← Chapters

ဖားယားသူတစ်ဦးကြောင့် ရတဲ့ ဝမ်းနည်းမှု

Vol. 69 Ch. 1034

ဖားယားသူတစ်ဦးကြောင့် ရတဲ့ ဝမ်းနည်းမှု

Vol. 69 Ch. 1034

လင်းရီ သူ တစ်ခါမျှ လယ်ယာ မလုပ်ဖူးခဲ့သော်လည်း အခြေခံ အသိပညာ တစ်ချို့ကတော့ ဦးနှောက်ထဲ ရှိထားလေသည်။

အပင်စိုက်ပျိုးသည့် အခါ၌ ပေါင်းပင်များကို ရှင်းလင်းရန် လိုကို လိုအပ်သည်။ မဟုတ်ပါက သီးပင်များနှင့် မြေဆီ အာဟာရကို ၎င်းတို့က တိုက်ခိုက်လုယူ စုပ်ယူကြလိမ့်မည်။

အကယ်၍ ဖန်လုံအိမ်ထဲရှိ ပေါင်းပင်များကို အချိန်မီ ရှင်းလင်းနိုင်မည်ဆိုပါက အသီးများ ကြီးထွားဖွံ့ဖြိုးမှုမှာ ပို၍ပင် ကောင်းမွန်လိမ့်မည် ဖြစ်ကြောင်းကိုလည်း လင်းရီ သိရှိထားသည်။

ထို့ကြောင့် ပတ်ပတ်လည်ကို တစ်ချက်ကြည့်ရင်း အချိန်ရပါက ပေါင်းသတ်ဆေးတစ်ချို့ ဝယ်ရန် ဆုံးဖြတ်လိုက်တော့၏။

သို့သော်လည်း သူ့ရှေ့ရှိ ပေါင်းပင်များကိုတော့ ချက်ချင်း လက်ငင်း ရှင်းလင်းဖို့ရာ လိုအပ်နေပေသည်။

ကလင် ကလင် ကလင် ….

လင်းရီ စတင်၍ အလုပ်လုပ်တော့မည့် အချိန်တွင်ပဲ အိတ်ကပ်ထဲရှိ ဖုန်းမှာ အသံမြည်လာခဲ့သည်။ ကျီချင်းရန်က ဝီချက်မှ တစ်ဆင့် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။

“ နင် ဘာတွေ လုပ်နေတာလဲ… ခုထိ ထမင်းမစားသေးဘူးလား….”

လင်းရီ ကင်မရာကို ရှေ့လှည့်ပြလိုက်ရင်း ဖန်လုံအိမ်ထဲရှိ အခြေအနေကို ကျီချင်းရန်အား ပြလိုက်သည်။

“ ဒီမှာ ပေါင်းပင်တွေ တော်တော်များနေလို့လေ… ငါ နှုတ်ပစ်တော့မှာ… မဟုတ်ရင် အသီးပင်တွေအတွက် အနှောင့်အယှက် ဖြစ်လာနိုင်တယ်…”

“ ငါလည်း နင့်ကို လာကူပေးမယ်….”

“ မလိုဘူး မလိုဘူး… မင်း အလုပ်သာ မင်းလုပ်…. ဒီလိုမျိုး အလုပ်တွေကိုတော့ ငါ့ဘာငါပဲ ကြည့်လုပ်ထားလိုက်မယ်… “ လင်းရီ ကျီချင်းရန်၏ စေတနာများကို ချက်ချင်း လက်ငင်း ငြင်းဆန်လိုက်သည်။ အကယ်၍ သူမသာ ရောက်လာမည် ဆိုပါက သူသည်လည်း အလုပ်ကောင်းကောင်း လုပ်ဖြစ်တော့မည် မဟုတ်ချေ။

သူမကဲ့သို့ အမျိုးကောင်း သမီးလေးမှာ ငါးမိနစ်လောက် အလုပ်လုပ်ပြီးသည်နှင့် ကျောကိုက်တယ်၊ ခါးနာတယ်ဟုဆိုကာ ထုပေးရ ထောင်းပေးရနှင့် တော်တော်လေးကို အလုပ်ရှုပ်လှသည်။ သူ့ဘာသူ ဖြည်းဖြည်းချင်း ရှင်းလင်းသည်ကပင် ပိုကောင်းလေသည်။

ကျီချင်းရန်လည်း သူမ ကင်မရာကို လှည့်လိုက်ပြီး ရှေ့ရှိ နေ့လည်စာအား ပြသလိုက်၏။

“ ငါလည်း ခဏနေရင် နေ့လည်စာ သွားစားတော့မှာ… မင်းလည်း စားတော့… ပြီးကျမှ အလုပ်ဆက်လုပ်ပေါ့…”

လင်းရီ သူ့လက်ကောက်ဝတ်ရှိ နာရီကို ငုံ့ကြည့်လိုက်တော့ တစ်နာရီထိုးတော့မည် ဖြစ်ကြောင်း သတိထားမိသွားခဲ့သည်။

“ ကောင်းပြီ… ငါ အခု ထမင်းသွားစားတော့မယ်… နောက်မှ ဆက်ပြောကြတာပေါ့… ဟုတ်ပြီလား….”

“ များများစားနော်… အဆာလည်း ခံမနေနဲ့ဦး ကြားလား….”

“ အင်းပါ… ဟုတ်ပါပြီ…”

ကျီချင်းရန်နှင့် ခေတ္တမျှ စကားပြောပြီးနောက် လင်းရီ ဖန်လုံအိမ်ထဲမှ ထွက်ခွာလာခဲ့ကာ နေ့လည်စာ စားရန် ဟန်ပြင်လေသည်။

သူ တဲ အပြင်ဘက်သို့ ထွက်လာရင်း ယောင်ပင်းနှင့် သူ့ဇနီးတို့မှာ သိပ်မဝေးသည့် မြေတစ်နေရာပေါ်တွင် ထမင်းထိုင်စားနေကြကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။ သို့နှင့် သူလည်း သူတို့ ရှိသည့် နေရာသို့ တိုက်ရိုက်ဦးတည်လိုက်သည်။

လင်းရီ လျှောက်လာနေသည်ကို မြင်တော့ ရောင်ပင်း သူ့ဖင်ရှိ မြေမှုန့်များကို ခါပြုရင်း မတ်တပ်ရပ်လိုက်ပြီး

“ ရီ… မင်း ဘယ်အချိန်တုန်းက ပြန်လာတာတုန်းကွ… ငါမင်းကို မမြင်မိတာတောင် သုံးလေးရက်လောက် ရှိပြီ…”

“ ကျုပ်လည်း အလုပ်ကိစ္စလေးရှိလို့ ခရီး တစ်ခု ထွက်နေတာပါဗျာ… အဲ့တာ ဒီနေ့ ပြန်ရောက်တာပဲ…”

“ ဒါနဲ့ မင်း စားရော စားပြီးပြီလား… မစားရသေးရင် ငါတို့နဲ့ တစ်ခါတည်း ဝင်စားသွားလိုက်… ဟင်းကောင်းတော့ မပါဘူးကွာ… မင်း စိတ်မရှိဘူးဆိုရင် အတူစားသွားလို့ရတယ်…”

စုံတွဲမှာ သူတို့၏ ကိုယ်ပိုင် နေ့လည်စာဘူးများ သယ်ဆောင်လာခဲ့ကြသည်။ အစားအစာမှာလည်း ထူးခြားကောင်းမွန်သည့် တစ်စုံတစ်ရာ ပါဝင်မနေချေ။

ပေါင်မုန့်အကြီးကြီး တစ်ချပ်၊ ခရမ်သီး အနှစ်ချက်နှင့် အသီးအရွက် သနပ်ချဉ် တစ်ထုပ်သာ ရှိသည်။

“ ရပါပြီဗျာ… ကျုပ် ညနေကျမှပဲ ဧည့်သည်လာလုပ်တော့မယ်… တော်နေကြာ စန်းကောတို့ မဝလိုက်ပဲ နေပါဦးမယ်…”

“ ဘာမှမဖြစ်ဘူး… မင့်မရီး ဒီနေ့ အစားအသောက် အပိုတွေ အများကြီး ထည့်လာခဲ့တာ… အတော်ပဲ… ငါတို့ချည်းလည်း ကုန်အောင် မစားနိုင်ဘူးကွ… မင်း စိတ်မရှိရင် တစ်ကိုက်လောက် ဝင်ကိုက်သွားလိုက်(ပေါင်မုန့်မို့) … မဟုတ်ရင် မင်း မြို့ထဲထိ တကူးတကသွားပြီး ဝယ်စားနေရမှာပေါ့….”

“ အများကြီး ပါတယ်ဆိုတာ သေချာပါတယ်နော် စန်းကော….”

လင်းရီလည်း သူ့ကိုယ်သူ အားနာသူကြီး မလုပ်ချင်ပေ။ အစားအသောက်ကလည်း သူ ဂေဟာတွင် ရှိစဉ်က ထို့ထက် ဆိုးသည်များပင် စားသောက်ခဲ့ဖူးသေးသည်။ သူ သေချာအောင် မေးနေသည်က စန်းကောတို့ လင်မယား မဝမှာ စိုးရိမ်သောကြောင့်သာ ဖြစ်၏။ တော်နေကြာ တစ်ဖက်က သဒ္ဓါပိုလွန်းပြီး သူတို့အတွက် မလောက်ငှလိုက်ပါက သူပဲ စိတ်မကောင်း ဖြစ်မိရလိမ့်မည်။

“ ထိုင်လိုက်စမ်းပါကွာ… ငါတို့ သုံးယောက် တဝကြီး စားလို့တောင် မကုန်ဘူး… လာခဲ့လိုက်….” ရောင်ပင်း လင်းရီကို နွေးထွေးစွာဖြင့် ကြိုဆိုလိုက်၏။ သို့နှင့် လင်းရီလည်း ဝင်ထိုင်လိုက်ပြီး စားသောက်ကြရင်းဖြင့် စကားစမြည်ကြလေသည်။

“ စန်းကော…ခင်များ ကျုပ်တို့ အိမ်မှာ စိုက်နေတဲ့ အပင်အမျိုးအစားတွေ သိလား… ကျုပ် အိမ်ပြန်လာတော့ ပေါင်းပင်တွေက လူ ခါးလောက်ထိကို ရောက်တော့မယ်ဗျာ…. အဲ့တာ ပေါင်းသတ်ဆေးလေး ဖြန်းချင်လို့… ဘာတံဆိပ် ဝယ်သင့်လဲ အကြံဉာဏ်လေး ပေးစမ်းပါဦး….”

လင်းရီ အပင်စိုက်ပျိုးခြင်းကို အကြမ်းဖျင်းမျှသာ နားလည်ထားသောကြောင့် မည်သို့သော ပေါင်းသတ်ဆေးမျိုးကို ရွေးချယ်ရမလဲဆိုတာ အခက်တွေ့နေလေသည်။ ထို့ကြောင့် အတွေ့အကြုံ ရှိသူများထံ အကြံဉာဏ် တောင်းခံနေရခြင်းဖြစ်သည်။

“ ငါလည်း မင်းကို အဲ့ကိစ္စ ပြောတော့မလို့ပဲကွ…. “ ငါ မင်းရဲ့ အသီးအရွက်ခင်းထဲက ပေါင်းပင်တွေကိုတော့ ရှင်းပေးပြီးသွားပြီ… ငါ့ ခြံထဲက အပင်တွေ ရှင်းပြီးရင် မင်းဆီ လုပ်အားလာပေးမလို့တော့ပဲ…” ရောင်ပင်း ပြောလိုက်ပြီး “ ပေါင်းသတ်ဆေး အတွက်က‌တော့ မပူနဲ့… အိမ်မှာလည်း ရှိတယ်… ငါမင်းကို ယူပေးမယ်…”

“ အာ…. တော်ပြီ စန်းကော… ကျုပ် ခင်များဆီကနေ အမြဲတမ်း ယူနေရတာ အားနာလှပြီ…” လင်းရီ ပြောလိုက်ပြီး “ ဘယ်လို အမျိုးအစား ဝယ်ရမလဲပဲ ပြောလိုက်… ကျုပ် ကိုယ်တိုင် သွားဝယ်လာပြီး စန်းကောတို့ဖို့ပါ ဝယ်ခဲ့ပေးမယ်လေ….”

“ ဒါဆိုလည်း မင်းကို အားနာ မနေတော့ဘူးနော်ဟျောင့်…” ရောင်ပင်း ပြောလိုက်၏။

“ မင်း ဒီမြို့ထဲ သွားဝယ်မှာလား .. ဒါမှမဟုတ် ကျိုးဟိုင်မှာ သွားဝယ်မှာလား…”

“ ဘာကွာလို့တုန်း… ပေါင်းသတ်ဆေးက အဆင့်မြင့် ကုန်ပစ္စည်းလည်း မဟုတ်ပဲနဲ့ နေရာတိုင်း ရောင်းတယ် မဟုတ်ဘူးလား…” လင်းရီ ဇဝေဇဝါဖြင့် မေးလိုက်ပြီး “ ပြီးတော့ လက်ရှိ ဈေးကွက်အတိုင်းဆိုရင် တကယ်လို့ ကျိုးဟိုင်မှာ သွားဝယ်ရင် ပိုပြီး ဈေးကြီးမယ် မဟုတ်ဘူးလား…”

“ မင်း ဒီကိစ္စတွေ နားမလည်ပါဘူး… ငါ ပြောတာ မှန်တယ်မလား…” ရောင်ပင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ စိုက်ပျိုးရေး ထုတ်ကုန်တွေဆိုတာ တခြားပစ္စည်းတွေနဲ့ မတူဘူးကွ…. သူတို့က ငါတို့လို တောင်သူဦးကြီးတွေကို ရောင်းပေးတာ… ဒီတော့ ဈေးနှုန်းကလည်း မင်းထင်သလောက် ဈေးမကြီးဘူး… ပြီးတော့ ကျိုးဟိုင်မှာဆို လက်ကားဈေးလည်း ရှိတယ်လေကွာ…. မင်းသာ ခပ်များများ ဝယ်မယ်ဆို ကောင်တီမှာ ဝယ်တာထက်တောင် ဈေးချိုဦးမယ်…”

“ အဲ့လိုဆို ကျိုးဟိုင်မှာ သွားဝယ်လိုက်တာ ပိုကောင်းတာပေါ့….”

“ အဲ့တာကလည်း မင်း ဘယ်လောက် များများ ဝယ်မလဲဆိုတဲ့ အပေါ် မူတည်တယ်…. ဈေးက ချိုတယ် ဆိုပေမယ့် သယ်ယူပို့ဆောင် စရိတ်ကတော့ ဈေးကြီးတယ်လေ… တွက်ကြည့်လိုက်ရင် ကောင်တီမှာ ဝယ်တာနဲ့ ဈေးချင်း အတူတူလောက်ပါပဲ…”

ရောင်ပင်း ရိုးသားသည့် အပြုံးကြီးဖြင့် “ တကယ်လို့ မင်း ကျိုးဟိုင်သွားဝယ်မယ်ဆို ငါတို့ဖို့လည်း ပစ္စည်းတစ်ချို့ ဝယ်ခဲ့ပေးစမ်းကွာ… စန်းကော မင်းအပေါ် အခွင့်အရေး ယူတယ်လို့ပဲ သဘောထားလိုက်…”

လင်းရီ ရယ်မောလိုက်ပြီး “ အသေးအမွှားလေးပါဗျာ… ဒါဆို ကျုပ် မနက်ဖြန် သွားဖြစ်မယ်… စန်းကော လိုချင်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားလိုက်… ကျုပ်က ဝယ်ပြီး ယူလာခဲ့ပေးမယ်…”

“ အေး… ဒါဆိုလည်း ငါ အားနာမနေတော့ဘူးနော်…”

ရောင်ပင်း၏ နေရာတွင် စာသောက်ပြီးနောက် လင်းရီ ဖန်လုံအိမ်သို့ ပြန်လာခဲ့ကာ အလုပ်စရန် ဟန်ပြင်လေသည်။

ညနေခင်း တစ်ခုလုံး အလုပ်များပြီးနောက် လင်းရီ နောက်ဆုံး၌ ပေါင်းပင်တွေ အကုန်လုံးကို နှုတ်ပစ်ပြီးသွားချေပြီ။

“ အစ်ကိုကြီးလင်း… ရှင် ပြန်လာပြီ…”

လင်းရီ သူ့အလုပ်တွေ ပြီးလို့ နောက်ဆုံး တစ်ခေါက် စစ်ဆေးတော့မည့် အချိန်တွင်ပဲ ဖန်လုံအိမ် အပေါက်ဝတွင် သူယောင် ရောက်ရှိနေသည်ကို လင်းရီ သတိပြုမိသွားခဲ့သည်။

သူ နာရီကို တစ်ချက်ကြည့်လိုက်တော့ လေးနာရီပင် ခွဲနေချေပြီ။

“ အတန်းပြီးတာ စောလှပါလား ညီမယောင်…”

“ ညီမ ဒီနေ့ အတန်း မရှိပါဘူး… ပြီးတော့ စနေနေ့ကြီးလေ… ဒါပေမယ့် ကော်ဖေးက ညီမကို လာပြီး ရှာမယ်လို့ နားပူအောင် ပြောနေလို့ စိတ်ရှုပ်တာနဲ့ အမေတို့အိမ် သွားမယ်ဆိုပြီး ထွက်လာခဲ့လိုက်တာ… အစ်ကိုကြီးလင်းလည်း ရောက်နေလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး… “

“ အဲ့ကောင်က လက်မလျှော့သေးဘူးတဲ့လားကွာ… သူ့ရဲ့ နောက်ပိုး ပိုးတဲ့ ဇွဲကတော့ ဆုချီးမြင့်ပေးဖို့တောင် ကောင်းနေပြီ….” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

သူယောင် ရှက်သွေးဖြာသွားခဲ့ပြီး “ အစ်ကိုကြီးလင်း… ညီမကို လာပြီး လှောင်ရယ်မနေနဲ့…. ညီမ သူ့ကို မရေမတွက်နိုင်အောင် ငြင်းပြီးသွားပြီ… ဒါပေမယ့်လည်း ကျွဲပါးစောင်းတီးပါပဲလေ….”

“ သူပြောတာ သူလိုချင်တာ မှန်သမျှ အဆုံးကျရင် ရကို ရရမယ်လို့ ပြောထားတယ်မလား… အဲ့လို အတွေးနဲ့ ဆက်လိုက်နေလားမှ မသိတာ…”

“ မသိပါဘူး… ညီမကဖြင့် သူ့ကို စကားတောင် မခေါ်ချင်ဘူး…” သူယောင် နှုတ်ခမ်းကိုက်၍ ပြောလိုက်ပြီး “ ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ စာမေးပွဲကိုလည်း ဆက်ပြီး မဖြေချင်တော့ဘူး….”

“ ဟမ်… ဘာဖြစ်လို့… ကျောင်းက မကောင်းလို့လား….”

“ အဲ့လို မဟုတ်ပါဘူး.. အဓိကက ကော်ဖေးကြောင့်ပါပဲ… သူပြောတာ သူလည်း ပင်းချန် တက္ကသိုလ်မှာ ဘွဲ့လွန်ကျောင်းသား ဖြစ်ချင်တယ်တဲ့…. တကယ်လို့ သူနဲ့သာ တစ်ကျောင်းတည်း တက်ရမယ်ဆိုရင်… ကျွတ်… အာရုံပဲ… သူနဲ့ နောက် နှစ်နှစ်ကြီးများတောင် ထပ်တွေ့နေရဦးမှာ… စဉ်းစားလိုက်တာနဲ့တင် စာလုပ်ချင်စိတ်တွေပါ ပျောက်ပျောက်သွားတယ်…”

“ ဖားယားသူကြောင့် ဖြစ်ရတဲ့ ဒုက္ခပေါ့….”

“ ဟင်း… သူ့အကြောင်း မပြောကြစို့ရှင်….” သူယောင် ပြောလိုက်ပြီး “ အစ်ကိုကြီးလင်း…ရှင် ဒီရဲ့ ဖန်လုံအိမ်ကို ဘယ်လိုတွေ လုပ်ထားတာ…. အပင်တွေ ကြီးလိုက်တာများ အားရစရာကြီး… အဲ့ဖရဲသီးကို ကြည့်စမ်းပါဦး…. ဘော်လီဘော ဆိုဒ်လောက် ရှိတယ်… နောက် နှစ်လ သုံးလလောက်ဆို စားလို့ ရလောက်ပြီ…”

“ ဒီတိုင်း ထင်ရာ မြင်ရာလေးတွေ လျှောက်လုပ်နေရုံပါပဲကွာ.. ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့တောင် ထင်မထားဘူး…”

“ ဒါပေမယ့် ပေါင်းပင်တွေကတော့ တော်တော်လေး များတယ်နော်… ရှင် ပေါင်းသတ်ဆေး ဝယ်ဖြန်းသင့်တယ်… မဟုတ်ရင် မြေဆီမြေနှစ်တွေ လုယက်ခံလိုက်ရမှာ….”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အဲ့တာကြောင့် မနက်ဖြန် ကျိုးဟိုင်သွားပြီး ပေါင်းသတ်ဆေး တစ်ချို့ သွားဝယ်မလို့လေ… တကယ်လို့ အမြန် မကိုင်တွယ်ထားရင် ဒီကောင်ကြီးတွေက ဖန်လုံအိမ်ကို ဖျက်ဆီးသွားတော့မှာ….”

“ အစ်ကိုကြီးလင်းကရော မနက်ဖြန် ကျိုးဟိုင် သွားမလို့လား…” သူယောင် အံ့အားသင့်နေသည့် လေသံလေးဖြင့် မေးလာခဲ့သည်။

“ ညီမယောင်လည်း သွားမလို့လား…”

“ ညီမရဲ့ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲအတွက် ပြန်လည်လေ့ကျင့်ဖို့ ကိရိယာတစ်ချို့ ဝယ်ချင်လို့လေ… ကောင်တီက စာကြည့်တိုက်က မစုံလင်ဘူး… ဒါကြောင့်မို့ ကျိုးဟိုင်ကို သွားကြည့်ချင်နေတာ….”

“ ဒါဆို ကျုပ်တို့ အတူ သွားလို့ရတာပဲ…”

“ ဟီးဟီး… ဒါဆိုရင်တော့ ရှင့်နောက် ကား အလကား လိုက်စီးရတော့မယ်နဲ့တူတယ်…”

“ ဘာတွေ ပြောနေတာ… ဘာပဲဖြစ်ဖြစ် သွားရမယ့် အတူတူကိုပဲ…”

ပြောပြီးနောက် လင်းရီ စတင် အလုပ်လုပ်ပြီး ပေါင်းပင်များကို အပြင်သို့ လွင့်ပစ်ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း သူ ပေါင်းပင်များကို လိပ်နေစဉ် အဝေးမှ ကော်ဖေး ပြေးလာနေသည်ကို လင်းရီ မြင်တွေ့လိုက်ရလေသည်။

“ ယောင်ယောင်…. မင်း ပြောတော့ မိဘတွေဆီ သွားမယ်ဆို… ဘာလို့ ဒီရောက်နေတာလဲ…”

All Chapters