အခန်း (၁၂၇၇)
Vol. 92 Ch. 1277
“ငါက မင်းရဲ့ဝိညာဉ်ကို မဖျက်ဆီးချင်လို့ပဲ။ မင်းက အကြီးအကဲမူယွဲ့ရဲ့ ရုပ်သေးရုပ်လေ”
“အကြီးအကဲမူယွဲ့ရဲ့ ခန္ဓာကိုယ်က တည်နေရာရွှေ့ပြောင်းသွားပေမဲ့ မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖျက်ဆီးခြင်းနည်းလမ်းကို အသက်သွင်းမသွားဘူး”
ဟန်မူယဲ့၏အသံက အနည်းငယ် နက်ရှိုင်းနေပြီး ရုပ်သေးရုပ်၏ အကြည့်များက ရှုပ်ထွေးသွားသည်။
ဟန်မူယဲ့က အလျင်မလိုဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
“ငါက တကယ်ပဲ သက်ရှိ ဖြစ်လာနိုင်မှာလား”
ရုပ်သေးရုပ်က ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ရုပ်သေးရုပ်က မျက်လုံးမှိတ်သည်။ ရွှေအလင်းသည် သူမ၏ ငယ်ထိပ်မှ ပေါ်ထွက်လာပြီး ခန်းဆောင်တွင်ရှိသော ရွှေအလင်းစီးကြောင်းများနှင့် ပေါင်းစပ်သွားသည်။
“နင်ပြောတာကို မှတ်ထားပါ။ ငါက နှစ်တစ်သိန်းကြာရင် သက်ရှိ ဖြစ်လာလိမ့်မယ်”
တစ်ရက်အကြာတွင် ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်လာခဲ့သည်။
ခန်းဆောင်၏ အပြင်ဘက်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက လေးစားစွာ ရပ်နေကြသည်။
သူတို့က စကားပြောနေရန် မလိုတော့ပေ။
ဟန်မူယဲ့က ရေခဲလမြို့၏ ဝင်္ကပါကို ထိန်းချုပ်ထားခဲ့သည်။ ရေခဲလမြို့သည် သူ့လက်ထဲတွင် ရှိနေသည်။
အထူးသဖြင့် သူက စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်ကို အမိန့်ပေးနိုင်သည်။ ထိုရုပ်သေးရုပ်က ဤနေရာတွင်ရှိသော လူတိုင်းကို သတ်ဖြတ်နိုင်သည်။
“မြို့သခင်ကို နှုတ်ဆက်ပါတယ်”
ရှေ့ဆုံးတွင်ရပ်နေသော လူအိုကြီးက ဦးညွတ်လိုက်သည်။
တခြားလူများကလည်း ပြိုင်တူပြောသည်။
“မြို့သခင်ကို နှုတ်ဆက်ပါတယ်”
“ကျင်းဟွေ၊ ရေခဲလမြို့ရဲ့ အချက်အလက်တွေအားလုံးကို စုစည်းပြီး ငါ့ဆီပို့ပေးပါ”
“ကျန်တဲ့လူတွေက လုပ်စရာရှိတာ သွားလုပ်ကြပါ”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရင်ပြင်ဆီသို့ လျှောက်သွားသည်။
သူက လက်မြှောက်ပြီး တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်သည်။
ကူသန်းရောင်းဝယ်ရေးခန်းဆောင်ကလည်း တောက်ပလာသည်။
ရွှေအလင်းက ရေခဲလမြို့ကို လွှမ်းခြုံသွားပြီး အလင်းစက်ကွင်းအလွှာများကို ထုတ်လွှတ်သည်။
“ဒီနေ့ကစပြီး ငါတို့က လေဟာနယ်ကို ပြန်သွားမယ်”
မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံး၊ အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်များသည် ကျဆင်းလာပြီး ရင်ပြင်ကို လွှမ်းခြုံသွားသည်။
ရေခဲလမြို့သည် စွမ်းအားပြတ်တောက်နေသောကြောင့် ကျဆင်းလာခဲ့သည်။ သို့သော် ယခုအချိန်တွင် လပြည့်ဝန်းသဖွယ် ပြောင်းလဲပြီိး ကောင်းကင်သို့ တက်သွားသည်။
ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်သည်။
သူ့ပခုံးပေါ်တွင်ရှိသော ရွှေရောင်ငှက်က ရှုပ်ထွေးနေသောလေသံဖြင့် ပြောသည်။
“ရေခဲလဖီးနစ်ငှက်ရဲ့ ခန္ဓာကိုယ်ကို မြို့ရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားတယ်။ ကြယ်စင်စုစကြဝဠာမှာ နတ်ဘုရားသားရဲတွေ ဘယ်လောက်တောင် သေသွားပြီလဲ”
ရေခဲလဖီးနစ်ငှက်သည် မူလစကြဝဠာ၏ နတ်ဘုရားသားရဲ ဖြစ်သည်။
ထိုငှက်က လရောင်အလင်းကို သယ်ဆောင်ထားပြီး ရေခဲစွမ်းအားကို ထိန်းချုပ်နိုင်သည်။
သို့သော် ယခုအချိန်တွင် ရေခဲလဖီးနစ်ငှက်က ရေခဲလမြို့ကို သယ်ဆောင်ထားရသည်။
မဟာနေမင်းရွှေကျီးကန်း ပြောလိုက်သည့်အတိုင်း နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်သည် မြို့များ၏ အခြေခံအုတ်မြစ် ဖြစ်လာသည်။
ထိုနတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်က စည်းမျဉ်းစွမ်းအားကို သယ်ဆောင်ထားသည်။ ထို့သို့ဖြင့် သူတို့က မြို့များဖြစ်လာပြီး ကြယ်စင်စုစကြဝဠာ၏ တစ်စိတ်တစ်ပိုင်းကို ဖွဲ့စည်းသည်။
“ဘုန်း”
ရင်ပြင်တွင်ရှိသော ဝိညာဉ်ကျောက်တုံး၊ အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်များသည် ပေါက်ကွဲသွားပြီး တောက်ပသောအလင်းကို ထုတ်လွှတ်၍ ရေခဲလမြို့ကို အားဖြည့်ပေးသည်။
ရေခဲလမြို့၏ အထက်တွင်ရှိသော ကြည်လင်နေသည့်ကောင်းကင်က အက်ကွဲသွားသည်။ ထို့နောက် တစ်မြို့လုံးက အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။
“ရေခဲလမြို့”
“ရေခဲလမြို့က ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားတာလဲ”
ပုံရိပ်အများအပြားသည် ကောင်းကင်ပေါ်သို့ ရောက်လာပြီး အံ့အားသင့်နေသော မျက်နှာထားဖြင့် လေဟာနယ်ထဲသို့ ဝင်ရောက်သွားသော ရေခဲလမြို့ကို ကြည့်နေကြသည်။
သူတို့အားလုံးက အလွန်သန်မာပြီး နတ်ဘုရားအဆင့်တွင် ရှိနေကြသည်။
သူတို့က ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုလည်း အသက်သွင်းထားပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
“ရေခဲလမြို့မှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့ပုံပဲ။ နှမြောစရာကောင်းတယ်။ ငါတို့က အောက်အထိကျလာတာကိုစောင့်နေပြီး သိမ်းပိုက်ဖို့ စီစဉ်ထားတာလေ”
အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးက နောင်တရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“နေကြတ်မြို့က လေဟာနယ်ထဲကို သွားချင်တယ်ဆိုရင် အခြေခံအုတ်မြစ်အဖြစ် နတ်ဘုရားသားရဲကို လိုအပ်တယ်”
“မြို့သခင်ယွင်ထန့်နဲ့ ကျောင်းအုပ် ဟောင်လင်းက ရေခဲလဖီးနစ်ငှက်ကို သိမ်းပိုက်ဖို့ ဆွေးနွေးခဲ့တယ်။ အခုတော့ ....”
ကျွမ်းကျင်သူများက တီးတိုးပြောလိုက်ပြီး ပျောက်ကွယ်သွားကြသည်။
သူတို့က လေဟာနယ်ထဲသို့ ပြန်ရောက်သွားသော ရေခဲလမြို့ကို ရှာနိုင်မည်မဟုတ်ပေ။
လေဟာနယ်ထဲတွင် အဆုံးမရှိသော တွန့်ခေါက်နေသည့် တည်နေရာများကို ကျော်ဖြတ်ရသည်။
တိကျသော တည်နေရာညွှန်းကိန်းကို ရမထားလျှင် သာမန် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက လေဟာနယ်မြို့ကို တစ်သက်လုံး ရှာနိုင်မည်မဟုတ်ပေ။
“ဘုန်း”
အဆုံးမရှိသော အမှောင်ထုတွင် အလင်းရောင်သည် ပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို တောက်ပစေသည်။
မဖော်ပြနိုင်သော အလင်းရောင်နှင့် အမှောင်ထုသည် ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသည်။
အလင်းရောင်သည် ရှေ့တွင်ရှိသော လေဟာနယ်ကို တိုက်ရိုက် အလင်းပေးနိုင်ပုံရသည်။
သို့သော် အရာအားလုံးကို အမှောင်ထုက လွှမ်းခြုံထားသည်။
“ဒါက လေဟာနယ်လောကပဲ”
ဟန်မူယဲ့က ရှေ့သို့ ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
လေဟာနယ်လောက ....
ကြယ်စင်စုစကြဝဠာ၏ ထူးခြားသောနယ်မြေတစ်ခု ဖြစ်သည်။
ကြယ်စင်စုစကြဝဠာ၏ ကောင်းကင်တာအို ပျောက်ဆုံးသွားပြီး လေဟာနယ်စွမ်းအားများ စုစည်းနေသောကြောင့် ဖြစ်ပေါ်ခဲ့သည်။
ဤနေရာတွင် မရေမတွက်နိုင်သော တွန့်ခေါက်လေဟာနယ်များ တည်ရှိသည်။ ထို့ကြောင့် ရှေ့တွင်ရှိနေသော ကြယ်များသည် လက်တစ်ကမ်းအကွာတွင် ရှိနေသည်ဟု ထင်ရသော်လည်း နှစ်ပေါင်းထောင်ချီ၍ ပျံသန်းသွားလျှင်ပင် ကြယ်ကို ထိတွေ့နိုင်မည်မဟုတ်ပေ။
“ရေခဲလမြို့က နောက်ဆုံးတော့ လေဟာနယ်လောကကို ပြန်ရောက်လာခဲ့ပြီ”
နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ကျင်းဟွေက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခံစားချက်များနှင့် တီးတိုးပြောသည်။
ယခုအချိန်တွင် ရေခဲလမြို့၏ ကျင့်ကြံသူများအားလုံးသည် အဆုံးမရှိသော လေဟာနယ်ကို ကြည့်နေကြသည်။
သူတို့က ဤနေရာသို့ အမြဲတမ်း ပြန်လာချင်ခဲ့သည်။
ရေခဲလမြို့၏ ကျွမ်းကျင်သူများသည် နှစ်ပေါင်းများစွာအတွင်း လေဟာနယ်လောကကို မေ့လျော့နေခဲ့ကြသည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင် တောက်ပနေသော ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
ထိုနေရာတွင် ဧရာမဆင်တစ်ကောင်က မြို့တစ်မြို့ကို သယ်ထားပြီး လေဟာနယ်ထဲတွင် လမ်းလျှောက်နေသည်။
ထိုဆင်၏ ခန္ဓာကိုယ်က ဟန်မူယဲ့၏ ပါ့ရှားခန္ဓာကိုယ်ထက်ပင် ကြီးမားသည်။
ဆင်သားရဲက ဆက်လက် ရွေ့လျားနေပြီး ခြေတစ်လှမ်းတွင် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့သည်။
“အဲဒါက ကောင်းကင်နဂါးဆင်ပဲ။ မူလစကြဝဠာနဲ့ ယှဉ်နိုင်တဲ့ တခြားစကြဝဠာတစ်ခုမှာ ထိပ်တန်းအဆင့်သားရဲ ဖြစ်ခဲ့တယ်”
ခေးအော့က တီးတိုးပြောသည်။
သူကလည်း ဆင်သားရဲ၏ ပုံရိပ်ကြောင့် အံ့အားသင့်သွားပုံပေါ်သည်။
ထိုနတ်ဘုရားသားရဲသည် သူတို့ထက် သန်မာသည်။
မူလကမ္ဘာခေတ်၏ အုပ်ချုပ်သူအဆင့် သားရဲများနှင့် မယှဉ်နိုင်သော်လည်း သိပ်မဝေးတော့ပေ။
ထိုသို့ အားကောင်းသော သားရဲမျိုးသည် လေဟာနယ်မြို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာသည်။ ယခင်က ကြယ်စင်စုစကြဝဠာ၏ ခွန်အားကြီးမားပုံကို တွေးကြည့်နိုင်သည်။
“ခေးအော့၊ ငါတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေကလည်း မြို့ကြီးတွေရဲ့အောက်မှာ ရှိနေမယ်လို့ ထင်လား”
မဟာနေမင်းရွှေကျီးကန်းက ပြောသည်။
ရေခဲလမြို့သည် လေဟာနယ်ကို ကျော်ဖြတ်ပြီး မြို့ကြီးများကို မြင်ခဲ့ရသည်။
ရစ်ခွေနေသော အစိမ်းရောင်နဂါး၏ ဦးခေါင်းထက်တွင် မြို့တစ်မြို့ ရှိနေသည်။
မိုင်ထောင်ချီကြီးမားသော လိပ်တစ်ကောင်သည် မြို့တစ်မြို့ကို သယ်ထားပြီး လေဟာနယ်ထဲတွင် တည်ရှိနေသည်။
အစိမ်းရောင်မြေခွေးတစ်ကောင်၏ ခန္ဓာကိုယ်တွင် မြို့တစ်မြို့ တည်ဆောက်ထားသည်။
ဧရာမသိမ်းငှက်၊ လှပသော ဒေါင်းငှက်၊ ခေါင်းပြတ်နေသော သားရဲ၊ ခြေထောက်လေးဖက်ကို ဖြတ်ထားသော နွားသိုး ....
သူတို့အားလုံးက ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ဤနေရာသည် အစစ်အမှန် ကြယ်စင်စုစကြဝဠာ ဖြစ်သည်။
လေဟာနယ်မြို့ကြီးများသည် ကြယ်စင်စုစကြဝဠာ၏ ခမ်းနားမှုနှင့် စွမ်းအားကို ဖော်ပြနေသည်။
“ဝီ”
ရေခဲလမြို့က နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
လူတိုင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကြယ်အများအပြားကို မြင်ရသည်။
ဤနေရာတွင်ရှိသော ကြယ်တိုင်းသည် မြို့ကြီးများ ဖြစ်ကြသည်။
အနီးဆုံးမြို့သည် သိမ်းငှက်တစ်ကောင်၏ကျောပေါ်တွင် ရှိနေသည်။
“လေဟာနယ်မြို့ကြီးတွေရဲ့ တိုက်ပွဲက အဆုံးမရှိဘူး”
“အဲဒီမြို့က ကျွန်တော်တို့နဲ့ အနီးဆုံးပဲ။ နှစ်တစ်ထောင်အတွင်း တိုက်ပွဲဖြစ်လာလိမ့်မယ်”
ကျင်းဟွေက သိမ်းငှက်၏နောက်ကျောတွင်ရှိသော တောက်ပနေသည့်မြို့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
လေဟာနယ်တွင် စည်းကမ်းများမရှိပေ။
လေဟာနယ်လောကတွင် ရှင်သန်ရန်အတွက် အချင်းချင်း ဝါးမြိုရမည်။ တခြားမြို့ကြီးများ၏ အရင်းအမြစ်ကို သိမ်းယူရမည်။ ထိုမှသာ ဆက်လက်ရှင်သန်နိုင်မည်။
အချင်းချင်း နီးကပ်နေသော မြို့ကြီးများက တိုက်ခိုက်ကြလိမ့်မည်။
တခြားမြို့ကို မတိုက်ခိုက်ချင်လျှင်လည်း တခြားမြို့က တိုက်ခိုက်လာလိမ့်မည်။
“နှစ်တစ်ထောင်က လုံလောက်ပါတယ်”
ဟန်မူယဲ့က ရေရွတ်သည်။ ထို့နောက် လှုပ်ရှားလိုက်ပြီး ခန်းဆောင်ထဲသို့ ဝင်သွားသည်။
ကျင်းဟွေက ဘေးတွင်ရှိနေသော လူများကို ကြည့်လိုက်ပြီး စာအုပ်များကိုသယ်၍ ခန်းဆောင်ထဲသို့ လိုက်သွားသည်။
ယခုအချိန်တွင် ဟန်မူယဲ့က ရေခဲလမြို့ကို ထိန်းချုပ်ထားသည်။ သို့သော် အသေးစိတ်အချက်အလက်များကို မသိနိုင်သေးပေ။
ရေခဲလမြို့က အရင်းအမြစ်၊ ကုန်သွယ်ရေးလမ်းကြောင်း၊ တခြားမြို့များနှင့် ဆက်သွယ်ထားမည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို လိုအပ်နေသည်။
ဟန်မူယဲ့က စာအုပ်များကို လှန်ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ခါးသီးစွာ ပြုံးသည်။
အကယ်၍ သူက ရေခဲလမြို့ကို မသိမ်းပိုက်ခဲ့လျှင်လည်း ရေခဲလမြို့က အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။
သူတို့က ကောင်းကင်ခွဲလှံကို ယူချင်နေသည့်အတွက် မထူးဆန်းတော့ပေ။
ကောင်းကင်ခွဲလှံကဲ့သို့ အားကောင်းသော လက်နက်တစ်မျိုး၏ ထောက်ပံ့မှု မရှိလျှင် ရေခဲလမြို့က မြေပြင်ပေါ်သို့ ရောက်သွားပြီး အင်အားစုများ၏ ခွဲဝေခြင်းကို ခံရလိမ့်မည်။
လေဟာနယ်မှ ကျဆင်းလာသော မြို့တစ်မြို့သည် မြေပြင်တွင် လုံခြုံနိုင်မည်မဟုတ်ပေ။
ရွှေကျီးကန်းနှင့် ခေးအော့က စာအုပ်များကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်သည်။
“အရမ်းဆင်းရဲတာပဲ ....”
“ဘာမှလည်းမရှိဘူး ....”
အမျိုးမျိုးသော ခုခံကာကွယ်ရေး ဝင်္ကပါများသည် ပျက်စီးလုနီးပါး ဖြစ်နေသည်။
တည်နေရာဝင်္ကပါများသည် သက်ရောက်မှုမရှိတော့ဘဲ မြို့က ဆက်တိုက် ကျုံ့ဝင်လာသည်။
ထို့အပြင် ရေခဲလဖီးနစ်ငှက်၏ စွမ်းအားကို ထုတ်ယူနေသော ဝင်္ကပါက မလည်ပတ်နိုင်တော့ပေ။ ရေခဲလဖီးနစ်ငှက်ကလည်း စွမ်းအားသိပ်မရှိတော့ပေ။
ရေခဲလမြို့သည် ဗလာဖြစ်နေသော မြို့တစ်မြို့သာ ဖြစ်သည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး လက်မြှောက်သည်။ ရွှေအလင်းတစ်ခု ပေါ်ထွက်လာသည်။
ရွှေအလင်းထဲတွင် ကြယ်တစ်စင်းရှိနေသည်။
“မင်းက တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ချိတ်ဆက်ချင်တာလား”
ရွှေရောင်ငှက်က အံ့အားသင့်နေသောလေသံဖြင့် ပြောသည်။
“အဲဒါဆိုရင် ရေခဲလမြို့ရဲ့ တည်နေရာက တိုက်ရိုက် ပေါက်ကြားသွားလိမ့်မယ်”
ရေခဲလမြို့၏ တည်နေရာကို ပတ်ဝန်းကျင်တွင်ရှိသော မြို့ကြီးများက အချိန်တစ်ခုကြာသည်အထိ ရှာတွေ့မည်မဟုတ်ပေ။
သို့သော် သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနှင့် ကုန်သွယ်ရေးလမ်းကြောင်းများအား လက်ဦးမှုရယူ၍ ချိတ်ဆက်လိုက်လျှင် တခြားမြို့ကြီးများက ရှာတွေ့သွားလိမ့်မည်။
ပတ်ဝန်းကျင်တွင်ရှိသော မြို့များသာမက အဓိကမြို့ကြီးများကလည်း ရှာတွေ့သွားနိုင်သည်။
“ကိစ္စမရှိပါဘူး။ ပထမဆုံးတိုက်ပွဲမှာ ရှင်သန်နိုင်ရင် ပြဿနာမရှိဘူး”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။
“ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကိုပဲ အားကိုးနေလို့ မဖြစ်ဘူး”
“တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနဲ့ ချိတ်ဆက်ပြီး အလုပ်ရုံတည်ဆောက်ဖို့ လုံလောက်တဲ့ ပန်းပဲပညာရှင်တွေကို လိုအပ်တယ်”
“လုံလောက်တဲ့အရင်းအမြစ်တွေ မရှိရင် ကမ္ဘာဦးချပ်ဝတ်နဲ့ ရုပ်သေးရုပ်တွေကို ရနိုင်မှာမဟုတ်ဘူး”