အိုတာခုတို့ရဲ့ အိုင်ဒေါ
Vol. 69 Ch. 1033
ထိုညတွင်တော့ နှစ်ယောက်သား ထမင်းစားရန်အတွက် အတူတကွ ထွက်လာခဲ့ကြသည်။
စားပွဲဝိုင်း အပြင်အဆင်မှာ အတော်လေး ရိုမန်တစ် ဆန်နေပြီး လျန်ရူရွှယ်ပင် သူမကိုယ်သူမ ဒိတ်လုပ်နေသည်ဟု ခံစားနေရတော့၏။
ညစာစားပြီးနောက် လင်းရီ အိမ်ကို ပြန်လာတော့ အခန်း မီးများ လင်းထိန်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူ ယနေ့ ပြန်လာမည်ဟု ကျီချင်းရန်ကို ပြောထားသောကြောင့် သူမ၏ အိမ်မှ ထွက်လာပြီး ကျိုကျုံးဗီလာသို့ ပြန်လာခဲ့ခြင်း ဖြစ်ရပေမည်။
လင်းရီ ပြန်လာခဲ့သည်ကို မြင်တော့ ကျီချင်းရန် အပြေးကလေး လာတွေ့၏။
“ အစည်းအဝေး သွားခဲ့တာ ဘယ်လိုလဲ… ထူးထူးခြားခြား မူဝါဒတွေကော ကြေညာသေးလား…”
လင်းရီ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ရန်အတွက် စမ်းသပ်မှု သွားရောက်ဖြေဆိုနေကြောင်းကို မသိထားပဲ semiconductor ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည်ဟုသာ ကျီချင်းရန် တွေးထင်နေခဲ့သည်။
“ မူဝါဒတွေက အများကြီးပဲ… တရားဝင် စာရွက်စာတမ်းနဲ့ ထွက်လာဖို့တော့ ကြာဦးမယ်နဲ့ တူတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အိမ်ခြံမြေ ဈေးကွက်ကတော့ မကြာခင် ဆောင်းရောက်လာတော့မှာကို စိုးရိမ်ရတယ်… မင်း ဒီအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပြီ…”
“ ဒီလို နေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ အစောကြီးကတည်းက မျှော်လင့်ထားပြီးသားပါ… ဒါကြောင့်မို့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအပေါ်မှာ ပြင်ဆင်မှု တစ်ချို့ ပြုလုပ်ပြီးသွားပြီ… နင် စိတ်ပူစရာ မလိုပါဘူး….”
ကျီချင်းရန်၏ အတွေးတို့ကတော့ အင်မတန် ရိုးစင်း၏။ ချောင်ရန် အုပ်စု၏ အနာဂတ် ဖွံ့ဖြိုးမှုနှင့် ဦးတည်ရာအတွက်ပင် ကြိုတင်၍ စဉ်းစားထားပြီးချေပြီ။
သို့တိုင်အောင် ထိုသည်က သူမ၏ ပထမ ဦးစားပေးတော့ မဟုတ်ခဲ့ချေ။ ကုမ္ပဏီ၏ အုတ်မြစ်အောင် ခိုင်မာအောင် ပြုလုပ်ခြင်းက လောလောလတ်လတ် သူမ အဖို့ အရေးကြီးဆုံး ဖြစ်နေလေသည်။
သူမတို့နှစ်ယောက် လက်ထပ်ပြီး ကလေးများ ရှိလာပြီ ဆိုပါက ကုမ္ပဏီကို ပရော်ဖက်ရှင်နယ် မန်နေဂျာများ၏ လက်ထဲ သို့မဟုတ် လင်းယွင် အုပ်စု၏ ဦးဆောင်မှုအောက်တွင် နေရာချထားလိုက်တော့မည်။
သူမကတော့ အိမ်၌သာနေပြီး ခင်ပွန်းသည်နှင့် ကလေးများအား ဂရုစိုက်ပေးချေမည်။
“ ငါ တစ်ခါမှ ချောင်ရန် အုပ်စုနဲ့ ပတ်သက်ပြီး စိတ်မပူခဲ့ပါဘူးကွာ…. မစ္စလင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အဲ့ဒီအရာတွေက ပြဿနာတောင် မဟုတ်ဘူး.. ဟုတ်တယ်ဟုတ်…”
“ သွား… လာပြီး မြှောက်ပင့်ပြောမနေနဲ့… ငါ ရှာနိုင်တဲ့ ငွေက ရုံးခန်း အဆောက်အဦး ဝယ်ဖို့တောင် မလောက်ငှတာကို…”
ကျီချင်းရန် လင်းရီ ၏ လည်ပင်းကို ဖက်ပြီး တခစ်ခစ်ရယ်မောလိုက်ရင်း သူမ၏ ခြေထောက်များကတော့ လင်းရီ၏ ခါးကို ရစ်ပတ်ထားသည်။
လင်းရီလည်း သူမ ပြုတ်မကျစေရန် တင်ပါးမှနေ၍ ပင့်ကိုင်ထားပေးလိုက်၏။
“ နင် ဒီလောက် ရက်တွေ အကြာကြီး ထွက်သွားခဲ့တာ ငါ့ကို မလွမ်းဘူးလား..” “ လွမ်းတာပေါ့… ချင်းရန်လေးကို ဒီက အရမ်း လွမ်းနေခဲ့တာ…. အမှန်ဆို မနက်ဖြန် အစည်းအဝေးတစ်ခုတောင် ရှိသေးတယ်.. ဒါပေမယ့် ရင်ထဲက တွေ့ချင်တဲ့ ဆန္ဒတွေကို မဖိနှိပ်နိုင်တော့တာနဲ့ ညတွင်းချင်းပဲ ပြန်လာခဲ့လိုက်တာလေ…”
“ ဟင့်…. အနည်းဆုံးတော့ နင်က လူကို ဘယ်လို ကျေနပ်အောင် ပြောရမလဲဆိုတာ သိသေးသားပဲ…” ကျီချင်းရန် သူမ ခေါင်းကို ဂုဏ်ယူစွာဖြင့် မော်ကြွားလိုက်သည်။
“ ခု အစည်းအဝေးကလည်း ပြီးသွားပြီဆိုတော့ ကုမ္ပဏီအတွက် ဘာ အစီအစဉ်တွေ ရှိထားလဲ…”
“ ငါ ဥပဒေ မူဝါဒတွေ ဘယ်လိုလာမလဲလို့ စောင့်ဦးမယ်… လီတိုဂရပ်ဖီ စက်အပေါ် အာရုံစိုက်ထားရင်းပေါ့…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ semiconductor နယ်ပယ်ထဲက ငါ့အစီအစဉ်တွေလည်း ပြီးမြောက်သွားပြီ… ဝင်ဖို့ ပြင်ဆင်နေစရာ မလိုတော့ဘူး… ဥပဒေ မူဝါဒတွေကသာ ဘယ်လို အကျိုးအမြတ်ရှိမလဲလို့ စောင့်ကြည့်နေရုံပဲ…”
“ နင့်မှာ ဘာလို့ အဲ့လောက်ကောင်းတဲ့ အမြင်တွေ ရှိနေရတာလဲဟင်… ငါဖြင့် နင် semiconductor နယ်ပယ်ထဲမှာ မဟာဗျူဟာကျကျ လှုပ်ရှားပြီးသွားပြီဆိုတာ ယုံတောင် မယုံနိုင်ဘူး…”
“ ဒီတိုင်း တိုက်ဆိုင် သွားရုံ သပ်သပ်ပါပဲ… အနာဂတ်ကျရင် ဒီလို ကံကောင်းတော့မှာ မဟုတ်တော့ဘူး..” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။
“ ဘာလို့…”
“ ဘာလို့ဆို ငါ့ရဲ့ ကံကောင်းခြင်းတွေ အားလုံးကို မင်းနဲ့ တွေ့ဖို့ သုံးလိုက်လို့လေ… အနာဂတ်ကျရင်တော့ ကံဆိုးတော့မှာပဲ…”
ကျီချင်းရန်၏ ဆည်းလည်းသံကဲ့သို့ ရယ်သံချိုချိုလေး ထွက်လာပြီး သူမ၏ ပုံရိပ်ကိုပင် ဂရုစိုက်နေခြင်း မရှိတော့ချေ။
“ နင် စကား အရမ်း တတ်နေတာပဲ…”
ထိုညတွင် နှစ်ယောက်သား ဧည့်ခန်းထဲ ခေတ္တနေ၍ အနားယူလိုက်ကြလေသည်။
နောက်တစ်နေ့နံနက်ခင်းရောက်တော့ ကိုယ်စီ ကုမ္ပဏီသို့ ဦးတည်လိုက်ကြသည်။
ထိုစဉ် ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့က လင်းရီကို ရုံးခန်းထဲတွင် ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ကြလေသည်။
“ ခုတလော ကုမ္ပဏီ အခြေအနေ ဘယ်လိုရှိလဲ…” လင်းရီ မေးလိုက်၏။
သူ အစည်းအဝေး ကိစ္စ အကြောင်း မပြောခင် ကုမ္ပဏီ၏ အခြေအနေကို ဦးစွာ နားလည်ထားရန် စီစဉ်ထားသည်။
“ လီတိုဂရပ်ဖီစက် ပရောဂျက်က ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်နေပါတယ်… နောက်ပြီး အလုပ် ခရီးကလည်း ဘာ ထွေထူး ပြဿနာမှ မရှိခဲ့ပါဘူးဘော့စ်….”
ချီရှန်းကျောက် ပြောလိုက်ပြီး “ ဥက္ကဌထျန်ကလည်း ယူအက်စ်မှာ ခြေကုပ် ယူထားပြီးသွားပါပြီ… ကုမ္ပဏီ အသစ် တည်ထောင်ပြီးတော့ ကမ္ဘာ့ ရောင်းဝယ်ဖောက်ကားမှုကို တစ်လှမ်းပြီး တစ်လှမ်း အသက်သွင်းနေပါတယ်…”
လင်းရီ ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး “ လုံရှင်းကရော…”
“ ပထမ အသုတ် ဖုန်းတွေကတော့ အကုန် ရောင်းထွက်သွားပြီ… ဒါပေမယ့် ပြဿနာကြီး တစ်ခု ရှိနေတယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " အီကိုစစ်စတမ်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ပြဿနာတွေက တော်တော်လေး များတယ်…
အက်ပ် တော်တော်များများကလည်း အံဝင်ခွင်ကျ မရှိဘူး… စခရင် အစိမ်းရောင် ဖြစ်ဖြစ်သွားတဲ့ ပြဿနာတွေ… စက်သေသေသွားတဲ့ ဖြစ်ရပ်တွေကလည်း မရေမတွက်နိုင်အောင်ပဲ… အဲ့တာတွေက ဘရန်းရဲ့ ဂုဏ်သတင်းကိုတော့ အတိုင်းအတာတစ်ခုထိအောင် အကျိုးသက်ရောက်မှုတွေတော့ ရှိနေတယ်….”
“ ဒါဆို… ပြန်လာသွင်းကြတဲ့သူတွေ ပေါသောနေရောပေါ့…”
“ ဟင့်အင်း… အဲ့လိုကတော့ မရှိဘူး… အသုံးပြုသူ အများစုက နှစ်ခြိုက်ကြပြီး ဆီလျော်တဲ့ အကြံပြုချက် တစ်ချို့တောင် ပေးထားကြသေးတယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ထုတ်ထားတဲ့ VIP ကတ်တွေက ရှိုးသပ်သပ်တင် မဟုတ်ဘူးလေ… စွမ်းဆောင်ရည်မြင့်တဲ့ အစိတ်အပိုင်းတွေကို ၉၉၉ ယွမ်လောက်နဲ့လည်း ရနိုင်သေးတယ်ဆိုတော့ ဘယ်ငြင်းလို့ ကောင်းပါ့တော့မလဲ ဘော့စ်ရယ်… ဒီရဲ့ အကျိုးအမြတ်တွေနဲ့ဆိုရင် တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင်တောင် ဘယ်သူကမှ တကူးတကကြီး ငွေပြန်လဲကြမှာ မဟုတ်ဘူး…”
“ ဒုတိယတစ်ချက် အနေနဲ့ 'မေ' ဖုန်းရဲ့ ဘရောက်ဇာက ဘယ်လို အကြောင်းအရာ ကန့်သတ်မှုမျိုးမှ မရှိဘူးလေ… အခုဆို မျိုးဆက်အသစ်တစ်ခုရဲ့ ရုပ်ရှင် ကြည့်တဲ့ စက်တစ်ခုလိုတောင် ဖြစ်လာနေပြီ… အဲ့ဒီအချက်ကြောင့်ပဲ အင်တာနက် အသုံးပြုသူ တော်တော်များများက မေ မိုဘိုင်းရဲ့ ဘော့စ်က ဝေ့ပေါ်နဲ့ ဝေ့ရှင်းရဲ့ တည်ထောင်သူ များလား ဆိုပြီး ခန့်မှန်းနေကြတာ… ဘော့စ်ရဲ့ ပုံရိပ်က ခုဆို အိုတာခုတွေရဲ့ နှလုံးသားထဲမှာ ဒိုင်းကနဲ မြင့်တက်သွားပြီ…”
“ အာ….”
လင်းရီ ငိုရ အခက် ရယ်ရ အခက် ဖြစ်သွားခဲ့တော့သည်။ သူတို့ လေးယောက် စားသောက်ဆိုင်တွင် စနောက်ပြောဆိုရင်း လုပ်ဖြစ်သွားသည့် အကြံဉာဏ် တစ်ခုက ထိုမျှ အောင်မြင်သွားလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့သည်မှာ အမှန်ပင်။
“ မိုဘိုင်းဖုန်းနဲ့ ပတ်သက်လို့ရှိရင် နောက်လာမယ့် ဖုန်းအသစ်ရဲ့ အော်ပရေးရှင်း စစ်စတမ်အကြောင်း ဆွေးနွေးဖို့ နောက်ထပ် အစည်းအဝေး တစ်ခု ကျင်းပလို့ရတယ်… ဆက်ပြီး တိုးတက်အောင် လုပ်ဆောင်နေဖို့က အရေးကြီးတယ်… ရင်းနှီးမြုပ်နှံမယ့် ပမာဏကိုတော့ မင်းတို့ အစည်းအဝေးမှာပဲ ဆွေးနွေးလိုက်ကြ… ငွေကို သုံးရမှာ မကြောက်နဲ့… ဒါပေမယ့် VIP ကတ်တွေ ပေးနေတာကိုတော့ ခဏလောက် ရပ်ထားလိုက်ဦး… ရှားပါးတဲ့ အရာကမှ တန်ဖိုးကြီးတာ… ပြီးတော့ ငါတို့ ဘရန်းရဲ့ ဂုဏ်သတင်းက အတိုင်းအတာ တစ်ခုလောက်ထိ အဲ့ဒီ ကဏ္ဍအပေါ် မှီခိုနေရဦးမှာ….”
“ နားလည်ပါပြီ…”
“ အင်း.... ရှေ့ သုံးလေးရက်လောက်တုန်းက ငါ ရန်ကျင်းရဲ့ semiconductor ထိပ်သီး အစည်းအဝေး တက်ခဲ့တယ်… semiconductor နယ်ပယ်က နောက်ထပ် မြင့်တက်လာတော့မှာ… ဒါကြောင့်မို့ ကုမ္ပဏီရဲ့ နောက် နည်းဗျူဟာက semiconductor နယ်ပယ်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေ အကုန်လုံးကို ဟန့်တားဖို့ပဲ… သူတို့ ရေထဲ ခြေတစ်လှမ်းလေးတောင် မလှမ်းရသေးခင် ငါ လက်စတုံးပစ်ချင်တယ်…”
“ အဲ့တာက နည်းနည်းလေး အန္တရာယ်မများလွန်းဘူးလား ဘော့စ်…” ချီရှန်းကျောက် မေးမြန်းလိုက်ပြီး “ အစိုးရက ကျုပ်တို့ လင်းယွင်အုပ်စု နိုင်ငံတွင်း လက်ဝါးကြီးအုပ်မှာကို ဒီတိုင်းရပ်ကြည့်နေဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲနော်…”
“ မပူနဲ့… ငါ့ဘက်က ကာကွယ်ပေးမယ့် ထီးတစ်လက် ရှာတွေ့ထားပြီးပြီ… မင်းတို့နှစ်ယောက် လုပ်ချင်တာသာ လုပ်ကြ… အဲ့လောက်အများကြီး တွေးပူနေစရာ မလိုဘူး…”
“ နားလည်ပါပြီဘော့စ်…”
နှစ်ယောက်သား သံပြိုင် ဖြေဆိုလိုက်ကြပြီး အနည်းငယ်ပင် စိတ်လှုပ်ရှားနေကြသည်။
ဟော်ယွမ်ယွမ်ကတော့ လင်းရီကဲ့သို့ သူဌေးကောင်းတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်မှာ အရမ်းကို ကံကောင်းသည်ဟု ခံစားနေရလေသည်။
ဘော့စ်က ကိစ္စ အများကြီးကို ကြိုမြင် ကြိုတွေးနိုင်တယ်… သူ့လက်အောက် ရှိတဲ့ လူတွေက သူတို့အလုပ် သူတို့ လုပ်လိုက်ရုံပဲ…
တစ်စုံတစ်ယောက်က ထောက်ပံ့ပေးထားမှာဆိုတော့ ဘာ ကျင့်ဝတ်သိက္ခာမှလည်း စောင့်ထိန်းနေစရာ မလိုတော့ဘူးလေ….
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ ဟွမ်ရှီး ကျေးရွာသို့ မောင်းနှင်လာခဲ့လိုက်သည်။
အလိုအလျောက် အစာကျွေးစက်နှင့် သူယခင် ဝယ်ယူထားသည့် ဝက်စာမှာ အစောကြီး ကတည်းက ရောက်နှင့် နေချေပြီ။
နောက်ဆုံးတွင်တော့ … သူ ဝက်ပေါက်လေးအား ကိုယ်တိုင် အစာကျွေးဖို့ရာ မလိုအပ်တော့ချေ။
သူ့ ပစ္စည်းများကို ထုပ်ပိုးပြီးနောက် လင်းရီ ဟွမ်ရှီး ကျေးရွာသို့ ထွက်လာခဲ့လိုက်သည်။ ဟိုရောက်တော့ ရွာသူ ရွာသားများ အားလုံးက ကိုယ်စီအလုပ်ရှုပ်နေကြသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
သူ၏ ဖန်လုံအိမ်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းသည်လည်း ကြိုတင် စိုက်ပျိုးထား၍ ရနေချေပြီ။ သို့သော်လည်း ကြီးမားသည့် စိုက်ပျိုးမြေကြီးကိုတော့ ရာသီဥတု နွေးစပြုသည့် ပျော့ပျောင်းသည့် အခါမှသာ စိုက်ပျိုးနိုင်လိမ့်မည်။
သူနှင့် ဘေးချင်းကပ်အိမ်ရှိ စန်းကောတို့ လင်မယား၏ အိမ်ပင် အိမ်တံခါးကို တင်းကြပ်စွာ ပိတ်ထားပြီး လူရှိသည့် မည်သည့် အရိပ်အယောင်ကိုမျှ မမြင်တွေ့ရချေ။ ကြည့်ရသည်မှာတော့ သူတို့သည်လည်း ခြံထဲ အလုပ်များနေကြဟန်ပင်။
သူ အိမ်ထဲရောက်တော့ ဟင်းသီးဟင်းရွက် စိုက်ခင်းမှာ ကောင်းမွန်စွာဖြင့် ကြီးထွားနေကြောင်း လင်းရီ သတိပြုမိလိုက်သည်။ မြေပြင်မှာလည်း ခြောက်သွေ့၍ မနေချေ။ ဆိုလိုသည်က အိမ်နီးချင်းများမှ သူ့အစား ရေလောင်း ထားပေးခဲ့ခြင်းပင်။
မြို့ကြီးပြကြီးတွင် နေတာကြာလာသည်နှင့်အမျှ ယခုလို နွေးထွေးသည့် အပြုအမူမျိုးကို ရရှိရန် မည်မျှ ခဲယဉ်းကြောင်း လင်းရီ သိရှိလာလေသည်။ ထို့ကြောင့်လည်း စိတ်ထဲမှနေ၍ ကျေးဇူးတင်နေမိတော့၏။
လင်းရီ ဝက်ခြံထဲတွင် အချိန်တစ်ချို့ ဖြုန်း၍ အလိုအလျောက် အစာကျွေးစက်အား တပ်ဆင်လိုက်သည်။ သူ စမ်းသပ်ကြည့်လိုက်တော့ ရလဒ်ကလည်း မဆိုးချေ။ အဆင်ပြေပြေနှင့် အလုပ်လုပ်နေသည်။
ထိုကိစ္စ ပြီးနောက် လင်းရီ သူ၏ ဖန်လုံအိမ်ဘက်ခြမ်းသို့ ဦးတည်လိုက်၏။
ဤနေရာတွင်လည်း ထို့အတူပင်။ သူ ဤတွင် မရှိသည့် ရက်များ၌ အိမ်နီးနားချင်းတို့မှ သူ့အစား အပင်များကို ရေလာဖြန်းပေးထားကြသည်။
လင်းရီအဖို့ မည်သည်က ကျေနပ် အားအရဆုံး ဖြစ်သွားစေလဲ ဆိုတာကတော့ အသီးပင်များ အကုန်လုံးက ကောင်းမွန်စွာဖြင့် ကြီးထွား ရှင်သန် နေခဲ့ကြခြင်းပင်။
အသီးများ စတင် သီးလာနေပြီး မရင့်မှည့်သေးသဖြင့် ကောက်ဖို့ အချိန်တော့ မကျသေးချေ။
သို့သော်လည်းပဲ ယခုလို အသီးသီးလာသည်ကပင် အင်မတန် ကောင်းမွန်နေချေပြီ။ လက်ရှိ ရာသီအပေါ် တွက်ချက်ကြည့်ရသလောက်တော့ သူ၏ အသီးများက အခြားအိမ်များထက် တစ်လ ပိုစောသီးနေခဲ့သည်။
နောက်နှစ်လဆိုလျှင် အပြည့်အဝ ရင့်မှည့်လောက်ချေပြီ။
ဤအမြန်နှုန်းက သိပ် အထင်ကြီးဖို့ကောင်းသည်ဟု ဆိုနိုင်၏။
လင်းရီသည်လည်း ဤအချင်းအရာများ အားလုံးက ရွှေရောင် မြေစေးနှင့် အပင် ရှင်သန်ကြီးထွားဆေးရည်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ကောင်းစွာ သိရှိနားလည်ထားသည်။
ဤသည်က ဘာကြောင့်လဲဆိုတော့ အသီးများက အခြားသော ဟင်းသီးဟင်းရွက်ပင်များနှင့် မတူညီသောကြောင့်ဖြစ်သည်။ ဤ အရာနှစ်ခု၏ တိုးမြင့်မှု မပါပဲနဲ့ သူ့အရှေ့ရှိ မြင်ကွင်းက ဘယ်သောအခါကမှ ရှိခဲ့လိမ့်မည် မဟုတ်ချေ။
ဖန်လုံအိမ်ထဲရှိ အခြေအနေမှာ ကောင်းမွန်နေသော်လည်း မကောင်းမှု တစ်ချို့နှင့် တွဲရောက်ရှိလာခဲ့ခြင်းပင်။
အိမ်း.... ဒီရဲ့ ပေါင်းပင်တွေက ကြီးတာ အရမ်း မြင့်လွန်း မနေဘူးလားဟ….
“ စနစ်…. မင်းကတော့ ရန်သူနဲ့ မိတ်ဆွေကို သေချာလေး မခွဲခြားတတ်ဘူးပဲ… ဘာလို့ ဒီ ပေါင်းပင်တွေကိုပါ အားဆေးဖြန်းပေးလိုက်တာတုန်း….”