အခန်း (၁၂၇၈)
Vol. 92 Ch. 1278
အကြီးအကဲမူယွဲ့၏ ရုပ်သေးရုပ်သည် အစစ်အမှန် စကြဝဠာအဆင့် မဟုတ်သေးသော်လည်း ဟန်မူယဲ့က အစွမ်းကုန်ထုတ်သုံး၍ ရင်ဆိုင်ခဲ့ရသည်။
ကြယ်စင်စုစကြဝဠာတွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူများ၏ အစစ်အမှန် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များက အလွန်သန်မာလိမ့်မည်။
သူတို့က မသေမျိုးများ ဖြစ်နေနိုင်သည်။
သူက ထိုလူများနှင့် ဆက်သွယ်ချင်လျှင် လုံလောက်သော အရည်အချင်းကို လိုအပ်သည်။
ထို့အပြင် ကြယ်စင်စုစကြဝဠာ၏ အစစ်အမှန်ရတနာဖြစ်သော ကမ္ဘာဦးအဆင့်နှင် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပိုင်ဆိုင်ရန် အဆင့်အတန်း လိုအပ်သည်။
ရေခဲလမြို့တွင် ရှိနေသော ကမ္ဘာဦးရုပ်သေးရုပ်များ၏ အကြွင်းအကျန်မှလွဲ၍ တခြားနေရာတွင် သွားမရှာနိုင်ပေ။
ယခု သူက ရေခဲလမြို့နှင့် တခြားမြို့ကြီးများကြားတွင် ကုန်သွယ်ရေးလမ်းကြောင်းနှင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို တည်ဆောက်ရမည်။
သို့သော် ထိုသို့ လုပ်လိုက်လျှင် ရေခဲလမြို့ကို တခြားမြို့ကြီးများက သိသွားလိမ့်မည်။
သူတို့၏ တိုက်ခိုက်မှုကို မခုခံနိုင်လျှင် ရေခဲလမြို့က ခွဲယူခံရလိမ့်မည်။
ဟန်မူယဲ့၏စကားကို ကြားရသောအခါတွင် ရွှေရောင်ငှက်နှင့် ခေးအော့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဆက်မပြောတော့ပေ။
အမှန်ပင်ဖြစ်သည်။ လုံလောက်သောအရင်းအမြစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းများ မရှိလျှင် ရေခဲလမြို့က လေဟာနယ်ထဲသို့ ရောက်လာသော်လည်း အခွံတစ်ခုသာ ဖြစ်နေလိမ့်မည်။
ဟန်မူယဲ့က ချက်ချင်း မလှုပ်ရှားခဲ့ပေ။
သူက စာအုပ်ထဲတွင် မှတ်သားထားသော ပစ္စည်းများကို စစ်ဆေးပြီး လဝက်အချိန်ယူ၍ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်တွင် ရုပ်သေးရုပ်ကို အရောင်းအဝယ် လုပ်စေခဲ့သည်။
ရေခဲလမြို့၏ ရောင်းဝယ်ပိုင်ခွင့်သည် အလွန်နိမ့်သည်။
လဝက်ခန့် အရောင်းအဝယ်လုပ်ပြီး အနည်းငယ်သာ အဆင့်တက်လာခဲ့သည်။
ဝယ်ယူထားသော ပစ္စည်းများနှင့် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော အရင်းအမြစ်များကို အသုံးပြုပြီး ရေခဲလမြို့ကို အဆင့်မြှင့်ပေးခဲ့သည်။
သန်းထောင်ချီတန်ဖိုးရှိသော ပစ္စည်းများသည် ရေခဲလမြို့တွင် ပြန့်ကျဲနေပြီး ယိုယွင်းနေသော ဝင်္ကပါကို ပြင်ဆင်နေသည်။
ကံကောင်းစွာဖြင့် ကျင်းဟွေနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ပန်းပဲပညာရပ်နှင့် ဝင်္ကပါကို အနည်းငယ် နားလည်ကြသည်။ ထိုသို့မဟုတ်လျှင် ဝင်္ကပါကို ပြုပြင်ရန် ခက်ခဲလိမ့်မည်။
ဟန်မူယဲ့ကလည်း ထူးခြားသော ဝင်္ကပါစွမ်းရည်ကို ထုတ်ပြခဲ့သည်။
ကျင်းဟွေနှင့် တခြားလူများက တိတ်ဆိတ်စွာ အံ့အားသင့်နေကြသည်။ သူတို့၏ မြို့သခင်က အလွန်ထူးခြားသည်။ သူက တိုက်ခိုက်နိုင်စွမ်းကောင်းရုံသာမက ပန်းပဲပညာရပ်နှင့် ဝင်္ကပါတွင်လည်း အလွန်ကျွမ်းကျင်သည်။
ဟန်မူယဲ့က ရင်ပြင်တွင်ရှိသော ပျက်စီးနေသည့် ရုပ်သေးရုပ်များကို ပြန်လည်ဖန်တီးခဲ့သည်။
ထိုရုပ်သေးရုပ်များက အစိတ်အပိုင်းတချို့နှင့် စွမ်းအင်ဗဟိုချက်ကို လိုအပ်နေသော်လည်း ကမ္ဘာဦးအဆင့် ဖြစ်သည်။
“ဘုန်း”
ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ခန်းဆောင်ထဲတွင်ရှိသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး ပြုံးသည်။
“လာသင့်တာက လာမှာပဲ”
ရေခဲလမြို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ အနီးအနားတွင်ရှိသော မြို့က လာရောက်စစ်ဆေးလိမ့်မည်။
ထိုအချိန်တွင် ရွှေရောင်သင်္ဘောပျံတစ်စင်းက လျှပ်စီးကြောင်းကို ပစ်လွှတ်ပြီး ရေခဲလမြို့၏ အတားအဆီးကို တိုက်ခိုက်သည်။
ရေခဲလမြို့တွင်ရှိသော ကျင့်ကြံသူများအားလုံးက တာဝန်ကျသောနေရာသို့ ပြေးသွားကြသည်။
ရေခဲလမြို့သည် ဆက်တိုက် ကျဆင်းနေခဲ့သောကြောင့် လူတိုင်းက စစ်သည်များ ဖြစ်လာခဲ့သည်။
ဤနေရာတွင် ကျင့်ကြံသူ တစ်သိန်းအောက်သာ ရှိသော်လည်း မြို့က လည်ပတ်နေဆဲဖြစ်သည်။
ရွှေအလင်းတန်းများ ပေါ်ထွက်လာပြီး အဆုံးမရှိသော အလင်းရောင်ကို စုစည်းသည်။ ဧရာမ ရုပ်သေးရုပ်များသည် ပုန်းအောင်းနေရာမှ ပျံထွက်လာကြသည်။
ရေခဲလမြို့၏အလယ်တွင် ထိန်းချုပ်နိုင်သော ကမ္ဘာဦးအဆင့်ရုပ်သေးရုပ် ငါးရုပ် ရှိနေသည်။
ထိုရုပ်သေးရုပ်ငါးရုပ်ကို ဝင်္ကပါစွမ်းအားနှင့် မြို့ထဲတွင်ရှိသော ကျင့်ကြံသူများအားလုံး၏ ဝိညာဉ်စွမ်းအားကို စုစည်းပြီး အသက်သွင်းရမည်။
ပုံမှန်အတိုင်းဆိုလျှင် မြို့တစ်မြို့တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် နှစ်ဆယ်ခန့် ရှိတတ်သည်။
“ဘန်း”
ကောင်းကင်ထက်တွင် ပေါက်ကွဲသံ ပေါ်ထွက်လာပြန်သည်။
အနက်ရောင်အက်ကွဲကြောင်း ဖြစ်တည်လာသည်။
အကယ်၍ သူတို့က ခုခံမှု မပြုလုပ်လျှင် ရေခဲလမြို့၏ အကာအကွယ်ဝင်္ကပါသည် နောက်တစ်ကြိမ်တိုက်ခိုက်မှုတွင် ပျက်စီးသွားလိမ့်မည်။
“မြို့ထဲကနေ ထွက်ကြတော့”
ဟန်မူယဲ့က ပြောသည်။
ရုပ်သေးရုပ်ငါးရုပ်သည် ပျံထွက်သွားပြီး ဝင်္ကပါအလင်းလွှာ၏ အပြင်ဘက်သို့ ရောက်လာသည်။
“သူတို့ ရောက်လာပြီ”
လူတစ်ယောက်က ပြောလိုက်သည်။
သင်္ဘောပျံ၏ ရုပ်သေးရုပ်နှစ်ရုပ်က ကြယ်လေပြင်းများကို သယ်ဆောင်ထားပြီး ရုပ်သေးရုပ်ငါးရုပ်ဆီသို့ ဦးတည်လာသည်။
ရုပ်သေးရုပ်နှစ်ရုပ်သည် ပေသောင်းချီမြင့်မားပြီး ရွှေရောင်သန်းနေသည်။ ထို့အပြင် အေးစက်သော အလင်းကို ထုတ်လွှတ်နေသည့် ဓားမော့များကိုလည်း ကိုင်ဆောင်ထားသည်။
“ဘန်း”
ရေခဲလမြို့၏ ရှေ့ဆုံးတွင်ရုပ်သေးရုပ်သည် တစ်ချက်တည်း ခေါင်းဖြတ်ခံလိုက်ရသည်။
သို့သော် နောက်တွင်ပါလာသော ရုပ်သေးရုပ်က တိုက်ခိုက်လာသော ရုပ်သေးရုပ်ကို လက်သီးချက်ဖြင့် ထိုးချလိုက်သည်။
ထိုအချိန်တွင် ထောင်ချီသော ရုပ်သေးသခင်များသည် သင်္ဘောပျံပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။
သူတို့အားလုံးက အနည်းဆုံး အဆင့်ရှစ်တွင် ရှိကြသည်။ ထို့အပြင် အဆင့်ကိုး၊ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်များလည်း ပါဝင်သည်။
ရှေ့ဆုံးတွင် လူအိုကြီးငါးဆယ် ထိုင်နေသည်။ သူတို့အားလုံးက နတ်ဘုရားအဆင့် ဖြစ်ကြသည်။
သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်တို့တွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ရာတွင် ကွာခြားချက်မရှိတော့ပေ။
ဝိညာဉ်စွမ်းအားက အဆင့်တစ်ခုသို့ ရောက်သွားသောအခါ တူညီစွာ ထိန်းချုပ်နိုင်သည်။
ထို့ကြောင့် အဆင့်နိမ့်ကျင့်ကြံသူများသည် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်အဖြစ် ခွဲခြားထားသော်လည်း နှစ်မျိုးလုံးကို တစ်ပြိုင်နက်ကျင့်ကြံသောလူ ရှားပါးသည်။
ထိုသို့လုပ်ရန် မလိုအပ်ပေ။
သူတို့က ထိပ်တန်းအဆင့်ကျွမ်းကျင်သူ ဖြစ်လာလျှင် ချပ်ဝတ်နှင့်ရုပ်သေးရုပ်က အတူတူပင် ဖြစ်သွားလိမ့်မည်။
ချပ်ဝတ်သခင်မဟာမိတ်၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူ အများစုသည် ရုပ်သေးသခင်မဟာမိတ်မှ ဖြစ်ကြသည်။
“ရုပ်သေးရုပ် ငါးရုပ်ပဲရှိတယ်။ သူတို့က သာမန်လောက်ပဲဖြစ်လိမ့်မယ်”
သင်္ဘောပျံ၏ ရှေ့ဆုံးတွင်ထိုင်နေသော အနက်ရောင်ချပ်ဝတ်နှင့် လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။
“သူတို့က နတ်ဘုရားအဆင့် ရုပ်သေးရုပ်တွေကို မသုံးဘဲ ကမ္ဘာဦးအဆင့်တွေကို တိုက်ရိုက် ထုတ်သုံးခဲ့တယ်။ ဒါက သူတို့ရဲ့ အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်လိမ့်မယ်”
တခြားလူအိုကြီးတစ်ယောက်က ရယ်လိုက်ပြီး ပြောသည်။
“ဒီလိုမြို့ကြီးကို ဖျက်ဆီးဖို့လွယ်မှာပဲ”
“ဟုတ်တယ်။ ငါတို့က ဒီမြို့ကို ဖျက်ဆီးပြီး ရေခဲလဖီးနစ်ငှက်ရဲ့ အမြုတေကို ရလာရင် ငါတို့ရဲ့ သိမ်းငှက်မြို့က ပိုအားကောင်းလာလိမ့်မယ်”
ရွှေရောင်ချပ်ဝတ်နှင့် လူသန်ကြီးက စကားပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေအားလုံးကို ဖိနှိပ်ထားလိုက်”
သူ့စကားအဆုံးတွင် နတ်ဘုရားအဆင့် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက အပြင်ဘက်သို့ ထွက်သွားပြီး ရေခဲလမြို့၏ အတားအဆီးကို တိုက်ခိုက်လိုက်ကြသည်။
ရုပ်သေးရုပ်နှင့်ချပ်ဝတ်များ ၅၃ခု ရှိနေသည်။
သို့သော် ရေခဲလမြို့တွင် နတ်ဘုရားအဆင့် ရုပ်သေးရုပ်နှင့်ချပ်ဝတ် ၃၂ခုသာ ရှိသည်။
ကမ္ဘာဦးအဆင့်နှင့် နတ်ဘုရားအဆင့်များက တိုက်ခိုက်နေသောကြောင့် ပေါက်ကွဲသံကို ကြားရသည်။
ရေခဲလမြို့သည် အရေးနိမ့်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် မည်သူမှ နောက်မဆုတ်ရဲကြပေ။ နောက်ဆုတ်လျှင် သေသွားလိမ့်မည်။
“သိမ်းငှက်စိမ်းမြို့က လေဟာနယ်လောကရဲ့ အဓိကမြို့ကြီးတစ်မြို့ပဲ။ သူတို့က စကြဝဠာအဆင့် ရုပ်သေးရုပ်ရဲ့ ဗဟိုချက်ကို ပိုင်ဆိုင်ထားတယ်”
သိမ်းငှက်စိမ်းမြို့၏ သင်္ဘောပျံနောက်တွင် ရုတ်တရက်ပေါ်လာသော ဟန်မူယဲ့က သင်္ဘောပျံဆီမှ လက်ကို ရုတ်သိမ်းလိုက်ပြီး ပြောသည်။
“ငါက အဲဒီဗဟိုချက်ကို နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ဆီ ပေးလိုက်ရင် အဆတစ်ရာလောက် ပိုအားကောင်းလာမှာပေါ့”
ဟန်မူယဲ့က မျက်လုံးများ တောက်ပနေပြီး သင်္ဘောပျံထဲသို့ ခိုးဝင်သွားသည်။
ထိပ်တိုက်ရင်ဆိုင်မှုတွင် ယုံကြည်ချက်ရှိသော ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူများက သင်္ဘောပျံကို အပြည့်အဝ ယုံကြည်ကြသည်။
သို့သော် ဟန်မူယဲ့၏ မူလစကြဝဠာတွင် သင်္ဘောပျံကို နည်းလမ်းအမျိုးမျိုးဖြင့် ခိုးဝင်နိုင်သည်။
“ဘယ်သူလဲ”
“တစ်ယောက်ယောက်က သင်္ဘောပျံထဲကို ခိုးဝင်လာတယ်”
လူတစ်ယောက်က အော်ဟစ်လိုက်သောအခါတွင် ဟန်မူယဲ့က လှံရှည်ကို မြှောက်ထားခဲ့သည်။
“ဘုန်း”
မီးနဂါးတစ်ကောင် ပေါ်ထွက်လာသည်။
စကြဝဠာအဆင့် လက်နက်၏ခွန်အားကို ပြသခဲ့သည်။
မီးတောက်များသည် သင်္ဘောပျံကို လွှမ်းခြုံသွားသည်။
အဆင့်ရှစ်၊ အဆင့်ကိုး၊ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များသည် ရုန်းကန်နေရုံသာ တတ်နိုင်ခဲ့သည်။
အဆင့်ရှစ်နှင့် အဆင့်ကိုးများသည် ချက်ချင်း ပြာကျသွားသည်။
သူတော်စင်အဆင့်များသည် အသက်ရှူကြိမ်တစ်ဝက်ခန့် တောင့်ခံနိုင်သည်။
အသက်ရှူကြိမ် သုံးခါအကြာတွင် ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက သေဆုံးသွားကြသည်။ ကျန်လူများကတော့ မီးတောက်နှင့် မီးခိုးများကြားတွင် ထွက်ပြေးသွားကြသည်။
သင်္ဘောပျံက ချက်ချင်းဆိုသလိုပင် ပျက်စီးသွားခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ကောင်းကင်ခွဲလှံ၏ စွမ်းအားကို ဖော်ပြနေသည်။
“အဲဒါက စကြဝဠာအဆင့် လက်နက်ပဲ”
ပြန်လည်တိုက်ခိုက်ရန် ကြိုးစားနေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက သွေးတစ်လုပ်အန်ထုတ်ပြီး ရုပ်သေးရုပ်ကို စွန့်ပစ်၍ ထွက်ပြေးသွားသည်။
တခြားလူများကလည်း မည်းမှောင်နေသော မျက်နှာထားဖြင့် လေဟာနယ်ထဲတွင် ထွက်ပြေးသွားကြသည်။
လေဟာနယ်က အန္တရာယ်များသော်လည်း စကြဝဠာအဆင့်နှင့် ယှဉ်လိုက်လျှင် ပိုကောင်းသည်။
ရေခဲလမြို့၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေသော နတ်ဘုရားအဆင့် ချပ်ဝတ်သခင်များကလည်း လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
သူတို့က ယခုအချိန်တွင် ထွက်မသွားလျှင် သေဆုံးရလိမ့်မည်။
ကျွမ်းကျင်သူများက အထိအခိုက်များနေပြီး ထွက်ပြေးသွားသောကြောင့် ကမ္ဘာဦးရုပ်သေးရုပ် နှစ်ရုပ်က ထိန်းချုပ်မည့်လူ မရှိတော့ဘဲ လဲကျသွားသည်။ ဟန်မူယဲ့က ကျေနပ်စွာ ပြုံးလိုက်သည်။
ကောင်းကင်ခွဲလှံကလည်း ကျေနပ်နေသည်။
သူက ဟန်မူယဲ့၏ မူလဝိညာဉ်ဓားသုံးလက်၊ နတ်ဘုရားသားရဲသုံးကောင်နှင့် ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေပြီဖြစ်သော ချပ်ဝတ်ကြောင့် ဖိနှိပ်ခံနေရသည်ဟု ခံစားခဲ့ရသည်။
‘အခုတော့ သူက ငါဘယ်လောက်သန်မာလဲ သိသွားလောက်ပါပြီ’
ဟန်မူယဲ့က လှံ၏ခံစားချက်ကို အာရုံခံမိပြီး ပြုံးသည်။
“ငါတို့နိုင်သွားပြီ”
“ဟားဟား၊ လေဟာနယ်မြို့ကြီးရဲ့ ကျွမ်းကျင်သူတွေက လွယ်လွယ်လေး ရှုံးနိမ့်သွားတာပဲ”
“ရုပ်သေးရုပ်တွေ၊ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တွေ”
ရေခဲလမြို့၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။
ဤတိုက်ပွဲက အလွန်လွယ်ကူခဲ့သည်။
“မြို့သခင်က ခွန်အားကြီးတယ်”
ကျင်းဟွေက လေဟာနယ်တွင် ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။
တခြားလူများကလည်း ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ကျဆင်းနေသော ရေခဲလမြို့က လေဟာနယ်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်။
ပထမဆုံးအကြိမ် တိုက်ပွဲသည် ခက်ခဲပြီး အကျအဆုံးများလိမ့်မည်ဟု သူတို့က ထင်ထားခဲ့သည်။ သို့သော် ချောမွေ့စွာ အနိုင်ရသွားသည်။
ဤတိုက်ပွဲသည် သူတို့၏ ယုံကြည်ချက်ကို အားဖြည့်ပေးလိုက်သည်။
ရေခဲလမြို့သည် လေဟာနယ်တွင် ရပ်တည်ရန် စွမ်းရည်ရှိသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပိုင်ရှင်မဲ့နေသော နတ်ဘုရားအဆင့် ရုပ်သေးရုပ်များကို သိမ်းဆည်းသည်။ ထို့နောက် လေဟာနယ်တွင် လွင့်မျောသွားသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်ကို ကြည့်သည်။
“မင်းတို့က ထွက်သွားချင်တာလား”
သူက အော်ဟစ်လိုက်ပြီး ပျံသန်းလာသည်။
ထိုရုပ်သေးရုပ်များကို ထိန်းချုပ်မည့်လူ မရှိသော်လည်း သူတို့၏ ဉာဏ်ရည်နှင့် အသိစိတ်က နတ်ဘုရားအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များထက် အဆပေါင်းများစွာ သာလွန်သည်။
သူတို့က ကိုယ်တိုင် တိုက်ခိုက်နိုင်ပြီး လေဟာနယ်မြို့သို့ ပြန်သွားကြလိမ့်မည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များသည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထက် ပိုမိုသန်မာသည်။
သိမ်းငှက်စိမ်းမြို့၏ ထွက်ပြေးသွားသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်ကို စိတ်မပူခဲ့ပေ။
လောကတွင် ကျွမ်းကျင်သူများ ရှိနေသော်လည်း ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ထိန်းချုပ်ထားနိုင်သောလူ ရှားပါးသည်။
လေဟာနယ်သို့ အသစ်ရောက်လာသော မြို့တစ်မြို့က ထိုစွမ်းရည်မျိုးကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။
သူတို့က အလစ်တိုက်ခံရပြီး စကြဝဠာအဆင့် လက်နက်ကြောင့်သာ ရှုံးနိမ့်သွားခဲ့ကြသည်။
ဤတစ်ကြိမ်တွင် သူတို့က အတွေ့အကြုံရသွားသောကြောင့် နောက်တစ်ကြိမ်တွင် အပြည့်အဝပြင်ဆင်ပြီး တိုက်ခိုက်လိမ့်မည်။
သို့သော် ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်ကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။ နှစ်ရုပ်လုံး မရနိုင်လျှင်ပင် အနည်းဆုံး တစ်ရုပ်ကို ထိန်းထားလိမ့်မည်။