မောက်မာဝင့်ကြွားသူတစ်ယောက်လို
Vol. 101 Ch. 1393
ထန်ရှုဖော်ပြခဲ့သည့်ရည်ရွယ်ချက်များက နေ့လို ရှင်းလင်းသည်။ ဤနေရာတွင် နှစ်ပေါင်းနှစ်သောင်းကျော် နေခဲ့သော မျက်နှာမည်းတစ္ဆေဧကရာဇ်အတွက် အိမ်နှင့်တူသော ဤပိုင်နက်အား လွှမ်းမိုးရန် သူ့တွင် အစီအစဉ်မရှိပေ၊ လိုအပ်သောပစ္စည်းများကို ရသည်နှင့် သူက ဤနေရာမှ ချက်ချင်း ထွက်သွားပေလိမ့်မည်။
မျက်နှာမည်းတစ္ဆေဧကရာဇ်က သူ့အား နက်နဲသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် “လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း အင်မော်တယ်ကမ္ဘာရဲ့အကျော်ကြားဆုံးလူတစ်ယောက်အနေနဲ့ မင်းက ငါ့ရဲ့အာရုံစိုက်မှုကို ရဖို့ ထိုက်တန်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ မင်းမှာ အရေးတကြီးလုပ်စရာတွေရှိမယ်လို့ ယုံကြည်တဲ့အတွက် စားသောက်ပျော်ပါးဖို့ ငါ မဖိတ်ခေါ်တော့ပါဘူး။ ကောင်းပြီလေ၊ ငါ့ရဲ့အမိန့်ကို ဖြန့်ဝေလိုက်မယ်၊ နီဖက်စ်မြို့ထဲမှာ မင်းက ဘာကိုပဲ ဝယ်ဝယ်၊ နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးရမယ်။ တစ်ယောက်ယောက်က ဆန့်ကျင်မယ်ဆိုရင် သူတို့အတွက် ငါ့ရဲ့တစ္ဆေတံခွန်ထဲမှာ နေရာလွတ်တစ်ခုရှိတယ်ဆိုတာ သိသွားစေရမယ်”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားကာ သူက မျက်နှာမည်တစ္ဆေဧကရာဇ်ထံ လက်သီးဆုပ်လိုက်သည် “မင်းနဲ့ တွေ့ရတာ ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပါပဲ၊ မျက်နှာမည်းတစ္ဆေဧကရာဇ်။ မင်းက အင်မော်တယ်ကမ္ဘာကို လာပြီး ငါ့ရဲ့မဟာထန်အင်ပါယာရဲ့နေရာတစ်ခုခုကို လာလည်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဘယ်သူကမှ မင်းရဲ့လမ်းကို တားဆီးမှာ မဟုတ်ဘူး၊ မင်းသွားတဲ့နေရာတိုင်းမှာ အကောင်းဆုံးသောဧည့်ခံမှုကို ရရှိစေလိမ့်မယ်လို့ ငါ အာမခံတယ်”
“အရမ်းကောင်းတယ်”မျက်နှာမည်းတစ္ဆေဧကရာဇ်က ခပ်ဖျော့ဖျော့ပြုံးပြီး ထန်ရှုထံ လက်သီးဆုပ်ပြပြီးနောက် ပျောက်ကွယ်သွားသည်။
နီဖက်စ်မြို့၏နေထိုင်သူများစွာက ထန်ရှုအပေါ် သူတို့၏သတ်ဖြတ်လိုစိတ်ကို ရုတ်သိမ်းလိုက်ကြသည်။ လက်ရှိတွင် သူတို့၏နှလုံးများက အရူးအမူး ခုန်ပေါက်နေသည်၊ အန္တိမအရှင်များက သူတို့ပင် မော့ကြည့်ရသည့် တည်ရှိမှုများဖြစ်ကြပြီး မဟာထန်ဧကရာဇ်တွင် နှစ်ယောက်ရှိ၏။ ထို့ကြောင့် သူတို့က မဟာထန်ဧကရာဇ်၏ကြွယ်ဝမှုအား မျက်စိကျနေသည်ဆိုလျှင် သူတို့က သေမင်းနှင့် တွေ့ဆုံရလိမ့်မည်ဆိုသည်မှာ သံသယရှိစရာမလိုပေ။
နောက်ခြောက်လအတွင်း ထန်ရှုက နီဖက်စ်မြို့ထဲ၌ အားရပါးရ သုံးဖြန်းနေလေတော့သည်။ သူ၏သုံးစွဲမှုစုစုပေါင်းက သလင်းကျောက်အဆီအနှစ်နှစ်ဘီလီယံကျော်ပြီး အန္တိမအဆင့်သို့ အနှောင့်အယှက်မရှိဘဲ ကျင့်ကြံရန်အတွက် အစီအရင်ပစ္စည်းများကိုပင် သူက ဝယ်ယူခဲ့သည်။ အများစုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကိုပင် မကောင်းစိတ်ယိုဖိတ်စေနိုင်သည့်ရတနာများဖြစ်ကြ၏။
မြို့အရှင်စံအိမ်တွင်။
မျက်နှာမည်းတစ္ဆေဧကရာဇ်က အနက်ရောင်မြူတစ်ခု ဝန်းရံလျက် ထိုင်နေပြီး သူ့မျက်ခုံးရှေ့တွင် တစ္ဆေရတနာတစ်ခုက တွဲလောင်းကျလျက် ရှိနေသည်။ ၎င်းက သူ့နောက်ရှိ ဟင်းလင်းပြင်ထဲရှိ အက်ကြောင်းတစ်ခုမှ သိပ်သည်းသော တစ္ဆေစွမ်းအင်များကို အဆက်မပြတ်ထုတ်ယူနေသည်။
“မာစတာ”တစ္ဆေဘုရင်တစ်ယောက်က မျက်နှာမည်းတစ္ဆေဧကရာဇ်ထံ လွင့်မျောလာသည်။
“ဘာလဲ”အနက်ရောင်မြူတော်တော်များများ ပျောက်ကွယ်သွားပြီးနောက် မျက်နှာမည်းတစ္ဆေဧကရာဇ်၏မျက်နှာအား ရေးရေးလေး မြင်နိုင်ပြီဖြစ်သည်။
တစ္ဆေဘုရင်က ဉီးညွှတ်ကာ ပြောသည် “မာစတာ၊ မဟာထန်ဧကရာဇ်က လျှပ်စီးမုန်တိုင်းနတ်ဆိုးနန်းတော်ရဲ့အမွေအနှစ်ရတနာကို ဝယ်ယူခဲ့ပါတယ်”
မျက်နှာမည်းတစ္ဆေဧကရာဇ်က အံ့အားသင့်သောအမူအရာဖြင့် မေးလိုက်၏ “ကောင်းကင်ဘုံမှော်မှန်လား”
“ဟုတ်ပါတယ်၊ ကောင်းကင်ဘုံမှော်မှန်ပါ”တစ္ဆေဘုရင်က ပြန်ဖြေသည်။
မျက်နှာမည်းတစ္ဆေဧကရာဇ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ဒီခြောက်လလောက်အတွင်းမှာ သူက ဆိုင်ခြောက်ဆိုင်ရဲ့အမွေအနှစ်ရတနာတွေကို ဝယ်ယူခဲ့တယ်၊ ဒါဆို သူက သူ့ကြွယ်ဝမှုတွေ အများကြီး သုံးစွဲခဲ့မှာပေါ့”
တစ္ဆေဘုရင်က ရှုံ့မဲ့ပြုံးလျက် ပြော၏ “လက်ရှိအချိန်ထိ ငါ မြင်ဖူးသမျှထဲမှာ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က အချမ်းသာဆုံးပဲ။ ငါတို့ရဲ့ခန့်မှန်းမှုအရ ဒီခြောက်လအတွင်းမှာ သူက သလင်းကျောက်အဆီအနှစ်,နှစ်ဘီလီယံကို သုံးစွဲခဲ့တယ်”
မျက်နှာမည်းတစ္ဆေဧကရာဇ်က ပြောစရာစကားမဲ့သွားသည်၊ သူက ကြွယ်ဝမှုအမြောက်အများရှိသော်လည်း ၎င်းက ဤအချိန်တိုအတွင်း ထန်ရှုသုံးခဲ့သည့်ပမာဏလောက်သာ ရှိပေလိမ့်မည်။ သို့သော် ထိုကဲ့သို့သောပမာဏကို ရရှိရန် သူက နှစ်ပေါင်းနှစ်သောင်းကျော် စုဆောင်းခဲ့ရသည်။ ထို့ကြောင့် အင်မော်တယ်ကမ္ဘာတွင် မကြာသေးခင်ကမှ ထွက်ပေါ်လာသော မဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူ့ကြွယ်ဝမှုအားလုံးအား ဘယ်နေရာမှ ရရှိခဲ့သည်ကို သူက နားမလည်နိုင်ပေ။
“သူတို့ရဲ့လှုပ်ရှားမှုကို ဆက်လေ့လာပါ၊ ဒါပေမယ့် သူတို့ကို သတိမပေးမိပါစေနဲ့။ သူ့မှာ ပေးဖို့ ပိုက်ဆံရှိသရွေ့ နီဖက်စ်မြို့ရဲ့ရတနာတွေအားလုံးကို ယူသွားမယ်ဆိုရင်တောင် ငါတို့က ဘာမှ ခံစားနေဖို့ မလိုဘူး။ ပြီးတော့ တစ္ဆေနန်းတော်ကို စာပို့လိုက်ပါ၊ ဆိုင်ရဲ့အမွေအနှစ်ရတနာကို ဖယ်ထားပြီး တစ်ယောက်ယောက်က ဝယ်သွားပြီးဖြစ်ကြောင်း ကြေညာဖို့ သူတို့ကို ပြောလိုက်”မျက်နှာမည်းတစ္ဆေဧကရာဇ်က တစ်ခုခုကို သဘောပေါက်မိပုံရသည်၊ ထို့ကြောင့် သူက အမိန့်များ ချက်ချင်း ပေးလိုက်၏။
“ဒီနောက်လိုက်က ချက်ချင်း လုပ်လိုက်ပါ့မယ်”တစ္ဆေဘုရင်က ခေါင်းညိတ်လိုက်သည်။
အလင်းတစ်ခုက မျက်နှာမည်းတစ္ဆေဧကရာဇ်၏မျက်လုံးများထဲ၌ လက်သွားသည်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်နှင့် ပတ်သက်၍ သူက အင်မော်တယ်ကမ္ဘာရှိ သူ့မိတ်ဆွေနှင့် ဆက်သွယ်မေးမြန်းခဲ့ပြီဖြစ်၏။ သို့သော် သူရရှိထားသောသတင်းအချက်အလက်များအရ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က အင်မော်တယ်ကမ္ဘာတွင်ပင် ပဟေဠိများလွန်းသည်။ သူက ကမ္ဘာငယ်တစ်ခုမှ ရောက်လာပုံရပြီး သူနှင့်အတူ ကျင့်ကြံသူအမြောက်အများလည်း ခေါ်လာသည်။ သို့သော် ဘယ်ကမ္ဘာငယ်မှ ရောက်လာသည်ကိုတော့ ယခုထိတိုင် တစ်ယောက်မှ မဖော်ထုတ်နိုင်ကြပေ။
“မဟာထန်အင်ပါယာမှာ အန္တိမအရှင်နှစ်ယောက်ပဲ ရှိတယ်လို့ အပြင်လူတွေက သိထားပေမယ့် အန္တိမအရှင်အဆင့်ကို ချိုးဖြတ်ခဲ့တဲ့ လင်းယုန်ငှက်ကလဲ မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့နောက်လိုက်ဖြစ်လာပြီးဆိုတာ တစ်ယောက်မှ မသိကြသေးဘူး။ သူက အန္တိမအရှင်အဆင့်ကို မရောက်သေးတာ သိသာပါတယ်၊ ဒါပေမယ့် သူ့လက်အောက်မှာ အန္တိမအရှင်သုံးယောက်ရှိတယ်…သူက ဒါကို ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့တာလဲ”
သူ့ကြွယ်ဝမှုအား မျက်စောင်းထိုးရဲသည့် ဘယ်သူ့ကိုမဆို သတ်ဖြတ်ကာ သန်မာသောအသွင်ကို ဖန်တီးခြင်းဖြင့် ထန်ရှုက သူ၏ဖဲချပ်ကို ဖော်ထုတ်ခဲ့ပြီဖြစ်သည်။ သို့သော် ဤခြောက်လအတွင်း သူ့ကြွယ်ဝမှုအား လုယက်ရန် ကြိုးစားခဲ့သည့် တည်ရှိမှုအချို့ရှိခဲ့ပြီး အဆုံးတွင် သူတို့အားလုံးက ပျောက်ကွယ်သွားကြ၏။
လက်ရှိတွင် လမ်းမကြီးတစ်ခုပေါ်တွင် မွန်းစတားကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာနှင့်အသုရာကမ္ဘာတို့မှ ကျွမ်းကျင်သူကိုးယောက်စီနှင့် စုစုပေါင်းလူသုံးဆယ်ခြောက်ယောက်က ကြီးမားသောသန်လျင်းတစ်ခုအား သယ်ဆောင်လာနေသည်။ မြို့ရှိ မရေမတွက်နိုင်သောနေထိုင်သူများ၏အကြည့်အောက်တွင် သူတို့က နီဖက်စ်မြို့ဂိတ်ဆီသို့ ရှေ့ဆက်နေပြီး တစ်ယောက်မှ သန်လျင်းစီးလာသူအား ရန်မစရဲကြပေ။
“လွန်ခဲ့တဲ့နှစ်တစ်သောင်းအတွင်းမှာ နီဖက်စ်မြို့ထဲမှာ တစ်ယောက်မှ အခုလို ဟိတ်ကြီးဟန်ကြီးမလုပ်ကြဘူးလို့ ငါ ယုံကြည်တယ်။ ဒီမဟာထန်ဧကရာဇ်က အရူးတစ်ယောက်လား ဒါမှမဟုတ် ဘာလား။ ဒီလိုဘဝင်ကိုင်နေတာက အခြားသူတွေကို ရန်စသလိုဖြစ်ပြီး သူ့ရဲ့သေခြင်းကို မြန်ဆန်စေတယ်ဆိုတာ သူ မသိတာလား”
“လွန်ခဲ့တဲ့နှစ်ပေါင်းလေးသောင်းလောက်က မွန်းစတားကမ္ဘာရဲ့ ဗန်းပိုင်းယားသမန်းဝံပုလွေမွန်းစတားဧကရာဇ်ကလဲ အခုလို ကိန်းကြီးခန်းကြီးနိုင်ခဲ့ပေမယ့် သူက နတ်ဘုရားဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အန္တိမအရှင်တစ်ယောက်ပဲ။ အခြားတစ်ဖက်မှာတော့ သူ့မှာ အန္တိမအရှင်နှစ်ယောက်ရှိတာနဲ့ ဒီမဟာထန်ဧကရာဇ်က အခုလို မာန်တက်နေတယ်။ သူ့ရဲ့ခွန်အားလောက်နဲ့ ဒီလိုမောက်မာနေတာက သေခြင်းကို ရှာဖွေနေတာနဲ့ အတူတူပဲ”
“ဟုတ်ပါ့၊ တကယ်ကိုပါပဲ…ဒါပေမယ့် ငါ့သက်တမ်းရဲ့နှစ်တစ်ထောင်ကို ဖလှယ်ရမယ်ဆိုရင်တောင် ငါ့တစ်သက်မှာ ဒီလိုအရေးပါမှုမျိုးကို တစ်ခါလောက် ရရှိချင်ပါရဲ့”
“အခုကစပြီး ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က ငါ့ရဲ့အိုင်ဒေါပဲ။ သူက တကယ်ကို ချောမောခန့်ညားတာပဲ”
“သူက မဆင်မခြင်ပြုမူနေရုံပါပဲ”
“ဒီလိုမောက်မာမှုကတော့…”
သူတို့အရှေ့ရှိ မြင်ကွင်းအပေါ် နီဖက်စ်မြို့၏နေထိုင်သူများသာမက ကမ္ဘာမျိုးစုံမှ ဧည့်သည်များကပါ အမျိုးမျိုးထင်မြင်ချက်ပေးနေကြတော့သည်။
ထန်ရှုက မျက်နှာလွှာချကာ သန်လျင်းပေါ်တွင် ထိုင်ရင်း လက်ထဲရှိ ကောင်းကင်ဘုံမှော်မှန်အား ကလိနေလေသည်။ ဤမှန်၏ရောင်ပြန်ဟပ်မှုက ဟန်ဆောင်ဖုံးကွယ်မှုများကို ဖြတ်မြင်နိုင်ပြီး လူသားအသွင်သို့ ပြောင်းလဲထားသည့် သတ္တဝါများ၏စစ်မှန်သောအသွင်အပြင်ကို ဖော်ထုတ်နိုင်သော စွမ်းရည်ရှိသည်။
“နီဖက်စ်မြို့ကို နောက်ဆုံးအကြိမ်လာခဲ့တုန်းက ငါက မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ကြွယ်ဝမှုအမြောက်အများကို ရရှိခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဝင့်ကြွားတဲ့အမူအရာကို လုပ်ရမယ်လို့ မထင်ထားခဲ့ဘူး။ ဟူး၊ ငါ့မှာ ရှိတဲ့ အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေအားလုံးနီးပါးကိုလဲ အသုံးပြုခဲ့တယ်။ တစ္ဆေနန်းတော်ရဲ့အမွေအနှစ်ရတနာအတွက်ကတော့ ငါ့မှာ အသုံးပြုစရာမရှိဘူး၊ ဒါကြောင့် အဲဒါကို ရဖို့ မလိုဘူး။ မျက်နှာမည်းတစ္ဆေဧကရာဇ်ကို မျက်နှာသာပေးတဲ့အနေနဲ့ အဲတစ်ခုကိုတော့ ချန်ထားလိုက်တော့မယ်လေ”
စိတ်ထဲ၌ သက်ပြင်းချရင်း ထန်ရှုက သတ္တဝါမျိုးမျိုး၏အသွင်အပြင်အစစ်အမှန်အား စစ်ဆေးခဲ့သည်။ နီဖက်စ်မြို့တွင် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်များစွာ ရှိသော်လည်း သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်သောအပြစ်သားများဖြစ်ကြသည်၊ ထို့ကြောင့် သူတို့အား ရှင်းပစ်ရန် သူက တကယ်ကို အသည်းယားနေမိသည်။
ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ လမ်းဘေးရှိ ကြည့်ရှုနေသူများအား သူက အာရုံမထားသော်လည်း ကောင်းကင်ဘုံမှော်မှန်၏အလင်းပြန်ခြင်းမှတစ်ဆင့် မိတ်ဆွေဟောင်းတစ်ယောက်အား တွေ့ရှိလိုက်သည်။
အနက်ရောင်မျက်နှာဖုံးတပ်ကာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ဇီထုံက လမ်းဘေးတွင် မတ်တပ်ရပ်နေသည်။ လှပသောမိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမက အသိအမှတ်ပြုစရာခွန်အားတစ်ခုကို ပိုင်ဆိုင်ထားပြီး လက်ရှိတွင် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ကို ရောက်ရှိထား၏။ ဤတစ်ကြိမ်တွင် သူမ၏အင်မော်တယ်စိတ်ဝိညာဉ်ကို ကုသနိုင်သည့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုကို ရှာဖွေရန်အတွက် သူမ၏ဘိုးဘေးနှင့်အတူ နီဖက်စ်မြို့သို့ လာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်ရှစ်ရာခန့်က သူမက ကောင်းကင်ဘုံဥပဒေသများ၏လျှို့ဝှက်ချက်များကို နားလည်နိုင်ခဲ့ပြီး သူတို့၏စွမ်းအားအား လက်ခံနိုင်စေခဲ့သည်။ သို့သော် သူမ၏ခန္ဓာကိုယ်က အားနည်းလွန်းသဖြင့် ပျော်စရာကောင်းသောဖြစ်စဉ်က သူမအတွက် ကံမကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ အင်မော်တယ်စိတ်ဝိညာဉ်၌ စွမ်းအား ရုတ်တရက် တိုးလာမှုကို သူမ၏ရုပ်ပိုင်းဆိုင်ရာက မခံနိုင်သောကြောင့် သူမ၏စိတ်ဝိညာဉ်ကို ချိတ်ပိတ်ခဲ့ရပြီး ရလဒ်အနေဖြင့် ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
လက်ရှိတွင် ကြီးမားသောသန်လျင်းပေါ်တွင် ထိုင်နေသည့် ချောမောခန့်ညားသည့်လူငယ်က အနည်းငယ်စိတ်ဝင်စားစရာကောင်းသည်ဟု ဇီထုံက တွေးနေမိသည်။
“ဘိုးဘေး၊ သွားကြရအောင်”ဇီထုံက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဘေးရှိ ဆံဖြူလူအိုကြီး၏လက်ကို ဆွဲလိုက်သည်။
လူအိုကြီးက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ခရီးစဉ်အား ဆက်ရန် ပြင်လိုက်သည်။
ဝှစ်…
အားကောင်းသောအားတစ်ခုက ဇီထုံ၏လက်ကောက်ဝတ်ကို ရစ်ပတ်သွားသည်။ ထိုမမြင်နိုင်သောစွမ်းအားက သူမ၏ခန္ဓာကိုယ်ကိုပါ ဆွဲခေါ်သွားပြီး နော်အခိုက်အတန့်တွင် သူမက ထန်ရှု၏ရင်ခွင်ထဲသို့ ကျရောက်သွား၏။
“အို၊ ကြည့်စမ်း။ မိန်းကလေးတစ်ယောက်ပဲ။ မင်းက လှသလားဆိုတာ ငါ သိချင်တယ်”
ထန်ရှု၏လက်ဝါးက ဇီထုံ၏နောက်ကျောပေါ်သို့ ညင်သာစွာ ကျရောက်သွားပြီး အဖော်မဲ့ဆေးပင်အား သူမ၏ခန္ဓာကိုယ်ထဲသို့ ထည့်ကာ အခြားလက်တစ်ဖက်က သူမ၏မျက်နှာဖုံးကို ဖြုတ်ရန် ဆန့်ထုတ်လိုက်သည်။
“နင်…အယုတ်တမာ”သူမက ထန်ရှု၏ရင်ခွင်ထဲသို့ ရောက်နေသည်ကို သိလိုက်ရပြီးနောက် ဇီထုံက ဒေါသထွက်ခြင်းရော ရှက်ရွံ့ခြင်းပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်၊ ထန်ရှုအား ဒေါသဖြင့် အပြစ်တင်ရှုံ့ချပြီးနောက် သူမက ရုန်းထွက်ရန် ကြိုးစားလိုက်၏။
ထန်ရှုက လျင်မြန်စွာ လှုပ်ရှားကာ ဇီထုံ၏လက်ဝါးကို ချက်ချင်းဖမ်းပြီး ခရမ်းရောင်အလင်းတစ်ခုအား သူမ၏လက်ဝါးထဲသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏အခြားလက်တစ်ဖက်က ဒေါသတကြီး ပြေးလာသော လူအိုကြီး၏လက်သီးနှင့် ရင်ဆိုင်လိုက်သည်။
“ဒါက စိတ်ဝင်စားစရာပဲ”
ထန်ရှု၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏အခြားလက်တစ်ဖက်က ဇီထုံအား အဝေးသို့ တွန်းပို့လိုက်၏။ ထို့နောက် သူက နောက်ပြန်လဲကျသွားသော ဆံဖြူလူအိုကြီးထံ ပြုံးပြကာ ပြောလိုက်သည် “ခင်ဗျားက တကယ်ကို သဘောထားကျဉ်းမြောင်းတာပဲ။ ကျုပ်က ခင်ဗျားရဲ့မြေးမလေးကို ပွေ့ဖက်ရုံပါပဲ။ အခုလိုမျိုး ကျုပ်ကို တိုက်ခိုက်ဖို့ လိုလို့လား။ ထားလိုက်ပါတော့လေ၊ ခင်ဗျားက ကပ်စေးနဲလွန်းတဲ့အတွက် ကျုပ်က စိတ်ဝင်စားမှုလုံးဝပျောက်သွားပြီ”
ထိုသို့ပြောရင်း သူက ဘယ်ဘက်လက်ကို ဖြည်းဖြည်းချင်း ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်၏ “သွားတော့…မြို့ကနေ ထွက်ကြမယ်”
သူ၏သဘောထားကြောင့် ဇီထုံက မခံမရပ်နိုင်ဖြစ်နေတော့သည်။ သူမက ဆံဖြူလူအိုကြီး၏ဘေးနား၌ ထွက်ပေါ်လာပြီး သူ့လက်မောင်းအား စိုးရိမ်တကြီး ဆွဲလိုက်၏ “ဘိုးဘေး၊ အဆင်ပြေရဲ့လား”
လူအိုကြီးက ထွက်ခွာသွားသော သန်လျင်းအား သတ်ဖြတ်လိုစိတ်နှင့် စိုက်ကြည့်လိုက်သည်။ ထန်ရှုက အန္တိမအရှင်နှစ်ယောက်၏ကာကွယ်မှုရှိသည်ကို မကြားခဲ့လျှင် သူက ထိုကဲ့သို့သောလူယုတ်မာတစ်ယောက်အား ချက်ချင်း သတ်ဖြတ်ခဲ့ပေလိမ့်မည်။
“ငါ အဆင်ပြေပါတယ်” ဇီယင်ရှို့က ခေါင်းခါယမ်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများစွာက သူတို့အား ကြည့်နေသည်ကို သတိပြုမိပြီးနောက် သူက ဇီထုံ၏လက်ကောက်ဝတ်ကို ဆွဲကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွား၏။
နီဖက်စ်မြို့၏ထောင့်တစ်ထောင့်သို့ ရောက်ရှိလာပြီးနောက် ဇီယင်ရှို့က သက်ပြင်းတစ်ချက်ချလျက် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏ “ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က မောက်မာတဲ့နေရာမှာ အကန့်အသတ်မရှိဘူးပဲ။ အန္တိမအရှင်နှစ်ယောက်က သူ့ကို ကာကွယ်နေတာကြောင့် မဟုတ်ရင် သူ့ကို ငါ သေအောင် ရိုက်လိုက်ပြီ။ ထုံလေး၊ မင်းက…ဘာဖြစ်နေတာလဲ”