နှစ်တစ်သိန်းနှင့် တန်သော ပြစ်ဒဏ်
Vol. 82 Ch. 1063
ကောင်းကင်နတ်အရှင်လင်မှာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သတိဝင်လာသည်။
ရုပ်ပန်းသွင်ပြင်ကို တစ်ခါမှ ဂရုမစိုက်သော ဤမိန်းမပျိုသည် ရုတ်တရက် မပြေးရုံတမယ် လျင်မြန်စွာ လမ်းလျှောက်လာပြီး ချင်မူ့လက်ထဲမှ ဆံထိုးကို ဆတ်ခနဲ ဆွဲယူလိုက်၏။ ထို့နောက် ချင်မူ့ကို မြေပေါ် ပစ်လဲကျသည်အထိ ဆောင့်ကန်ကာ ဘီလူးစီးသကဲ့သို့ အကြမ်းဖက် ရိုက်ပုတ်တော့သည်။
ဝါးတုတ်များ စီးနေသော ဝါးတုတ်ဝိညာဉ်များကလည်း အပြေးအလွှား ရောက်လာကြပြီး ချင်မူ့ကို အရိုးများ တဂျွပ်ဂျွပ်မြည်သည်အထိ ရိုက်နေကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့၊ ယန်အာနှင့် ကျန်ရှိသူများမှာ ကြောင်နေကြသည်။ နဂါးချီလင်ကတော့ မြေကြီးတွင် လှဲအိပ်လျက် မမြင်ချင်ယောင်ဆောင်နေ၏။
“နင်က ငါ့ဆံထိုးကို ခိုးသွားတာပေါ့လေ... ဘယ်သူက နင့်ကို ခိုးခွင့်ပေးလို့လဲ”
ကောင်းကင်နတ်အရှင်လင်က ချင်မူ့ကို မညှာမတာ ထုရိုက်ရင်း အော်ပြောနေသည်။ “ရှောင်ထွက်သွားပြီး ခိုးကြောင်ခိုးဝှက် ပြန်လာဖို့ ဘယ်သူက နင့်ကို ခွင့်ပြုလို့လဲ... ငါ သစ်ကုလာားအုတ်မကြီးလို ဘယ်လောက်တောင် စောင့်ခဲ့ရလဲသိလား”
ချင်မူမှာ ခေါင်းကို အုပ်၍ မြေပေါ်တွင် ကွေးထားရင်း အသနားခံနေရသည်။
ကောင်းကင်နတ်အရှင်လင်သည် ဂရုမစိုက်ဘဲ ဆက်ထုနှက်ရင်း ဒေါသတကြီး ရန်တွေ့နေ၏။ “ဒီနှစ်တွေက ငါ့အတွက် ဘယ်လောက်ခက်ခဲခဲ့သလဲ နင် သိလား... နင် ထွက်သွားတဲ့ နောက်ပိုင်း လူတိုင်းက ငါ မှားတယ်ပဲ ဝိုင်းပြောခဲ့ကြတာ... ငါမှန်တယ်ဆိုတာ ငါတစ်ယောက်ပဲ သိတယ်... နင် ငါ့သက်သေမလို့လေ”
သူမမှာ ရိုက်နှက်နေရင်း မျက်ရည်များ ကျလာသည်။
“လူတိုင်းက ငါ ရူးသွားပြီတဲ့... ယွဲ့နဲ့ ယွင်တောင်က ငါ့လုပ်ရပ်တွေက မှားနေပြီ... အောင်မြင်မှာမဟုတ်ဘူး ထင်ခဲ့ကြတယ်”
“ငါ မှန်တယ် ဆိုတာလေး ပြောပြနိုင်ဖို့ နင့်ကို ငါ့ဘေးမှာ ရှိအောင် ဆုတောင်းခဲ့ရတာ နင် သိလား”
“ဒါပေမဲ့ နင်က ထွက်ပြေးပြီး ပျောက်သွားတယ်”
“ငါ နင့်ကို ရိုတ်သတ်ပစ်မယ်”
.....
သူမက ချင်မူ့ကို ခွထားပြီး မတရားခံခဲ့ရသော မိန်းကလေးသဖွယ် ရှိုက်ကာ ရှိုက်ကာ ငိုနေတော့သည်။ လက်တစ်ဖက်တွင်လည်း မက်မွန်သစ်သားဆံထိုးကို ကိုင်ထားပြီး ကျန်တစ်ဖက်ကမူ ချင်မူ နောက်တစ်ကြိမ် ပျောက်သွားမှာ စိုးရိမ်နေသည့်အလား သူ၏အ၀တ်ကို ဆုပ်ကိုင်ထားသည်။
အခြားသူများအနေဖြင့် ထိုခံစားချက်မျိုးကို နားလည်ကောင်း နားလည်နိုင်မည်မဟုတ်သော်လည်း အထင်လွဲမှုများကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများနှင့် အထီးကျန်မှုကို ချင်မူ နားလည်သည်။
ထိုကဲ့သို့ အချိန်မျိုးတွင် အားတင်း၍ ရှေ့ဆက်သွားနိုင်ရန် တာအိုရောင်းရင်းတစ်ဦးဆီမှ အားပေးမှု၊ အသိအမှတ်ပြုမှုကိုသာ လိုအပ်၏။
ချင်မူမှာ ဤခံစားချက်ကို ခံစားခဲ့ရသလို၊ ကောင်းကင်နတ်အရှင်လင်လည်း အလားတူ ခံစားနေရသည်။
ချင်မူတွင်မူ နဂါးချီလင် ရှိသေးသည်။ နဂါးချီလင်သည် သူ့ကို နားမလည်သည့်တိုင် အားပေးဖော်ရသေး၏။
ကောင်းကင်နတ်အရှင်လင်တွင် မည်သူမှမရှိခဲ့ချေ။
ကောင်းကင်နတ်အရှင်ယွဲ့က သူမကို ဆွဲထူလိုက်သော်လိုက်လည်း ကောင်းကင်နတ်အရှင်လင်မှာ ချင်မူ့အ၀တ်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားရင်း ကောင်းကင်နတ်အရှင်ယွဲ့၏ ပခုံးကို မှီကာ ငိုနေသည်။
ချင်မူက ကိုယ်ပေါ်မှ ဖိနပ်ရာများကို ခါ၍ ပြောလိုက်သည်။ “မမကြီးလင် မအောင်မြင်ခဲ့ရင် ကျွန်တော်က ဘယ်လိုလုပ် ပြန်လာနိုင်ပါ့မလဲ”
“ငါ အောင်မြင်မယ်ဆိုတာ ငါသိတယ်” ကောင်းကင်နတ်အရှင်လင်က ရန်တွေ့သည်။
ချင်မူလည်း ရယ်လိုက်ရင်း အလေးအနက် ပြန်ပြောလိုက်သည်။ “မမကြီးလင် မှန်ပါတယ်”
“သိတယ်လို့”
တခဏကြာသော် ကောင်းကင်နတ်အရှင်လင်က စိတ်ပြန်ထိန်းလိုက်ပြီး ချင်မူ့အား ဘေးသို့တွန်းလိုက်သည်။ သူမက မက်မွန်သစ်သားဆံထိုးကို ကိုင်၍ ထပ်ခါထပ်ခါ ကြည့်နေတော့သည်။
ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ကို လက်ဖက်ရည်ကြမ်း အတူသောက်ရန် သန့်ရှင်းသော နေရာတစ်နေရာဆီ ခေါ်သွားသည်။ ကောင်းကင်နတ်အရှင်လင်၏ ဥယျာဉ်ထဲတွင် သန့်ရှင်းသော နေရာတစ်နေရာ ရှာရန် ခက်ချေသည်။
ဝါးတုတ်များ စီးနေသော မြင်းပုကလေးများသည် ချင်မူ့ခြေထောက်ဆီ ပြေး၀င်လာကြဆဲဖြစ်၏။ ချင်မူ သူတို့ကို မောင်းထုတ်သော်လည်း မရပေ။
ယန်အာက ကောင်းကင်နတ်အရှင်လင်၏ အခန်းကို ရှင်းလင်းရန်နှင့် သူမရေးထားသည့် စာရွက်များအား စီပေးရန် ကောင်းကင်နဂါးခြောက်ကောင်ကို ခေါ်သွားသည်။
“မမကြီးယန်အာ၊ ဒီစာလိပ်ကို ထားတဲ့ပုံစံက မှားနေတယ်” နဂါးချီလင်က စာလိပ်တစ်လိပ်ကို စိုက်ကြည့်ရင်း ပြောသည်။
“မှားနေတာလား” မြင်းပုကလေးများ တက်ကြွလာကြပြန်သည်။ သူတို့က ချင်မူ့နောက်သို့ မလိုက်တော့ဘဲ နဂါးချီလင်ဆီ ပြေးလာသည်။ မြင်းပုလေးများ ဝိုင်းရိုက်နေကြသော်လည်း နဂါးချီလင်သည် တုပ်တုပ်ပင်မလှုပ်ဘဲ ဆက်အိပ်နေ၏။
ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ကိုတစ်လှည့်၊ ဆံထိုးကို ကြည့်၍ ရယ်နေသော ကောင်းကင်နတ်အရှင်လင်ကိုတစ်လှည့် ကြည့်သည်။ ထို့နောက် မျက်လုံးလေး ကလယ်ကလယ်ဖြင့် မေးလေသည်။ “မူ၊ နင်က တကယ်ပဲ အနာဂတ်ကလား”
ချင်မူက လက်ဖက်ရည်တစ်ငုံ သောက်၍ ယန်အာ့ဆီ မေးငေါ့ပြသည်။ “အနာဂတ်မှာ မမကြီးက ဒီမိန်းကလေးကို မွေးစားပြီး ယန်အာလို့ နာမည်ပေးလိမ့်မယ်... သူ့အမေက သူ့ကို မွေးပြီးတော့ မမကြီးဆီ ကိုယ်တိုင်လာပေးမှာ.. ပြီးရင် သူက မမကြီး ဝတုတ်လာတဲ့အထိ ကျွေးမွေးလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွဲ့သည် ယန်အာကို အကဲခတ်နေ၏။ “အဓိပ္ပာယ်မရှိတာ... ငါက ၀လာတဲ့အထိ သူ ကျွေးမွေးတာ ခံမှာတဲ့လား... မဟုတ်မှ အနာဂတ်မှာ ငါက သူ့ကို နင့်ဆီ ပို့လိုက်တာလား”
ချင်မူက လက်ဖက်ရည်ခွက်ကို ချကာ ပြုံးလျက် မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်ဘုံဆီ တိုင်တန်းလွှာ သွားတင်တာလား”
ကောင်းကင်နတ်အရှင်ယွဲ့က မှေးမှိန်သွားသော မျက်ဝန်းများဖြင့် ခေါင်းညိတ်၏။ “နင် ပျောက်သွားပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်နတ်အရှင်ဟောင်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်နဲ့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့တယ်... နာမည်က နဂါးဟန်ကောင်းကင်နတ်ဘုံတဲ့.. သူတို့ရဲ့ အင်အားက ကမ္ဘာဦးဘုံလို နေရာမျိုးတွေမှာ ကြီးထွားလာကြတော့ လူသားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကြားမှာ ပဋိပက္ခတွေ ပိုများလာတယ်.... ဒါပေမဲ့ လူသားတွေက အားနည်းနေသေးတယ်လေ.... အဲဒါနဲ့ ငါတို့လည်း တခြားကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် နတ်ဘုရားတစ်ပိုင်းတွေ အနိုင်ကျင့်တာခံနေရတုန်းပါပဲ... ငါတို့အတွက် ခက်ခဲနေခဲ့တာ ကြာပြီ”
ချင်မူ သူမ၏မျက်နှာကို ကြည့်လိုက်မိသည်။ တစ်ချိန်က နူးညံ့သိမ်မွေ့ပြီး အားနွဲ့ခဲ့သော ကောင်းကင်နတ်အရှင်ယွဲ့မှာ ယခုတွင် များစွာသန်မာနေချေပြီ။
“သူတို့နဲ့ ပေါင်းပြီး နတ်ဘုရားတစ်ပိုင်းတွေကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမယ့် ငါတို့ပဲ ရှုံးခဲ့ရတာများတယ်”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ခါးသီးစွာ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်အား လက်ညှိုးဖြင့် ဆော့ကစားနေသည်။ “နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေက ပိုင်နက်နဲ့ အကျိုးအမြတ်တွေအတွက် တိုက်ခိုက်နေကြပေမယ့် တကယ်တော့ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုတဲ့အတိုင်း အမြတ်ထွက်နေတာ ရှေးဟေင်းနတ်ဘုရားတွေပဲ... သူတို့ကို ယဇ်မပူဇော်ချင်တာလေးကြောင့် ငါတို့တွေ ရတာထက် ဆုံးရှုံးရတာ ပိုများနေတယ်”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ဆက်ပြော၏။ “ငါတို့ ဘယ်အချိန်ပဲ တိုက်ခိုက်ပါစေ နှစ်ဖက်လုံး အင်အားတွေ စုဆောင်းပြီးရင် ရှေးဟောင်းနတ်ဘုရားတွေ ငါတို့ကို ကူညီဖို့ ဆင်းလာအောင် သွေးယဇ်ပူဇော်ပွဲ ကျင်းပကြရတယ်... မူ၊ နင်က မျိုးဆက်သစ်ကမလား.... စစ်ပွဲတွေမှာ အဲ့လိုလုပ်ကြသေးလား”
ချင်မူ ခေါင်းခါပြလိုက်သည်။
“လောဘကြီးတဲ့ ရှေးဟောင်းနတ်ဘုရားတွေအတွက် ဘာကို ယဇ်ကောင်အဖြစ် သုံးခဲ့လဲ ခန့်မှန်းကြည့်” ကောင်းကင်နတ်အရှင်ယွဲ့က ပြောသည်။
ချင်မူမှာ ခေါင်းရမ်းလိုက်ရင်း အက်ကွဲနေသောအသံဖြင့် ဖြေလိုက်မိသည်။ “ကျွန်တော် မခန့်မှန်းချင်ဘူး”
“လူတွေဟာ မျှော်လင့်ချက် ကင်းမဲ့လာရင် ဘာမဆို လုပ်နိုင်ကြတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က လက်ဖက်ရည်သောက်လိုက်သော်လည်း လက်ဖက်ရည်သည် အပြင်းစားအရက်သဖွယ် လည်ချောင်းတစ်လျှောက် ပူလောင်သွားစေသဖြင့် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ရသည်။ အတန်ကြာမှ သက်သာသွားသဖြင့် သူမက သက်ပြင်းချလေသည်။ “အရက်မဟုတ်တာပဲ တော်သေးတယ်... ငါတို့အားလုံး ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံနဲ့ ကျောက်စိမ်းမြို့တော်အထိ ပြန်ဆုတ်ခွာခဲ့ကြရတော့ မျှော်လင့်ချက် မဲ့လာကြတယ်... အဲဒါကြောင့် ရှေးဟောင်းနတ်ဘုရားတွေအတွက် ယဇ်ပူဇော်ခဲ့ကြတာပဲ”
သူမအသံသည် မာနေ၏။ “ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို ကာကွယ်နေတဲ့ နတ်ဘုရားတွေဖြစ်တဲ့ ငါတို့တွေက ငါတို့အထက်က ရှေးဟောင်းနတ်ဘုရားတွေဆီမှာ ငါတို့ကိုယ်ငါတို့ စတေးခဲ့ကြတယ်.... သူတို့ စားလို့ရအောင် ငါတို့ကိုယ်ငါတို့ သားရဲတွေအဖြစ် ပြောင်းလဲခဲ့ကြတယ်... မကြာလိုက်ပါဘူး ရှေးဟောင်းနတ်ဘုရားတွေ ဆင်းလာကြတာပေါ့.... ကောင်းကင်နတ်အရှင်ဟောင်လည်း ငါတို့နည်းတူ လုပ်ခဲ့တယ်လေ... ဘာဖြစ်သွားတယ်ထင်လဲ”
ချင်မူ ပြန်မဖြေနိုင်ခင် သူမက ရယ်လျက် ပြောသည်။ “နှစ်ဖက်လုံး ရှေးဟောင်းနတ်ဘုရားတွေ ရသွားတယ်လေ... စစ်ပွဲတွေက ပိုလို့တောင် ဆိုးရွားတဲ့ သွေးဆာမှုတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်လာခဲ့တယ်... သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ အားလုံး ထင်ခဲ့ကြပေမယ့် နှစ်ဖက်လုံးရဲ့ ရှေးဟောင်းနတ်ဘုရားတွေက ကြားနေအဖြစ်နဲ့ ညှိနှိုင်းပေးခဲ့ကြတယ်တဲ့ အဟက်”
သူမက သရော်နေသကဲ့သို့ မဲ့ရွဲ့လိုက်ပြီး အံကြိတ်ကာ ပြောသည်။ “သူတို့က ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရန်ပြေငြိမ်းအောင်၊ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို ကျုးကျော်လာတဲ့ နတ်ဘုရားတစ်ပိုင်းတွေ တပ်ဆုတ်သွားအောင် အေးအေးချမ်းချမ်း ညှိနှိုင်းပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပေးခဲ့တယ်.... နတ်ဘုရားတစ်ပိုင်းတွေက လက်မခံနိုင်တော့ ကလန်ကဆန် လုပ်ခဲ့ကြတယ်... သူတို့ထဲက တချို့တစ်၀က် အစားခံရတော့မှ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားခဲ့ကြတာ... အဲ့ဒီကျမှ ငါတို့ သဘောပေါက်သွားတယ်...”
သူမ၏သရော်နေသော အမူအရာက ပိုမိုသိသာလာသည်။ “ငါတို့က အစာတွေပဲ... ကမ္ဘာဦးဘုံတစ်ဘုံလုံးက မွေးမြူရေးခြံကြီးပဲ.... မူ၊ ဒါက မွေးမြူရေးခြံကြီး သိရဲ့လား... ငါတို့က ရှေးဟောင်းနတ်ဘုရားတွေ မွေးထားတဲ့ တိရစ္ဆာန်တွေ.... အရင်တုန်းက သူတို့က ငါတို့ကို တန်းစားခဲ့ကြတယ်... ဒါပေမဲ့ အခု တိုးတက်လာပြီဆိုတော့ ငါတို့အချင်းချင်း တိုက်ခိုက်ပြီး သူတို့ကို ဆင့်ခေါ်ဖို့ ယဇ်ပူဇော်ကြရတော့မှ စားကြတော့တယ်လေ”
သူမသည် လက်ဖက်ရည်သောက်လျက် မူးနေပြီး ခုံပေါ်တွင် လှဲချကာ အော်ဆဲနေ၏။ “ချီးထုတ် ကောင်းကင်နတ်အရှင်တွေ.... ချီးထုတ် ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်... ငါတို့အားလုံးက ရှေးဟောင်းနတ်ဘုရားတွေ လွှတ်ပေးထားတဲ့ သိုးတွေ၊ အမဲလိုက်ခွေးတွေပဲ... မူ၊ ငါတို့အတွက် ဒီနှစ်တွေအတွင်း သိပ်ခက်ခဲခဲ့တယ်ဟာ...”
ချင်မူက သူမ၏ပခုံးပေါ် လက်တင်၍ နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ “ကျွန်တော် သိပါတယ်.... အနာဂတ်မှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ခေတ်က မမကြီးတို့ရဲ့ လက်ထဲမှာ အဆုံးသတ်မှာကိုလည်း ကျွန်တော် သိထားတယ်... သူတို့ ဒီလိုမျိုး ထပ်လုပ်ရဲမှာမဟုတ်ဘူး”
“တကယ်လား” ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းထောင်လာပြီး မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လေသည်။
ချင်မူ ခေါင်းညိတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်အားတက်သွားပြီး ဆံပင်ကို ဖြီးသင်လိုက်သည်။ ထို့နောက် အားတင်းပြုံးကာ ပြောသည်။ “ဒီလက်ဖက်ရည်က ငါ့ကို တအားမူးအောင် လုပ်တာပဲ... ဣန္ဒြေပျက်သွားမလို့ တောင်းပန်ပါတယ်... စိတ်မရှိပါနဲ့”
ချင်မူက ချိုသာစွာ ပြုံးလိုက်သည်။ “မမကြီးတို့ မရှိခဲ့ရင် ကျွန်တော်တို့ မျိုးဆက်သစ်တွေဆိုတာ ရှိလာမှာမဟုတ်ပါဘူး”
ကောင်းကင်နတ်အရှင်ယွဲ့သည် သူ့ထံမှ အားပေးစကားကြောင့် စိတ်တက်ကြွသွားပြီး ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်က ဧကရာဇ်ဖြစ်လာပြီး ဧကရာဇ်ပလ္လင်အဆင့်ကိုလည်း ပထမဆုံး ရောက်ရှိခဲ့တယ်... ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဥပဒေက ကမ္ဘာဦးဘုံရော၊ တခြားဘုံတွေမှာရော အမြစ်တွယ်နေတုန်းပဲ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ပါရမီကလည်း အင်မတန် ထူးချွန်တယ်... သူလည်း ဧကရာဇ်ပလ္လင်အဆင့်ကို ရောက်တော့မယ်.... ကောင်းကင်နတ်အရှင်ယွင်က နတ်ဘုရားတစ်ပိုင်းတွေနဲ့ ပတ်သက်ပြီး တိုင်တန်းလွှာ တင်သွင်းဖို့နဲ့ ကောင်းကင်နတ်အရှင်ဟွေ့ကို တွေ့ဖို့ နဂါးဟန်ကောင်းကင်နတ်ဘုံဆီ သွားနေတယ်”
ချင်မူမှာ တုန်လှုပ်သွားသည်။
ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို ကြည့်ကာ ပြော၏။ “သူက ကောင်းကင်နတ်အရှင်ဟွေ့ကနေတဆင့် ကောင်းကင်နတ်အရှင်ဟောင်နဲ့ အဆက်အသွယ် တည်ဆောက်နေချင်တယ်.... သူ ဘာလုပ်ချင်နေတာလဲ နင် သိလား”
ချင်မူ့မျက်ခုံးများ ပင့်တက်သွားသည်။ သူက ခေါင်းညိတ်၍ အက်ကွဲစွာ ဖြေလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ကောင်းကင်နတ်အရှင်ဟွေ့တို့အပြင် နတ်ဧကရာဇ်လန်ရွှမ်နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကိုပါ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဖိတ်ခေါ်ပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဥပဒေကို တွန်းလှန်ဖို့ပဲ”
ကောင်းကင်နတ်အရှင်ယွဲ့က ခေါင်းညိတ်၍ ဆံပင်ကို သပ်သပ်ရပ်ရပ် လုပ်နေပြန်သည်။ “ငါတို့လုပ်နေတာ မှန်ရဲ့လား”
ချင်မူ့မျက်လုံးများ ပင့်တက်သွားပြန်၏။ ဤကိစ္စာကြောင့် ကောင်းကင်နတ်အရှင်ယွင် သေရမည်ကို သူမအား ပြောပြချင်မိသည်။ ကောင်းကင်မဟာမိတ်သည်လည်း ထာ၀ရပြောင်းလဲပြီး နတ်ဘုရားတစ်ပိုင်းတို့၏ ကောင်းကင်မဟာမိတ်အဖွဲ့ ဖြစ်လာမည့်အကြောင်း ပြောပြချင်မိသည်။
ယနေ့ သူတို့၏ဆုံးဖြတ်ချက်ကြောင့် ကောင်းကင်မဟာမိတ်သည် ရှေးဟောင်းနတ်ဘုရားများကို ဖယ်ရှားပြီး ရှေးဟောင်းနတ်ဘုရားများနည်းတူ ကြောက်စရာကောင်းသော အုပ်ချုပ်သူများ ဖြစ်လာမည့်အကြောင်းလည်း ပြောပြချင်၏။
ချင်မူမှာ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာချေ။
သူ ပြောမထွက်ပေ။ ပြော၍လည်း မရပေ။
မျိုးဆက်သစ်များ၏ ကောင်းကင်မဟာမိတ်အဖွဲ့သည် ယနေ့ခေတ် ရှေးဟောင်းနတ်ဘုရားများလောက် ကြောက်စရာမကောင်းချေ။ ကောင်းကင်နတ်အရှင်ဟောင်နှင့်အတူ ပူးပေါင်းခြင်းက လူသားများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
သူတို့ ဤမဟာမိတ်အဖွဲ့ကို ဖျက်စီးလိုက်လျှင် ရှေးဟောင်းနတ်ဘုရားတို့၏ခေတ် ဆက်လက်တည်တံ့နေပြီး ကမ္ဘာဦးဘုံနှင့် အခြားဘုံများသည် ဧရာမမွေးမြူရေးခြံကြီးများသာ ဖြစ်နေလိမ့်မည်။
တာအိုမိတ်ဆွေဆိုသည်မှာ တစ်ယောက်၏ဘေး၌ တစ်ယောက် မားမားမတ်မတ်ရပ်တည်ကာ မှန်လျှင်မှန်ကြောင်း ပြောပေးသူကို ဆိုလိုသည်။
သို့ထိတိုင် ချင်မူမှာ ထိုသို့ပြောထွက်ရန် ခက်နေသည်။
“မမကြီးတို့ လုပ်နေတာ မှန်ပါတယ်” သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့က ပြုံး၏။ “နင်က အနာဂတ်ကပဲဟာ... ငါတို့လုပ်တာ မှန်တယ်လို့ နင် ထင်ရင် သေချာပေါက် အောင်မြင်မှာ...ကျေးဇူးတင်ပါတယ် မူ”
သူမက ထရပ်၍ ပြောသည်။ “ဥယျာဉ်ကို ရှင်းပြီးသွားပြီ... ယန်အာရေ၊ ဒီကိုလာဦး.... မီးအိမ်ကိုယူပြီး နင့်သခင်နဲ့အတူ လျှောက်ကြည့်ကြရအောင်”
ယန်အာသည် လေတစ်ချက်တိုက်လိုက်သကဲ့သို့ သူမအရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီး မျက်လုံးများ တောက်ပနေ၏။ “မမ”
ကောင်းကင်နတ်အရှင်ယွဲ့က သူမနားရွက်ကို ဆွဲကာ ခပ်ပြတ်ပြတ် ပြောသည်။ “ဘာတုန်း”
နောက်ဆုံးတွင် ယန်အာသည် နဂါးချီလင်အား မီးအိမ်ဖြင့် တို့၍ နိုးလိုက်သည်။ နဂါးချီလင်မှာ မြင်းပုကလေးများ ရိုက်နှက်နေသည်ကို ခံနေရဆဲဖြစ်သည်။ သူက သမ်းဝေရင်း ထရပ်လိုက်ကာ ခန္ဓာကိုယ်ကို လှုပ်ရမ်း၍ မြင်းပုလေးများကို ခါထုတ်လိုက်သည်။
“ဘယ်သွားမှာလဲ ဂိုဏ်းသခင်” သူက မြင်းပုလေးများ လိုက်ဖမ်းခံနေရသည့်ကြားမှ စူးစူးစမ်းစမ်း မေးလေသည်။
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့ဆီ ကြည့်လိုက်သည်။ သူမက ပြုံး၍ ပြောသည်။ “နယ်စပ်မှာ ကိစ္စလေးတချို့ ရှိတယ်... နတ်ဘုရားတစ်ပိုင်းတချို့က ငါတို့နယ်မြေထဲ ၀င်ဖို့ ကြိုးစားနေကြတယ်.... သူတို့ကြည့်ရတာ တစ်ခုခု ရှာနေကြတဲ့ပုံပဲ.... ငါ ကောင်းကင်နတ်အရှင်ယွင်နဲ့အတူ ကောင်းကင်နတ်ဘုံကို လိုက်မသွားတာက သူတို့ရှာနေတဲ့အရာကို သိချင်လို့.... နင် ဒီနေ့ရောက်လာပြီဆိုတော့ သွားစုံစမ်းကြတာပေါ့ မူ”
ချင်မူမှာ တွေဝေနေသော်လည်း ခေါင်းညိတ်လိုက်၏။ “ဒါပေါ့.... ကျွန်တော်က ကောင်းကင်နတ်အရှင်ယွင် ပြန်လာမှာ စောင့်နေတာ... သူနဲ့ စကားပြောပြီးရင်တော့ ပြန်မယ်... ကျွန်တော့်ရထားလှည်းနဲ့ သွားကြတာပေါ့ အဲ့ဒါက ပိုမြန်တယ်”
“မမကြီးလင်ရော လိုက်မှာလား” ချင်မူ မေးလိုက်သည်။
ကောင်းကင်နတ်အရှင်လင်က အလောတကြီး ထွက်လာပြီး ချင်မူ့လက်ထဲသို့ သူမ၏ဆံထိုးအား ထည့်ပေးကာ ပြောလေသည်။ “လိုက်မှာပေါ့... စောင့်ဦး”
သူမသည် ရုတ်တရက် တစ်ခုကို သတိရသွားသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ခေါ်၍ ခပ်တိုးတိုး ပြောနေ၏။ “ငါ အပြင်မထွက်တာ နှစ်နဲ့ချီနေပြီ... ဒီတိုင်းကြီး သွားရမှာ နည်းနည်းရှက်သလို ခံစားနေရလို့... အလှပြင်ပေးပါလား”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်သွားသည်။ “ကိုယ့်ကိုယ်ကို မိန်းကလေးဆိုတာ သိသေးတယ်ပေါ့ ညီမလင်”
“ရှက်အောင် မလုပ်ပါနဲ့ဆို.... ငါ ဒီအတိုင်း အပြင်သွားရင် နင်တို့ပါ အရှက်ကွဲမှာ..”
အမျိုးသမီးနှစ်ယောက်သည် ဖီးလိမ်းပြင်ဆင်လိုက်ကြသော်လည်း ကောင်းကင်နတ်အရှင်လင်တွင် လဲစရာ အဝတ်အစား ကောင်းကောင်းကန်းကန်း မရှိသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမအိမ်သို့ပြန်၍ အ၀တ်အချို့နှင့် အဆင်တန်ဆာတချို့ ယူလိုက်ရသည်။ ကောင်းကင်နတ်အရှင်လင်မှာ မဝတ်စဖူး ဝတ်ရင်း နေရခက်သော်လည်း အပြင်ထွက်လာသည်။
ချင်မူက မျက်ဝန်းများ တောက်ပသွားပြီး ချီးကျူးလိုက်၏။ “မမကြီးလင်နဲ့ မမကြီးယွဲ့က သိပ်လှတာပဲဗျာ”
ကောင်းကင်နတ်အရှင်ယွဲ့က ရှက်သွေးဖြာသွားသော်လည်း ကောင်းကင်နတ်အရှင်လင်ကတော့ မည်မျှအနေရခက်ကြောင်း ပွစိပွစိ ပြောနေချေသည်။ သူမ၏ ၀တ်ရုံနှင့် အင်္ကျီလက်အိုးများမှာ ရှည်လွန်းသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်။
အားလုံး ရထားလှည်းပေါ် တက်ကာ နယ်စပ်သို့ မောင်းနှင်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ပြတင်းပေါက် ဖွင့်၍ အောက်သို့ ငုံ့ကြည့်ကာ ပြောသည်။ “နတ်ဘုရားတစ်ပိုင်းတွေက တစ်ယောက်ယောက်ကို လာရှာတဲ့အတိုင်း ခိုး၀င်နေကြတာ... ငါ စုံစမ်းဖို့ လူတချို့ လွှတ်ထားတယ်... မကြာခင်တော့ သတင်းရမှာပါ”
သူတို့အားလုံး နယ်စပ်မြို့လေးတစ်မြို့သို့ ရောက်လာကြကာ ဆင်းသက်လိုက်ကြသည်။ မြို့သူမြို့သားအများစုသည် သာမန်လူများဖြစ်ကြသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်တချို့လည်း ရှိ၏။
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ ခမ်းနားသော်လည်း ကမ္ဘာဦးဘုံ၏ လူသားများမှာ ဆင်းရဲနေကြသေးသည်။ သို့သော် နဂါးဟန်ခေတ်၏ ပထမနှစ်ထက်စာလျှင် တိုးတက်လာခဲ့ချေပြီ။ လူသားများအတွက် ခက်ခဲနေသေးသော်လည်း အသက်ရှင်နိုင်ကြသေးသည်။
နတ်ဘုရားတစ်ပိုင်းများ နယ်စပ်၌ သွားလာနေသည်ကို တွေ့ရ၏။ သူတို့ ဆင်းသက်လိုက်သည့်အချိန် ကောင်းကင် ရုတ်တရက် မှောင်မည်းသွားသဖြင့် ချင်မူ မော့ကြည့်လိုက်ရာ အဝေးမှ ပျံသန်းလာနေသော ရွှေရောင်တောင်ပံများနှင့် ငှက်ကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ငှက်ကြီးက နေလုံးကြီးကို ဖုံးကွယ်ထားသည်။
ငှက်ကြီးက ပျံသန်းနေရင်း အော်ဟစ်လိုက်သည်။ “တဟုန်... တဟုန်...”
“ရေကြီးတော့မယ်” မြို့ထဲရှိ လူများမှာ အလန့်တကြားဖြင့် အလျှိုလျှို ထွက်ပြေးကုန်ကြသည်။
ငှက်ကြီးသည် မြို့နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်ပြီး တောင်ကြီးတစ်လုံးနှင့်ပင် တူနေ၏။ ၎င်းအပေါ်၌ နတ်ဘုရားတစ်ပါး၏ နန်းတော် တည်ထားပြီး နန်းတော်အပြင်ရှိ တိုင်တစ်တိုင်တွင် လူတစ်ယောက်အား ကြိုးဖြင့် ချည်နှောင်ထားသည်။ သူ၏ရင်ဘတ်ကို အတိုင်းသားမြင်ရနိုင်ပြီး ဧရာမလှံကြီးတစ်လှံ စိုက်ဝင်လျက် ရှိ၏။ သူကား သေခါနီးချေပြီ။
ကောင်းကင်နတ်အရှင်ယွဲ့က အခြေအနေကို စပ်စုရန် ပြင်နေသောကြောင့် ချင်မူ လှမ်းတားလိုက်သည်။ “ကျွန်တော် အဲ့ဒီနန်းတော်က လူတွေကို မှတ်မိတယ်.... တိုင်က လူကလည်း လူကောင်းမဟုတ်ဘူး.. လွှတ်ထားလိုက်ပါ”
အမျိုးသမီးတစ်ယောက်က ကြာပွတ်အရှည်တစ်လက်ဖြင့် နန်းတော်အပြင်သို ထွက်လာကာ တိုင်ရှိ လူအား ရိုက်ချလိုက်သည်။ ထိုလူမှာ ဒဏ်ရာအပြင်းအထန် ရသွား၏။
ထို့နောက် အမျိုးသမီးက ထိုလူ၏ရင်ဘတ်မှ အသားစိုင်ကို ဓားချွန်တစ်လက်ဖြင့် လှီးထုတ်၍ ပါးစပ်ကို အတင်းအကြပ် ဖွင့်ကာ သိပ်ထည့်ပေးလိုက်သည်။
“ငါ သူတို့အကြောင်း ကြားဖူးတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က တအံ့တဩ ပြောသည်။ “ကမ္ဘာဦးဘုံမှာ ဒီထူးထူးဆန်းဆန်း စုံတွဲအကြောင်း ကြားဖူးတယ်... အဲ့အမျိုးသမီးက နေ့တိုင်း ထွက်လာပြီး အဲ့လူကို နှိပ်စက်တယ်တဲ့... နောက်ဆုံးတော့ ကိုယ်တိုင်တွေ့ဖူးပြီ”
ထိုအခိုက်အတန့်တွင် ကင်းထောက်နတ်ဘုရား ရောက်လာသည်။ သူက ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်ကို နှုတ်ဆက်ကာ လျှောက်တင်၏ “သူတို့က အားချိုလို့ခေါ်တဲ့ လူတစ်ယောက်ကို လိုက်ရှာနေတာလို့ သိရပါတယ်”