သင်ပေးခြင်း
Vol. 009 Ch. 896
လျူယွန်ကား လျူကလန်၏ မိသားစုခွဲ တစ်ခုဖြစ်ကာ ကလန်၏ အနောက်မြောက် ဘက်တွင် နေထိုင်ပေသည်။ သူတို့၏နေရာက သူတို့မိသားစု အင်အားမည်မျှ ကြီးမားခြင်းကို ကိုယ်စားပြုပေသည်။ သို့သော်လည်း သူတို့က ပင်မကလန် မဟုတ်သည့်တိုင် ကိုယ်ပိုင်ခြံဝင်း ရှိပေသည်။ ရီဖူရှင်းက ထိုနေရာတွင် ရက်အနည်းငယ် နေထိုင်ကာ လျူယွန်ထံမှ သတင်းများအား စောင့်နေ၏။
လျူချိန်နှင့် လျူရန်တို့မှာ မကြာမကြာ ရီဖူရှင်းထံသို့ လာရောက်ကာ အားလပ်ချိန်များတွင် သင်ယူလေ့လာ ကြသည်။ ကလေး နှစ်ယောက်မှာ တက်ကြွ လန်းဆန်းနေပြီး သူ့အား အစ်ကိုရီဟုခေါ်ကာ မကြာမကြာ ချီးမြှောက်ကြသည်။ သူတို့နှစ်ယောက်မှာ ရီဖူရှင်းနှင့် မြန်မြန် ဆန်ဆန်ပင် ရင်းနှီး လာခဲ့ကြ၏။
သူ၏ လက်ရှိ တန်ခိုးအဆင့်ဖြင့် အကာနာအဆင့် တန်ခိုးရှင် နှစ်ယောက်ကို သင်ပေးခြင်းမှာ ပြဿနာ သိပ်မရှိပေ။
“ဆရာရီ... သတင်းကောင်း...” ထိုအခိုက်တွင် ရီဖူရှင်း၏အခန်းထဲကို လျူယွန် ဝင်လာသည်။ ရီဖူရှင်းက သူ့အား ကြည့်သည်တွင် လျူယွန်က ပြောသည်... “ကလန် ခေါင်းဆောင် ပြောတာက လျူကလန်ရဲ့ ထူးခြား ထက်မြက်တဲ့သူတွေ ခရီးကို လိုက်ပါ နိုင်တယ်တဲ့ ... ပင်လယ်နန်းတော်က တန်ခိုးရှင်တွေ ရောက်လာတဲ့အခါ ကျုပ်တို့က အပျက်အစီး နေရာသို့ လိုက်နိုင်တယ်...”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်... “ဒီလိုဆိုရင်လည်း ကျုပ်က အစ်ကိုလျူကို ဒုက္ခပေးရတော့မှာပဲ ...”
“ကောင်းပြီ ... ကျုပ်သမီး အကြီးဆုံးဆုံးက ကလန်ထဲမှာ နည်းနည်း ပြောခွင့်ရှိတယ်... သမီးကို မင်းဆီ လွှတ်ပြီး စကားပြောခိုင်း လိုက်မယ်...” လျူယွန်က ပြောသည်။
နောက်ပိုင်း ရက်များတွင် ရီဖူရှင်းက လျူယွန်၏ သားနှင့် သမီးများအား အလျှင်းသင့်သလို သင်ပေးသည်။ ထို့ကြောင့် လျူယွန်ကလည်း ရီဖူရှင်းကို စိတ်ရင်းဖြင့် ကူညီ ပေးလိုပေသည်။
“ကျေးဇူးတင်ပါတယ် ... အစ်ကိုလျူ ...” ရီဖူရှင်းက ခေါင်းညိတ်ကာ လျူယွန်အား ခေါင်းညိတ်ပြသည်။ တော်ဝင်မြေများမှ လူများနောက်ကို လိုက်ပါက သူ့အတွက် အချိန်ကုန် သက်သာပေသည်။ မည်သို့ဆိုစေ တော်ဝင်မြေများမှာ အပျက်အစီး နယ်မြေနှင့် ပတ်သက်၍ သူ့ထက် ပိုသိပေသည်။
“ဒါဆိုလည်း ဆရာရီကို မနှောင့်ယှက်တော့ပါဘူး...” လျူယွန်က သူ့အား ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူက ဘေးတွင် ရပ်နေသော လျူချိန်နှင့် လျူရန်တို့အား ကြည့်ကာ ပြောသည်... “အစ်ကိုရီဆီက ကောင်းကောင်းသင်...”
“ကျုပ်တို့ သိတယ်...” လျူရန်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် သူမ၏အဖေအား ပြောသည်။ လျူယွန်က သူမအား ဒေါသတကြီး ကြည့်ပြီးမှ ထွက်သွားသည်။
လျူယွန် ထွက်သွားပြီးမှ လျူရန်က ရီဖူရှင်းဘေးကို ရောက်လာကာ သူ၏ လက်မောင်းအား လာရောက် ချိတ်တွဲပြီး မေးသည်... “အစ်ကိုရီရဲ့ တန်ခိုးအဆင့်က ဘယ်အထိ ရောက်နေပြီလဲ...” သူမ၏ အဖေက ရီဖူရှင်းအား လေးစားစွာ ဆက်ဆံခြင်းအား မြင်တွေ့ရရာ ရီဖူရှင်းက သူမ၏ အဖေထက် အားကောင်း ရမည်ကို ခန့်မှန်းမိပေသည်။
“ယောက်ျားနဲ့ မိန်းမအကြားမှာ လက်ခံရမယ့် အကွာအဝေးတစ်ခု ရှိသင့်တယ် ... ဒါက သင့်တော်လို့လား...” ရီဖူရှင်းက ကလေးမလေးအား ကြည့်ကာ ပြောသည်။ အသက် ၁၈နှစ်အရွယ် မိန်းကလေး ဆိုသည်မှာကား အရွယ်ရောက်နေပြီ ဖြစ်သည်။
“ကျွန်မက ငယ်သေးတယ် ... ပြီးတော့ အစ်ကို ဖူရှင်းကလည်း လူစိမ်းမှ မဟုတ်တာ...” လျူရန်က ရီဖူရှင်း၏ လက်မောင်းကို တွယ်ဖက်ကာ ပြောသည်။ မိန်းကလေးငယ်များ အားလုံးမှာ ဤသို့သော သဘာဝရှိသလား ... ဟု ရီဖူရှင်း တွေးမိသည်။
ရီဖူရှင်းက သူမအား ဆွံ့အစွာ ကြည့်ကာ ပြောသည်... “သိပ်ပြီးတော့ အမြင့်မမှန်းနဲ့ဦး... နိုဘယ်အဆင့်ကို အရင် ရောက်အောင် လုပ်ဦး...”
လျူရန်က ဆက်ပြောသည်... “အစ်ကိုရီ... မမကို သတိထားနော်... မမက အရမ်းလှတယ်...”
“ဒီလိုဆို...” ရီဖူရှင်းက ဆွံ့အရသည်။ သူမ၏အစ်မကား လျူယွန်ပြောသော သမီးအကြီးဆုံး ဖြစ်ရပေမည်။
“အစ်ကိုရီကို စေတနာနဲ့ သတိပေးတာ... မမကို ကြိုက်သွားမှာ စိုးလို့...” လျူရန်က မှတ်ချက် ပေးသည်။
“စိတ်မပူနဲ့...” ရီဖူရှင်းက သူမအား ပြုံးလျက် ကြည့်သည်။ အသက် ၁၅နှစ်ကတည်းက မြေခွေးမ၏ ညှို့ယူဖမ်းစားခြင်းကို ခံယူခဲ့ရသော သူ့အတွက် ထိုမျှလောက်က ပြဿနာ မရှိပေ။
သို့သော်လည်း နောက်တစ်နေ့၌ လျူယွီကို တွေ့သောအခါ ရီဖူရှင်းမျာ အနည်းငယ် မှင်တက်ငေးမော မိသည်။ ရီဖူရှင်းကား အခန်းထဲ၌ လေ့ကျင့်နေစဉ် မိန်းကလေး တစ်ယောက် သူ့ထံသို့ လှမ်းလာသည်ကို မြင်၏။ သူမကား အနီရောင်ဝတ်စုံကို ဝတ်စားထားကာ တင်းရင်းသော ခန္ဓာကိုယ် အချိုးအစားများကား အဝတ်အစားနှင့် လိုက်လျောညီစွာ ရှိနေပြီး အလွန်တရာ ကြည့်ကောင်း လှပေ၏။
လျူယွီ၏ မျက်နှာ သွင်ပြင်မှာလည်း အလွန်အမင်း လှပ ချောမွေ့ပေ၏။ သူမက အလွန်အမင်း ဆွဲငင်အား ကောင်းသော်လည်း တစ်ဖက်လူကား ညှို့ငင်သော ခံစားချက်အား မပေးပေ။ ထိုအစား သူမကား ညင်သာ နူးညံ့သော အငွေ့အသက်များ ကိုသာ ပေးသည်။ သူမကား သေချာပေါက် အလှပဂေးအဖြစ် သတ်မှတ်နိုင်ပေ၏။ မှန်သည် ... ဂျီယူ၊ လိပ်ပြာလေးနှင့် မှန်နန်းတော် သခင်မတို့နှင့် ယှဉ်လျှင်ကား အလှမ်း ဝေးနေပေ သေးသည်။
လျူရန်က ရီဖူရှင်း၏ဘေးကို လျှောက်လာသည်။ လျူယွီ လျှောက်လာ သည်ကို မြင်လျှင် သူမက ပြုံးလျက် ရီဖူရှင်းအား ပြောသည်... “လှတယ်မလား...”
လျူယွီက လျူရန်၏ စကားကို ကြားသည်တွင် သူမအား ဒေါသတကြီး ပြောသည်... “သွားလေ့ကျင့်ချည်...”
“ကောင်းပြီ...” လျူရန်က အသာအယာ ခေါင်းညိတ်ကာ ထရပ်ပြီး ထွက်သွားသည်။ သူမက ထွက်မသွားမီ ရီဖူရှင်းကိုပင် မျက်လုံး မှိတ်ပြသွား၏။ ရီဖူရှင်းကား ဆွံ့အရသည်။ သည်မိန်းကလေးကား ညဏ်များလွန်း ပေသည်။
“ဆရာရီ ... ဒီကောင်မလေးက ဒီအတိုင်းပဲ ... လျူယွီက ရီဖူရှင်းအား ပြောသည်။
“ကျုပ်က သိပြီးပါပြီ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်... “ထိုင်ပါ...”
လျူယွီက ရီဖူရှင်း၏ တည်ငြိမ်သော ဟန်ပင်ကို ကြည့်သည်။ သူ၏ မျက်လုံးများတွင် မည်သည့် လှုပ်ရှားဟန်မှ မတွေ့ရပေ။ ကြည့်ရသည်မှာ သူကား စိတ်ပိုင်းဆိုင်ရာ ခိုင်မာ တည်ကြည်သော ရှီတန်ခိုးရှင် တစ်ယောက် ဖြစ်ရပေမည်။
“ဆရာရီက အပျက်အစီး နယ်မြေကို သွားလေ့ကျင့်ချင်တယ်လို့ အဖေက ပြောတယ်...” လျူယွီက ပြုံးလျက် ပြောသည်။
“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နောက်ရက် နည်းနည်းကြာရင် ပင်လယ်နန်းတော်က တန်ခိုးရှင်တွေ ဒီကို ရောက်လာ ကြလိမ့်မယ်... သူတို့နောက်ကို လိုက်ဖို့ အခွင့်အရေး ရှိတယ်... ဒါပေမဲ့ ဒီတစ်ခေါက် တော်ဝင်မြေသုံးခုက အတူတူ သွားကြမှာဆိုတော့ ရတနာ တစ်ခုခုကို ဆရာရီက ရယူချင်တယ်ဆိုရင် အခွင့်အရေး မရမှာ စိုးရတယ်...” လျူယွီက ပြောသည်။
“ကျုပ် နားလည်ပါပြီ...” ရီဖူရှင်း ခေါင်းညိတ်သည်။
“ဒီလိုဆိုရင်လည်း ကျွန်မက ဆရာရီရဲ့ နာမည်ကို လျူချိန်နဲ့ လျူရန်တို့ ဆရာအဖြစ် တင်သွင်း ပေးပါ့မယ် ... ကျွန်မဆီက သတင်းတွေကို စောင့်နေပေးပါ...” လျူယွီက ပြောသည်။ ရီဖူရှင်းက သူမတို့ ကလန်မှ မဟုတ်ရာ ဂုဏ်ထူး ဝိသေသတစ်ခု လိုအပ်ပေသည်။
“ကောင်းပြီ...” ရီဖူရှင်းက အသေးစိတ် အချက်အလက်များအား ဂရုမစိုက်ပေ။
“ဆရာရီရဲ့ တန်ခိုးအဆင့်က နိုဘယ်ထဲမှာလား... ဒီထက်မြင့်လား...” လျူယွီက မေးသည်။
“ပိုမြင့်တယ်...” ရီဖူရှင်းက ပြန်ပြောသည်။
“ကျွန်မ နားလည်ပါပြီ... ဒါဆိုလည်း ခွင့်ပြုပါဦး ... လျူယွီက ထရပ်ကာ ထွက်သွားသည်။ အကယ်၍ ရှီတန်ခိုးရှင် တစ်ယောက်က သူတို့နှင့်အတူ လိုက်ပါမည် ဆိုပါက မိသားစုကလည်း ခွင့်ပြုပေလိမ့်မည်။
သူမက အပြင်ကို ထွက်လိုက်သည်နှင့် လူတစ်ယောက် သူမထံကို လျှောက်လာကာ ခေါင်းငုံ့လျက် ခေါ်သည်... “အစ်မ...”
“ဘာဖြစ်လို့လဲ...” လျူယွီက လျူချိန်အား မေးသည်။
“ဘာမှ မဟုတ်ဘူး...” လျူချိန်က ပြောကာ သူမဘေးမှ ဖြတ်လျှောက် သွားရန် ကြိုးစားသည်။ သို့သော်လည်း သူ့အား လျူယွီက ဖမ်းဆွဲ ထားလိုက်၏။ လျူချိန်၏ ပါးစပ်ထောင့်မှ သွေးစများအားသူမ မြင်ပေသည်။ လျူချိန် ဒဏ်ရာ ရလာသည်။
လျူယွီက လျူချိန်အား စိုက်ကြည့်သည်။ သူမ၏ အကြည့်ထံမှ ဖိအားများကို ခံစားမိသည်တွင် လျူချိန်က ပြောသည်... “အပြင်မှာ လျူယွမ်နဲ့ တွေ့လာတယ်...”
“နင်သူ့ကို ရန်သွားစတာလား...” လျူယွီက မေးသည်။
“ကျွန်တော် မစဘူး...” လျူချိန်က ခေါင်းမော့ကာ ပြောသည်။ ထို့နောက် ရီဖူရှင်းဘက်ကို ကြည့်ကာ ပြောသည်... “လျူယွမ်ကပဲ ကျွန်တော့်ကို အရင် ရန်စတာ...”
“သူက ဘာပြောတာလဲ...” လျူယွီက မေးသည်။
လျူချိန်က သုန်မှုန်နေကာ ဘာမှ ပြန်မပြောပေ။ ရီဖူရှင်းက လျူချိန်၏ အကြည့်ကို ခံစားမိကာ မေးသည်... “အဲဒါ ငါနဲ့ ဆိုင်နေလား...”
“ဒါက အစ်ကိုရီနဲ့ မသက်ဆိုင်ပါဘူး...” လျူချိန်က ခေါင်းယမ်းကာ ပြောသည်။
“လျူယွမ်ကလည်း မိသားစုဝင် တစ်ယောက်ပဲ... ဒါပေမဲ့ သူ့မိသားစု အနွယ်တွေက ကျွန်မတို့ မိသားစု အနွယ်တွေနဲ့ သိပ်မတည့်ဘူး...” ဘေးမှ လျူရန်က တီးတိုး ပြောသည်။
ရီဖူရှင်းက ပြုံးလိုက်သည်။ လက်ရှိ သူ၏ စိတ် အနေအထားဖြင့် သည်ကဲ့သို့ အရေးကိစ္စများမှာ ကလေး ကစားစရာများသာ ဖြစ်သည်။
“သူက ဘာတန်ခိုး အဆင့်မှာလဲ...” ရီဖူရှင်းက လျူချိန်ကို မေးသည်။
“သူက ကျွန်တော်နဲ့ အဆင့်တူပဲ ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဆရာ တစ်ယောက်ကို ရှာတွေ့ခဲ့ပြီးတော့ သူက တော်တော် တိုးတက်လာခဲ့တယ် ... သူ့တိုက်ခိုက်ရေး စွမ်းအားက အရင်ကထက် အားကောင်း လာခဲ့တယ်...” လျူချိန်က ပြန်ပြောသည်။
“အကာနာအဆင့် တန်ခိုးရှင် တစ်ယောက် အတွက် အရေးအကြီးဆုံးက ကောင်းကင်နဲ့ ဆက်နွယ် နိုင်စွမ်းပဲ ... မင်းရဲ့ နားလည်နိုင်စွမ်းက အားကောင်းရင် မင်းက လောကကြီးရဲ့ သဘောတရားကို နားလည်ပြီးတော့ တိုက်ခိုက်ရေး စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးချနိုင်တယ်... ဒီနည်းနဲ့ မင်းက ဘာနည်းလမ်းကိုမှ အားပြုနေစရာ မလိုတော့ဘူး...” ရီဖူရှင်းက ပြောသည်... “ဒါပေမဲ့ မင်းက သင်ချင်တယ် ဆိုရင်တော့ တစ်ကွက် သင်ပေးမယ်... ဒါကို မင်းက အထပ်ထပ် လေ့ကျင့်ပြီးတော့ ကျွမ်းကျင်သွားရင် သူ့ကို အနိုင်ရလိမ့်မယ်...” ရီဖူရှင်း၏လက်ရှိ တန်ခိုးအဆင့်ဖြင့် အကာနာ အဆင့်ကို သင်ပေးရန် မခက်ပေ။
“တကယ်ကား...” လျူချိန်က မှင်တက် သွားကာ မေးသည်။
“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
“ကျွန်မ သွားလိုက်ဦးမယ်...” လျူယွီက ရီဖူရှင်းကို ပြောကာ ထွက်သွားသည်။
“အစ်ကိုရီ... ကျွန်တော့ကို အခု သင်ပေးလို့ ရလား...” လျူချိန်က စိုးရိမ်သော အမူအရာဖြင့် ပြောသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ထရပ်လိုက်သည်နှင့် ချက်ချင်းပင် သဘာဝ စွမ်းအင်များက လှံရှည်တစ်ချောင်း အဖြစ် ဖြစ်ပေါ် လာသည်။ လျူချိန်က လှံပညာကို လေ့ကျင့်ပေသည်။
“ငါက မင်း အထူးပြုတဲ့ပညာကို အခြေခံပြီး လှုပ်ရှားပြမယ်... သေသေချာချာ ကြည့်...” ရီဖူရှင်းက ပြောသည်။ သူက ရှေ့ကို တက်ကာ လျူချိန်ရှိရာသို့ လှံရှည်ဖြင့် ထိုးသွင်း လိုက်သည်။ သူက မည်သည့် လောကဓာတ်ကိုမှ မသုံးသော်လည်း လှံချက်က အချိန်နှင့် အာကာသဓာတ်၏ အငွေ့အသက်များ ကပ်ငြိနေ၏။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု လှံရှည်ထံမှ ထွက်ပေါ် လာ၏။
ထိုအခိုက်တွင် လျူချိန်မှာ လှုပ်ရှားနိုင်စွမ်း မဲ့သွားဟန် ရသည်။ လှံရှည်က သူ့ထံကို ရောက်မလာ သေးသော်လည်း ကြီးမားသော စွမ်းအား တစ်ခုက သူ့အား ရစ်ပတ်ထားပြီး ဖြစ်သည်ဟု ခံစားရသည်။
လှံရှည်က သူ၏ရှေ့တွင် ရပ်သွားကာ ဆက်လက် တိုးဝင်လာခြင်း မရှိသည့်တိုင် လျူချိန်ကား ကျောက်ရုပ်အလား တောင့်တင်းစွာ ရပ်နေမိသည်။
“မင်း သေသေချာချာ မြင်လိုက်လား...” ရီဖူရှင်းက မေးသည်။
“ဟုတ်ကဲ့...” လျူချိန်က စိတ်လှုပ်ရှားစွာဖြင့် မေးသည်... “အစ်ကိုရီ... ဒါက ဘာအကွက်လဲ...”
“ဒါက ရိုးရိုး လှံချက် တစ်ခုပါပဲ ... နာမည်မရှိဘူး ... မင်းက ဒီလှံချက်အတိုင်း တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေး ... ဒီလှံ တစ်ချက်တည်းက မင်းနဲ့အဆင့်တူ ဘယ်သူ့ကိုမဆို အနိုင်ယူ နိုင်လိမ့်မယ်...” ရီဖူရှင်းက ပြောသည်။
အကာနာအဆင့် တန်ခိုးရှင် တစ်ယောက် အနေဖြင့် သူကား ထိုအချက်ကို ကောင်းကောင်း နားလည်ပေသည်။ သူ၏ အသက်ရှူနှုန်းက ပိုမို မြန်ဆန်လာခဲ့၏။ အစ်ကိုရီကား အလွန် အားကောင်း ပေသည်။
“သွား လေ့ကျင့်တော့...” ရီဖူရှင်း ပြောသည်။
“ဟုတ်ကဲ့...” လျူချိန်က ခေါင်းညိတ်သည်။ ထို့နောက် သူက ခြံဝင်းထဲကို ပြေးထွက် သွားကာ အပြင်းအထန် လေ့ကျင့်သည်။
“အစ်ကိုရီက ဒီလို မျက်နှာလိုက်လို့ ရလား...” သူ့ဘေးမှ လျူရန်က သူ၏အင်္ကျီစကို ဆုပ်ကိုင်ကာ ပြောသည်။
“ကောင်းပြီ ... ကောင်းပြီ...” ရီဖူရှင်းက ဆွံ့အသွားကာ ခေါင်းညိတ်သည်။ ထို့နောက် ရီဖူရှင်းက သူမအား တိုက်ခိုက်ရေး နည်းစနစ် အချို့အား သင်ကြားပေးကာ သူမကိုယ်တိုင် သွားရောက် လေ့ကျင့်စေ၏။
ရီဖူရှင်းက တိတ်ဆိတ်စွာ လေ့ကျင့်ကာ သူတို့ နှစ်ယောက် လေ့ကျင့်သည်ကို ကြည့်သည်။ ကော့တေးတွင် သူတို့ အသက်အရွယ်၌ သူ မည်သို့ လေ့ကျင့်ခဲ့သည် များအား ပြန်လည် သတိရလာသည်။ ထိုအချိန် အခိုက်အတန့်ကား သူ၏ဘဝတွင် ပျော်စရာ အကောင်းဆုံး အချိန်အခါများ ဖြစ်ကြပေသည်။
ရီဖူရှင်းက ကမ်းပါးမြို့တွင် နေထိုင်ခြင်းမှာ မည်သည့် လှုပ်ခတ်မှုမှ မရှိခဲ့ဘဲ မျက်လုံး တစ်မှိတ် အတွင်းတွင် တစ်လဟူသော အချိန်ကာလမှာ ကုန်ဆုံး သွားသည်။ ယနေ့တွင် ပင်လယ်နန်းတော်မှ တန်ခိုးရှင်များမှာ လျူကလန်သို့ ရောက်ရှိ လာခဲ့ကြသည်။ လျူယွီက ရီဖူရှင်းအား လျူကလန်သို့ လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့၏။
***