← Chapters

ကိုယ်တိုင် ခံစားကြည့်မလား

Vol. 009 Ch. 897

ကိုယ်တိုင် ခံစားကြည့်မလား

Vol. 009 Ch. 897

လျူကလန်၏အတွင်းပိုင်း၌ မြင့်မားသော မျှော်စင်ကြီးတစ်ခု ရှိပေသည်။ မျှော်စင်ရှေ့၌ကား ကွင်းပြင်ကြီးတစ်ခု ရှိ၏။ ထိုနေရာကား လျူကလန်မှ ဆွေးနွေးပွဲ ပြုလုပ်လေ့ရှိသော နေရာ ဖြစ်သည်။

ယခု ထိုနေရာသို့ လူအများအပြား ရောက်ရှိ လာနေကြ၏။ ကမ်းပါးမြို့၏ နံပါတ်၁ ကလန်ဖြစ်သော လျူကလန်တွင် တန်ခိုးရှင်များစွာ ပိုင်ဆိုင်ပေသည်။ အင်အားကြီး လာသည်နှင့်အမျှ မိသားစုခွဲမှ လူများမှာ တခြား မိသားစုခွဲမှ လူများကိုပင် သိပ်မသိကြတော့ပေ။ ထို့ကြောင့် မိသားစုခွဲများ၏ အဆင့်အတန်း ကိုလည်း အင်အားဖြင့်သာ ဆုံးဖြတ် ကြပေသည်။

ရီဖူရှင်းတို့လည်း ရောက်ရှိ လာခဲ့ကြသည်။ သူက လျူယွန်တို့ မိသားစုနှင့်အတူ ရပ်နေသည်။

“ကျွန်မက ပင်မမိသားစုကို အကြောင်း ကြားပြီးပြီ... ရှင်က မိသားစုဝင် မဟုတ်လို့ အကြီးအကဲ တစ်ယောက်နဲ့ တွေ့ပေးဖို့ စီစဉ်ထားတယ် ... သူက ရှင့်ကို စမ်းသပ်လိမ့်မယ်...” ရီဖူရှင်းဘေးမှ လျူယွီက ပြောသည်။

“ကောင်းပြီ ... ကျေးဇူးပဲ...” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ရပါတယ် ... ကျွန်မလည်း ဒီတစ်ခေါက် လိုက်သွား ကြည့်ချင်တယ် ... ဒါကြောင့် ကျွန်မတို့ အတူတူ သွားလို့ရတယ်...” လျူယွီက ပြောသည်။

“လျူယွီ... မင်းက ငါ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မပြောဖူးဘူး...” လျူယွန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားကာ ဒေါသတကြီး ပြောသည်။

“အဖေ ... သမီးရဲ့ တန်ခိုးအဆင့်က အဖေ့ထက် မနိမ့်တော့ဘူး ... သမီးက လောကကြီး အတွေ့အကြုံ ရှာချင်တယ် ... ပြီးတော့ တော်ဝင်မြေက လူတွေလည်း အတူတူ လိုက်ပါ ကြလိမ့်မယ်... အစ်ကိုရီလည်း အတူတူပါတာပဲ...” လျူယွီက သူမ၏အဖေကို ကြည့်ကာ ပြောသည်။ ကြည့်ရသည်မှာ သူမက ဆုံးဖြတ်ချက် ချပြီးဟန်ရသည်။

အဆုံးမဲ့ပင်လယ်မှ အခြေအနေကို ရီဖူရှင်း သိသည်။ ပင်လယ်သားရဲများ အများအပြား ရှိခြင်းကြောင့် ရှီအဆင့်အောက်မှ တန်ခိုးရှင်များမှာ ပင်လယ်ဘက်ကို ခရီးထွက်ရဲခြင်း မရှိကြပေ။ ရီဖူရှင်း ကိုယ်တိုင်ပင် အဆုံးမဲ့ပင်လယ်၌ များစွာသော သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

လျူယွီ၏ပါရမီကား အလွန် မြင့်မားပေသည်။ သူမက အသက် ငယ်သေးသော်လည်း အဆင့်မြင့် နိုဘယ် ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူမက ကမ်းပါးမြို့ အပြင်ဘက်သို့ တစ်ခါမှ ထွက်ဖူးဟန် မရှိပေ။ သူမက လောကကြီး အပြင်ဘက်သို့ သွားကြည့် လိုသည်မှာ မထူးဆန်းပေ။

“ဒါပေမဲ့ ဒါက အကြွင်းအကျန် နယ်မြေကို သွားလေ့လာတာလေ...” လျူယွန်က သူမအား စိုက်ကြည့်ကာ ပြောသည်။ ထိုနေရာတွင် ဘာတွေ့မည်ကို မည်သူမှ မသိနိုင်ပေ။

“ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး ... မိသားစုက တန်ခိုးရှင်တွေလည်း အများကြီး ပါလာကြလိမ့်မယ်...” လျူယွီက ခေါင်းမာစွာ ပြောသည်။

“မဖြစ်ဘူး...” လျူယွန်က သူမအား ကြည့်ကာ ခေါင်းယမ်းသည်။

“သမီးက လိုက်မယ်ဆိုတဲ့ အကြောင်းကို မိသားစု အကြီးအကဲတွေကို ပြောပြီးပြီ ... သူတို့လည်း လက်ခံတယ်...” လျူယွီက ပြန်ပြောသည်။ လျူယွန်၏ အမူအရာက ချက်ချင်း နက်မှောင်သွားသည်။

“ငါတို့ လျှောက်ကြည့် ရအောင်...” လျူချိန်နှင့် လျူရန်က သူတို့၏ အဖေနဲ့အစ်မတို့ အချက်အတင် ဖြစ်နေသည်ကို မြင်လျှင် ခိုးထွက် သွားကြတော့သည်။

ရီဖူရှင်းမူကား သူတို့၏ မိသားစုအရေး၌ ဝင်ရောက် စွက်ဖက်လိုခြင်း မရှိရာ မည်သို့မှ မှတ်ချက် မချပေ။

ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများက တစ်နေရာသို့ ရောက်သွား ကြသည်။ လူတစ်စု မျှော်စင် အပြင်ဘက်၌ ထွက်ပေါ် လာကြသည်။ ရီဖူရှင်းကလည်း လှမ်းကြည့်သည်တွင် ထည်ဝါ ခန့်ညားသော အကြီးအကဲ တစ်ယောက်အား မြင်သည်။ သူကား လျူကလန် ခေါင်းဆောင် ဖြစ်ဟန်ရ၏။

အများစုသော လူများ၏ အကြည့်များမှာ အကြီးအကဲ၏ ဘေးမှ လူငယ် နှစ်ယောက်ထံတွင် ရောက်နေကြသည်။ သူတို့ကား လျူကလန်၏ လူငယ် မျိုးဆက်ထဲတွင် အတော်ဆုံးများ ဖြစ်ကြသည်။ တစ်ယောက်ကား လျူရှီဖြစ်ကာ နောက်တစ်ယောက်မှာ လျူစီရွှမ် အမည်ရသော မိန်းကလေး တစ်ယောက်ဖြစ်၏။ သူမကား အသက်၂၀ ခန့်ရှိကာ သူမ၏ ရုပ်ရည်မှာလည်း အပြစ်ကင်း လှပေသည်။ သူမက ထိုနေရာတွင် ရပ်နေခြင်းကပင် တော်ဝင် မြင့်မြတ်သော ကိုယ်ရောင် ကိုယ်ဝါအား ပေးသည်။ သူမကား နှစ်တစ်ရာ အတွင်း၌ လျူကလန်၏ပါရမီ အမြင့်ဆုံးသောသူ ဖြစ်ပေသည်။

သူမ၏ ကျင့်ကြံခြင်း ပါရမီနှင့် ရုပ်ရည်တို့မှာ လျူကလန်တွက် နန်းထိုက်တော်ဝင် ပေသည်။ သူမနှင့်ယှဉ်ပါက လျူကလန်မှ လူများ အားလုံးမှာ မှေးမှိန်ရပေ၏။ လျူယွီပင် သူမ၏ရုပ်ရည်နှင့် မယှဉ်နိုင်ပေ။

လျူယွီက သူမအား ကြည့်ကာ တွေးမိသည်။ လျူစီရွှမ်ကဲ့သို့သော မိန်းကလေးမျိုးမှာ ပင်လယ် နန်းတော်တို့ဖြင့်သာ ထိုက်တန် ပေလိမ့်မည်။

တစ်ခါတစ်ရံ လျူယွီကား လျူစီရွှမ်အပေါ်တွင် မနာလို ဖြစ်မိပေသည်။ သူမကား ပင်မမိသားစုတွင် မွေးဖွားကာ အကောင်းဆုံးသော အထောက်အပံ့များကို ရရှိခဲ့သည်။ သူမ ငယ်စဉ်ကတည်းက မိသားစု ခေါင်းဆောင်က သူမအား ပြင်ပ လောကကြီးကို ခေါ်သွားကာ ခရီးများ ထွက်ခဲ့သည်။ လျူယွီမူကား မိသားစုခွဲ တစ်ခုတွင်သာ မွေးဖွားခဲ့ပြီး သူမ၏ အဖေမှာလည်း နိုဘယ်အဆင့်မျှသာ ရှိပေသည်။ ထို့ကြောင့် သူမကား ကမ်းပါးမြို့ အပြင်ဘက်သို့ မထွက်ဖူးပေ။

“သူမလိုလူက မွေးကတည်းက ကံကောင်းခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ လာတာ ဖြစ်ရမယ်...” လျူယွီက တီးတိုး ပြောသည်။ ရီဖူရှင်းကလည်း လျူစီရွှမ်အား ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းကလည်း စိတ်ဝင်စားနေခြင်း ဖြစ်ရမည်ဟု တွေးမိသည်။

“သူမက မဆိုးပါဘူး...” လျူယွီက သူ့အား ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက်ပြောသည်။

လျူစီရွှမ်ကား အမှန်ပင် ထူးခြား ထက်မြက်ပေသည်။

“သူမက ထူးခြား ထက်မြက်ပေမဲ့ တခြား ထူးဆန်းတဲ့ အတွေးတွေ မထားနဲ့ … သူမလို ပါရမီရှင်က မွေးကတည်းက နတ်ဘုရားတွေ ချီးမြှောက်ထားတာ … သူမနဲ့လိုက်ဖက်တဲ့ လူတွေက တော်ဝင်မြေက ထိပ်သီး ပါရမီရှင်တွေပဲ ဖြစ်လိမ့်မယ်...” လျူယီက နောက်ပြောင်ကော ပြောသည်။

“ကျုပ်က သူမနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိဘူး...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“တကယ်လား...” လျူယွီက သိသည်ဟူသော အပြုံးဖြင့် ရီဖူရှင်းကို ကြည့်သည်။ သိသာစွာပင် သူမက ရီဖူရှင်းကို မယုံကြည်ပေ။ လျူစီရွှမ်ကဲ့သို့သော မိန်းကလေးကို မည်သည့် ယောက်ျားက စိတ်မဝင်စားဘဲ နေမည်နည်း။

“ကျုပ်က အရမ်းဝေးတဲ့ဒေသက ကမ်းပါးမြို့ကို လာခဲ့တာ ... လောက အပြင်ဘက်မှာ သူမထက် ထူးခြား ထက်မြက်ပြီးတော့ လှတဲ့ မိန်းကလေးတွေ အများကြီး မြင်ဖူးတယ်...” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။ သူက ထိုမိန်းကလေးများနှင့် တွေ့ရုံမျှသာ မဟုတ်ဘဲ ပတ်သက်မှုလည်း ရှိသည်ကိုတော့ ရီဖူရှင်းက ထုတ်ဖော် ပြောကြားခြင်း မပြုတော့ပေ။

လူတစ်ယောက်၏ အသိအမြင်မှာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကြောင့် အကန့်အသတ် ဖြစ်ရတတ်သည်ကို ရီဖူရှင်း ကောင်းကောင်း နားလည်ပေသည်။ လျူယွီအတွက်မူ လျူစီရွှမ်ကား သူမ မြင်ဖူးသမျှထဲ အပြည့်စုံဆုံး ဖြစ်သည်။ သူမအနီးတွင် မည်သူမှ ယှဉ်နိုင်စွမ်းငှာ မတတ်နိုင်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေပေသည်။

လျူစီရွှမ်မှာလည်း ထို့အတူဖြစ်သည်။ သူမကား ကမ်းပါးမြို့တွင် အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်ကာ ထိုနေရာတွင် ရပ်နေရင်းကပင် သူမ၏ အမူအရာထံမှ အလွန်မြင့်မားသော မာနတရားကို ခံစားရနိုင်ပေသည်။ ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း သူမနှင့် ပတ်သက်ရန် စိတ်မဝင်စားပေ။ သူ့အနီးတွင် သူမကဲ့သို့သော မိန်းကလေးများ မရှားပေ။

“ဒီလိုဆိုရင်လည်း...” လျူယွီက ပြုံးလျက် ပြန်ပြောသည်။ သိသာစွာပင် သူမကလည်း ရီဖူရှင်း၏ စကားကို မယုံကြည်ပေ။

“ပြင်ပလောကက အကြောင်းကိစ္စတွေ ကိုလည်း ကျွန်မ ကြားဖူးတယ်... ကောလာဟလတွေ အရတော့ ပြည်နယ်ကိုးခုက တော်ဝင်မြေထဲမှာ နွေဦးပြည်နယ်က အကောင်းဆုံးတဲ့... တော်ဝင်မြေတိုင်းမှာ ပင်လယ် နန်းတော်ကို ယှဉ်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြလိမ့်မယ် ... ပြင်ပလောကက အရမ်း စိတ်ဝင်စားဖို့ ကောင်းမှာပဲ...” လျူယွီက ရေရွတ်သည်။

“ဒီလိုပဲ ဖြစ်မှာပဲ...” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

“ပြည်နယ်ကိုးခုရဲ့ လူငယ် မျိုးဆက်ထဲမှာ အတော်ဆုံးက ရီဖူရှင်းလို့ ကြားတယ် ... သူက နိုဘယ်အဆင့်နဲ့ မြေရိုင်းပြည်နယ် တော်ဝင် ကျဲနန်းတော်ရဲ့ ခေါင်းဆောင် နေရာကို ရခဲ့တယ် ... ပြီးတော့ တော်ဝင်ကျဲ နန်းတော်ကို အောင်မြင်အောင် စွမ်းဆောင်ခဲ့တယ် ... သူက တော်ဝင်စစ်ပွဲကို ဦးဆောင်ပြီးတော့ သူ့မျိုးဆက်မှာ ပြိုင်ဘက် ကင်းတယ်...” လျူယွီက စိတ်အား ထက်သန်စွာ ပြောသည်။ ထိုအကြောင်း ပြချက်များကြောင့်ပင် သူမက ပြင်ပလောကကို ပိုမို သွားလိုခြင်း ဖြစ်သည်။

လျူယွီ၏စကားကို ကြားလျင် ရီဖူရှင်းက ထူးဆန်းသော အမူအရာဖြင့် ပြောသည်... “သူက ငါနဲ့ တူတာလည်း ဖြစ်နိုင်တာပဲ...”

လျူယွီက ရီဖူရှင်းအား နှစ်ခါမျှ ကြည့်သည်။ ထို့နောက်  သူမက တစ်ခစ်ခစ် ရယ်မောတော့သည်။

“အစ်ကိုရီက သူနဲ့ မျိုးရိုးနာမည် တူပြီးတော့ ချောမောတယ် ဆိုပေမဲ့ ပြိုင်ဘက်ကင်းတယ် ဆိုတဲ့ စကားနဲ့တော့ အစ်ကိုရီက အလှမ်း ဝေးပါသေးတယ်...” လျူယွီက ရယ်မောလျက် ပြောသည်။ ရီဖူရှင်း၏စကားကို သူမက ဟာသတစ်ခု ဟုသာ ယူဆပေသည်။

“ကျုပ် အနီးမှာ ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါ မရှိတာလည်း ဖြစ်နိုင်တာပဲ...” ရီဖူရှင်းက ပခုံးတွန့်ကာ ပြုံးလျက် ပြောသည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် အဝေးမှ ငြင်းခုံသံများ ထွက်ပေါ်လာသည်။

“ဒါက လျူချိန်အသံပဲ...” လျူယွီက ပြောသည်။ သူမက နောက်လှည့်ကာ အဝေးကို လှမ်းကြည့်သည်။ လျူချိန်နှင့် လျူရန်တို့က တစ်စုံတစ်ယောက်နှင့် အချက်အတင် စကားများနေဟန် ရ၏။ သူတို့ရှေ့မှ လူကား လျူချိန်နှင့် မကြာခဏ ရန်ဖြစ်သော လျူယွမ် ဖြစ်သည်။

လျူယွန်ကား လျူချိန်ထက် အနည်းငယ် မြင့်မားကာ သူ၏ မျက်လုံးများက အေးစက် နေသည်။ သူက သရော် လှောင်ပြောင်ဟန်ဖြင့် ပြောသည်... “ပြီးခဲ့တဲ့ တစ်လက မင်း ကြွားဝါနေတာ မဟုတ်ဘူးလား ... မင်းက အားကောင်းတဲ့ ဆရာ တစ်ယောက်ကို တွေ့တယ်ဆို ... ရေနဂါးကို စီးပြီးတော့ ကောင်းကင်က ဆင်းလာတယ်ဆို ... ဟ ... ဟ ... ဟ ... အရူးတွေပဲ မင်းတို့ကို သင်ပေးလိမ့်မယ်...”

“လျူယွန် ... မင်းက ဘယ်သူ့ကို အရူးလို့ ပြောနေတာလဲ...” လျူချိန်၏ မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။

“မင်း အခုတွေးနေတဲ့သူပဲ ဖြစ်မှာပေါ့...” လျူယွမ်က လျူချိန်အား ကြည့်ကာ ပြောသည်... “မင်းတို့ပြောတဲ့ အစ်ကိုရီက ကျုပ်ဆရာရဲ့ ဖိနပ်ကို သယ်ဖို့တောင် မတန်ဘူး...”

အနီးမှ လူများက သူတို့၏ အငြင်းအခုံ စကားများကို ကြားသော်လည်း တားဆီးခြင်း မပြုကြပေ။ မိသားစုအတွင်း လူငယ်များ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းကို သူတို့ တားဆီးခြင်း မပြုပေ။

“နင်က အစ်ကိုရီကို စော်ကားလို့ မရဘူး...” လျူရန်က တင်းမာစွာ ပြောသည်။ ဘေးတွင်ကား လျူချိန်က သူ၏သက်စောင့်ဝိညာဉ် လှံရှည်ကိုပင် ထုတ်လွှတ်ပြီး ဖြစ်သည်။

“ထပ်ချမလို့လား...” လျူယွမ်က လှောင်ပြောင်သော လေသံဖြင့် ပြောသည်။ သူကလည်း သက်စောင့်ဝိညာဉ် ရေနဂါးကို ထုတ်လွှတ် လိုက်သည်။ ထို့ကြောင့်ပင် လျူချိန်က သူ၏ ဆရာမှာ ရေနဂါးကို စီးနင်း လာသည်ဟု ပြောခြင်းအား ဒေါသလွန်စွာ ထွက်ခြင်း ဖြစ်သည်။

လျူချိန်က ရှေ့ကို တက်လာသည်။ ထိုမြင်ကွင်းကို ကြည့်ကာ လျူယွမ်၏ မျက်နှာ၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ လျူချိန်အား အသုံးချကာ သူ၏ စွမ်းရည်များအား ထုတ်ပြမည်ကို သူဝန်မလေးပေ။ ယနေ့တွင် မိသားစု အကြီးအကဲများ ရောက်နေကြသည်။ သို့သော်လည်း လျူချိန်က လှံဖြင့် ထိုးနှက် လာသောအခါ ရုတ်တရက် အန္တရာယ်၏ အငွေ့အသက်များအား ခံစားလိုက်ရသည်။ လှံရှည်က သူ့ထံကို ရောက်မလာမီကပင် ထူးဆန်းသော အားလှိုင်းတစ်ခုက သူ့အား လာရောက်ရစ်ပတ်ပြီး လှုပ်ရှားနိုင်စွမ်း မဲ့သွား၏။

ရေနဂါးက ပြင်းထန်စွာ မြည်သံပေးကာ ရှေ့ကို ခုန်အုပ် လာသည်။ ချက်ချင်းပင် ရေနဂါးက မာန်ဟုန်ပြင်းသော အားလှိုင်းများဖြင့် ရင်ဆိုင်တိုးမိ၏။ ထိုအခိုက်တွင် ငွေလှံရှည် တစ်စင်းပေါ်လာကာ အရာအားလုံးကို ထွင်းဖောက် သွားသည်။ လှံရှည်က ရေနဂါးအား ထွင်းဖောက်ကာ လျူယွမ်ထံသို့ ပျံသန်းလာသည်။

လျူချိန်၏ လှံရှည်က လျူယွန်ထံသို့ ရောက်ရှိ လာခါနီးတွင်ပင် ရုတ်တရက် ထူးဆန်းသော စွမ်းအားတစ်ခုက လျူချိန်ထံကို လာရောက် ရစ်ပတ်ကာ သူ့အား လှုပ်ရှား၍ မရဖြစ်စေသည်။ ခေါင်းမော့ကာ ကြည့်သည်တွင် လူကြီးတစ်ယောက်က ဖြည်းဖြည်း မှန်မှန်ဖြင့် လျှောက်လာသည်ကို မြင်ရ၏။

“တော်ပြီ...” လူကြီးက တီးတိုး ပြောသည်။ သူ၏အသံ ထွက်လာသည်တွင် ရေနဂါးက ငွေလှံရှည်ကို ဖြတ်ကျော်သွားကာ လျူချိန်အား သွားရောက် ထိရိုက်ပြီး သူ့အား လွင့်စဉ်သွားစေသည်။ လျူချိန်၏ပါးစပ်မှ သွေးများ စီးကျလာ၏။

လျူယွမ်က ဆက်လက် တိုက်ခိုက်လိုသော်လည်း လူကြီးက ပြောသည်... “တော်ပြီ...”

ထိုအခါမှ လျူယွမ်က လူကြီးအား ဦးညွှတ်ကာ ပြောသည်... “ဆရာ...”

လူကြီးက လျူယွမ်အား တစ်ချက် ကြည့်ပြီးမှ လျူချိန်ကို မေးသည်... “မင်းက ဒီပွဲကို နိုင်တယ်... ဒါပေမဲ့ မင်းရဲ့ လှံရှည်ပညာက ရက်စက်လွန်းတယ်... ဒါပေမဲ့ မင်းသိရမှာက တန်ခိုးရှင် တစ်ယောက်က ဒီလို ပညာကို မလိုက်စားသင့်ဘူး ဆိုတာပဲ ... ထူးဆန်းတဲ့ ပညာရပ်တွေက တိုက်ခိုက်ရာမှာ အသုံးဝင်တယ် ဆိုပေမဲ့ တန်ခိုးရှင်တွေ အတွက်က လှည့်စားတဲ့ ပညာထက် တကယ့် အင်အားကမှ အသုံးဝင်တယ်...” လူကြီးက လူငယ်မျိုးဆက် တစ်ယောက်ကို သင်ကြား ပေးသည့်အလား တည်ငြိမ်စွာ ပြောသည်။

“ဒါဆိုရင်လည်း ခင်ဗျားက ကိုယ်တိုင် စမ်းကြည့်ချင်လား...” လျူချိန်၏နောက်မှ အေးစက်သော အသံတစ်သံကို ကြားကြရသည်။

***

All Chapters