခွေးကောင်လေးကို ပြန်သွားရင် သင်ခန်းစာ ပေးလိုက်ပါ့မယ်...."

" ပြဿနာက ကျွန်မလည်း ဒီကိစ္စမှာ ၀င်ပါလို့ မရဘူး ဖြစ်နေတယ်ရှင်... ဒါက လင်းရီရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သွားပြီလေ...."ရှန်းရှုရီ အားတောင့်အားနာ ဖြစ်နေဟန်ဖြင့် ပြောလိုက်၏။

" ပြန်သွားပြီး ခင်များရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ ချစ်သားကြီးကိုသာ ကောင်းကောင်း သင်ပြထားလိုက်... သူ ထွက်လာပြီး ကျုပ်ရှေ့ မြောက်ကားကြီး ထပ်လုပ်ရင်တော့ ကျုပ်အကြောင်း သိပါတယ်... "

ပြောပြီးနောက် လင်းရီ ဘာကိုမှ ဂရုစိုက်မနေတော့ပဲ လီဗာနင်း၍ ထွက်ခွာသွားခဲ့သည်။

အဘယ်‌ကြောင့်ဆိုသော် ရှန်းရှုရီမှ ဘာမျှ၀င်မပြောသောကြောင့် သူမ၏ သဘောထားကို ဖော်ပြရန် လုံလောက်နေလေပြီ။ သူမက ဤကိစ္စအပေါ် မည်သည့် အတွေးတို့မျှ ရှိမနေသောကြောင့် လင်းရီလည်း ထွေထူးလုပ်၍ စိတ်ပူမနေတော့ချေ။

အခြားတစ်ဖက် ဘန်ထလေထဲ၌ ကျော်ဟော်နှင့် ၀မ်တုံးချင်တို့ တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

ဟန်ကျင်းလေ့က ခုနလေးတင် အရမ်း မောက်မာနေတာ မဟုတ်ဘူးလား... ဘာလို့ ချက်ချင်းကြီး လင်းရီကို တောင်းပန်တိုလျှိုးနေတဲ့ ပုံစံ လုပ်နေရတာလဲတဲ့...

သူတို့ကြား အကွာအဝေး တစ်ချို့ ရှိနေသောကြောင့် နှစ်ဖက်၏ စကားဝိုင်းကို သူမတို့ မကြားလိုက်ရချေ။

သို့သော်လည်း သူတို့၏ အပြုအမူနှင့် မျက်နှာအမူအရာတို့မှတဆင့် ကိစ္စ၏ ဦးတည်ရာက သူမတို့ စိတ်ကူးထားသည်နှင့် လွဲချော်နေကြောင်းကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

" ကျွန်မကတော့ တစ်ခုခု သိပ်မမှန်ဘူးလို့ ခံစားရတယ်..."

၀မ်တုံးချင် ပြောလိုက်ပြီး " ဟန်ကျင်းလေ့နဲ့ သူ့မိသားစုရဲ့ အဆင့်အတန်းနဲ့ဆိုရင် လင်းရီကို ဒီလိုပုံစံမျိုး ဆက်ဆံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... "

" ရှန်းရှုရီကြောင့်များလား...."

" အဲ့တာလည်း မဖြစ်နိုင်လောက်ဘူးနော်...."၀မ်တုံးချင် သူမ အတွေးများအား ထုတ်ဖော်လိုက်ပြီး " ရှန်းရှုရီနဲ့ လျန်မိသားစုက အင်အားကြီးရင် ကြီးမယ်.. ဒါပေမယ့် ဟန်မိသားစုကလည်း ကိုင်တွယ်ဖို့ လွယ်ကူတာ မဟုတ်ဘူး... သူ့တစ်ယောက်တည်းနဲ့ ဒီလူတွေကို လှုပ်ခါနိုင်တဲ့ စွမ်းရည် မရှိဘူး... နောက်ပြီး ဟန်ကျင်းလေ့ ဘယ်နေရာမှာ ရပ်နေလဲ သေချာ ကြည့်လိုက်ဦး.. သူ လင်းရီနဲ့ စကားပြောနေတယ်ဆိုတာ သေချာတယ်... အခြေအနေကတော့ မဟန်ဘူးနေမှာ...."

" မင်း ဆိုလိုချင်တဲ့ သဘောက... ဟန်ကျင်းလေ့နဲ့ တခြားသူတွေရဲ့ အကြံအစည် မအောင်မြင်လိုက်ဘူးလို့ ပြောချင်တာလား...."

" ဖြစ်နိုင်တယ်... ပြီးတော့ ဒီကိစ္စက တော်တော်ဘေးကို အုတ်အောသောင်းနင်း ဖြစ်သွားစေနိုင်လောက်တယ်... "

၀မ်တုံးချင် အပြုံးလေးဖြင့် ပြောလိုက်ပြီး " ကျွန်မကတော့ ၈၀ ရာခိုင်နှုန်း မှန်ကန်တယ်ဆိုတာ သေချာတယ်...."

ကျော်ဟော် မျက်မှောင်ကြုတ်သွားခဲ့ပြီး " ငါသိချင်တာက... လင်းရီ ဟန်ကျင်းလေ့ကို ဘယ်လိုမျိုး ဖိနှိပ်လိုက်လဲ ဆိုတာပဲ...."

" ဘယ်သိမှာ..."၀မ်တုံးချင် ပြောလိုက်ပြီး " ဘယ်သူကမှ သူ ဘာစဉ်းစားနေလဲ မသိနိုင်ဘူးလေ..."

ပွဲကျင်းပရာ နေရာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ရှန်းရှုရီကို ကော်ပိုရေးရှင်းထံ ပြန်လိုက်ပို့ပေးလိုက်သည်။

" ငါ့ကို အဲ့ဒီ ဗွီဒီယိုပေး..."ရှန်းရှုရီ ပြောလိုက်ပြီး " နင် အဲ့ကိစ္စကို သေချာလေး ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."

မနေ့ည ဖြစ်သွားခဲ့သည့် အဖြစ်အပျက်၌ မိသားစု ငါးခု ပါ၀င်ပတ်သက်နေသည်။

သူတို့ကြား အာဏာကွန်ယက်မှာ ရှုပ်ထွေးပွေလီပြီး အကယ်၍ လင်းရီ အမှန်တကယ် တင်ပြခဲ့လျှင်ပင် အာဏာပိုင်များ စစ်ဆေးမည်လော ဆိုတာက ပြဿနာ ရှိလာချေပြီ။

အကယ်၍သာ အစိုးရဘက်က မိသားစု ငါးခုကို စုံစမ်းစစ်ဆေးလျှင် အဆင်ပြေသော်လည်းပဲ မသိသလို မျက်ကွယ်ပြုထားမည် ဆိုလျှင်တော့ လင်းရီကပင် ပြဿနာ ပြန်တက်သွားနိုင်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက် မချခင် အားသာချက် အားနည်းချက်များကို သေချာတိုင်းတာကြည့်သင့်ပေသည်။

လင်းရီလည်း ခေါင်းညိမ့်ပြီး ဘာမျှ မပြောချေ။

ရှန်းရှုရီက အလုပ်နှင့် ပတ်သက်လာလျှင် အမြဲ အနုစိတ်ပြီး သူမက နှလုံးသား နူးညံ ကြင်နာတတ်သူမျိုး မဟုတ်ချေ။

ဤကိစ္စ သူ့ဘာသူ ကိုင်တွယ်သည်ထက် သူမအား ကိုင်တွယ်ခိုင်းလိုက်သည်က ပိုအဆင်ပြေလေသည်။ သူကပင် ကြားထဲ၌ မျှော်လင့်မထားသည့် အကျိုးအမြတ်များပင် ရရှိလာနိုင်သေးသည်။

ထို့ကြောင့် သူမ လက်ထဲ အပ်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်၏။

လင်းရီနှင့် ရှန်းရှုရီမှာ ဝီချက်တွင် အချိန်အတော်ကြာကတည်းက ဖရန့်ဖြစ်နေ‌သောကြောင့် လင်းရီလည်း ထိုမှတစ်ဆင့် ဗွီဒီယိုကို ပို့ပေးလိုက်သည်။

" အန်တီ့ ကုမ္ပဏီမှာ ကိစ္စလေးတစ်ချို့ ရှိသေးတယ်ဆိုတော့ နင့်ကို အဖော်မလုပ်ပေးတော့ဘူးနော်.... တကယ်လို့ ပြဿနာ တစ်ခုခု ဖြစ်ရင် ဖုန်းဆက်လိုက် ကြားလား....."

" ကျေးဇူးပါ အန်တီရှန်း...."

မိနစ်အနည်းငယ် ကြာအောင် ရိုးရှင်းသည့် စကားတစ်ချို့ ပြောကြားပြီးနောက် နှစ်ယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြသည်။ လင်းရီလည်း လွတ်နေသည့် ပါကင်နေရာတစ်ခု၌ ကားထိုးရပ်ရင်း လျန်ရူရွှယ်ထံ ဖုန်းဆက်လိုက်သည်။

" အစည်းအဝေး ပြီးသွားပြီလားတဲ့...."

လင်းရီ ခေါင်းညိမ့်လိုက်သည်။ " အင်း... ငါ ကျိုးဟိုင်ကို ပြန်သွားတော့မလို့ ... မင်းကော ဘယ်တော့ပြန်မှာ....."

" အဲ့လောက် အစောကြီး ပြန်တော့မလို့လား...."

" ဒီက အလုပ်ကိစ္စတွေ အကုန် ပြီးသွားပြီလေ... ဆက်နေလို့ရော ဘာထူးတော့မှာ....."

" ဒါဆို ငါလည်း အထုပ်အပိုး ပြင်ထားလိုက်တော့မယ်.... ငါ့ကို လာကြိုပေး....."

သို့နှင့် လင်းရီလည်း လျန်ရူရွှယ်တို့ အိမ်ထံ မောင်းနှင်သွားလိုက်သည်။

သူမကို ခေါ်ပြီးနောက် နှစ်ယောက်အတူ ထမင်းစားကာ လေဆပ်သို့ မောင်းထွက်ခဲ့လိုက်၏။ သူတို့ ညနေပိုင်း ငါးနာရီထိုးမှ ကျိုးဟိုင်သို့ ရောက်ရှိလာသည်။

" နင် ပြီးရင် ဘာလဲ လုပ်မှာ...."

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် လျန်ရူရွှယ် မေးမြန်းလိုက်သည်။

" ဗိုက်ဆာတယ်... တစ်ခုခု သွားစားရအောင်...."

" လေယာဉ် မတက်ခင်လည်း စားပြီးပြီ မဟုတ်ဘူးလား... အခု ဆာပြန်ပြီပေါ့..... "လျန်ရူရွှယ် ပြောလိုက်ပြီး " နင်က ၀က်လား...."

" အေး ... အဲ့လို ကြပ်ကြပ်လုပ်... ငါ့အကောင်လေးကို မင်းဆီ လွှတ်ပေးလိုက်မှာဗျ....."

" ငါမှားသွားပါတယ်နော်... ဟုတ်ပြီလား.... ဒီညနေစာကို ငါကျွေးမယ်လေ...."

လျန်ရူရွှယ်မှာ ငိုရမှန်းမသိ ရယ်ရမှန်းမသိ ဖြစ်သည်အထိ ဒေါသဖြစ်သွားခဲ့တော့သည်။ လင်းရီ သူ၏ ၀က်ပေါက်လေးကို လွှတ်ပြီး သူမနောက် လိုက်ခိုင်းလိုက်မည်ကို တကယ်ကြီး စိုးရွံ့နေလေသည်။

All Chapters