အခန်း (၁၂၈၃)
Vol. 92 Ch. 1283
ချက်ချင်းဆိုသလိုပင် တတိယမြောက်ရုပ်သေးရုပ် ပေါ်ထွက်လာသည်။
ယခင်ရုပ်သေးရုပ်များနှင့် ကွာခြားမှုမရှိပေ။ သို့သော် ဗဟိုချက်ကတော့ အနည်းငယ် ကွဲပြားသွားသည်။
ငါးခုမြောက်ရုပ်သေးရုပ် ပေါ်ထွက်လာသောအခါတွင် ဗဟိုချက်က အများအပြား ပြောင်းလဲသွားခဲ့သည်။
“ခလွပ် ....”
ရုပ်သေးရုပ်ငါးရုပ်က တုန်ခါနေပြီး အနက်ရောင်ရုပ်သေးရုပ်အဖြစ် စုစည်းသွားသည်။
“ဒါက ပေါင်းစပ်ရုပ်သေးရုပ်ဆိုတာကို ငါသိနေတယ်”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်က ရယ်လိုက်သည်။
တခြားလူများကလည်း ကျွမ်းကျင်သူများဖြစ်သောကြောင့် လျင်မြန်စွာ သတိထားမိကြသည်။
“ဗဟိုချက် အနည်းငယ်စီကွဲပြားနေတဲ့ ရုပ်သေးရုပ်ငါးရုပ်ကို ပေါင်းစပ်လိုက်တယ်။ စိတ်ဝင်စားစရာပဲ”
ရှေ့ဆုံးတွင်ရှိသော ပန်းပဲပညာရှင်အစည်းအရုံး၏ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ သူက အညိုရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်လုံးသည် နတ်ဘုရားအလင်းများနှင့် တောက်ပနေသည်။
ရုပ်သေးရုပ်ငါးရုပ်၏ ပေါင်းစပ်မှုသည် အဆင့်ငါးရုပ်သေးရုပ်၏ ခွန်အားကို တိုးမြှင့်ပေးလိုက်သည်။
သို့သော် ထိုအရာက အစသာဖြစ်သည်။
ဟန်မူယဲ့၏ရှေ့တွင် ရုပ်သေးရုပ်များ တစ်ရုပ်ပြီးတစ်ရုပ် ပေါ်လာသည်။
တစ်နာရီအကြာတွင် ရုပ်သေးရုပ်ကိုးရုပ်ကို ပေါင်းစပ်ခဲ့သည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏ မျက်နှာထားက လေးနက်လာသည်။
ရုပ်သေးရုပ်ကိုးရုပ်၏ စုပေါင်းခွန်အားသည် အဆင့်ရှစ် ရုပ်သေးသခင်ကို လွယ်ကူစွာ အနိုင်ယူနိုင်သည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များ၏ မျက်နှာထားက လေးနက်နေသည်။ အလင်းလွှာမှတစ်ဆင့် စောင့်ကြည့်နေသော ပန်းပဲပညာရှင်များကလည်း အလေးအနက်ထားနေသည်။
ဟန်မူယဲ့က ဆက်လက်လှုပ်ရှားခဲ့သည်။
ရုပ်သေးရုပ် ဆယ်ရုပ် ....
ဆယ့်နှစ်ရုပ် ....
ဆယ့်ငါးရုပ် ....
“သူက ရုပ်သေးရုပ်တွေအများကြီးကို ပေါင်းစပ်ပြီး ထိန်းချုပ်ဖို့ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းနိုင်ရင် ကြယ်စင်စုစကြဝဠာရဲ့ ပန်းပဲပညာလမ်းစဉ်က ပြောင်းလဲသွားလိမ့်မယ်”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အလင်းလွှာကို ကြည့်လိုက်ပြီး ပြောသည်။
ဟန်မူယဲ့ကို စောင့်ကြည့်နေသော လူအားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့က ပန်းပဲပညာနယ်ပယ်တွင် များပြားသော အရင်းအမြစ်များကို ဆုပ်ကိုင်ထားသည်။
သူတို့က ပြောင်းလဲမှု၏ အခွင့်အရေးကို မဆုပ်ကိုင်နိုင်လျှင် ကျန်ရစ်ခဲ့လိမ့်မည်။
“ဗဟိုချက်တွေရဲ့ ကွာခြားချက်က မသိသာပေမဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ပြောင်းလဲသွားတယ်”
ပန်းပဲပညာရှင်အစည်းအရုံး၏ အကြီးအကဲတစ်ယောက်က လေးနက်သောအကြည့်ဖြင့် ပြောသည်။ သူ့လက်ချောင်းများက ညင်သာစွာ လှုပ်ရှားနေပြီး မရေမတွက်နိုင်သော ကြိုးမျှင်များကို ထုတ်လွှတ်၍ တွက်ချက်သည်။
“ငါ့ရဲ့ တွက်ချက်မှုတွေအရဆိုရင် သူ့ရဲ့ ပေါင်းစပ်ရုပ်သေးရုပ်က ဗဟိုချက်သုံးခုကိုပဲ လိုအပ်လိမ့်မယ်”
“ဒါပေမဲ့ သူက ဘယ်လိုလုပ်မှာလဲ ငါမသိဘူး”
လူတိုင်းက ဟန်မူယဲ့နှင့် ရုပ်သေးရုပ်ကို ကြည့်နေကြသည်။
ဆယ့်ကိုးခုမြောက် ရုပ်သေးရုပ်ကို သန့်စင်ခဲ့သည်။
နောက်ဆုံး တစ်ခုစာသာ ကျန်တော့သည်။
“ဘုန်း”
အပြင်ဘက်တွင် ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ရေခဲလမြို့က တိုက်ခိုက်ခံနေရသည်။
ကျင်းဟွေနှင့် တခြားလူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
“ရန်သူကို တားဆီးကြမယ်။ ငါတို့က မြို့သခင်ရဲ့ မူပိုင်ခွင့်လျှောက်ထားမှုကို နှောင့်ယှက်ခံလို့မဖြစ်ဘူး”
ကျင်းဟွေက တီးတိုးပြောလိုက်ပြီး တွန့်ဆုတ်စွာ ထွက်သွားသည်။
သူက မြို့သခင်ဖန်တီးမည့် ရုပ်သေးရုပ်ကို ကြည့်ချင်သော်လည်း ရန်သူများကို တားဆီးရန် အလွန်အရေးကြီးနေသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ခြောက်ရုပ်နှင့်အတူ ထွက်သွားကြသည်။
ရေခဲလမြို့၏ အပြင်ဘက်တွင် အမျိုးမျိုးသော အလင်းစီးကြောင်းများကို မြင်ရသည်။
သင်္ဘောပျံသုံးစင်းနှင့် အနည်းဆုံး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆယ်ရုပ်က ရေခဲလမြို့ကို ဝိုင်းရံတိုက်ခိုက်နေသည်။
ရာချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ရုပ်သေးရုပ်ကို ပူးပေါင်းထိန်းချုပ်ပြီး ရေခဲလမြို့၏ အတားအဆီးကို ရိုက်နှက်သည်။
“သူတို့ကိုတား”
ကျင်းဟွေက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ခြောက်ရုပ်က ပေါင်းစည်းလိုက်ပြီး ပျံထွက်သွားသည်။
သူတို့က ပြိုင်ဘက်များကို ခုခံရန် မဖြစ်နိုင်ပေ။
သို့သော် အချိန်ဆွဲထားနိုင်လျှင် မြို့သခင်၏ ပန်းပဲလုပ်ငန်းစဉ်က ပြီးဆုံးသွားလိမ့်မည်။
ခန်းဆောင်ထဲတွင် ဟန်မူယဲ့က နောက်ဆုံးရုပ်သေးရုပ်ကို ဖန်တီးခဲ့သည်။
မီးတောက်များအားလုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေပြီး လက်မြှောက်သည်။ နောက်ဆုံးကျန်ရှိနေသော ရုပ်သေးရုပ်က တခြားရုပ်သေးရုပ်များနှင့် ပေါင်းစပ်ထားသည့် ပေသုံးဆယ်ကြီးမားသော ရုပ်သေးရုပ်ဆီသို့ ရောက်သွားသည်။
“ခလွပ် ....”
အစိတ်အပိုင်းများ ပေါင်းစပ်နေသောအသံကို ကြားနိုင်သည်။ ရုပ်သေးရုပ်က ခမ်းနားသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
သူတော်စင် အထွတ်အထိပ်အဆင့် ဖြစ်သည်။
အဆင့်ငါး ရုပ်သေးရုပ်နှစ်ဆယ်ကို ပေါင်းစပ်လိုက်သောအခါတွင် အဆုံးစွန်အထိ စွမ်းအားမြင့်လာသည်။
ထိပ်တန်းအဆင့် ဝိညာဉ်သတ္တုများ မရှိလျှင် သူတော်စင် အထွတ်အထိပ်အဆင့် ရုပ်သေးရုပ်ကိုသာ ရနိုင်မည်။
နတ်ဘုရားအဆင့်နှင့် ကမ္ဘာဦးအဆင့်များကို ဖန်တီးရန်အတွက် အဖိုးတန်သော ဝိညာဉ်သတ္တုများကို လိုအပ်သည်။
ဟန်မူယဲ့က ထိပ်တန်းအဆင့် ဝိညာဉ်သတ္တုများကို မသုံးခဲ့ပေ။
နတ်ဘုရားအဆင့်သည် ဝိညာဉ်သတ္တုနှင့် ခွန်အားအရာတွင် အကန့်အသတ်တစ်ခု ဖြစ်သည်။
ထိုအဆင့်က တခြားအဆင့်များနှင့် ကွဲပြားသည်။
“ဒီပေါင်းစပ်ရုပ်သေးရုပ်ကို ဘယ်လိုထိန်းချုပ်ရမလဲ ကြည့်ချင်လား”
ဟန်မူယဲ့က ရှေ့တွင်ရှိသော ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များအားလုံးက ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်ကြသည်။
အဆင့်ငါးရုပ်သေးရုပ်ကို သူတော်စင်အဆင့်အထိ ပေါင်းစပ်ခြင်းသည် မလုံလောက်ပေ။
အရေးအကြီးဆုံးအရာသည် အဆင့်နိမ့်ကျင့်ကြံသူက ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ပေါင်းစပ်ရုပ်သေးရုပ်က အသုံးမဝင်တော့ပေ။
“အဆင့်ငါးရုပ်သေးသခင် အယောက်နှစ်ဆယ်ကို ခေါ်လိုက်ပါ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ ချက်ချင်းဆိုသလိုပင် အဆင့်ငါးရုပ်သေးသခင် အယောက်နှစ်ဆယ်က ခန်းဆောင်ထဲသို့ ရောက်လာသည်။
ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး လူတစ်ယောက်ကို ပြောသည်။
“မင်းက ဦးဆောင်ရမယ်”
ထိုရုပ်သေးသခင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး အသက်ရှူသွင်းသည်။ ထို့နောက် ဝိညာဉ်စွမ်းအားကို ရုပ်သေးရုပ်ထဲသို့ ထည့်သွင်းလိုက်သည်။ တခြားဆယ့်ကိုးယောက်ကလည်း ဝိညာဉ်စွမ်းအားကို အသုံးပြုသည်။
“ဘုန်း”
ရုပ်သေးရုပ်က ခန်းဆောင်ထဲမှ ပျံထွက်လာသည်။
“လူတစ်ယောက်တည်းက ထိန်းချုပ်တာလား”
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များအားလုံးက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ကြသည်။
ရုပ်သေးရုပ်များကို ပေါင်းစပ်ခြင်းသည် ထူးဆန်းသောအရာတစ်ခု မဟုတ်ပေ။
ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်တွင် အမျိုးမျိုးသော ရုပ်သေးရုပ်များကို ပေါင်းစပ်နိုင်သည်။
ထိုနည်းလမ်းများသည် အထင်ကြီးစရာကောင်းသည်။
ဟန်မူယဲ့၏ အဆင့်ငါးရုပ်သေးရုပ်များက ပေါင်းစပ်လိုက်ပြီး ရှားပါးသော သူတော်စင်အဆင့်သို့ ရောက်သွားသော်လည်း နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက ထိုအချက်ကို တန်ဖိုးမထားပေ။
အဆင့်ငါးရုပ်သေးရုပ်များက သူတော်စင်အဆင့်ခွန်အားကို ပိုင်ဆိုင်သွားသော်လည်း အားနည်းချက်ကြီးတစ်ခု ရှိနေသည်။
ထိုရုပ်သေးရုပ်ကို အဆင့်ငါးရုပ်သေးသခင်များက ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။
သူတော်စင်အဆင့် ရုပ်သေးသခင်ကို လိုအပ်သည်။
ထို့ကြောင့် သူတော်စင်အဆင့် ရုပ်သေးသခင်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်ကဲ့သို့ ထိရောက်မှုမရှိပေ။
ထိုအကြောင်းပြချက်ကြောင့် ပေါင်းစပ်ရုပ်သေးရုပ် အများစုသည် သာမန်သာ ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် ဟန်မူယဲ့၏ ပေါင်းစပ်ရုပ်သေးရုပ်ကို အဆင့်ငါးရုပ်သေးသခင် အယောက်နှစ်ဆယ်က ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အပြင် လူတိုင်းက ပူးပေါင်းထိန်းချုပ်နေခြင်း မဟုတ်ပေ။ လူတစ်ယောက်တည်းကသ အစစ်အမှန် ထိန်းချုပ်နေခြင်း ဖြစ်သည်။
ထိုရုပ်သေးရုပ်ကို လူအယောက်နှစ်ဆယ်က ပူးပေါင်းထိန်းချုပ်ရလျှင် ခက်ခဲမှု အလွန်မြင့်သည်။
ယခုအချိန်တွင် အဆင့်ငါးရုပ်သေးသခင် အယောက်နှစ်ဆယ်က သူတော်စင်အဆင့် စွမ်းအားနှင့် ရုပ်သေးရုပ်ကို လွယ်ကူစွာ ထိန်းချုပ်နေသောကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။
ကျင့်ကြံခြင်းလောကတွင် အဆင့်မြင့်လေ လူဦးရေနည်းလေ ဖြစ်သည်။
အဆင့်နှစ်ခုကြားတွင် အရေအတွက်ကွာခြားချက် အလွန်မြင့်မားသည်။
ဥပမာအနေဖြင့် ရေခဲလမြို့တွင် အဆင့်ငါးရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက အဆင့်ခြောက်ထက် ငါးဆ၊ ခြောက်ဆခန့် ပိုများသည်။
ထိုကွာခြားချက်က နည်းပါးသည်ဟု ပြောနိုင်သည်။ ရေခဲလမြို့သည် မြို့ကြီးတစ်မြို့၏ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသောကြောင့် ဤနေရာတွင်ရှိသော ကျင့်ကြံသူများက စွမ်းရည်မြင့်မားကြသည်။
တခြားမြို့ငယ်များတွင် အဆင့်နိမ့်ကျင့်ကြံသူ အရေအတွက်က အဆင့်မြင့်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုနေသည်။
“ဘုန်း”
လေဟာနယ်တွင် ရေခဲလမြို့၏ ကမ္ဘာဦးရုပ်သေးရုပ်က တခြားရုပ်သေးရုပ်များနှင့် တိုက်ခိုက်နေခဲ့သည်။
ရေခဲလမြို့၏ ကမ္ဘာဦးရုပ်သေးရုပ်က အလွန်အားကောင်းသောကြောင့် တစ်ဖက်ရန်သူများက ထိပ်တိုက် ရင်မဆိုင်နိုင်ဘဲ ဘေးမှ တိုက်ခိုက်နေကြသည်။
သို့သော် ရန်သူများက အရေအတွက်များသောကြောင့် ရေခဲလမြို့၏ ကမ္ဘာဦးရုပ်သေးရုပ်က အရေးနိမ့်နေသည်။
ထိုအချိန်တွင် သူတော်စင်အထွတ်အထိပ်အဆင့် ပေါင်းစပ်ရုပ်သေးရုပ်က ပျံထွက်လာပြီး ရန်သူများ၏ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ရုပ်သေးရုပ်များကို တိုက်ခိုက်လိုက်သည်။
“ဟူး ....”
မီးနဂါးတစ်ကောင်က ပေါင်းစပ်ရုပ်သေးရုပ်ဆီသို့ ပြေးဝင်လာသည်။
ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော အဆင့်ငါးရုပ်သေးသခင်များက အသာမကျသေးသောကြောင့် မီးနဂါးကို မြင်လိုက်ရသောအခါတွင် အလိုလျောက် ရှောင်တိမ်းမိသည်။
ပေါင်းစပ်ရုပ်သေးရုပ်က အလွန်လျင်မြန်ပြီး ပေတစ်ထောင်အကွာသို့ ချက်ချင်းရောက်သွားသည်။
“အရမ်းမြန်တာပဲ”
ခန်းဆောင်ထဲတွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက အံ့အားသင့်သွားသည်။
ထိုရုပ်သေးရုပ်၏ အမြန်နှုန်းက သာမန်ထက် ပိုမြင့်နေသည်။
နောက်ဆုတ်လိုက်သော ပေါင်းစပ်ရုပ်သေးရုပ်ကလည်း ငေးမောနေပုံရသည်။ ထို့နောက် လှံတစ်ချောင်းကို တောင့်တင်းစွာ ဆွဲထုတ်ပြီး ပြေးထွက်သွားသည်။
လှုပ်ရှားမှုက သွက်လက်မှုမရှိသေးသော်လည်း အလွန်လျင်မြန်သည်။
ထိုရုပ်သေးရုပ်က သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
“ငါနားလည်ပြီ”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်က ပြောသည်။
“ရုပ်သေးရုပ်ကို တစ်ယောက်တည်းက ထိန်းချုပ်ထားတာပဲ။ တခြားလူတွေက ဝိညာဉ်စွမ်းအားကိုပဲ ထောက်ပံ့ပေးနေတယ်”
“ပြီးတော့ ရုပ်သေးသခင်တွေရဲ့ တိုက်ပွဲအသိစိတ်က ပေါင်းစပ်သွားတယ်”
ထိုလူက နီရဲနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ဆရာဟန်၊ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
‘ဘယ်လိုလုပ်လိုက်တာလဲ’
‘အဲဒါက ပေါင်းစပ်ရုပ်သေးရုပ်ရဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်ဘူးလား’
လူတိုင်း၏ မျက်လုံးများက တောက်ပနေပြီး နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်များကြားတွင် ပြေးလွှားတိုက်ခိုက်နေသော ပေါင်းစပ်ရုပ်သေးရုပ်ကို ကြည့်လိုက်ကြသည်။
စစ်မြေပြင်တွင် သူတော်စင် အထွတ်အထိပ်အဆင့်နှင့် ကမ္ဘာဦးအဆင့် ပေါင်းစပ်ရုပ်သေးရုပ် နှစ်ရုပ် ရှိနေသည်။ ထိုရုပ်သေးရုပ်များကို ထိန်းချုပ်ရန် မခက်ပေ။ လူတစ်ယောက်ကသာ ဦးဆောင်ထားသည်။
ထိုရုပ်သေးရုပ်များသည် ကြယ်စင်စုစကြဝဠာ၏ တခြားပေါင်းစပ်ရုပ်သေးရုပ်များထက် ပိုမိုသွက်လက်ပြီး ထိန်းချုပ်ရန် လွယ်ကူသည်။
“ဆရာဟန်က ပန်းပဲပညာလမ်းစဉ်ကို တကယ်ပြောင်းလဲနိုင်တာပဲ ....”
ပန်းပဲပညာရှင်အစည်းအရုံး၏ အနီရောင်ဝတ်စုံနှင့် အကြီးအကဲက တိုက်ခိုက်နေသော ပေါင်းစပ်ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ပြောသည်။
တခြားလူများကလည်း မနေနိုင်ဘဲ ခေါင်းညိတ်ကြသည်။
အဆင့်နိမ့်ရုပ်သေးရုပ်များ၏ ပေါင်းစပ်မှုသည် အဆင့်မြင့်ရုပ်သေးရုပ်နှင့် ယှဉ်နိုင်ပြီး ကြယ်စင်စုစကြဝဠာ၏ နည်းလမ်းကို တိုက်ရိုက် ပြောင်းလဲခဲ့သည်။
အနာဂတ်တွင် အဆင့်နိမ့်ကျင့်ကြံသူများက နေရာတစ်ခု ရလာလိမ့်မည်။