← Chapters

အခန်း (၁၂၈၁)

Vol. 92 Ch. 1281

အခန်း (၁၂၈၁)

Vol. 92 Ch. 1281

ရေခဲလမြို့၏ ရုပ်သေးရုပ်က သာမန်ထက်ပို၍ သန်မာနေသည်။

ပျက်စီးသွားသော ရုပ်သေးရုပ်သုံးရုပ်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားပြီး ကမ္ဘာဦးတစ်ဝက်အဆင့်တွင် ရှိနေကြသည်။

ရုပ်သေးသခင်သုံးယောက်က သွေးအန်လိုက်ပြီး နောက်ဆုတ်၍ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါဆီသို့ ထွက်ပြေးသည်။

“အဲဒီရုပ်သေးရုပ်က ဘာဖြစ်လို့ အရမ်းသန်မာနေတာလဲ”

ကမ္ဘာဦးရုပ်သေးရုပ်၏ ဓားမော့ခုတ်ချက်ကြောင့် လူအများက ထိတ်လန့်သွားကြသည်။

တခြားမြို့များတွင် ရေခဲလမြို့ကို တိုက်ခိုက်ရန်အတွက် အသင့်စောင့်နေသော ကျွမ်းကျင်သူများက ကြောင်အသွားကြသည်။

ထိုရုပ်သေးရုပ်၏ ဓားမော့ခုတ်ချက်သည် သာမန် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များထက် အားကောင်းနေသည်။

“အထင်ကြီးစရာပဲ”

လင်းတမြို့၏ ရင်ပြင်တွင် လူသန်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

နတ်ဆိုးအင်းကွက်များနှင့် လူငယ်၏ မျက်နှာထားက ဆိုးဝါးနေသည်။

ကံကောင်းစွာဖြင့် သူက အလျင်စလို မလှုပ်ရှားခဲ့ပေ။ မဟုတ်လျှင် ထိခိုက်သွားသောလူက သူဖြစ်နေလိမ့်မည်။

“အဲဒီရုပ်သေးရုပ်က ကျောင်းတော်တစ်ခုခုရဲ့ နောက်ဆုံးပေါ်ရလဒ်လား”

မြို့ကြီးတစ်မြို့တွင် ဆံပင်ဖြူနေသော လူအိုကြီးက သံယသများဖြင့် ပြောသည်။

အစပိုင်းတွင် တိုက်ခိုက်ရန် စိတ်အားထက်သန်နေသော လူများက သတိထားလိုက်ကြသည်။

ခန်းဆောင်ထဲတွင် ဟန်မူယဲ့၏ မျက်နှာက တည်ငြိမ်နေသည်။ ဘေးတွင်ရှိသော ကျင်းဟွေနှင့် တခြားလူများကလည်း အပြုံးတစ်ခုနှင့်အတူ ပေါ့ပါးစွာ ရှိနေကြသည်။

‘ရုပ်သေးရုပ်ခြောက်ရုပ်ရဲ့ ပူးပေါင်းစွမ်းအားက တကယ်အံ့အားသင့်စရာပဲ’

‘ပြီးတော့ ထိန်းချုပ်ဖို့လည်း အားမစိုက်ရဘူး’

ပေါင်းစပ်ရုပ်သေးရုပ်ကို ထိန်းချုပ်ခြင်းသည် ရုပ်သေးရုပ်တစ်ရုပ်ကို ထိန်းချုပ်ခြင်းထက် ပိုလွယ်နေသည်။

‘ဒါက မြို့သခင်ရဲ့ နည်းလမ်းတွေလား’

‘မြို့သခင်ရဲ့ နောက်ခံက ဘာလဲ။ သူ့ရဲ့ ပန်းပဲနည်းစနစ်တွေက အားကောင်းလွန်းတယ်’

ဟန်မူယဲ့က နောက်ဆုတ်သွားသော ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး လက်မြှောက်သည်။ ရွှေအလင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။

ရင်ပြင်တွင်ရှိသော အားကောင်းသည့် ရုပ်သေးရုပ်က ပုံရိပ်ခြောက်ခုအဖြစ် ခွဲထွက်သွားသည်။

ကမ္ဘာဦးရုပ်သေးရုပ် ခြောက်ရုပ်က ထွက်ပြေးနေသော လူများကို တိုက်ခိုက်သည်။

ထို့နောက် ရေခဲလမြို့၏ ကျွမ်းကျင်သူများက ရန်သူများကို ဖမ်းဆီးလိုက်ကြသည်။

တိုက်ပွဲသည် အဆုံးသတ်သွားသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို ပိတ်လိုက်သည်။

ခွန်အားပြသမှု ပြီးဆုံးသွားသည်။

စောင့်ကြည့်နေသော မြို့သုံးဆယ်က တိတ်ဆိတ်သွားသည်။

ဒါဇင်ချီသော ကျွမ်းကျင်သူများသည် ခန်းဆောင်တစ်ခု၏ရှေ့တွင် ရပ်နေကြသည်။

ထိုနေရာသည် နေမြစ်မြို့ ဖြစ်သည်။

ထိုမြို့ကို ဧရာမလူဝံကြီး၏ ကျောပေါ်တွင် တည်ဆောက်ထားသည်။

ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီးသည် လေဟာနယ်ကြားတွင် တောက်ပနေသည်။

နေမြစ်မြို့၏ ပတ်ဝန်းကျင်တွင် တခြားမြို့ကြီးများ ရှိကြသည်။

သို့သော် ထိုမြို့များကြားတွင် နေမြစ်မြို့က ထိပ်တန်းအဆင့် ဖြစ်သည်။

သူတို့မြို့၏ အကြီးအကဲသုံးယောက်က ရေခဲလမြို့တွင် အဖမ်းခံလိုက်ရသည်။

“မြို့သခင် အကြီးအကဲသုံးယောက်က အဖမ်းခံလိုက်ရပါတယ်။ ကျွန်တော်တို့က ....”

လူငယ်တစ်ယောက်က ညင်သာစွာ ပြောလိုက်သည်။ သို့သော် သူ့စကားမဆုံးခင် ပတ်ဝန်းကျင်လေထုက ပြောင်းလဲသွားသည်။

တခြားလူများက ကယ်ဆယ်ရန် စိတ်ကူးမရှိဘဲ ကျေနပ်နေပုံရသည်။

“ဂိုဏ်းခွဲမှူးရှောက်ယန်က အကြီးအကဲသုံးယောက်ကို အတော်လေး စိုးရိမ်နေတဲ့ပုံပဲ”

အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက နှာမှုတ်လိုက်ပြီး ရှေ့သို့ကြည့်သည်။

“နေမြစ်မြို့ရဲ့ အကြီးအကဲသုံးယောက်က လေဟာနယ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး မြို့အသစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်”

“ငါတို့က အကြီးအကဲသုံးယောက်ကရဲ့ ရှုမိသားစုကို စစ်ဆေးသင့်တယ်”

လူအိုကြီး၏ စကားအဆုံးတွင် တခြားလူတစ်ယောက်က ထောက်ခံလိုက်သည်။

“အကြီးအကဲကျီချီပြောတာ မှန်တယ်”

“လေဟာနယ်ထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဆန္ဒအလျောက် ဖွင့်လှစ်ခဲ့တဲ့ မြို့တွေက ကာကွယ်မှုရမယ်။ ရှုမိသားစုရဲ့ အကြီးအကဲသုံးယောက်က ငါတို့ နေမြစ်မြို့ကို ဂုဏ်သိက္ခာကျစေတာပဲ”

စကားသံများ ပေါ်ထွက်လာပြီး စကားပြောခဲ့သော လူငယ်၏ မျက်နှာထားကို ပြောင်းလဲသွားစေသည်။

သူက လေဟာနယ်၏ စည်းကမ်းကို မှတ်မိသွားသည်။

အသစ်ရောက်လာသောမြို့များကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးလမ်းကြောင်းနှင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဆက်သွယ်ရန်ဆန္ဒရှိသော မြို့များက ကာကွယ်ခြင်းခံရသည်။

ပုံမှန်အတိုင်းဆိုလျှင် နှစ်တစ်ထောင်ဖြစ်သည်။

သို့သော် ထိုစည်းကမ်းကို အချိန်အတော်ကြာအောင် မေ့လျော့ထားခဲ့ကြသည်။

“ရှုမိသားစုက နေမြစ်မြို့ကို သိက္ခာကျစေတယ်။ မူလဒင်္ဂါး သန်းသုံးသောင်းကို လျော်ကြေးပေးရမယ်”

“ဂိုဏ်းခွဲမှူးရှောက်ယန်၊ ရှုမိသားစုကို သွားလိုက်ပါ။ သူတို့က ငြင်းရင် ငါကိုယ်တိုင် ရောက်လာမယ်”

ရှေ့တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် မြို့သခင်က ပြောလိုက်သည်။

နတ်ဘုရားအဆင့် ချပ်ဝတ်သခင် ရှောက်ယန်က လျင်မြန်စွာ ဦးညွတ်လိုက်သည်။

မြို့သခင်က ဆက်ပြောသည်။

“ငါက သူတို့ရဲ့ ပေါင်းစပ်ရုပ်သေးရုပ်ကို စိတ်ဝင်စားတယ်”

“ဂိုဏ်းခွဲမှူးရှောက်ယန်၊ ရှုမိသားစုကနေ ပြန်လာရင် မူလဒင်္ဂါး သန်းတစ်သောင်းကိုယူပြီး ရေခဲလမြို့ကို တောင်းပန်လိုက်ပါ”

“ငါက သူတို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းဖို့ တောင်းဆိုထားတယ်”

မြို့သခင်၏အသံက ခန်းဆောင်ထဲတွင် ပျံ့နှံ့လာသည်။ သူ့ပုံရိပ်ကတော့ ပျောက်ကွယ်သွားခဲ့သည်။

သူက မူလဒင်္ဂါးများကိုယူပြီး ရေခဲလမြို့ကို တောင်းပန်ရန် ညွှန်ကြားခဲ့သည်။

ရေခဲလမြို့ကို အသိအမှတ်ပြုပြီး ကုန်သွယ်ရန် ဆန္ဒရှိသည်ဟု ဖော်ညွှန်းလိုက်ခြင်း ဖြစ်သည်။

နှစ်ဖက်လုံးက သဘောတူညီမှုကို လက်မှတ်ထိုးလိုက်လျှင် လျှို့ဝှက်တိုက်ခိုက်မှုများ မရှိနိုင်တော့ပေ။

တခြားမြို့ကြီးတစ်မြို့တွင် ဒါဇင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဖြောင့်မတ်စွာ ထိုင်နေကြသည်။

သူတို့၏ရှေ့တွင် ရေခဲလမြို့၏ တိုက်ပွဲကို ထပ်ကာတလဲလဲ ပြန်ပြနေသည်။

“အဲဒီရုပ်သေးရုပ်ရဲ့ ခွန်အားက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တွေထက် အနည်းဆုံး နှစ်ဆပိုသန်မာတယ်”

လူအိုကြီးတစ်ယောက်က ခေါင်းမော့လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“မဟုတ်သေးဘူး။ အဲဒီရုပ်သေးရုပ်က အစွမ်းကုန်မသုံးခဲ့ဘူး”

တစ်ဖက်တွင် အဝါရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က ပြောလိုက်သည်။

“အဲဒီဓားမော့ခုတ်ချက်က မရိုးရှင်းဘူး”

“ငါက ရုပ်သေးရုပ်ရဲ့ခွန်အားကို စိတ်မဝင်စားဘူး”

တစ်ဖက်တွင် ဆံပင်ချထားသော လူငယ်တစ်ယောက်က ခေါင်းခါလိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။

“အဲဒီရုပ်သေးရုပ်တွေကို ပေါင်းစပ်ပြီး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တဲ့နည်းလမ်းကို စိတ်ဝင်စားတယ်”

လူငယ်၏စကားကြောင့် ကျွမ်းကျင်သူများက လှည့်ကြည့်လိုက်ကြသည်။

“ကျန်းရွှမ်မြို့ရဲ့ ကျောင်းအုပ်ချောင်က တခြားလူရဲ့ နည်းစနစ်ကို စိတ်ဝင်စားနေတာလား”

ဆံပင်ဖြူနေ‌သော လူအိုကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“အကြီးအကဲချောင်၊ မင်းက နတ်ဘုရားအဆင့်ကို ကျော်လွန်နေပြီမဟုတ်ဘူးလား”

သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက ရယ်လိုက်ကြသည်။

ကျန်းရွှမ်မြို့၏ ကျန်းရွှမ်ကျောင်းတော်သည် ပန်းပဲနည်းစနစ်ကြောင့် နာမည်ကြီးသည်။

မြို့ထဲတွင်ရှိ‌သော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ကျောင်းတော်က ထိန်းသိမ်းထားသည်။

ကျောင်းအုပ် ချောင်ကျီက နတ်ဘုရားအဆင့်ကို ကျော်လွန်နေသော ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်ဟု ပြောကြသည်။ သူက မြို့တော်၏ ရတနာဖြစ်သော စကြဝဠာအဆင့် ရုပ်သေးရုပ်၏ ရင်ဘတ်သံမဏိပြားကို ပြုပြင်ပေးခဲ့သည်။

ချောင်ကျီက ပန်းပဲပညာရပ်အများစုကို စိတ်မဝင်စားပေ။

လူအနည်းငယ်ကသာ သူ့ကို အံ့အားသင့်သွားအောင် လုပ်နိုင်သည်။

ထိုလူမျိုးကလည်း အသစ်ရောက်လာသောမြို့တွင် မရှိနိုင်ပေ။

“မင်းတို့ မယုံနိုင်ဘူးဆိုတာ ငါသိတယ်”

ချောင်ကျီ၏ မျက်နှာထားက လေးနက်နေပြီး တီးတိုးပြောသည်။

“အဲဒီရုပ်သေးရုပ်တွေကို ပေါင်းစပ်ထားတဲ့နည်းလမ်းက ငါ့ရဲ့ လေ့လာချက်ထက် ကျော်လွန်နေတယ်”

“ငါက ရေခဲလမြို့ကို ကိုယ်တိုင်သွားလည်ဖို့ စီစဉ်ထားတယ်”

သူ့စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာထားက လေးနက်သွားသည်။

‘အကြီးအကဲချောင်၊ တကယ်ပြောနေတာလား’

“ကောင်းပြီ။ ငါက ရေခဲလမြို့နဲ့ ဆက်သွယ်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖွင့်ဖို့ ပြောလိုက်မယ်”

တစ်ချိန်လုံး တိတ်ဆိတ်နေသော မြို့သခင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“လေဟာနယ်ထဲမှာ လူသစ်တွေရောက်မလာတာ ကြာနေပြီ”

“ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်”

လင်းတမြို့တွင် ရေခဲလမြို့၏ တိုက်ပွဲကို ပြန်ကြည့်နေကြသည်။

“ရှာတွေ့ပြီ။ အဲဒါက ရေခဲလမြို့ပဲ”

ဝတ်စုံရှည်နှင့် နဖူးတွင် အင်းကွက်များရှိသော လူငယ်တစ်ယောက်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းမှာ လေဟာနယ်ကနေ ကျဆင်းသွားခဲ့တယ်”

“အဲဒီမြို့ရဲ့ ပိုင်ရှင်က စကြဝဠာတစ်ဝက်အဆင့်မှာ ရှိနေတဲ့ မဟာကျင့်ကြံသူ မူယွဲ့ပဲ”

“နောက်ပိုင်းမှာ မူယွဲ့က တိုက်ပွဲကြောင့် ထိခိုက်သွားတယ်။ ရေခဲလမြို့ကလည်း ကျဆင်းလာခဲ့တယ်”

လူငယ်က လက်ထဲတွင် စာအုပ်ကိုင်ထားပြီး ရေခဲလမြို့၏အကြောင်းကို ပြောလိုက်သည်။

ထိုစာအုပ်ထဲတွင် မြိုသခင်မူယွဲ့၏ ပုံရိပ်နှင့် ခွန်အားအကြောင်းကို မှတ်သားထားသည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တိတ်ဆိတ်စွာ နားထောင်နေကြသည်။

“ကျဆင်းသွားတဲ့ လေဟာနယ်မြို့က ပြန်တက်လာတာပဲ။ မြို့သခင် ပြန်ရောက်လာတာမဟုတ်ရင် မြို့သခင်အသစ် ရှိသွားတာ ဖြစ်လိမ့်မယ်”

အနက်ရောင်မျက်နှာကာနှင့် အမျိုးသမီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“စုံစမ်းကြည့်ကြတာပေါ့”

“ရှေးခေတ်ကျွမ်းကျင်သူက ပြန်ရောက်လာတာဆိုရင် ငါတို့ လင်းတမြို့က အမြင်ကောင်းရအောင် လုပ်ရမယ်”

“မြို့သခင်အသစ် ဆိုရင်လည်း ခွန်အားကို စောင့်ကြည့်ရမယ်”

မြို့ကြီးများက မည်သို့ပင် တုံ့ပြန်ပါစေ ဟန်မူယဲ့ကတော့ တည်ငြိမ်နေသည်။

သုံးရက်အကြာတွင် မြို့ရှစ်မြို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ပြန်ဖွင့်ရန် တောင်းဆိုခဲ့သည်။

“မြို့သခင်၊ မြို့ရှစ်မြို့က ကျွန်တော်တို့နဲ့ ကုန်သွယ်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို လဲလှယ်ဖို့ ဆန္ဒရှိပါတယ်”

ကျင်းဟွေက ပြုံးလိုက်ပြီး ပြောသည်။

မြို့ရှစ်မြို့နှင့် ချိတ်ဆက်နိုင်ခဲ့သောကြောင့် ရေခဲလမြို့က တိုက်ရိုက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရန် မလိုတော့ပေ။

“အလျင်မလိုပါဘူး”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာပြောသည်။

“ငါ့မှာ အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်”

“မြို့ရှစ်မြို့က မလုံလောက်ဘူး”

‘မလုံလောက်ဘူးလား’

‘အရေးကြီးကိစ္စလား’

ကျင်းဟွေနှင့် မြို့ကို လည်ပတ်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက နားမလည်ကြပေ။

ရွှေအလင်းလွှာသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။

“ရေခဲလမြို့မှာ ရေခဲလကျောင်းတော်ကို တည်ထောင်မယ်”

“ရေခဲလကုန်သွယ်ရေးအဖွဲ့ကိုလည်း တည်ဆောက်မယ်”

“ပြီးတော့ ရေခဲလအလုပ်ရုံကိုလည်း ဖန်တီးမယ်”

အလင်းလွှာတွင် သတင်းအချက်အလက်များသည် မရေမတွက်နိုင်သော မြို့များဆီသို့ ရောက်သွားကြသည်။

ယခုအချိန်တွင် ရေခဲလမြို့ကို မရေမတွက်နိုင်သော မြို့ကြီးများက အာရုံခံမိကြသည်။

ကျင်းဟွေနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ကုန်သွယ်ရေးအဖွဲ့ဖြစ်စေ၊ ကျောင်းတော်ဖြစ်စေ စိတ်ရှိတိုင်း မတည်ဆောက်နိုင်ပေ။

လုံလောက်သောအရင်းအမြစ်၊ ခွန်အားနှင့် လူဦးရေကို လိုအပ်သည်။

ဟန်မူယဲ့က သတင်းအချက်အလက်များကို ဖြန့်ထုတ်လိုက်ပြီး ခပ်ဟဟရယ်သည်။

“တည်ဆောက်ချိန်ကနေစပြီး အပြည့်အဝ လည်ပတ်နိုင်ဖို့ နှစ်ပေါင်းရာချီပြီး အချိန်ယူရလိမ့်မယ်”

“ငါတို့မှာ အချိန်ရှိပါတယ်”

All Chapters